ကုန်ဈေးနှုန်း မြင့်တက်လာတဲ့အခါ
ငွေကြေး စီမံသုံးစွဲပါ
ကုန်ဈေးနှုန်း တက်လာလို့ အခက်မတွေ့တဲ့သူရယ်လို့ မရှိဘူး။ ဒါပေမဲ့ ကူကယ်ရာမဲ့သွားတာတော့လည်း မဟုတ်ပါဘူး။ သင့်အခြေအနေ တိုးတက်လာဖို့ လုပ်နိုင်တာတွေ ရှိမှာပါ။
ဘာကြောင့် အရေးကြီးသလဲ
ငွေကြေးကို စီမံမသုံးစွဲရင် မကုန်သင့်တာတွေ ကုန်ပြီး ပိုစိတ်ဖိစီးရမယ်။ ဝင်ငွေနည်းရင်တောင် ငွေကြေး စီမံနိုင်တဲ့ နည်းလမ်းတွေ ရှိပါတယ်။
လုပ်ဆောင်နိုင်ရာ
ဝင်ငွေထက် ကျော်မသုံးပါနဲ့။ ဒါဆိုရင် လက်ထဲမှာရှိတဲ့ ငွေကို ကောင်းကောင်း စီမံနိုင်ပြီး အရေးပေါ် အခြေအနေတွေအတွက် ခြေစောင့်လက်စောင့် ရှိနေမယ်။
ဝင်ငွေထက် ကျော်မသုံးမိဖို့ ဘတ်ဂျက်ဆွဲပါ။ ဘတ်ဂျက်ဆွဲတယ်ဆိုတာ ဝင်ငွေထွက်ငွေစာရင်း လုပ်တာပါ။ ဘတ်ဂျက်ဆွဲပြီးသွားရင်လည်း တကယ် လိုအပ်တာတွေအတွက်ပဲ သုံးမှာ ဟုတ်ရဲ့လားဆိုတာ ပြန်စစ်ပါ။ အတတ်နိုင်ဆုံး ဘတ်ဂျက်အတွင်း ဝင်အောင် သုံးပါ။ သင့်ဝင်ငွေ ဒါမှမဟုတ် ကုန်ဈေးနှုန်း အပြောင်းအလဲ ရှိရင် ဘတ်ဂျက်ကို လိုအပ်သလို ပြင်ပါ။ သင်ဟာ အိမ်ထောင်သည်ဆိုရင် အိမ်ထောင်ဖက်နဲ့ တိုင်ပင်ဆုံးဖြတ်ပါ။
အကြံပြုချက်– ဈေးဝယ်တဲ့အခါ ကတ်နဲ့ ရှင်းတာ၊ အရစ်ကျ ချေတာမျိုး မလုပ်ဘဲ ငွေသားနဲ့ လက်ငင်းရှင်းပါ။ ဒီအတိုင်း လုပ်ကြည့်တဲ့အခါ ဘတ်ဂျက်အတိုင်း သုံးဖြစ်သွားပြီး အကြွေးမတင်တော့တာကို လူတချို့ သတိထားမိကြတယ်။ ဘဏ်စာရင်းကိုလည်း မကြာမကြာ စစ်ပေးပါ။ လက်ထဲ ငွေ ဘယ်လောက် ရှိသလဲ သိထားရင် စိတ်ပူရတာ လျော့တယ်။
ဝင်ငွေထက် ကျော်မသုံးမိဖို့ဆိုတာ လွယ်တော့ မလွယ်ပေမဲ့ အသေအချာ စဉ်းစားပြီး လက်တွေ့ကျကျ ရေးဆွဲထားတဲ့ ဘတ်ဂျက် ရှိရင် အကူအညီ ဖြစ်နိုင်တယ်။ ငွေကြေးအတွက်လည်း စိတ်ပူမနေရတော့ဘူး။
အလုပ်မြဲဖို့ ကြိုးစားပါ။ အလုပ်မြဲဖို့ သင် လုပ်နိုင်တာတွေ ရှိပါတယ်။ အလုပ်အချိန်မီ သွားပါ။ အလုပ်နဲ့ပတ်သက်ပြီး အကောင်းမြင်စိတ်ထားပါ။ အကင်းပါးပါ။ အလုပ်ကြိုးစားပါ။ လေးစားမှု ရှိပါ။ အလုပ်စည်းကမ်း လိုက်နာပါ။ အလုပ်စွမ်းရည် တိုးတက်ဖို့ ကြိုးစားပါ။
ငွေယိုပေါက် မရှိပါစေနဲ့။ ‘မလိုအပ်တာတွေအတွက်၊ ကိုယ့်အကျိုးတောင် ထိခိုက်စေနိုင်တာတွေအတွက် ပိုက်ဆံအများကြီး အကုန်ခံတဲ့အကျင့် ငါ့မှာ ရှိနေသလား’ လို့ စဉ်းစားကြည့်ပါ။ ဥပမာ၊ လူများစွာဟာ ကိုယ့်ချွေးနှဲစာတွေကို မူးယစ်ဆေး၊ လောင်းကစား၊ ဆေးလိပ်၊ အရက်ယမကာအတွက် ဖြုန်းလိုက်ကြတယ်။ အဲဒီအကျင့်ဆိုးတွေက ကျန်းမာရေးကိုရော အလုပ်ကိုပါ ထိခိုက်နိုင်တယ်။
အရေးပေါ်အတွက် ငွေစုထားပါ။ ဖြစ်နိုင်ရင် အရေးပေါ် သုံးဖို့ ငွေနည်းနည်း ဖယ်ထားပါ။ ဒါမှ ကိုယ်တိုင်ဖြစ်ဖြစ်၊ မိသားစုဝင်တစ်ယောက်ယောက်ဖြစ်ဖြစ် ကျန်းမာရေးကိစ္စ ရုတ်တရက် ပေါ်လာခဲ့ရင်၊ အလုပ်ပြုတ်သွားခဲ့ရင်၊ တခြားအရေးအကြောင်း ပေါ်လာခဲ့ရင် ခြေမကိုင်မိလက်မကိုင်မိ ဖြစ်မနေမှာ။