ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • မိသားစုအတွင်း မသင့်မြတ်မှုများ—ဘာကြောင့်ဖြစ်တာလဲ
    နိုးလော့!—၂၀၁၅ | ဒီဇင်ဘာ
    • အဖေနဲ့ အမေ ရန်ဖြစ်နေတဲ့အတွက် သားသမီးတွေ စိတ်ပျက်လက်ပျက်ဖြစ်နေကြ

      မျက်နှာဖုံးအကြောင်းအရာ | မိသားစုမှာ သင့်မြတ်ပျော်ရွှင်အောင် လုပ်ဆောင်နည်း

      မိသားစုအတွင်း မသင့်မြတ်မှုများ​—ဘာကြောင့်ဖြစ်တာလဲ

      စယ်ရာaဟာ ဂါနာနိုင်ငံကဖြစ်ပြီး ဂျေးကပ် နဲ့ လက်ထပ်တာ ၁၇ နှစ်ရှိပြီ။ “ငွေကိစ္စကြောင့်ပဲ စကားများကြတာ။ ကျွန်မကတော့ မိသားစု ဝေယျာဝစ္စအားလုံးကို စီမံခန့်ခွဲနေပေမဲ့ ဂျေးကပ်က ငွေနဲ့ပတ်သက်ပြီး တစ်ချက်တောင် မတိုင်ပင်တော့ စိတ်ဆိုးစကားများပြီး နှစ်ပတ်သုံးပတ်လောက် စကားမပြောဘဲ နေကြတယ်” လို့ သူပြောပြတယ်။

      ဂျေးကပ်လည်း ဒီလိုပြောတယ်– “စကားများတဲ့အခါ တစ်ယောက်ကိုတစ်ယောက် စိတ်နာစေတဲ့ စကားတွေ ပြောမိကြတယ်။ နားလည်မှုလွဲတာ၊ ပွင့်ပွင့်လင်းလင်း မပြောကြတာကြောင့် စကားများကြသလို အခြေအနေတစ်ခုကို တရားလွန်တုံ့ပြန်မိလို့လည်း စကားများကြတယ်။”

      နေသန်က အိန္ဒိယနိုင်ငံကဖြစ်ပြီး အိမ်ထောင်ကျတာ မကြာသေးဘူး။ တစ်ရက်မှာ နေသန်ရဲ့ ယောက္ခထီးက ယောက္ခမကို အော်ဟစ် ကြိမ်းမောင်းတယ်။ “ယောက္ခမက စိတ်ဆိုးပြီး အိမ်ပေါ်ကနေ ဆင်းသွားတယ်။ ဘာဖြစ်လို့ အဲဒီလိုအော်ရတာလဲလို့ ယောက္ခထီးကို မေးလိုက်တော့ သမက်ဖြစ်သူက သူ့ကို အပြစ်တင်တယ်လို့ ခံစားသွားရပြီး ကျွန်တော်တို့အားလုံးကို အော်ဟစ်ကြိမ်းမောင်းတော့တယ်” လို့ နေသန်ပြောပြတယ်။

      အခြေအနေ တင်းမာနေချိန်မှာ စကားကြမ်းကြမ်း ပြောတဲ့အခါ ပိုဆိုးသွားတတ်တာကို သတိပြုမိကြမှာပါ။ အကြောင်းအရာတစ်ခုကို အေးအေးဆေးဆေး ဆွေးနွေးနေရာကနေ အပြန်အလှန် စကားစစ်ထိုးတဲ့အထိ ဖြစ်သွားနိုင်တယ်။ အမှန်ချည်းပဲ အမြဲပြောနိုင်တဲ့သူမရှိလို့ တစ်ဖက်သားရဲ့စကား၊ သူ့ရဲ့စိတ်ရင်းကို အဓိပ္ပာယ် ကောက်လွဲတာတွေလည်း ဖြစ်နိုင်တယ်။ ဒါပေမဲ့ ငြိမ်သက်အေးချမ်းတဲ့ မိသားစုလေးဖြစ်အောင် လုပ်နိုင်ပါတယ်။

