နတ်ဝိဇ္ဇာ
အဓိပ္ပာယ်သတ်မှတ်ချက်– လူ၏ဝိညာဉ်အစိတ်အပိုင်းတစ်ခုသည် ခန္ဓာသေစဉ် မသေဘဲကျန်ရစ်၍ နတ်ဝင်သည်မှတစ်ဆင့် ရှင်သူတို့နှင့်အဆက်အသွယ်ပြုနိုင်သည် ဟူသောယုံကြည်ချက်ဖြစ်သည်။ အချို့က ရုပ်ပစ္စည်းနှင့် သဘာဝဖြစ်ရပ်တိုင်း၌ ဝိညာဉ်များကိန်းအောင်းလျက်ရှိသည်ဟု ယူဆကြသည်။ စုန်းအတတ်မှာ နတ်ဆိုးများမှလာသည်ဟု လူတို့ဝန်ခံသောတန်ခိုးကို အသုံးပြုခြင်းဖြစ်သည်။ နတ်ဝိဇ္ဇာမှန်သမျှကို ကျမ်းစာက ပြင်းထန်စွာ ပြစ်တင်ရှုတ်ချသည်။
မိမိမြတ်နိုးသော သေလွန်သူတစ်ဦး၏ “ဝိညာဉ်” နှင့် တကယ်ပင် အဆက်အသွယ်လုပ်နိုင်သလော
ဒေ. ၉:၅၊ ၆၊ ၁၀– “အသက်ရှင်သောသူသည် မိမိသေရမည်ကိုသိ၏။ သေသောသူမူကား အဘယ်အရာကိုမျှမသိ။ . . . သူ၏ချစ်ခြင်း၊ မုန်းခြင်း၊ ငြူစူခြင်းလည်း ပျောက်ပျက်၏။ နေအောက်မှာပြုသမျှသောအမှု၌ သူတစ်ပါးနှင့် ရောနှော၍ မဆိုင်ရ။ ဆောင်ရွက်စရာအမှုရှိသမျှကို ကြိုးစားအားထုတ်၍ ဆောင်ရွက်လော့။ အကြောင်းမူကား၊ သင်ယခုသွား၍ ရောက်ရလတ္တံ့သောအရပ်တည်းဟူသော မရဏာနိုင်ငံ [သင်္ချိုင်း] ၌ လုပ်ဆောင်ခြင်းမရှိ။ ကြံစည်ခြင်းမရှိ။ သိပ္ပံအတတ်မရှိ။ ပညာမရှိပါတကား။”
ယေဇ. ၁၈:၄၊ ၂၀– “ပြစ်မှားသောဝိညာဉ် [“စိုးလ်၊” ကဘ] သည် အသက်သေရမည်။” (ထို့ကြောင့် ဝိညာဉ် [စိုးလ်] သည် ခန္ဓာသေသည့်နောက် ဆက်လက်အသက်ရှင်သောအရာ၊ ရှင်သူတို့က အဆက်အသွယ်ပြုနိုင်သောအရာမဟုတ်။)
ဆာ. ၁၄၆:၄– “သူသည် အသက် [အင်္ဂလိပ်၊ spirit (ဝိညာဉ်)] ထွက်၍ မြေသို့ပြန်သွားတတ်၏။ ထိုနေ့ချင်းတွင် သူ၏အကြံအစည်တို့သည် ပျက်စီးကြ၏။” (ခန္ဓာမှ ဝိညာဉ် ‘ထွက်သွား’ သည်ဟုဆိုခြင်းမှာ အသက်စွမ်းအား ကုန်ခန်းရပ်တန့်သွားသည်ကို နောက်တစ်နည်းဖြင့် ပြောခြင်းသာဖြစ်သည်။ သို့ ဖြင့် လူသေသည့်နောက် သူ၏ဝိညာဉ် [စပစ်ရစ်] သည် ရုပ်မဲ့သက်ရှိအဖြစ် ဆက်လက်အသက်ရှင်ပြီး ခန္ဓာမပါဘဲ ကြံစည်လုပ်ဆောင်ခြင်း မပြုနိုင်ပါ။ ရှင်သူတို့ကလည်း ၎င်းနှင့်အဆက်အသွယ်မလုပ်နိုင်။)
