ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န၁၆ အမှတ် ၃ စာ. ၁၀-၁၁
  • ပြဿနာတွေ ဆွေးနွေးနိုင်ပုံ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ပြဿနာတွေ ဆွေးနွေးနိုင်ပုံ
  • နိုးလော့!—၂၀၁၆
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • အခက်အခဲ
  • သိသင့်သိထိုက်ရာ
  • လုပ်ဆောင်နိုင်ရာ
  • ကျေးဇူးတင်လေးမြတ်ကြောင်း ပြနိုင်ပုံ
    နိုးလော့!—၂၀၁၇
  • ခင်ပွန်းတို့ —သင်တို့ရဲ့အိမ်ထောင်ကို သာယာချမ်းမြေ့တဲ့ ရိပ်မြုံဖြစ်အောင် ကြိုးစားပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၅
  • မြတ်နိုးယုယခံရသော ဇနီး
    မိသားစုဘဝကို ရွှင်လန်းစေခြင်း
  • ရိုသေလေးစားမှု ပြနိုင်ပုံ
    နိုးလော့!—၂၀၁၆
နောက်ထပ် ကြည့်ပါ
နိုးလော့!—၂၀၁၆
န၁၆ အမှတ် ၃ စာ. ၁၀-၁၁
ဇနီး စကားပြောနေတာကို ခင်ပွန်း နားထောင်ပေးနေ

မိသားစုအတွက် အကူအညီ | အိမ်ထောင်ရေး

ပြဿနာတွေ ဆွေးနွေးနိုင်ပုံ

အခက်အခဲ

သင်နဲ့ သင့်အိမ်ထောင်ဖက်ဟာ ပြဿနာတစ်ခုကို ဆွေးနွေးတဲ့အခါ စပြောချိန်မှာထက် ပြီးသွားချိန်မှာ ပိုဆိုးသွားတယ်လို့ ခံစားရသလား။ အဲဒီလိုဖြစ်ရင်တောင် အခြေအနေကို တိုးတက်အောင် လုပ်နိုင်ပါတယ်။ အရင်ဆုံး အမျိုးသားတွေနဲ့ အမျိုးသမီးတွေရဲ့ မတူညီမှုလေးတွေကို သိထားသင့်တယ်။a

သိသင့်သိထိုက်ရာ

မိန်းမက ပြဿနာအကင်း ပြောပြဖို့ နည်းလမ်းတွေကို စဉ်းစားနေချိန်မှာ ယောက်ျားကတော့ ပြဿနာဖြေရှင်းနည်းကို စဉ်းစားနေ

အမျိုးသမီးတွေဟာ နားထောင်တာထက် စကားပြောချင်တာ ပိုများတယ်။ တစ်ခါတလေဆို စကားပြောလိုက်ရတာနဲ့ပဲ သူတို့ရဲ့ပြဿနာက ပြေလည်သွားပြီ။

“ခံစားချက်တွေကို ထုတ်ပြောလိုက်ပြီး ခင်ပွန်းက ကျွန်မကို နားလည်ပေးတယ်ဆိုတာ သိလိုက်ရတဲ့အခါ စိတ်ပေါ့သွားတယ်။ ဖွင့်ပြောပြီးပြီဆိုတာနဲ့ စိတ်ထဲမှာ ဘာမှမရှိတော့ဘူး။”—စန်းစန်း။ b

“ကိုယ့်ခံစားချက်ကို မပြောရမချင်း စိတ်ထဲမှာ ကလိကလိဖြစ်နေတာ။ ပြောလိုက်မှပဲ ပြေသွားတော့တယ်။”—အေးအေး။

“ထောက်လှမ်းရေးသမားလိုပဲ။ စကားပြောနေရင်းနဲ့ ဖြေရှင်းနည်းကိုလည်း ကျွန်မ ရှာနေလိုက်သေးတယ်။”—လောဒက်စ်။

အမျိုးသားတွေကတော့ ဖြေရှင်းနည်းတွေ ပေးချင်ကြတယ်။ အဲဒါက အမျိုးသားတစ်ယောက်ကို အားကိုးရတဲ့သူလို့ ခံစားရစေလို့ဖြစ်တယ်။ ဖြေရှင်းနည်းပေးလိုက်တာက သူ့ကို မှီခိုလို့ရမှန်း ဇနီးသည်ကို ဖော်ပြလိုက်တာပဲ။ သူတို့ရဲ့ ဖြေရှင်းနည်းတွေကို အလွယ်တကူ လက်မခံတဲ့အခါမှာတော့ ခင်ပွန်းသည်တွေ စိတ်ရှုပ်ကြတယ်။ “ဖြေရှင်းနည်းမလိုချင်ဘဲ ဘာလို့စကားပြောချင်မှန်း နားမလည်နိုင်ဘူး” လို့ ကျော်ကျော် ပြောတယ်။