      စကားများပြီး ဒေါသပေါက်ကွဲတဲ့ အခြေအနေ ရောက်သွားတယ်ဆိုရင် ဘာလုပ်နိုင်သလဲ။ မိသားစု ပြန်သင့်မြတ်အောင် ဘာတွေ လုပ်နိုင်သလဲ။ သင့်မြတ်တဲ့ မိသားစုဖြစ်အောင် ဘာတွေလုပ်နိုင်သလဲ။ ကျေးဇူးပြု၍ ဆက်ဖတ်ကြည့်ပါ။

      a ဒီဆောင်းပါးတွေမှာ နာမည်တချို့ကို ပြောင်းထားပါတယ်။

  • စကားများ ရန်ဖြစ်နေတာကို ရပ်တန့်နိုင်ပုံ
    နိုးလော့!—၂၀၁၅ | ဒီဇင်ဘာ
    • လင်မယားနှစ်ယောက်အတူထိုင်ပြီး ဇနီးသည်ရဲ့ ခံစားချက်ကို ခင်ပွန်းသည်က နားထောင်ပေးနေ

      မျက်နှာဖုံးအကြောင်းအရာ | မိသားစုမှာ သင့်မြတ်ပျော်ရွှင်အောင် လုပ်ဆောင်နည်း

      စကားများ ရန်ဖြစ်နေတာကို ရပ်တန့်နိုင်ပုံ

      ကိုယ့်မိသားစုဟာ တစ်ချိန်လုံး ရန်ပွဲဆင်နွှဲနေတဲ့ မိသားစု ဖြစ်နေတယ် ဆိုရင်ကော။ ရန်ဖြစ်တဲ့အကြိမ်ရေ ပိုများလာပြီး ပိုပြင်းထန်လာတာ ဖြစ်နိုင်တယ်။ ဘယ်လိုကနေ စကားများကြတယ် ဆိုတာကိုတောင် မသိလိုက်တာ ဖြစ်နိုင်တယ်။ တကယ်ဆို ကိုယ်က မိသားစုကို ချစ်တဲ့သူ၊ မိသားစုကို စိတ်မဆင်းရဲစေချင်သူ ဖြစ်တယ်။

      အရေးကြီးတဲ့ အချက်တစ်ခုက၊ မိသားစုမှာ သဘောထား မတိုက်ဆိုင်တာနဲ့ပဲ ငါ့မိသားစုတော့ ပြိုကွဲနေပြီလို့ မယူမှတ်ပါနဲ့။ သဘောထားမတိုက်ဆိုင်လို့ မဟုတ်ဘဲ ကိုင်တွယ်ဖြေရှင်းပုံကြောင့် စကားများ ရန်ဖြစ်တဲ့အထိ ရောက်သွားတာဖြစ်နိုင်တယ်။ လုပ်ဆောင်နိုင်တဲ့ အချက်တချို့ကို သုံးသပ်ကြည့်ပါ။

      ၁။ တုံ့ပြန်လိုစိတ်ကို ချုပ်တည်းပါ။

      စကားများတဲ့အခါ အနည်းဆုံး လူနှစ်ယောက်ပါတယ်။ တစ်ယောက် စကားပြော နေချိန်မှာ ပြန်မပြောဘဲ နားထောင်နေလိုက်ရင် အခြေအနေ ပိုဆိုးလာမှာ မဟုတ်ဘူး။ ဒါကြောင့် စိတ်ဆိုးလာတဲ့အခါ တုံ့ပြန်ချင်တဲ့စိတ်ကို ချုပ်တည်းပါ။ အဲဒီလိုလုပ်တာက ကိုယ့်ရဲ့ ဂုဏ်သိက္ခာကိုလည်း ထိန်းရာရောက်တယ်။ စကားများတဲ့အခါ အနိုင်ရဖို့ထက် မိသားစုငြိမ်သက်ပျော်ရွှင်မှုက ပိုအရေးကြီးတယ်ဆိုတာ သတိရပါ။