“သေခြင်း” ခေါင်းစဉ်အောက်၊ စာမျက်နှာ ၃၃၀-၃၃၂ ကိုလည်းရှု။
ပရောဖက်ရှမွေလသေသည့်နောက် ရှောလုက သူနှင့်အဆက်အသွယ်လုပ်သည်ဟု ကျမ်းစာမဆိုပေလော
ယင်းအကြောင်းကို ၁ ဓမ္မရာဇဝင် ၂၈:၃-၂၀ ၌ တွေ့ရသည်။ အခန်းငယ် ၁၃၊ ၁၄ က ရှောလုကိုယ်တိုင် ရှမွေလကိုမြင်သည်မဟုတ်၊ နတ်ကတော်၏ဖော်ပြချက်ကိုမူတည်၍ ရှမွေလကို နတ်ကတော်မြင်သည်ဟု ယူမှတ်ခြင်းသာဖြစ်ကြောင်း တင်ပြသည်။ ရှောလုက ၎င်းကို ရှမွေလဖြစ်သည်ဟု ယုံချင်လွန်း၍ အလှည့်ခံ၏။ အခန်းငယ် ၃ အရ၊ ရှမွေလသေ၍ သင်္ဂြိုဟ်လိုက်ပြီဖြစ်သည်။ အထက်ခေါင်းစဉ်ငယ်အောက်၌ ကိုးကားသော ကျမ်းချက်များက ရှမွေလ၌ အခြားတစ်နေရာတွင် ဆက်လက်အသက်ရှင်သော အစိတ်အပိုင်းတစ်ခု မရှိသဖြင့် ရှောလုနှင့်မဆက်သွယ်နိုင်ကြောင်း ရှင်းလင်းစွာတင်ပြသည်။ ရှမွေလ၏အသံကိုတုသူမှာ လှည့်စားသူဖြစ်သည်။
လူသေနှင့်စကားပြောဖို့ ကြိုးစားသူတို့သည် စင်စစ် မည်သူနှင့်ဆက်သွယ်နေခြင်းဖြစ်သနည်း
လူသေတို့အဖြစ်မှန်ကို ကျမ်းစာက ရှင်းလင်းစွာတင်ပြထား၏။ သို့သော် မည်သူက သေခြင်းနှင့်ပတ်သက်၍ ပထမလူမောင်နှံအား လှည့်စားခဲ့သနည်း။ မနာခံလျှင်သေရမည်ဟူသော ဘုရားသခင့်သတိပေးချက်ကို စာတန်က ဆန့်ကျင်၍ဆို၏။ (က. ၃:၄; ဗျာ. ၁၂:၉) သို့တစေ၊ သေရမည်ဟု ဘုရားသခင်မိန့်သည့်အတိုင်း အဆုံး၌ လူတို့သေရကြသည်မှာ သိသာလာသည်။ သို့ ဖြစ်၍ လူတကယ်တမ်းမသေပါ၊ ခန္ဓာသေစဉ် လူ၏ဝိညာဉ်အစိတ်အပိုင်း ဆက်၍အသက်ရှင်ပါသည် ဟူသောအယူကို တီထွင်သူတရားခံမှာ မည်သူနည်း။ ဤသို့သောလှည့်စားမှုသည် စာတန်မာရ်နတ်၏စရိုက်နှင့် လိုက်ဖက်၏။ ယေရှုက သူ့ကို “မုသာ၏အဘ” ဟုသမုတ်တော်မူသည်။ (ယော. ၈:၄၄; ၂ သက်သာလောနိတ် ၂:၉၊ ၁၀ ကိုလည်းရှု။) လူသေများ အခြားတစ်နေရာ၌ အသက်ရှင်နေသဖြင့် သူတို့နှင့်ကျွန်ုပ်တို့ အဆက်အသွယ်ပြုနိုင်သည် ဟူသောအယူသည် လူသားတို့ကို အကျိုးမပြုခဲ့။ သို့အစား၊ ဗျာဒိတ် ၁၈:၂၃ (သက) က မဟာဗာဗုလုန်၏နတ်ဝိဇ္ဇာအတတ်များကြောင့် “လူမျိုးတကာတို့ . . . လမ်းလွဲ” ကြပြီဟုဆို၏။ ‘လူသေနှင့်စကားပြောခြင်း’ ဟူသော နတ်ဝိဇ္ဇာအတတ်သည် စင်စစ်အားဖြင့် လှည့်စားမှုဖြစ်၍ လူတို့အား နတ်ဆိုးများ (ဘုရားသခင်ကိုပုန်ကန်သော တစ်ကိုယ်ကောင်းသမား ကောင်းကင်တမန်များ) နှင့် ထိတွေ့စေသဖြင့် လူသည် မကြားချင်သောအသံများကိုကြားလျက် နတ်ဆိုးတို့၏ခြောက်လှန့်ခြင်းကို ခံကြရရှာသည်။
နတ်ဝိဇ္ဇာနည်းဖြင့် အကုသခံခြင်း၊ အကာအကွယ်ယူခြင်းသည် ဥပဒ်ရှိသလော
ဂလ. ၅:၁၉-၂၁– “ဇာတိပကတိအကျင့်တို့သည် ထင်ရှားကြ၏။ ထိုအကျင့်တို့မူကား၊ . . . မတရားသောမေထုန်၌မှီဝဲခြင်း၊ ညစ်ညူးစွာကျင့်ခြင်း၊ ကိလေသာလွန်ကျူးခြင်း၊ ရုပ်တုကိုကိုးကွယ်ခြင်း၊ သူတစ်ပါးကိုပြုစားခြင်း [“နတ်ဝိဇ္ဇာ၊” ကဘ] . . . ပေတည်း။ ထိုသို့သောအကျင့်ကိုကျင့်သောသူတို့သည် ဘုရားသခင်၏နိုင်ငံတော်ကို အမွေမခံရကြဟု အထက်က ငါပြောနှင့်ခဲ့ပြီးသည်အတိုင်း ယခုပင်လည်း ငါပြောနှင့်၏။” (နတ်ဝိဇ္ဇာ၏အကူအညီကိုယူလျှင် သေခြင်းဆိုင်ရာ စာတန့်မုသာကို ယုံရာကျသည်။ စာတန်နှင့်နတ်ဆိုးများ၏အစွမ်းတန်ခိုးကို ကိုးစားသောသူတို့ထံ အကြံတောင်းခံခြင်းဖြစ်သည်။ သို့ ပြုသူသည် ယေဟောဝါဘုရားသခင်၏ ဗြောင်တိုက်ရန်သူများဘက် ရပ်တည်သည်ကိုပြ၏။ ထိုလမ်းစဉ်ကို ဇွတ်တရွတ်လိုက်သူသည် အကူအညီရမည့်အစား ထာဝစဉ်နစ်နာဆုံးရှုံးရချေသည်။)
