-
ကမ္ဘာကြီး ထိန်းမနိုင်သိမ်းမရ ဖြစ်နေတာ အမှန်ပဲလားနိုးလော့!—၂၀၁၇ | အမှတ် ၆
-
-
မျက်နှာဖုံးအကြောင်းအရာ | ကမ္ဘာကြီး ထိန်းမနိုင်သိမ်းမရ ဖြစ်နေပြီလား
ကမ္ဘာကြီး ထိန်းမနိုင်သိမ်းမရ ဖြစ်နေတာ အမှန်ပဲလား
စိတ်မချမ်းမြေ့စရာ ကြေညာချက်တစ်ခု ၂၀၁၇ နှစ်ဦးပိုင်းမှာ ထွက်လာတယ်။ သိပ္ပံပညာရှင်တစ်ဖွဲ့က ကမ္ဘာပျက်ကိန်းဆိုက်တော့မယ်လို့ ကြေညာတယ်။ သိပ္ပံပညာရှင်တွေဟာ ကမ္ဘာပျက်ချိန် ဘယ်လောက်နီးနေပြီဆိုတာ ပုံဖော်ဖို့ ကမ္ဘာပျက်ချိန် ညွှန်ပြတဲ့နာရီမှာ စက္ကန့် ၃၀ ရှေ့တိုးလိုက်တယ်။ ကမ္ဘာပျက်မယ့် သန်းခေါင်ယံအချိန် ရောက်ဖို့ နှစ်မိနစ်ခွဲပဲ လိုတော့တယ်။ အနှစ် ၆၀ ကျော်ကာလအတွင်းမှာ ကမ္ဘာပျက်ကိန်းဆိုက်မယ့်အချိန်ဟာ နီးသည်ထက် နီးလာပြီ။
၂၀၁၈ ခုနှစ် ရောက်တဲ့အခါ ကမ္ဘာကြီးရဲ့အဆုံး ဘယ်လောက်နီးနေပြီဆိုတာ သိပ္ပံပညာရှင်တွေ ထပ်မံတွက်ချက်ပါလိမ့်မယ်။ ကမ္ဘာပျက်ချိန် ညွှန်ပြတဲ့ နာရီဟာ မကြုံဖူးတဲ့ဘေးဆိုးကြီး ရောက်တော့မယ်ဆိုတာ ညွှန်ပြဦးမလား။ သင် ဘယ်လိုထင်ပါသလဲ။ ကမ္ဘာကြီး ထိန်းမနိုင်သိမ်းမရ ဖြစ်နေပြီလား။ ဒါဟာ ဖြေရခက်တဲ့မေးခွန်း ဖြစ်နိုင်တယ်။ ပညာရှင်တွေတောင် ဒါနဲ့ပတ်သက်ပြီး သဘောထား ကွဲလွဲနေကြတယ်။ ကမ္ဘာပျက်တော့မယ်ဆိုတာ လူတိုင်း ယုံတာတော့ မဟုတ်ဘူး။
လူသန်းပေါင်းများစွာကတော့ တောက်ပတဲ့ အနာဂတ်ရှိမယ်လို့ ယုံကြည်ကြတယ်။ ကမ္ဘာမြေနဲ့ လူသားတွေ ဆက်တည်ရှိနေမယ်၊ လူတွေရဲ့ဘဝ ပိုကောင်းမွန်လာမယ်ဆိုတဲ့ အထောက်အထားတွေ ရှိတယ်လို့လည်း ဆိုကြတယ်။ အဲဒီအထောက်အထားဟာ စိတ်ချရရဲ့လား။ ကမ္ဘာကြီး ထိန်းမနိုင်သိမ်းမရ ဖြစ်နေတာ အမှန်ပဲလား။
-
-
အဖြေရှာရာဝယ်နိုးလော့!—၂၀၁၇ | အမှတ် ၆
-
-
မျက်နှာဖုံးအကြောင်းအရာ | ကမ္ဘာကြီး ထိန်းမနိုင်သိမ်းမရ ဖြစ်နေပြီလား
အဖြေရှာရာဝယ်