      ‘ထင်းမရှိရင် မီးငြိမ်းသွားသလို အသရေဖျက်သူမရှိရင် ငြင်းခုံရန်တွေ့တာတွေ ရပ်စဲသွားတယ်။’—သုတ္တံ ၂၆:၂၀၊ ကဘ။

      ၂။ မိသားစုဝင်တွေရဲ့ ခံစားချက်ကို ထည့်စဉ်းစားပါ။

      ကြားဖြတ်ပြောတာမျိုးမလုပ်ဘဲ စာနာမှုအပြည့်နဲ့ နားထောင်ပေးရင် ဒေါသပြေစေ နိုင်တယ်။ တစ်ဖက်သားရဲ့ စိတ်ရင်းကို စွပ်စွဲမယ့်အစား သူ့ခံစားချက်ကို အသိအမှတ်ပြုပါ။ သူ့ရဲ့အားနည်းချက်ကြောင့် ဖြစ်တဲ့ကိစ္စကို တမင်တကာလုပ်တာလို့ မယူမှတ်ပါနဲ့။ စိတ်မကောင်းဖြစ်စေတဲ့စကားတွေ ပြောထွက်လာတာဟာ နစ်နာစေချင်တဲ့စိတ်ကြောင့်မဟုတ်ဘဲ မစဉ်းစားမဆင်ခြင်မိလို့၊ ကိုယ်တိုင်လည်း စိတ်ထိခိုက်နေလို့ ဖြစ်နိုင်တယ်။

      “သနားစာနာခြင်း၊ ကြင်နာခြင်း၊ စိတ်နှိမ့်ချခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ စိတ်ရှည်ခြင်းတို့ကို ဝတ်ဆင်ကြလော့။”—ကောလောသဲ ၃:၁၂။

      ၃။ ကိုယ်တိုင်လည်း ဒေါသပြေတဲ့အထိ အချိန်ခဏစောင့်ပါ။

      ကိုယ်က စိတ်တိုနေတယ်ဆိုရင် ယဉ်ကျေးစွာ ခွင့်တောင်းပြီး စိတ်ပြေတဲ့အထိ ခဏတဖြုတ် ရှောင်နေတာက ပိုကောင်းပါတယ်။ စိတ်အေးသွားတဲ့အထိ လမ်းလျှောက်ထွက်နိုင်တယ်။ အဲဒါက ပြဿနာကို မဖြေရှင်းဘဲ ရှောင်ပြေးတာ မဟုတ်သလို ဘာမှမပြောဘဲ အသံတိတ် ဆန္ဒပြတာလည်း မဟုတ်ဘူး။ သည်းခံနိုင်အောင်၊ နားလည်ပေးနိုင်အောင် အဲဒီအချိန်မှာ ဘုရားသခင်ဆီ ဆုတောင်းနိုင်တယ်။

      ‘အငြင်းအခုံမဖြစ်ခင် ရှောင်ထွက်သွားပါ။’—သုတ္တံ ၁၇:၁၄၊ ကဘ။

      ၄။ ဘာပြောမလဲ၊ ဘယ်လိုပြောမလဲဆိုတာ သေသေချာချာ စဉ်းစားပါ။

      တစ်ဖက်သားနာကျင်အောင် ဘယ်လိုပြန်ပြောမလဲ ဆိုတာကိုပဲ စဉ်းစားရင် ပြဿနာ ပြေလည်သွားမှာမဟုတ်ဘူး။ ကိုယ်ချစ်ရတဲ့သူ စိတ်ထိခိုက်နေတာ သက်သာ သွားစေမယ့် စကားမျိုးပဲ ကြိုးစားပြောပါ။ အဲဒီလောက်ထိ အဖြစ်သည်းစရာမလိုဘူးလို့ ကိုယ့်စိတ်အထင်နဲ့ ပြောမယ့်အစား သူ့ခံစားချက်ကို ဖွင့်ပြောဖို့ ကြင်ကြင်နာနာ တောင်းဆိုပါ၊ သူ ပြောလာတဲ့အခါ ကျေးဇူးတင်ကြောင်းပြောပါ။