လု. ၉:၂၄– “အကြင်သူသည် မိမိအသက်ကို ကယ်ဆယ်ခြင်းငှာအလိုရှိ၏၊ ထိုသူသည် အသက်ရှုံးလိမ့်မည်။ အကြင်သူသည် ငါ့ကြောင့် [ယေရှုခရစ်၏နောက်လိုက်ဖြစ်သောကြောင့်] အသက်ရှုံး၏၊ ထိုသူသည် မိမိအသက်ကို ကယ်ဆယ်လိမ့်မည်။” (လူတစ်ဦးသည် လက်ရှိအသက်ကိုကယ်လို၍ ဘုရားသခင့်နှုတ်ကပါဌ်တော် ရှင်းလင်းစွာတင်ပြထားသောအမိန့်တော်များကို တမင်ဖောက်ဖျက်လျှင် ထာဝရအသက် ဆုံးရှုံးရချေအံ့။ မိုက်လှလေခြင်း။)
၂ ကော. ၁၁:၁၄၊ ၁၅၊ သမ္မာ– “ဤအမှုသည် အံ့သြဖွယ်ဖြစ်သည်မဟုတ်။ စာတန်ပင်လျှင် အလင်းနှင့်ဆိုင်သော ကောင်းကင်တမန် ဖြစ်ယောင်ဆောင်တတ်၏။ သို့ ဖြစ်၍ သူ၏အမှုဆောင်တို့သည်လည်း ဖြောင့်မတ်ခြင်းတရား၏အမှုဆောင် ဖြစ်ယောင်ဆောင်လျှင် အဘယ်ဆိုဖွယ်ရှိသနည်း။” (နတ်ဝိဇ္ဇာဖြင့်ပြုသောအမှုအချို့သည် တဒင်္ဂအကျိုးပေးလျှင် အဟုတ်ကြီးမထင်သင့်။)
“ကုသခြင်း” ခေါင်းစဉ်အောက် စာမျက်နှာ ၂၅-၂၉ ကိုရှု။
နောင်ရေးသိဖို့ဖြစ်စေ၊ အကြံအောင်ဖို့ဖြစ်စေ နတ်ဝိဇ္ဇာနည်းကို သုံးသင့်သလော
ဟေရှာ. ၈:၁၉– “တိုးတိုးပြော၍ မန္တန်သရဇ္စျယ်တတ်သော နတ်ဝင်နှင့်စုန်းတို့၌ ဆည်းကပ်ကြလော့ဟု သင်တို့အားဆိုလျှင်မူကား၊ လူတို့သည် မိမိတို့ဘုရားသခင်၌ မဆည်းကပ်အပ်သလော။”
ဝတ်. ၁၉:၃၁– “ကိုယ်ကိုကိုယ်ညစ်ညူးစေခြင်းငှာ၊ နတ်ဝင်သူကိုမမှီဝဲရ။ စုန်းလုပ်သူကိုလည်း မရှာဖွေရ။ ငါသည် သင်တို့၏ဘုရားသခင် ထာဝရဘုရားဖြစ်၏။”
၄ ရာ. ၂၁:၆– “[မနာရှေမင်းသည်] ကာလဗေဒင်ကို ကြည့်တတ်၏။ ပြုစားသောအတတ်ကို သုံးဆောင်၍ စုန်းနှင့်နတ်ဝင်တို့ကိုလည်း အခွင့်ပေး၏။ ထာဝရဘုရား၏အမျက်တော်ကို နှိုးဆော်ခြင်းငှာ ရှေ့တော်၌ များစွာသောဒုစရိုက်ကိုပြု၏။” (စင်စစ် ထိုနတ်ဝိဇ္ဇာအတတ်များသည် စာတန်နှင့်နတ်ဆိုးများထံ အကူအညီယူခြင်းဖြစ်သည်။ ထို့ကြောင့်လည်း ‘ယေဟောဝါရှေ့တော်၌ ဒုစရိုက်များ’ ဖြစ်၍ ယင်းအတွက် မနာရှေကိုပြင်းထန်စွာ ဒဏ်ပေးတော်မူ၏။ သို့သော် မနာရှေ နောင်တရ၍ ထိုအကျင့်ဆိုးများကိုဖြတ်လိုက်သောအခါ သူ့အားကောင်းချီးပေးတော်မူ၏။)
