မျက်နှာဖုံးအကြောင်းအရာ | မိသားစုမှာ သင့်မြတ်ပျော်ရွှင်အောင် လုပ်ဆောင်နည်း
မိသားစုအတွင်း မသင့်မြတ်မှုများ—ဘာကြောင့်ဖြစ်တာလဲ
စယ်ရာaဟာ ဂါနာနိုင်ငံကဖြစ်ပြီး ဂျေးကပ် နဲ့ လက်ထပ်တာ ၁၇ နှစ်ရှိပြီ။ “ငွေကိစ္စကြောင့်ပဲ စကားများကြတာ။ ကျွန်မကတော့ မိသားစု ဝေယျာဝစ္စအားလုံးကို စီမံခန့်ခွဲနေပေမဲ့ ဂျေးကပ်က ငွေနဲ့ပတ်သက်ပြီး တစ်ချက်တောင် မတိုင်ပင်တော့ စိတ်ဆိုးစကားများပြီး နှစ်ပတ်သုံးပတ်လောက် စကားမပြောဘဲ နေကြတယ်” လို့ သူပြောပြတယ်။
ဂျေးကပ်လည်း ဒီလိုပြောတယ်– “စကားများတဲ့အခါ တစ်ယောက်ကိုတစ်ယောက် စိတ်နာစေတဲ့ စကားတွေ ပြောမိကြတယ်။ နားလည်မှုလွဲတာ၊ ပွင့်ပွင့်လင်းလင်း မပြောကြတာကြောင့် စကားများကြသလို အခြေအနေတစ်ခုကို တရားလွန်တုံ့ပြန်မိလို့လည်း စကားများကြတယ်။”
နေသန်က အိန္ဒိယနိုင်ငံကဖြစ်ပြီး အိမ်ထောင်ကျတာ မကြာသေးဘူး။ တစ်ရက်မှာ နေသန်ရဲ့ ယောက္ခထီးက ယောက္ခမကို အော်ဟစ် ကြိမ်းမောင်းတယ်။ “ယောက္ခမက စိတ်ဆိုးပြီး အိမ်ပေါ်ကနေ ဆင်းသွားတယ်။ ဘာဖြစ်လို့ အဲဒီလိုအော်ရတာလဲလို့ ယောက္ခထီးကို မေးလိုက်တော့ သမက်ဖြစ်သူက သူ့ကို အပြစ်တင်တယ်လို့ ခံစားသွားရပြီး ကျွန်တော်တို့အားလုံးကို အော်ဟစ်ကြိမ်းမောင်းတော့တယ်” လို့ နေသန်ပြောပြတယ်။
အခြေအနေ တင်းမာနေချိန်မှာ စကားကြမ်းကြမ်း ပြောတဲ့အခါ ပိုဆိုးသွားတတ်တာကို သတိပြုမိကြမှာပါ။ အကြောင်းအရာတစ်ခုကို အေးအေးဆေးဆေး ဆွေးနွေးနေရာကနေ အပြန်အလှန် စကားစစ်ထိုးတဲ့အထိ ဖြစ်သွားနိုင်တယ်။ အမှန်ချည်းပဲ အမြဲပြောနိုင်တဲ့သူမရှိလို့ တစ်ဖက်သားရဲ့စကား၊ သူ့ရဲ့စိတ်ရင်းကို အဓိပ္ပာယ် ကောက်လွဲတာတွေလည်း ဖြစ်နိုင်တယ်။ ဒါပေမဲ့ ငြိမ်သက်အေးချမ်းတဲ့ မိသားစုလေးဖြစ်အောင် လုပ်နိုင်ပါတယ်။
စကားများပြီး ဒေါသပေါက်ကွဲတဲ့ အခြေအနေ ရောက်သွားတယ်ဆိုရင် ဘာလုပ်နိုင်သလဲ။ မိသားစု ပြန်သင့်မြတ်အောင် ဘာတွေ လုပ်နိုင်သလဲ။ သင့်မြတ်တဲ့ မိသားစုဖြစ်အောင် ဘာတွေလုပ်နိုင်သလဲ။ ကျေးဇူးပြု၍ ဆက်ဖတ်ကြည့်ပါ။
a ဒီဆောင်းပါးတွေမှာ နာမည်တချို့ကို ပြောင်းထားပါတယ်။