      ‘မစဉ်းစားဘဲပြောတဲ့စကားဟာ ဓားနဲ့ထိုးသလိုပဲ။ ဉာဏ်ပညာရှိသူရဲ့ စကားကတော့ ဒဏ်ရာကိုတောင် ပျောက်ကင်းစေတယ်။’—သုတ္တံ ၁၂:၁၈၊ ကဘ။

      ၅။ အသံလျှော့ပြောပါ၊ ကျေအေးချင်တဲ့ လေသံနဲ့ပြောပါ။

      တစ်ယောက်ရဲ့ စိတ်မရှည်မှုကြောင့် နောက်တစ်ယောက်ပါ အလွယ်တကူ ဒေါသ ထွက်လာနိုင်တယ်။ ဒေါသထွက်နေရင်တောင် အော်ကြီးဟစ်ကျယ်၊ ခနဲ့တဲ့စကား၊ ဆဲဆိုတဲ့စကားမျိုး မပြောမိအောင် ကြိုးစားပါ။ “ငါ့ကိုဆို ဂရုမစိုက်ဘူး၊ ငါ့စကားဆို အလေးမထားဘူး” စတဲ့ စိတ်နာစရာ စွပ်စွဲချက်တွေကို ရှောင်ပါ။ အိမ်ထောင်ဖက်ရဲ့ အပြုအမူကြောင့် စိတ်ထိခိုက်တယ်ဆိုရင် အဲဒီလိုလုပ်လို့ စိတ်မကောင်းဘူးဆိုပြီး အေးဆေးတည်ငြိမ်စွာပြောပါ။ ဆောင့်တွန်းတာ၊ ရိုက်တာ၊ ကန်တာလိုမျိုး အကြမ်းဖက်လုပ်ရပ်တွေအပြင် ရိုင်းရိုင်းစိုင်းစိုင်းခေါ်တာမျိုးလည်း ဘယ်တော့မှ မလုပ်သင့်ဘူး။ အထင်သေးတဲ့စကားတွေ၊ ခြိမ်းခြောက်တဲ့စကားတွေကိုလည်း ဘယ်တော့မှ မပြောသင့်ဘူး။

      “ခပ်သိမ်းသော ခါးသီးနာကြည်းခြင်း၊ စိတ်ဆိုးခြင်း၊ အမျက်ထွက်ခြင်း၊ အော်ဟစ်ငေါက်ငမ်းခြင်း၊ ဆဲဆိုခြင်းတို့ကို မကောင်းမှုရှိသမျှနှင့်တကွ ဖယ်ရှားကြလော့။”—ဧဖက် ၄:၃၁။

      ၆။ ချက်ချင်းတောင်းပန်ပါ၊ အခြေအနေပြန်ကောင်းအောင် လုပ်ဆောင်ပါ။

      မိသားစု ပြန်သင့်မြတ်ဖို့က အဓိကဖြစ်တယ်။ ကိုယ့်ခံစားချက်ကို ရှေ့တန်းတင်နေရင် ပြန်သင့်မြတ်မှာမဟုတ်ဘူး။ တစ်ဖက်သားကို စကားနဲ့အနိုင်ယူနေပေမဲ့ ကိုယ်လည်း ရှုံးနေပြီ။ ပြန်သင့်မြတ်အောင်လုပ်မှသာ နှစ်ယောက်စလုံး အောင်နိုင်သူတွေဖြစ်မှာ။ ဒါကြောင့် စကားများတဲ့အခါ ကိုယ့်ဘက်က လုပ်သင့်တာကို လုပ်ပါ။ ကိုယ်မမှားဘူးလို့ ထင်နေရင်တောင် ဒေါသထွက်မိသွားတဲ့အတွက်၊ တုံ့ပြန်ပုံ မှားသွားတဲ့အတွက်၊ စကားများတဲ့ အခြေအနေရောက်အောင် မရည်ရွယ်ဘဲ လုပ်မိသွားတဲ့အတွက် တောင်းပန်နိုင်တယ်။ သိက္ခာဆယ်ဖို့၊ အနိုင်ရဖို့ထက် မိသားစု ပြန်သင့်မြတ်ဖို့က ပိုအရေးကြီးပါတယ်။ တစ်ယောက်ယောက်က တောင်းပန်တယ်ဆိုရင် ခွင့်လွှတ်ပါ။

