အပိုင်း ၁၀
ဘုရားသခင့်စီမံရာ အံ့ချီးဖွယ် ကမ္ဘာသစ်
၁၊ ၂။ ရှင်းလင်းစစ်ပွဲဖြစ်သည့် အာမဂေဒုန်ပြီးနောက် မည်သည့်အရာဖြစ်ပျက်မည်နည်း။
ဘုရားသခင်၏ရှင်းလင်းတိုက်ပွဲ အာမဂေဒုန်ပြီးနောက် ဘာဖြစ်မည်နည်း။ ထိုအခါတွင် ထွန်းပြောင်သောခေတ်သစ်တစ်ခု အစပြုမည်။ အာမဂေဒုန်ကျော်နင်းသူများသည် ဘုရားသခင့်အုပ်ချုပ်မှုအပေါ် သစ္စာစောင့်သိမှုကို ပြသခဲ့ပြီးဖြစ်သည့်အလျောက် ကမ္ဘာသစ်ထဲသို့ ပို့ဆောင်ခံရမည်။ ဘုရားသခင်ထံမှ လူ့မိသားစုထံသို့ ထူးမြတ်လှသော ကောင်းကျိုးများစီးဆင်းစဉ် ယင်းသည် မည်မျှစိတ်လှုပ်ရှားဖွယ် သမိုင်းခေတ်သစ်တစ်ခု ဖြစ်ပါမည်တကား။
၂ လွတ်မြောက်သူများသည် ဘုရားသခင့်နိုင်ငံတော် ညွှန်ကြားမှုအောက်၌ ပရဒိသုတစ်ခုတည်ထောင်ရန် စတင်ပါလိမ့်မည်။ သူတို့၏ခွန်အားများကို ထိုအချိန်တွင် အသက်ရှင်နေသော သူအားလုံးကို အကျိုးပြုမည့် အတ္တကင်းသည့်လုပ်ဆောင်မှုများအတွက် အသုံးပြုကြမည်။ မြေကြီးသည် လူသားများအတွက် လှပ၊ ငြိမ်းချမ်း၊ ကျေနပ်ဖွယ်နေအိမ်အဖြစ် ပြောင်းလဲခြင်း အစပြုမည်။
ဆိုးယုတ်မှုကို ဖြောင့်မတ်ခြင်းအစားထိုး
၃။ အာမဂေဒုန်ပြီးလျှင်ပြီးချင်း မည်သည့်ရုတ်ခြည်းလွတ်မြောက်မှု ခံစားရမည်နည်း။
၃ ဤအရာအားလုံးသည် စာတန့်လောကကိုဖျက်ဆီးခြင်းဖြင့် ဖြစ်ပေါ်လာမည်။ ကွဲပြားသော ဗာဗုလုန်ဘာသာများ၊ လူမှုစနစ်များ သို့မဟုတ် အုပ်ချုပ်မှုများ ရှိတော့မည်မဟုတ်။ လူများကို လှည့်ဖြားရန် စာတန်ဆိုင်ရာ ဝါဒဖြန့်မှုများ ရှိတော့မည်မဟုတ်၊ ယင်းကိုထုတ်လုပ်နေသော ကိုယ်စားလှယ်များသည် စာတန့်စနစ်နှင့်အတူ ကျဆုံးသွားမည်။ စဉ်းစားကြည့်ပါလေ၊ စာတန့်လောက၏ အဆိပ်သင့်နေသော အသိုင်းအဝိုင်းတစ်ခုလုံး ရှင်းလင်းသွားပါပြီတကား။ မည်မျှသက်သာရာပါတကား။
၄။ ဖြစ်ပေါ်လာမည့် သင်ကြားမှုအပြောင်းအလဲကို ဖော်ပြပါ။
၄ ထိုအခါတွင် လူ့အုပ်ချုပ်မှု၏ ဖျက်ဆီးခြင်းအတွေးအခေါ်များကို ဘုရားသခင်ထံမှလာသည့် တည်ဆောက်မှုပေးသောသင်ကြားခြင်းဖြင့် အစားထိုးမည်။ “သင်၏သားသမီးအပေါင်းတို့သည် ထာဝရဘုရား [“ယေဟောဝါ၊” ကဘ] ဆုံးမသွန်သင်တော်မူသောသူ” ဖြစ်လိမ့်မည်။ (ဟေရှာယ ၅၄:၁၃) တစ်နှစ်ပြီးတစ်နှစ် ဤအကျိုးပြုသွန်သင်ချက်အားဖြင့် “ပင်လယ်ရေသည် မိမိနေရာကို လွှမ်းမိုးသကဲ့သို့ မြေကြီးသည်ထာဝရဘုရား [“ယေဟောဝါ၊” ကဘ] ကိုသိကျွမ်းခြင်းပညာနှင့် ပြည့်စုံလိမ့်မည်။” (ဟေရှာယ ၁၁:၉) လူတို့သည် မကောင်းမှုကို သင်ယူတော့မည်မဟုတ်ဘဲ “လောကီသားတို့သည် တရားကိုသင်ကြမည်။” (ဟေရှာယ ၂၆:၉) နေ့စဉ် တည်ဆောက်ဖွယ် အတွေးများနှင့်လုပ်ရပ်များသာရှိမည်။—တမန်တော် ၁၇:၃၁; ဖိလိပ္ပိ ၄:၈။
၅။ ဆိုးယုတ်မှုနှင့် ဆိုးယုတ်သူအားလုံး မည်သို့ဖြစ်သွားမည်နည်း။
၅ သို့ဖြင့်သတ်ဖြတ်မှု၊ အကြမ်းဖက်မှု၊ မုဒိမ်းမှု၊ လုယက်မှု သို့မဟုတ် အခြားမည်သည့်ရာဇဝတ်မှုမှ ရှိတော့မည်မဟုတ်ချေ။ မည်သူမျှ အခြားသူများ၏ ဆိုးယုတ်သောလုပ်ရပ်ကြောင့် ခံရမည်မဟုတ်။ သု. ၁၀:၃၀ ကဤသို့ဆိုသည်၊ “ဖြောင့်မတ်သောသူသည် အစဉ်မပြတ်နေရာမရွေ့ရ။ မတရားသောသူမူကား၊ မြေပေါ်မှာ အတည်မကျရ။”
စုံလင်သောကျန်းမာရေးပြန်လည်ရရှိ
၆၊ ၇။ (က) မည်သည့်ခံရခက်သော ဖြစ်ရပ်မှန်များကို ဘုရားသခင်နိုင်ငံတော်အုပ်ချုပ်ရေးက အဆုံးသတ်မည်နည်း။ (ခ) ယင်းကိုယေရှုမြေကြီးပေါ်တွင်ရှိစဉ် မည်သို့ပြသခဲ့သနည်း။
၆ ကမ္ဘာသစ်တွင်၊ မူလပုန်ကန်မှု၏ ဆိုးယုတ်သောသက်ရောက်မှုအားလုံး ပပျောက်သွားမည်။ ဥပမာ၊ ဘုရားသခင်နိုင်ငံတော်အုပ်ချုပ်မှုသည် ဖျားနာမှုနှင့် အိုမင်းမှုကို ပယ်ရှားမည်။ ယနေ့တွင်၊ သင်၏ကျန်းမာရေးကောင်းလျှင်ပင် ခံရခက်သောဖြစ်ရပ်မှန်မှာ သင်အသက်ကြီးလာသည်နှင့်အမျှ နောက်ဆုံးသင်သေဆုံးသည်အထိ သင့်မျက်စိမှုန်လာမည်၊ သင့်သွားများယိုယွင်းလာမည်၊ သင်နားထိုင်းလာမည်၊ သင့်အသားအရေများ တွန့်လာမည်၊ သင့်ကိုယ်တွင်းအင်္ဂါများ ပျက်စီးလာမည်။
၇ သို့သော်လည်း၊ ကျွန်ုပ်တို့၏ ကနဦးမိဘများမှ အမွေခံခဲ့သော ထိုသောကအကျိုးဆက်များသည် မကြာမီတွင် လွန်လေပြီးသော အရာဖြစ်မည်။ ယေရှုမြေကြီးပေါ်တွင်ရှိစဉ် ကျန်းမာရေးနှင့်စပ်လျဉ်း၍ ကိုယ်တော်ဘာပြသခဲ့သည်ကို သင် မှတ်မိသလော။ သမ္မာကျမ်းစာက၊ “များစွာသော လူအပေါင်းတို့သည် ခြေမစွမ်း၊ မျက်စိကန်း၊ စကားအ၊ အင်္ဂါချို့တဲ့သောသူမှစ၍ အခြားသော အနာရောဂါစွဲသောသူများကို ဆောင်ခဲ့လျက် အထံတော်သို့ရောက်လာ၍ ခြေတော်ရင်း၌ ချထားကြ၏။ အနာရောဂါများကို ငြိမ်းစေတော်မူသဖြင့် အသောသူသည် စကားပြောသည်ကိုလည်းကောင်း၊ ချို့တဲ့သောသူသည် ပကတိဖြစ်သည်ကိုလည်းကောင်း၊ ခြေမစွမ်းသောသူသည် လှမ်းသွားသည်ကိုလည်းကောင်း၊ မျက်စိကန်းသောသူသည် မြင်ရသည်ကိုလည်းကောင်း လူအစုအဝေးတို့သည်မြင်လျှင် အံ့သြခြင်းသို့” ရောက်ကြ၏။—မဿဲ ၁၅:၃၀၊ ၃၁။
၈၊ ၉။ ကမ္ဘာသစ်တွင် စုံလင်သောကျန်းမာရေး ပြန်လည်ရရှိသောအခါ ဖြစ်ပေါ်လာမည့် ပျော်ရွှင်မှုကိုတင်ပြပါ။
၈ ကမ္ဘာသစ်တွင် ကျွန်ုပ်တို့၏ ဖျားနာမှုအားလုံးသည် ဖယ်ရှားခံရမည်ဖြစ်သောကြောင့် မည်မျှ ရွှင်လန်းဖွယ်ပါတကား။ ကျန်းမာရေးချို့တဲ့ခြင်းမှ ဖြစ်ပေါ်လာသော ဝေဒနာများ ကျွန်ုပ်တို့အား ဘယ်တော့မျှ နှိပ်စက်တော့မည်မဟုတ်။ “မြို့သားကလည်း ‘ငါနာသည်ဟုမဆိုရ။’” “ထိုအခါမျက်စိကန်းသောသူတို့သည် မျက်စိပွင့်လင်းကြလိမ့်မည်။ နားပင်းသောသူတို့သည် နားပင်းခြင်းနှင့် လွတ်ကြလိမ့်မည်။ ခြေဆွံ့သောသူတို့သည် ဒရယ်ကဲ့သို့ခုန်ကြလိမ့်မည်။ စကားအသောသူတို့သည် သီချင်းဆိုကြလိမ့်မည်။”—ဟေရှာယ ၃၃:၂၄; ၃၅:၅၊ ၆။
၉ နံနက်တိုင်း နိုးထလာသောအခါ သင်သည် ယခုအားအင်အပြည့်ဖြင့် ကျန်းမာနေခြင်းကို သိရှိခံစားရခြင်းသည် စိတ်လှုပ်ရှားဖွယ်မဟုတ်ပါလော။ အိုမင်းသူများသည် လူငယ်၏ခွန်အားနှင့် အပြည့်အဝပြန်လည်ပြည့်စုံကာ အာဒံနှင့်ဧဝ မူလက ခံစားခဲ့သောစုံလင်ခြင်းမျိုး ရရှိမည်ကိုသိရှိရခြင်းသည် သူတို့အတွက် ကျေနပ်နှစ်သိမ့်ဖွယ် မဟုတ်ပေလော။ သမ္မာကျမ်းစာ၏ပရောဖက်ပြုချက်မှာ၊ “ထိုသူသည် သူငယ်ထက် အသားအရေနုထွား၍ ပျိုသောအသက်နှင့်တစ်ဖန် ပြည့်စုံလိမ့်မည်” ဟူ၍ဖြစ်သည်။ (ယောဘ ၃၃:၂၅) မျက်မှန်များ၊ နားကြပ်များ၊ ချိုင်းထောက်များ၊ ဘီးတပ်ကုလားထိုင်များနှင့် ဆေးများကို လွှင့်ပစ်လိုက်ရခြင်းသည် မည်မျှ ရွှင်လန်းဖွယ်ပါတကား။ ဆေးရုံများ၊ ဆရာဝန်များနှင့် သွားစိုက်ဆရာများ ဘယ်တော့မျှ လိုအပ်တော့မည်မဟုတ်။
၁၀။ သေခြင်းမည်သို့ ဖြစ်သွားမည်နည်း။
၁၀ ထိုသို့သောအားအင်အပြည့်ဖြင့် ကျန်းမာရေးကောင်းသူများသည် သေလိုမည်မဟုတ်ချေ။ သူတို့သေစရာလည်း မလိုချေ၊ အကြောင်းမှာ၊ လူသားများသည် အမွေခံခဲ့သော မစုံလင်မှုနှင့်သေခြင်း၏ ဆုပ်ကိုင်မှုအောက်တွင် ရှိတော့မည်မဟုတ်။ “ခရစ်တော်သည် ရန်သူအပေါင်းတို့ကို ခြေဖဝါးတော်အောက်၌ ချထားတော်မမူမီတိုင်အောင် အုပ်စိုးတော်မူရမည်။ နောက်ဆုံးသောရန်သူတည်းဟူသော သေမင်းသည် ဆုံးရှုံးခြင်းသို့ ရောက်ရလတ္တံ့။” “ဘုရားသခင်ပေးတော်မူသော ဆုကျေးဇူးတော်ကား . . . ထာဝရအသက်ပေတည်း။”—၁ ကောရိန္သု ၁၅:၂၅၊ ၂၆; ရောမ ၆:၂၃; ဟေရှာယ ၂၅:၈ ကိုလည်းရှု။