ရှေ့ ဖြစ်ဟောနည်းတစ်မျိုးပါဝင်သော ကစားနည်းများကို ကစားခြင်း၊ သို့မဟုတ် နိမိတ်ကောင်းတစ်ခုဖြစ်ဟန်ရှိသောအရာတစ်ခုကို နိမိတ်ဖတ်ခြင်းတို့သည် အဘယ်ဥပဒ်ရှိနိုင်သနည်း
တရား. ၁၈:၁၀-၁၂၊ သမ္မာ– “သင်တို့တွင် . . . အနာဂတ်ကိုဟောပြောသောသူ၊ နတ်ဝိဇ္ဇာအတတ်ကိုလေ့လာသောသူ၊ ဗေဒင်ဟော [“နိမိတ်ဖတ်၊” ကဘ] သောသူ၊ ပြုစားသောသူ၊ မန္တန်ရွတ်သောသူ၊ စုန်းလုပ်သောသူ၊ နတ်ဝင်သောသူ၊ လူသေတို့ထံ မေးမြန်းသောသူ တစ်စုံတစ်ယောက်မျှမရှိရ။ ထိုသို့ ပြုသောသူအပေါင်းတို့ကို ထာဝရဘုရား စက်ဆုပ်ရွံရှာတော်မူ၏။” (ရှေ့ ဖြစ်ဟောခြင်းမှာ လျှို့ဝှက်သောအရာကိုဖော်ခြင်း၊ သို့မဟုတ် အဖြစ်အပျက်များကို ကြိုဟောခြင်းဖြစ်သည်။ သုတေသနလုပ်၍မဟုတ် နိမိတ်ဖတ်၍ဖြစ်စေ၊ ဝိဇ္ဇာတန်ခိုးဖြင့်ဖြစ်စေ၊ အဖြေရှာခြင်းဖြစ်သည်။ မိမိကျေးကျွန်များ ထိုသို့မပြုရန် ယေဟောဝါ တားမြစ်တော်မူ၏။ အဘယ်ကြောင့်နည်း။ ၎င်းအကျင့်ရှိသမျှတို့သည် ညစ်ညူးသောဝိညာဉ်များ၊ သို့မဟုတ် နတ်ဆိုးများကို လက်ယပ်ခေါ်သည်နှင့်မခြားပါ။ ၎င်းတို့ကြောင့် နတ်ပူးခံရတတ်သည်။ ထိုအမှုများကိုပြုလျှင် ယေဟောဝါပေါ် အလွန်အကျွံ သစ္စာဖောက်ရာရောက်ချေမည်။)
တ. ၁၆:၁၆-၁၈– “နတ်ဝင်ဖြစ်၍ အနာဂတ်ကိုဟောသဖြင့် မိမိသခင်တို့အား စီးပွားများကိုပြုတတ်သော မိန်းမငယ်တစ်ယောက်သည် ငါတို့ကို ဆီးကြိုလေ၏။” (ရှင်းနေသည်မှာ ဖြောင့်မတ်ခြင်းကိုမြတ်နိုးသူမည်သူမျှ အတည်ဖြစ်စေ၊ အပျော်ဖြစ်စေ ထိုသို့သောဌာနထံ မေးမြန်းစုံစမ်းခြင်းပြုမည်မဟုတ်။ ထိုသူငယ်မ၏အော်ဟစ်သံကို ပေါလုကြားပြင်းသဖြင့် ထိုနတ်အား သူ့အထဲမှ နှင်ထုတ်လိုက်လေသည်။)
နတ်ဆိုးများသည် လူ့သဏ္ဌာန်ကို ယူဆောင်နိုင်သလော