သတင်းဆိုးတွေ ကြားနေရလို့ စိုးရိမ်ထိတ်လန့်နေသလား။ ဒါဆိုရင် သင်တစ်ဦးတည်း မဟုတ်ပါဘူး။ ၂၀၁၄ ခုနှစ်မှာ အမေရိကန်သမ္မတ ဘားရက်အိုဘားမားက သတင်းစာမှာပါတဲ့ သတင်းဆိုးတွေကြောင့် “ကမ္ဘာကြီးဟာ ဘယ်သူမှ မဖြေရှင်းနိုင်အောင် ထိန်းမနိုင်သိမ်းမရ ဖြစ်နေတယ်” လို့ လူအများ ယူဆနေကြောင်း ပြောတယ်။
အဲဒီလိုပြောပြီးမကြာခင်မှာ ကမ္ဘာ့ပြဿနာအများစုအတွက် လတ်တလော ဖြေရှင်းနည်းတွေအကြောင်း သူ အားတက်သရော ပြောတယ်။ အစိုးရတချို့ရဲ့ လုပ်ဆောင်ချက်တွေဟာ “သတင်းကောင်းပဲ၊” ဒါတွေကို “အကောင်းမြင်တယ်၊” “မျှော်လင့်ချက်ထားတယ်” လို့ ပြောတယ်။ တစ်နည်းအားဖြင့် လူတွေ ရည်ရွယ်ချက်ကောင်းနဲ့ ကြိုးပမ်းနေတဲ့အတွက် ကမ္ဘာချီကပ်ဘေး မကြုံရအောင် ထိန်းထားနိုင်တယ်ဆိုတဲ့ သဘောပဲ။
လူအများစုလည်း သူ့လိုပဲ အကောင်းမြင်ကြတယ်။ အရှိန်အဟုန်နဲ့ တိုးတက်လာတဲ့ နည်းပညာတွေက ကမ္ဘာ့ပြဿနာတွေကို ဖြေရှင်းပေးနိုင်မယ်လို့ သိပ္ပံပညာကို အားထားသူတချို့ ခန့်မှန်းတယ်။ ဒီဂျစ်တယ်နည်းပညာနဲ့ တီထွင်မှုဆိုင်ရာ ပညာရှင်တစ်ဦးက ၂၀၃၀ ပြည့်နှစ်ကျရင် “ကျွန်တော်တို့ရဲ့ နည်းပညာဟာ အဆတစ်ထောင် ပိုစွမ်းဆောင်နိုင်မယ်။ ၂၀၄၅ ခုနှစ်ကျရင် အဆတစ်သန်း ပိုစွမ်းဆောင်နိုင်မယ်” ဆိုပြီး အတိအကျ ဟောကိန်းထုတ်တယ်။ “အခုလည်း အခြေအနေကောင်းနေတယ်။ ပြဿနာတွေ ဘယ်လောက်ပဲ များပါစေ၊ အလျဉ်မီ ဖြေရှင်းနိုင်ပါတယ်” လို့ သူဆက်ပြောတယ်။
ကမ္ဘာ့အခြေအနေ အတော်ဆိုးနေသလား။ ကမ္ဘာပျက်မယ့်ကပ်ဘေး တကယ် နီးနေပြီလား။ သိပ္ပံပညာရှင်နဲ့ နိုင်ငံရေးသမားတချို့က မျှော်လင့်ချက်ထားဖို့ ပြောပေမဲ့ လူအများအတွက်တော့ အနာဂတ်ဟာ မရေမရာ ဖြစ်နေတုန်းပဲ။ ဘာကြောင့်လဲ။