စာအုပ်တစ်အုပ်မှာ ဒီလိုအကြံပြုထားတယ်– “အကြံမပေးခင် အရင်ဆုံး နားလည်သဘောပေါက်ဖို့ ကြိုးစားပါ။ ဖြေရှင်းနည်းမပေးခင်မှာ ကိုယ့်အိမ်ထောင်ဖက်ကို အပြည့်အဝနားလည်တယ်၊ စာနာထောက်ထားတယ်ဆိုတာ သိစေပါ။ တစ်ခါတလေမှာ သင့်ဇနီးဟာ သင့်ဆီက ဖြေရှင်းနည်းကို လိုချင်တာမဟုတ်ဘူး။ ကောင်းကောင်းနားထောင်ပေးတာကိုပဲ လိုချင်တာ။”—The Seven Principles for Making Marriage Work.

လုပ်ဆောင်နိုင်ရာ

ခင်ပွန်းသည်တွေအတွက်– သေချာနားထောင်ပြီး ဇနီးရဲ့ ခံစားချက်ကို နားလည်ပေးပါ။ “သူပြောတာကို နားထောင်ပေးပြီးတဲ့အခါ ‘ဘာမှလည်းမထူးပါဘူး’ လို့ စဉ်းစားမိပေမဲ့ ငါ့မိန်းမလိုအပ်တာက ဒီလိုနားထောင်ပေးတာပဲလေ” ဆိုပြီး သောမတ်စ် ပြောတယ်။ “မိန်းမပြောနေတဲ့အချိန်မှာ ဝင်မပြောဘဲ နားထောင်ပေးတာ အကောင်းဆုံးပဲဆိုတာ သိသွားပြီ” လို့ စတီဗင်လည်း ပြောတယ်။

ဒီနည်းကို စမ်းကြည့်ပါ– ဇနီးနဲ့ ပြဿနာအကြောင်း ဆွေးနွေးတဲ့အခါ ချက်ချင်း အကြံပေးတာမျိုး မလုပ်ပါနဲ့။ သူ့ကိုကြည့်ပြီး သူပြောတာကို သေချာနားထောင်ပေးပါ။ သဘောတူတဲ့အခါ ထောက်ခံပေးပါ။ သူပြောနေတဲ့အထဲက လိုရင်းအချက်ကို ပြန်ပြောပြပါ။ “ကျွန်တော့်ဇနီးက သူ့ကိုနားလည်ပေးပြီး သူ့ဘက်မှာ ကျွန်တော်ရှိတာကိုပဲ လိုချင်တာ” လို့ ချားလ်စ် ပြောတယ်။—ကျမ်းစာအကြံပြုချက်– ယာကုပ် ၁:၁၉။

ဇနီးသည်တွေအတွက်– ဖြစ်ချင်တာကို ခင်ပွန်းကို ပြောပြပါ။ “ကိုယ်ဖြစ်ချင်တာကို ခင်ပွန်းသည်သိရမယ်လို့ မျှော်လင့်တတ်ကြတယ်။ ဒါပေမဲ့ တစ်ခါတလေ ထုတ်ပြောဖို့လိုတယ်” လို့ အယ်လန်နာ ပြောတယ်။ “‘ကျွန်မပြောတာကို နားထောင်ပေးပါ။ ဖြေရှင်းပေးခိုင်းတာ မဟုတ်ဘူး။ ကျွန်မခံစားချက်ကို နားလည်ပေးစေချင်တာ’ ဆိုပြီး ခင်ပွန်းကို တောင်းဆိုပါ” လို့ အန်း အကြံပြုတယ်။

ဒီနည်းကို စမ်းကြည့်ပါ– ခင်ပွန်းဖြစ်သူက ဖြေရှင်းနည်းကို ချက်ချင်း ပြောလာတဲ့အခါ စာနာစိတ်မရှိဘူးလို့ မထင်လိုက်ပါနဲ့။ သင့်ကို သူ ကူညီပေးချင်တာပါ။ “ချက်ချင်းစိတ်ဆိုးမယ့်အစား ငါ့ခင်ပွန်းက ငါ့ကို ဂရုစိုက်တယ်၊ နားထောင်ပေးချင်တယ်၊ ကူလည်းကူညီပေးချင်နေတာလို့ ကျွန်မပြန်စဉ်းစားတယ်” ဆိုပြီး အက်စတာ ပြောတယ်။—ကျမ်းစာအကြံပြုချက်– ရောမ ၁၂:၁၀။