      ‘နှိမ့်ချတဲ့စိတ်နဲ့ သူ့ဆီသွားပြီး ချက်ချင်းအသနားခံပါ။’—သုတ္တံ ၆:၃၊ ကဘ။

      စကားများပြီးသွားတဲ့နောက် ငြိမ်သက်ပျော်ရွှင်တဲ့ မိသားစု ဖြစ်အောင် ဘာလုပ်နိုင်သလဲ။ နောက်ဆောင်းပါးမှာ ဖော်ပြပေးထားပါတယ်။

  • မိသားစု သင့်မြတ်ပျော်ရွှင်အောင် လုပ်ဆောင်နိုင်ပုံ
    နိုးလော့!—၂၀၁၅ | ဒီဇင်ဘာ
    • မျက်နှာဖုံးအကြောင်းအရာ | မိသားစုမှာ သင့်မြတ်ပျော်ရွှင်အောင် လုပ်ဆောင်နည်း

      မိသားစု သင့်မြတ်ပျော်ရွှင်အောင် လုပ်ဆောင်နိုင်ပုံ

      သမ္မာကျမ်းစာက မိသားစု သင့်မြတ်ပျော်ရွှင်အောင် ကူညီပေးနိုင်တယ်ဆိုတာ သိပါသလား။ ကျမ်းစာပါစကားတွေနဲ့ မိသားစုဝင်တချို့ရဲ့ ပြောဆိုချက်တွေကို နှိုင်းယှဉ်ကြည့်ပါ။ ကိုယ့်မိသားစုမှာ အငြင်းပွားမှုနည်းအောင်၊ ပြန်သင့်မြတ်အောင်၊ ပျော်ရွှင်တဲ့မိသားစုဖြစ်အောင် အကူအညီဖြစ်စေနိုင်တဲ့ အချက်တွေကို သုံးသပ်ပါ။

      မိသားစုသင့်မြတ်အောင် ကူညီပေးတဲ့ ကျမ်းချက်များ

      အကောင်းမြင်သဘောထား မွေးမြူပါ။

      မိသားစုတစ်စု ကမ်းခြေမှာ အတူဆော့ကစားနေ

      “ဂုဏ်ပြိုင်လိုသောစိတ်ဖြင့်လည်းကောင်း၊ အတ္တစိတ်ဖြင့်လည်းကောင်း မည်သည့်အမှုကိုမျှ မပြုကြနှင့်။ သူတစ်ပါးသည် မိမိထက် သာလွန်သည်ဟု နှိမ့်ချသောစိတ်နှင့် ယူမှတ်ကြလော့။ သင်တို့သည် ကိုယ့်အရေးကိစ္စကိုသာ အာရုံမစိုက်ဘဲ သူတစ်ပါး၏အရေးကိစ္စကိုလည်း အာရုံစိုက်ကြလော့။”—ဖိလိပ္ပိ ၂:၃၊ ၄။

      “အိမ်ထောင်ဖက်ကို ကိုယ့်ထက်ရော၊ တခြားသူတွေထက်ပါ ပိုအရေးကြီးတဲ့သူလို့ ရှုမြင်တာက အိမ်ထောင်မှာ သင့်မြတ်စေတယ်။”—စီ. ပီ.၊ အိမ်ထောင်သက် ၁၉ နှစ်။