အဖျက်စွမ်းအားကြီးတဲ့ လက်နက်များ။ ကုလသမဂ္ဂနဲ့ တခြားအဖွဲ့အစည်းတွေဟာ နျူကလီးယားလက်နက် ဖျက်သိမ်းဖို့ အစွမ်းကုန် ကြိုးစားပေမဲ့ မအောင်မြင်ဘူး။ ရန်လိုတဲ့ ခေါင်းဆောင်တွေဟာ လက်နက်ထိန်းချုပ်ရေးဥပဒေတွေကို အရေးမလုပ်ကြဘူး။ နျူကလီးယားလက်နက်ရှိတဲ့ နိုင်ငံတွေက သူတို့ရဲ့ လက်နက်တွေကို စွမ်းရည်တိုးမြှင့်ဖို့၊ ပိုစွမ်းအားမြင့်တဲ့ လက်နက်အသစ်တွေ ထုတ်လုပ်ဖို့ အသည်းအသန် ကြိုးပမ်းနေကြတယ်။ အဖျက်စွမ်းအားကြီးတဲ့ လက်နက်တွေ မရှိသေးတဲ့ နိုင်ငံတွေကလည်း အခုဆိုရင် အစုလိုက်အပြုံလိုက် သတ်နိုင်တဲ့ လက်နက်တွေ ပိုင်ဆိုင်လာကြပြီ။
နျူကလီးယားစစ်ပွဲအတွက် အသင့်ဖြစ်နေတဲ့ နိုင်ငံတွေကြောင့် ကမ္ဘာကြီးဟာ “ငြိမ်းချမ်း” နေချိန်မှာတောင် အန္တရာယ်ဇုန်ထဲ ရောက်နေတယ်။ “လူ့ထိန်းချုပ်မှု မပါဘဲ ကိုယ်တိုင် ထိန်းချုပ်ဆုံးဖြတ်နိုင်တဲ့ လူသတ်စက်ရုပ်တွေကြောင့် အလွန်စိုးရိမ်စရာဖြစ်နေပြီ” လို့ အဏုမြူသိပ္ပံပညာရှင်များရဲ့ ဂျာနယ်မှာ ဖော်ပြတယ်။
ကျန်းမာရေးပြဿနာ တိုးများလာခြင်း။ သိပ္ပံပညာဟာ လူတွေ ကျန်းမာရေးကောင်းအောင် အပြည့်အဝ မလုပ်ပေးနိုင်ဘူး။ သွေးတိုးခြင်း၊ အဝလွန်ခြင်း၊ လေထုညစ်ညမ်းခြင်း၊ မူးယစ်ဆေးသုံးခြင်းတို့ကြောင့် ရောဂါတွေ တိုးများလာတယ်။ ကင်ဆာ၊ နှလုံး၊ ဆီးချို စတဲ့ မကူးစက်နိုင်တဲ့ ရောဂါတွေကြောင့် တဖြုတ်ဖြုတ် သေနေကြတယ်။ စိတ်ဝေဒနာအပါအဝင် တခြားရောဂါတွေကြောင့် မသန်မစွမ်းဖြစ်သူတွေလည်း တိုးများလာတယ်။ မကြာသေးခင်နှစ်တွေမှာ ကြောက်စရာကောင်းတဲ့ အီဘိုလာနဲ့ ဇီကာဗိုင်းရပ်စ်တွေ ကူးစက်ပျံ့နှံ့ခဲ့တယ်။ အချုပ်ပြောရရင် လူတွေဟာ ရောဂါကို မထိန်းချုပ်နိုင်ဘူး။ ရောဂါကင်းစင်ဖို့ဆိုတာ မဖြစ်နိုင်ပုံပေါက်နေတယ်။
လူတွေကြောင့် သဘာဝပတ်ဝန်းကျင် ပျက်စီးခြင်း။ စက်ရုံတွေဟာ ကမ္ဘာ့လေထုကို ညစ်ညမ်းစေတယ်။ ညစ်ညမ်းတဲ့လေတွေ ရှူရလို့ နှစ်စဉ် လူသန်းနဲ့ချီ သေနေကြတယ်။
