ကမ္ဘာ့ဖြစ်ရပ်အကဲခတ်
ကမ္ဘာ့သတင်း
အမျိုးသမီးတွေ အကြမ်းဖက်ခံရမှုဟာ “ကမ္ဘာတစ်ဝန်း ပျံ့နှံ့နေတဲ့ လူမှုရေး ပြဿနာတစ်ရပ် ဖြစ်လာတယ်။ အမျိုးသမီး ၃၅ ရာခိုင်နှုန်းဟာ သူတို့ရဲ့ အိမ်ထောင်ဖက် ဒါမှမဟုတ် အိမ်ထောင်ဖက်မဟုတ်တဲ့သူတွေရဲ့ အကြမ်းဖက်တာကို ခံစားနေရတယ်။ ကမ္ဘာတစ်ဝန်းရှိ အမျိုးသမီး ၃၀ ရာခိုင်နှုန်းကျတော့ အိမ်ထောင်ဖက်ရဲ့ အကြမ်းဖက်တာကို အများဆုံး ခံနေရတယ်” ဆိုပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြောတယ်။
ဗြိတိန်နိုင်ငံ
လူပေါင်း ၆၄, ၃၀၃ ယောက်ကို စစ်တမ်းကောက်ယူလိုက်တဲ့အခါ “ဒီနေ့ခေတ် ကမ္ဘာ ပေါ်မှာ ဆင်းရဲဒုက္ခနဲ့ ပဋိပက္ခတွေဖြစ်ရတာ ဘာသာရေးကြောင့်” ဆိုပြီး ၇၉ ရာခိုင်နှုန်းက ယူဆကြတယ်။ ၂၀၀၁ ခုနှစ်တုန်းက အင်္ဂလန်နိုင်ငံနဲ့ ဝေလနယ်မှာ ခရစ်ယာန် အမည်ခံတဲ့သူ ၇၂ ရာခိုင်နှုန်းရှိခဲ့ပေမဲ့ ၂၀၁၁ ခုနှစ် သန်းခေါင်စာရင်းအရ ၅၉ ရာခိုင်နှုန်းလောက်ပဲ ရှိတော့တဲ့အတွက် ဆယ်နှစ်အတွင်း ၁၃ ရာခိုင်နှုန်း ကျဆင်းသွားတယ်။ အဲဒီဆယ်နှစ်အတွင်းမှာ ဘယ်ဘာသာဝင်မှမဟုတ်ဘူးလို့ ပြောသူ အရေအတွက်က ၁၅ ရာခိုင်နှုန်းကနေ ၂၅ ရာခိုင်နှုန်းအထိ တက်သွားတယ်။
တရုတ်နိုင်ငံ
မကြာသေးမီက ပြုပြင်ထားတဲ့ ဥပဒေမှာ အရွယ်ရောက်ပြီး သားသမီးတွေက သူတို့ရဲ့ သက်ကြီးရွယ်အိုမိဘတွေဆီပြန်လည်ပတ်ရမယ့်အပြင် “စိတ်ခံစားချက်ပိုင်း”ကိုပါ ဖြည့်ဆည်းပေးဖို့ တောင်းဆိုထားတယ် ဆိုပြီး သတင်းတွေမှာ ဖော်ပြထားတယ်။ “အဲဒီလို မလုပ်တဲ့သူတွေကိုတော့ အပြစ်ဒဏ်ပေးမယ်” လို့ အဲဒီဥပဒေမှာ မဖော်ပြထားဘူး။
ဥရောပ
ဥပဒေချိုးဖောက်တဲ့သူတွေက အလှကုန်၊ ဆပ်ပြာမှုန့်နဲ့ အစားအစာတွေကိုတောင် အတုလုပ်နေ ကြတယ်။ “အမြတ်အစွန်း တော်သင့်ရုံပဲရတဲ့ ဘယ်ပစ္စည်းကိုမဆို အတုလုပ်နေကြတယ်” လို့ စားသောက်ကုန် အန္တရာယ်ကင်းရှင်းရေးအဖွဲ့ရဲ့ အကြံပေးအရာရှိတစ်ယောက်က ဆိုတယ်။ ဖွံ့ဖြိုးပြီးနိုင်ငံတွေကနေ ဝယ်လာတဲ့ စားသောက်ကုန် ၁၀ ရာခိုင်နှုန်းဟာ အတုတွေဖြစ်တယ်လို့ ကျွမ်းကျင်သူ တစ်ယောက်က ပြောတယ်။