      သဘောထားကြီးကြီးနဲ့ အသေအချာ နားထောင်ပါ။

      “မည်သူ့ကိုမျှ ကဲ့ရဲ့ရှုတ်ချခြင်း၊ ရန်လိုခြင်းမပြုဘဲ လူအပေါင်းတို့အား အကျိုးသင့်အကြောင်းသင့်သဘောနှင့် နူးညံ့သိမ်မွေ့ခြင်းကို အတတ်နိုင်ဆုံး တင်ပြ . . . နေလော့။”—တိတု ၃:၁၊ ၂။

      “ကိုယ့်အိမ်ထောင်ဖက်ကို ရန်လိုတဲ့စကားနဲ့ ပြန်ခံပက်တာမျိုး မလုပ်ဘူးဆိုရင် စကားများတဲ့အဆင့်အထိ မရောက်တော့ဘူး။ သူပြောတာကို သဘောမတူဘူးဆိုရင်တောင် လေးလေးစားစား၊ အသေအချာ နားထောင်ပေးဖို့ အရေးကြီးတယ်။”—ပီ. ပီ.၊ အိမ်ထောင်သက် အနှစ် ၂၀။

      စိတ်ရှည်မှု၊ နူးညံ့သိမ်မွေ့မှုကို တင်ပြပါ။

      ‘စိတ်ရှည်မယ်ဆိုရင် တပ်မှူးတစ်ယောက်ကိုတောင် စည်းရုံး နိုင်တယ်။ ညင်ညင်သာသာပြောတဲ့စကားက အရိုးကိုတောင် ချိုးနိုင်တယ်။’—သုတ္တံ ၂၅:၁၅၊ ကဘ။

      “အငြင်းအခုံဖြစ်ပြီဆိုရင် စိတ်ရှည်မှုတင်ပြတာက အများကြီး တာသွားပါတယ်။ စိတ်ရှည်ဖို့ သိပ်အရေးကြီးတယ်။ စိတ်ရှည်မှု ပြတဲ့အတွက် အခြေအနေ ဆိုးမသွားတော့ဘူး။”—ဂျီ. အေ.၊ အိမ်ထောင်သက် ၂၇ နှစ်။

      ရုန့်ရင်းကြမ်းတမ်းစွာ ပြောဆို၊ ပြုမူတာမျိုး မလုပ်ပါနဲ့။

      “အမျက်ထွက်ခြင်း၊ စိတ်ဆိုးခြင်း၊ မိုက်မဲခြင်း၊ ဆဲဆိုခြင်း၊ သင်တို့၏နှုတ်မှ ညစ်ညမ်းသောစကားပြောဆိုခြင်း ရှိသမျှတို့ကို ဖယ်ရှားကြလော့။”—ကောလောသဲ ၃:၈။

      “ကျွန်မခင်ပွန်းရဲ့ စိတ်ချုပ်တည်းနိုင်စွမ်းကို လေးစားတယ်။ စကားကြမ်းကြမ်းနဲ့ အော်ငေါက်တာမျိုး သူ တစ်ခါမှမလုပ်ဘူး၊ အေးအေးဆေးဆေးပဲ ပြောပြတယ်။”—ဘီ. ဒီ.၊ အိမ်ထောင်သက် အနှစ် ၂၀။

      ခွင့်လွှတ်တတ်ပါ၊ ပြဿနာကို အမြန် ဖြေရှင်းပါ။

      “တစ်ဦးနှင့် တစ်ဦး မကျေနပ်စရာအကြောင်းရှိလျှင် အချင်းချင်း ဆက်၍သည်းခံလျက် အကြွင်းမဲ့ခွင့်လွှတ်ကြလော့။”—ကောလောသဲ ၃:၁၃။

      “စိတ်တိုနေတဲ့အချိန်မှာ စိတ်တည်တည်ငြိမ်ငြိမ်ထားဖို့ မလွယ်ဘူး၊ တစ်ဖက်သား စိတ်မကောင်းဖြစ်စေတဲ့ စကားတွေ၊ လုပ်ရပ်တွေ ပြောမိလုပ်မိဖို့က ပိုလွယ်တယ်။ အဲဒီလိုဖြစ်တဲ့အခါတိုင်း ခွင့်လွှတ်ပေးတာက အကောင်းဆုံးပဲ။ ခွင့်လွှတ်တတ်တဲ့သူတွေ ဖြစ်မှပဲ သာယာတဲ့အိမ်ထောင်ဖြစ်မှာ။”—အေ. ဘီ.၊ အိမ်ထောင်သက် ၃၄ နှစ်။