လူတွေ၊ အဖွဲ့အစည်းတွေ၊ အစိုးရအေဂျင်စီတွေဟာ မိလ္လာအညစ်အကြေး၊ ဆေးဘက်ဆိုင်ရာနဲ့ စိုက်ပျိုးရေးဆိုင်ရာ စွန့်ပစ်ပစ္စည်း၊ ပလတ်စတစ်နဲ့ အမှိုက်သရိုက်တွေကို ပင်လယ်ထဲ စွန့်ပစ်နေကြတယ်။ “အဲဒီအညစ်အကြေးတွေကြောင့် ပင်လယ်သတ္တဝါတွေနဲ့ အပင်တွေသာမက အဲဒါတွေကို စားသုံးတဲ့ လူတွေပါ အဆိပ်သင့်နေပြီ” လို့ ရေကြောင်းသိပ္ပံ စွယ်စုံကျမ်းမှာ ဖော်ပြတယ်။
ဒါ့အပြင် သန့်ရှင်းတဲ့ရေ ရှားပါးလာတယ်။ ဗြိတိသျှလူမျိုး သိပ္ပံစာရေးဆရာ ရောဘင် မက်ကီးက “ကမ္ဘာတစ်ဝန်းမှာ ရေရှားပါးမှု ကြုံနေရတယ်” လို့ သတိပေးတယ်။ ရေရှားပါးမှုဟာ အများအားဖြင့် လူတွေကြောင့်ဖြစ်တယ်၊ ဒါဟာ စိုးရိမ်စရာပဲလို့ နိုင်ငံရေးသမားတွေ ပြောတယ်။
သဘာဝဘေးကြောင့် လူတွေ ဒုက္ခရောက်ရ။ မုန်တိုင်း၊ လေဆင်နှာမောင်းနဲ့ ငလျင်တွေကြောင့် ရေကြီးတာ၊ မြေပြိုတာ၊ ပျက်စီးဆုံးရှုံးတာတွေ ကြုံနေရတယ်။ အဲဒီလိုသဘာဝဘေးတွေကြောင့် သေတဲ့သူ၊ အကြီးအကျယ် ဒုက္ခရောက်ရသူတွေ များသည်ထက် များလာတယ်။ အမေရိကန်နိုင်ငံ၊ အမျိုးသားအာကာသနဲ့ လေကြောင်းဦးစီးဌာနရဲ့ လေ့လာချက်အရ “အလွန်ပြင်းထန်တဲ့ မုန်တိုင်း၊ အပူလှိုင်း၊ ရေကြီးတာ၊ မိုးခေါင်တာတွေ” ဖြစ်ဖို့ အလားအလာ ပိုများလာကြောင်း တွေ့ရှိရတယ်။ သဘာဝဘေးကြောင့် လူသားတွေ ပျက်သုဉ်းပျောက်ကွယ်သွားမလား။
လူ့အသက်အန္တရာယ်ကို ခြိမ်းခြောက်နေတဲ့ တခြားအရာတွေကိုလည်း သင် စဉ်းစားမိမှာပဲ။ အခုချိန်မှာကြုံနေတဲ့ အဖြစ်ဆိုးတွေကိုပဲ အာရုံစိုက်နေရင် အနာဂတ်နဲ့ပတ်သက်ပြီး ကျေနပ်လောက်တဲ့အဖြေ ရနိုင်မှာ မဟုတ်ဘူး။ နိုင်ငံရေးသမားနဲ့ သိပ္ပံပညာရှင်တွေ ပြောတာတွေကို နားထောင်နေရင်လည်း ကျေနပ်လောက်တဲ့အဖြေ ရမှာမဟုတ်ဘူး။ ဒါပေမဲ့ ရှေ့ဆောင်းပါးမှာ ပါတဲ့အတိုင်း ကမ္ဘာ့အခြေအနေနဲ့ အနာဂတ်အကြောင်း ကျေနပ်စရာကောင်းတဲ့အဖြေ ရရှိထားသူတွေ အများကြီးရှိတယ်။ အဖြေတွေကို ဘယ်မှာ ရှာတွေ့နိုင်သလဲ။