နှစ်ယောက်စလုံးအတွက်– အိမ်ထောင်သည်တွေဟာ ကိုယ့်ကို ပြုမူဆက်ဆံစေချင်တဲ့နည်းအတိုင်း အိမ်ထောင်ဖက်ကို ဆက်ဆံတတ်ကြတယ်။ ဒါပေမဲ့ ပြဿနာတွေကို ထိထိရောက်ရောက် ဆွေးနွေးနိုင်ဖို့ ကိုယ့်အိမ်ထောင်ဖက်က ဘယ်လိုပြုမူဆက်ဆံစေချင်တယ်ဆိုတာ သိဖို့ကြိုးစားရမယ်။ (၁ ကောရိန္သု ၁၀:၂၄) မီဂဲလ်လို့ခေါ်တဲ့ ခင်ပွန်းတစ်ယောက် ဒီလိုအကြံပြုတယ်– “သင်က ခင်ပွန်းဆိုရင် လိုလိုလားလား နားထောင်ပေးသူဖြစ်ပါ။ သင်က ဇနီးဆိုရင် ခင်ပွန်းသည် ပြောတဲ့ဖြေရှင်းနည်းတွေကို တစ်ခါတလေ လိုလိုလားလား နားထောင်ပေးပါ။ နှစ်ယောက်စလုံး အလျှော့ပေးမယ်ဆိုရင် အကျိုးဖြစ်ပါလိမ့်မယ်။”—ကျမ်းစာအကြံပြုချက်– ၁ ပေတရု ၃:၈။

a ဆွေးနွေးသွားမယ့် အချက်အလက်တွေဟာ အိမ်ထောင်သည်တိုင်းနဲ့ သက်ဆိုင်ချင်မှ သက်ဆိုင်ပါလိမ့်မယ်။ ဒါပေမဲ့ ဒီဆောင်းပါးမှာ ဖော်ပြထားတဲ့ အကြံပြုချက်တွေက ကိုယ့်အိမ်ထောင်ဖက်ကို ပိုနားလည်လာပြီး ပြောဆိုဆွေးနွေးရာမှာ ပိုအဆင်ပြေလာအောင် ကူညီပေးပါလိမ့်မယ်။

b ဒီဆောင်းပါးမှာ နာမည်တချို့ကို ပြောင်းထားပါတယ်။

ကျမ်းစာအကြံပြုချက်များ

  • ‘နားထောင်ခြင်း၌ လျင်မြန်ရမည်။ စကားပြောခြင်း၌ နှေးရမည်။’ —ယာကုပ် ၁:၁၉။

  • ‘အချင်းချင်းဂုဏ်တင်ရာတွင် ဦးဆောင်ကြလော့။’—ရောမ ၁၂:၁၀။

  • “တစ်သဘောတည်းရှိကြလော့။ စာနာစိတ်ပြကြလော့။”—၁ ပေတရု ၃:၈။

သင့်တော်တဲ့ အချိန်လား

‘သင့်တော်တဲ့အချိန်မှာ ပြောလိုက်တဲ့စကားဟာ သိပ်ကောင်းတယ်’ လို့ ကျမ်းစာဆိုတယ်။ (သုတ္တံ ၁၅:၂၃၊ ကဘ) မသင့်တော်တဲ့အချိန်မှာ စကားပြောရင်ရော ဘာဖြစ်မလဲ။

“မသင့်တော်တဲ့အချိန်မှာဆိုရင် စကားပြောရတာ အဆင်ပြေမှာ မဟုတ်ဘူး။”—ဆာပါ။

“ဗိုက်ဆာနေချိန်၊ ပင်ပန်းနေချိန်မှာ အရေးကြီးကိစ္စတွေကို မဆွေးနွေးသင့်ဘူး။”—ဂျူလီယာ။

“တစ်ခါက၊ ကျွန်မ စိတ်မကောင်းဖြစ်ရတဲ့အကြောင်းကို ခင်ပွန်းသည် အိမ်ပြန်ရောက်တာနဲ့ ပြောလိုက်မိတယ်။ နောက်မှ ပြောလက်စကို ရပ်လိုက်ပြီး ငါ တော်တော် အလိုက်မသိပါလားလို့ တွေးမိတယ်။ ဒါနဲ့ ညစာစားပြီးမှ ဆက်ပြောမယ်လို့ ခင်ပွန်းကိုပြောတော့ သူလည်း ကျေနပ်သွားတယ်။ ပြီးမှ စကားဆက်ပြောကြတော့ ကျွန်မတို့နှစ်ယောက်စလုံး ပိုပြီး အေးအေးဆေးဆေးပြောလို့ ရသွားတာပေါ့။”—လောဒက်စ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