      အကျိုးမျှော်ပြီး ပေးကမ်းတာမျိုးမဟုတ်ဘဲ ကိုယ်ကျိုးမဖက် ပေးကမ်းပါ။

      “ပေးကမ်းခြင်းကို ကျင့်ယူကြလော့။ သို့ပြုလျှင် သင်တို့အား ပေးကမ်းကြလိမ့်မည်။ . . . ကိုယ်ချိန်ပေးသည့် ပမာဏအတိုင်း ဆပ်ပေးခြင်းကို ခံကြရမည်။”—လုကာ ၆:၃၈။

      “ကျွန်မခင်ပွန်းက ကျွန်မရဲ့အကြိုက်ကိုသိပြီး ကျွန်မစိတ် ကြည်နူးအောင် အမြဲလုပ်ပေးတတ်တယ်။ ဒါနဲ့ ကျွန်မလည်း ‘သူစိတ်ပျော်အောင် ဘာလုပ်ပေးရင် ကောင်းမလဲ’ လို့ စဉ်းစားတတ်လာတယ်။ အဲဒါကြောင့် ကျွန်မတို့နှစ်ယောက် အတူပျော်ရွှင် ရယ်မောရတဲ့အချိန်က ပိုများတယ်။ အခုအချိန်ထိ ပါပဲ။”—အိတ်ချ်. ကေ.၊ အိမ်ထောင်သက် ၄၄ နှစ်။

      သင့်မြတ်ပျော်ရွှင်တဲ့ မိသားစုဖြစ်အောင် ကြိုးစားရာမှာ လက်မလျှော့ပါနဲ့။

      ကျမ်းစာအကြံပြုချက်တွေကို လိုက်နာပြီး ပျော်ရွှင်သာယာတဲ့ အိမ်ထောင်ကို ပိုင်ဆိုင်ထားကြတဲ့ မိသားစုတွေ ကမ္ဘာတစ်ဝန်းမှာ သန်းနဲ့ချီရှိပါတယ်။ အဲဒီထဲက အနည်းငယ်ကိုပဲ နိုးလော့! က တွေ့ဆုံမေးမြန်းထားတာ ဖြစ်တယ်။a မိသားစုထဲက တချို့ဟာ ပူးပေါင်းလုပ်ဆောင်ချင်စိတ် မရှိရင်တောင် မိသားစု သင့်မြတ်အောင် ကိုယ့်ဘက်က ကြိုးစားနေရင် အကျိုးရှိတာကို သူတို့ တွေ့ရှိခဲ့ကြတယ်။ အကြောင်းကတော့ ‘ငြိမ်သက်ခြင်းကို တိုးပွားစေသူတွေကတော့ ရွှင်လန်းတယ်’ ဆိုပြီး ကျမ်းစာမှာ ကတိပြုထားလို့ပါပဲ။—သုတ္တံ ၁၂:၂၀၊ ကဘ။

      a ပျော်ရွှင်တဲ့ မိသားစုဖြစ်အောင် လုပ်ဆောင်နိုင်ပုံအကြောင်း ထပ်သိချင်တယ်ဆိုရင် ယေဟောဝါသက်သေတွေထုတ်ဝေတဲ့ သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာက ဘာလဲ စာအုပ်၊ အခန်း ၁၄ ကိုကြည့်ပါ။ www.pr2711.com/mya ကနေလည်း ကြည့်နိုင်ပါတယ်။ ဒီခေါင်းစဉ်အောက်မှာကြည့်ပါ– သမ္မာကျမ်းစာ သွန်သင်ချက်များ > မိသားစုအတွက် အကူအညီ။

မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