-
-
သမ္မာကျမ်းစာ ပြောဆိုရာနိုးလော့!—၂၀၁၇ | အမှတ် ၆
-
-
ကမ္ဘာမြေနဲ့ လူတွေအတွက် တောက်ပတဲ့အနာဂတ် ရှိမယ်ဆိုတဲ့ ဘုရားရဲ့ ကတိကြောင့် ကမ္ဘာပျက်ချိန်ညွှန်ပြတဲ့ နာရီအတိုင်း တကယ်ဖြစ်လာမှာ မဟုတ်ဘူး
မျက်နှာဖုံးအကြောင်းအရာ | ကမ္ဘာကြီး ထိန်းမနိုင်သိမ်းမရ ဖြစ်နေပြီလား
သမ္မာကျမ်းစာ ပြောဆိုရာ
ကမ္ဘာကြီးရဲ့ လက်ရှိအခြေအနေဆိုးတွေအကြောင်း ရာစုနှစ်များစွာကတည်းက ကျမ်းစာမှာ ကြိုဟောထားတယ်။ လူတွေအတွက် တောက်ပတဲ့အနာဂတ် ရှိကြောင်းကိုလည်း အတိအကျ ကြိုဟောတယ်။ ကျမ်းစာကြိုဟောချက်အများစုဟာ အသေးစိတ်ကအစ ပြည့်စုံခဲ့တယ်။ ဒါကြောင့် ကျမ်းစာပြောဆိုရာတွေကို စိတ်မဝင်စားဘူးလို့ ချက်ချင်း မငြင်းလိုက်ပါနဲ့။
ဥပမာအနေနဲ့ အောက်ပါ ကျမ်းစာကြိုဟောချက်တွေကို သုံးသပ်ကြည့်ပါ–
“လူတစ်မျိုးနဲ့ တစ်မျိုး၊ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ တိုက်ခိုက်ကြလိမ့်မယ်။ အစာခေါင်းပါးတာ၊ ငလျင်လှုပ်တာတွေ တစ်နေရာပြီး တစ်နေရာ ဖြစ်လိမ့်မယ်။”—မဿဲ ၂၄:၇။
‘နောက်ဆုံးကာလဟာ အလွန် ခက်ခဲကျပ်တည်းမယ်ဆိုတာ သိထားပါ။ ဘာလို့လဲဆိုတော့ လူတွေဟာ ကိုယ့်ကိုယ်ကိုယ်ပဲ ချစ်တဲ့သူ၊ ငွေကိုတပ်မက်သူ၊ ဝါကြွားသူ၊ မောက်မာသူ၊ ဘုရားကို စော်ကားပြောဆိုသူ၊ မိဘစကား နားမထောင်သူ၊ ကျေးဇူးကန်းသူ၊ သစ္စာမရှိသူ၊ ချစ်ခင်တွယ်တာစိတ် မရှိသူ၊ ညှိနှိုင်းလို့မရသူ၊ သွားပုပ်လေလွင့်ပြောသူ၊ မချုပ်တည်းနိုင်သူ၊ ကြမ်းကြုတ်သူ၊ ကောင်းမြတ်ရာကို မုန်းတီးသူ၊ သစ္စာဖောက်သူ၊ တဇောက်ကန်းနိုင်သူ၊ မာနထောင်လွှားသူ၊ ဘုရားသခင်ကို ချစ်တာထက် အပျော်အပါးကို ပိုနှစ်သက်သူတွေ ဖြစ်ကြလိမ့်မယ်။’—၂ တိမောသေ ၃:၁-၄။