နောဧလက်ထက်၌ မနာခံသောကောင်းကင်တမန်များသည် အမှန်ပင် လူ့အသွင်ကို ယူဆောင်ခဲ့ကြသည်။ တကယ်ပင် အိမ်ထောင်သားမွေးခဲ့ကြသည်။ (က. ၆:၁-၄) သို့တစေ၊ ရေလွှမ်းမိုးသောအခါ ဝိညာဉ်ဘောင်သို့ မပြန်ချင်ဘဲပြန်ခဲ့ကြသည်။ သူတို့အကြောင်းကို ယုဒ ၆ က ဤသို့ဆို၏– “မိမိတို့အခွင့်အရာကိုမစောင့်၊ မိမိတို့နေရာအရပ်ကိုစွန့်ပစ်သော ကောင်းကင်တမန်တို့ကို ကြီးစွာသောနေ့၌ စစ်ကြောစီရင်ခြင်းအလိုငှာ ထာဝရချည်နှောင်ခြင်းအားဖြင့် မှောင်မိုက်ထဲမှာ ချုပ်ထားတော်မူ၏။” ဤအချုပ်အနှောင်က ဘုရားသခင်သည် သူတို့ခံစားရသော ကောင်းကင်အခွင့်အရေးများကို ရုပ်သိမ်းခြင်း၊ မိမိရည်ရွယ်ချက်များကို သူတို့အားအသိမပေးဘဲ အမှောင်အတိ၌ထားတော်မူခြင်းသာမက၊ သူတို့အား ဟန့်တားထားကြောင်းကိုလည်းပြ၏။ ဘာကိုမလုပ်ဖို့ ဟန့်တားသနည်း။ ရေလွှမ်းမိုးခြင်းမတိုင်မီအချိန်မှာကဲ့သို့ ရုပ်ခန္ဓာယူဆောင်၍ မိန်းမများနှင့် ဆက်ဆံခြင်းမပြုနိုင်ဖို့ဖြစ်ပေမည်။ ကျမ်းစာက စီ.အီး.ပထမရာစုတိုင် သစ္စာရှိကောင်းကင်တမန်တို့သည် ရုပ်ခန္ဓာယူဆောင်၍ သတင်းတမန်များအဖြစ် တာဝန်ထမ်းရွက်ကြကြောင်း တင်ပြ၏။ မိမိတို့အခွင့်ထူးများကို အလွဲသုံးခဲ့သော ကောင်းကင်တမန်များမူ ရေလွှမ်းမိုးခြင်းနောက်၌ လူ့အသွင်ယူဆောင်နိုင်စွမ်း ရုပ်သိမ်းခံရသည်။
သို့ရာတွင် စိတ်ဝင်စားဖွယ်မှာ နတ်ဆိုးများသည် လူတို့အား ရူပါရုံမြင်စေနိုင်ဟန်ရှိ၏။ မြင်ရသည့်အရာသည်လည်း တကယ်ရှိဟန်တူ၏။ မာရ်နတ်သည် ယေရှုကိုစုံစမ်းစဉ် ဤနည်းကိုသုံး၍ ‘တစ်လောကလုံးရှိနိုင်ငံများနှင့် ၎င်းတို့၏ဘုန်း’ ကို ပြသခဲ့ခြင်းဖြစ်ပေမည်။—မ. ၄:၈။
နတ်ဝိဇ္ဇာဆိုင်ရာသြဇာမှ မည်သို့လွတ်မြောက်နိုင်သနည်း
သု. ၁၈:၁၀– “ထာဝရဘုရား [“ယေဟောဝါ၊” ကဘ] ၏နာမတော်သည် ခိုင်ခံ့သောရဲတိုက်ဖြစ်၍ ဖြောင့်မတ်သောသူတို့သည် ပြေးဝင်သဖြင့် လုံခြုံစွာနေရကြ၏။” (နတ်ဆိုးရန်နှင့်ကင်းဖို့ ဘုရားသခင့်နာမတော်ကို လက်ဖွဲ့အဖြစ် သုံးခြင်းကိုမဆိုလို။ “နာမတော်” သည် ကိုယ်တော်မြတ်ကို ကိုယ်စားပြု၏။ ကျွန်ုပ်တို့သည် ကိုယ်တော်ကိုသိကျွမ်း၍ အကြွင်းမဲ့အားကိုးလျက် အာဏာတော်အောက်သို့ကျို့ကာ အမိန့်တော်ကိုနာခံလျှင် အကာအကွယ်ရ၏။ နာမတော်ကို သုံးစွဲလျက် ကယ်မပါရန် တောင်းလျှောက်သောအခါ နှုတ်ကပါဌ်တော်၌ ကတိပြုသည့်အတိုင်း အကာအကွယ်ပေးတော်မူ၏။)
မ. ၆:၉-၁၃– “ထိုကြောင့် သင်တို့ဆုတောင်းရမည်မှာ . . . အပြစ်သွေးဆောင်ရာသို့ မလိုက်မပါစေဘဲ မကောင်းသောအမှုအရာမှ [“ဆိုးယုတ်သူလက်မှ၊” ကဘ] လည်း ကယ်နုတ်တော်မူပါ။” ထို့ ပြင် “ဆုတောင်းပတ္ထနာပြုခြင်းအမှုကို အမြဲပြု” ရမည်။ (ရော. ၁၂:၁၂) (သမ္မာတရားကို တကယ်သိလို၍ စိတ်တော်တွေ့နည်းဖြင့် ကိုယ်တော်ကိုကိုးကွယ်လိုသူတို့ ထိုသို့ဆုတောင်းလျှင် နားညောင်းတော်မူ၏။)
၁ ကော. ၁၀:၂၁– “သခင်ဘုရား၏စားပွဲ၊ နတ်ဆိုးတို့၏စားပွဲနှစ်ပါး [စလုံး] ကို [တစ်ချိန်တည်း] သင်တို့ဝင်၍မစားနိုင်ကြ။” (ယေဟောဝါ၏မိတ်သဟာယနှင့် ကာကွယ်မှုရလိုသူသည် နတ်ဝိဇ္ဇာဆိုင်ရာစည်းဝေးရှိသမျှနှင့် အဆက်ဖြတ်ရမည်။ တမန်တော် ၁၉:၁၉ ပါပုံသက်သေအတိုင်း နတ်ဝိဇ္ဇာဆိုင်ရာ ကိုယ်ပိုင်ပစ္စည်းရှိသမျှကို သင့်တော်စွာဖျောက်ဖျက်ပစ်ရမည်။)
ယာ. ၄:၇– “ထို့ကြောင့်၊ ဘုရားသခင်၏အလိုတော်သို့လိုက်ကြလော့။ မာရ်နတ်ကိုဆီးတားကြလော့။ သို့ပြုလျှင် သူသည် သင်တို့ထံက ပြေးသွားလိမ့်မည်။” (သို့ပြုနိုင်ရန် အလိုတော်ကို အားထုတ်လေ့လာ၍ ဘဝတွင်အသုံးချပါ။ ဘုရားသခင်ကိုချစ်သောစိတ်ကြောင့် ခွန်အားယူလျက် လူကိုမကြောက်၊ နတ်ဝိဇ္ဇာဆိုင်ရာဓလေ့တစ်ခုကိုမျှမလိုက်ဘဲ ပြတ်ပြတ်သားသား ငြင်းပယ်ပါ။ နတ်ဝိဇ္ဇာဆရာပေးသောမည်သည့်အမိန့်ကိုမျှ မနာခံနှင့်။)
ဧဖက် ၆:၁၀-၁၈ ပါ “ဘုရားသခင်ပြင်ဆင်တော်မူသော လက်နက်စုံကို” ဝတ်ဆောင်ပါ။ ၎င်းလက်နက်တစ်ခုချင်းကို ကောင်းမွန်စွာထိန်းသိမ်းပါ။