အဲဒီကြိုဟောချက်တွေဟာ ထိန်းမနိုင်သိမ်းမရဖြစ်နေတဲ့ ကမ္ဘာ့အခြေအနေကို ဖော်ပြနေတယ်။ ကမ္ဘာကြီးဟာ လူသားတွေအတွက် တကယ်ပဲ ထိန်းမနိုင်သိမ်းမရ ဖြစ်နေပြီ။ ကမ္ဘာ့အခြေအနေတွေကို အပြီးသတ်ဖြေရှင်းနိုင်တဲ့ အစွမ်းတန်ခိုးနဲ့ ဉာဏ်ပညာ လူတွေမှာ မရှိဘူးလို့ ကျမ်းစာပြောတယ်။ အောက်ပါကျမ်းချက်တွေမှာ ဒီလို ဖော်ပြတယ်–
“လူ့အမြင်မှာ မှန်တယ်ထင်ရပေမဲ့ နောက်ဆုံးမှာတော့ သေခြင်းဆီ ပို့ဆောင်ပေးတဲ့ လမ်းတစ်မျိုးရှိတယ်။” —ပညာအလိမ္မာ ၁၄:၁၂။
“လူလူချင်း အုပ်ချုပ်တာဟာ ထိခိုက်နစ်နာစရာတွေပဲ ဖြစ်စေတယ်။”—ဒေသနာ ၈:၉။
‘လူဟာ ကိုယ့်ခြေလှမ်းကို လမ်းညွှန်ပိုင်ခွင့် မရှိပါဘူး။’—ယေရမိ ၁၀:၂၃။
လူတွေ လုပ်ချင်သလိုသာ လုပ်နေမယ်ဆိုရင် ကမ္ဘာကြီး ပျက်စီးသွားဖို့ပဲရှိတယ်။ ဒါပေမဲ့ အဲဒီလို ပျက်စီးသွားမှာ မဟုတ်ဘူး။ ဘာကြောင့်လဲ။ ကျမ်းစာမှာ ဒီလိုပြောထားလို့ပဲ–
ဘုရားသခင်ဟာ “ကမ္ဘာမြေကို အုတ်မြစ်တွေပေါ် တည်ဆောက်တယ်။ သူ့နေရာကနေ ဘယ်တော့မှ ရွှေ့လို့ရမှာ မဟုတ်ဘူး။”—ဆာလံ ၁၀၄:၅။
“လူမျိုးတစ်ဆက် လွန်သွားတယ်။ လူမျိုးတစ်ဆက် ပေါ်လာတယ်။ ကမ္ဘာမြေကတော့ ထာဝစဉ်တည်တယ်။” —ဒေသနာ ၁:၄။
“ဖြောင့်မတ်သူတွေဟာ ကမ္ဘာမြေကို ပိုင်ဆိုင်ပြီး ထာဝစဉ် နေထိုင်ရလိမ့်မယ်။”—ဆာလံ ၃၇:၂၉။
“ကောက်နှံတွေဟာ မြေပေါ်မှာ တောင်ပုံရာပုံ ရှိနေလိမ့်မယ်။ တောင်ပေါ်မှာ ဖွေးဖွေးလှုပ်နေလိမ့်မယ်။” —ဆာလံ ၇၂:၁၆။
အဲဒီကျမ်းချက်တွေဟာ ရှင်းလင်းတဲ့ အဖြေတွေပါပဲ။ လေထုညစ်ညမ်းမှု၊ အစာရေစာပြတ်လပ်မှု၊ ကမ္ဘာချီ ကပ်ရောဂါဘေးတွေကြောင့် လူသားတွေ ပျက်သုဉ်းပျောက်ကွယ်သွားမှာ မဟုတ်ဘူး။ ကမ္ဘာမြေဟာ နျူကလီးယားလက်နက်တွေကြောင့် မီးလောင်ပြာကျသွားမှာ မဟုတ်ဘူး။ ဘာဖြစ်လို့လဲ။ ဘုရားသခင်ဟာ ကမ္ဘာမြေရဲ့ အခြေအနေကို ထိန်းချုပ်ထားလို့ပဲ။ လူတွေကို လွတ်လပ်စွာရွေးချယ်ခွင့် ပေးထားတယ်။ ဒါပေမဲ့ သူတို့ရဲ့ ဆုံးဖြတ်ချက်တွေအတွက် အကျိုးဆက်ကိုတော့ ပြန်ရိတ်သိမ်းရမယ်။ (ဂလာတိ ၆:၇) ကမ္ဘာကြီးဟာ အရှိန်ထိန်းမရလို့ ဇာတ်သိမ်းမလှ ပျက်စီးသွားမယ့် ရထားတစ်စင်းနဲ့ မတူဘူး။ လူလူချင်း ထိခိုက်နစ်နာအောင် လုပ်နေတာကို အတိုင်းအတာတစ်ခုအထိပဲ ဘုရားသခင် ခွင့်ပြုမယ်။—ဆာလံ ၈၃:၁၈။ ဟီဘရူး ၄:၁၃။
ဘုရားသခင်ဟာ ဒီထက်မက လုပ်ဆောင်ပေးမယ်၊ “များပြားလှတဲ့ ငြိမ်သက်ခြင်း” ရှိစေမယ်။ (ဆာလံ ၃၇:၁၁) ဒီဆောင်းပါးမှာ ဖော်ပြထားရာတွေဟာ တောက်ပတဲ့ အနာဂတ်ရဲ့ အရိပ်အမြွက်ပဲ ရှိပါသေးတယ်။ သန်းနဲ့ချီရှိတဲ့ ယေဟောဝါသက်သေတွေက အဲဒီအနာဂတ်အကြောင်း ကျမ်းစာကနေ သိထားကြတယ်။
ယေဟောဝါသက်သေတွေဆိုတာ လူမျိုးပေါင်းစုံ၊ အသက်အရွယ်အသီးသီး ပါဝင်တဲ့ ကမ္ဘာချီအဖွဲ့အစည်းတစ်ခုပဲ။ သူတို့ဟာ ယေဟောဝါလို့ခေါ်တဲ့ တစ်ဆူတည်းသော စစ်မှန်တဲ့ဘုရားကို ကိုးကွယ်ကြတယ်။ အနာဂတ်ကိုလည်း တွေးပူမနေကြဘူး။ ကျမ်းစာမှာ ဒီလိုပြောထားလို့ပဲ– “ယေဟောဝါဟာ မိုးကောင်းကင်ကို ဖန်ဆင်းတဲ့အရှင်၊ စစ်မှန်တဲ့ ဘုရားသခင်၊ ကမ္ဘာမြေကို ပုံသွင်းတဲ့အရှင်၊ ကမ္ဘာမြေကို အခိုင်အမာတည်တဲ့အရှင်ပဲ။ ကမ္ဘာမြေကို အကြောင်းမဲ့ ဖန်ဆင်းတာ မဟုတ်ဘဲ သတ္တဝါတွေ နေထိုင်ဖို့ ဖန်ဆင်းခဲ့တဲ့အရှင်ပဲ။ ကိုယ်တော်ပြောတာက ‘ငါဟာ ယေဟောဝါပဲ။ ငါကလွဲလို့ တခြားဘုရား မရှိဘူး။’”—ဟေရှာယ ၄၅:၁၈။
ဒီဆောင်းပါးမှာ ကမ္ဘာမြေနဲ့ လူသားတွေရဲ့ အနာဂတ်အကြောင်း ကျမ်းစာသွန်သင်ရာကို ရှင်းပြထားတယ်။ ပိုသိချင်ရင် ယေဟောဝါသက်သေတွေ ထုတ်ဝေတဲ့ လူမျိုးအားလုံးအတွက် သတင်းကောင်း စာစောင်ရဲ့ အခန်း ၅ ကို ကြည့်ပါ။ www.pr2711.com/mya မှာလည်း ကြည့်နိုင်တယ်။
www.pr2711.com/mya မှာ ကမ္ဘာကို ဘုရားသခင် ဘာကြောင့် ဖန်ဆင်းခဲ့တာလဲ ဆိုတဲ့ ဗီဒီယိုကိုလည်း ကြည့်နိုင်တယ်။ (စာအုပ်စာပေများ > ဗီဒီယိုများ ခေါင်းစဉ်အောက်မှာ ကြည့်ပါ)
-