၁၁။ ဗျာဒိတ်ကျမ်းက ကမ္ဘာသစ်၏အကျိုးကျေးဇူးများကို မည်သို့ခြုံ၍ဖော်ပြသနည်း။
၁၁ ပရဒိသုတွင် ဂရုစိုက်သောဘုရားသခင်မှ လူသားအမျိုးအနွယ်ထံ စီးဆင်းလာမည့် ကောင်းကျိုးများကို ခြုံငုံလျက် သမ္မာကျမ်းစာ၏ နောက်ဆုံးစာစောင်က ဤသို့ဆိုသည်– “ဘုရားသခင်သည် သူတို့၏မျက်စိ၌ မျက်ရည်ရှိသမျှတို့ကို သုတ်တော်မူမည်။ နောက်တစ်ဖန် သေဘေးမရှိရ။ စိတ်မသာညည်းတွားခြင်း၊ အော်ဟစ်ခြင်း၊ ပင်ပန်းခြင်းလည်းမရှိရ၊ အကြောင်းမူကား၊ ရှေးဖြစ်ဖူးသောအရာတို့သည် ရွေ့သွားကြပြီ။”—ဗျာဒိတ် ၂၁:၃၊ ၄။
သေလွန်သူများပြန်လာ
၁၂။ ယေရှုသည် မိမိအားဘုရားရှင်ပေးထားသည့် ရှင်ပြန်ထမြောက်ခြင်းတန်ခိုးကို မည်သို့ပြသခဲ့သနည်း။
၁၂ ယေရှုသည် ဖျားနာသူများနှင့် မသန်မစွမ်းသူများကို ပျောက်ကင်းစေခြင်းထက်မက လုပ်ဆောင်ခဲ့သည်။ သင်္ချိုင်းမှသူများကိုလည်း ထမြောက်စေခဲ့သည်။ ထို့ကြောင့် ကိုယ်တော်သည် မိမိအားဘုရားသခင်ပေးခဲ့သည့် အံ့ဖွယ်တန်ခိုးကို ပြသခဲ့သည်။ သမီးသေဆုံးသော လူတစ်ဦး၏အိမ်သို့ ယေရှုရောက်ရှိလာခဲ့စဉ်ချိန်ခါကို သင်သတိရပါသလော။ ယေရှုက သေဆုံးသူမိန်းကလေးအား– “မိန်းမငယ်ထလော့ ငါဆို၏” ဟုမိန့်ဆိုခဲ့သည်။ ရလဒ်ကားအသို့နည်း။ “ထိုခဏခြင်းတွင် မိန်းမငယ်သည်ထ၍ လှမ်းသွား၏။” ယင်းကိုမြင်ကြသောအခါ လူတို့သည် “မိန်းမောတွေဝေခြင်းသို့ ရောက်ကြ၏။” သူတို့သည် ပျော်ရွှင်မှုကို မျိုသိပ်မထားနိုင်သည့်အထိပါတကား။—မာကု ၅:၄၁၊ ၄၂; လုကာ ၇:၁၁-၁၆; ယောဟန် ၁၁:၁-၄၅ ကိုလည်းရှု။
၁၃။ မည်သို့သောလူစားမျိုး ပြန်လည်ထမြောက်မည်နည်း။
၁၃ ကမ္ဘာသစ်တွင် “ဖြောင့်မတ်သောသူ၊ မဖြောင့်မတ်သောသူ ရှိသမျှတို့သည် သေခြင်းမှထမြောက်ကြလိမ့်မည်။” (တမန်တော် ၂၄:၁၅) ထိုအချိန်တွင် ယေရှုသည် လူသေများကို ရှင်ပြန်စေရန် မိမိအားဘုရားပေးထားသောတန်ခိုးကို အသုံးပြုလိမ့်မည်၊ အကြောင်းမှာ၊ ကိုယ်တော်က– “ငါသည်ထမြောက်ခြင်းအကြောင်း၊ အသက်ရှင်ခြင်းအကြောင်းဖြစ်၏။ ငါ့ကိုယုံကြည်သောသူသည် သေလွန်သော်လည်း ရှင်လိမ့်မည်” ဟုမိန့်ဆိုသည့်အတိုင်းဖြစ်သည်။ (ယောဟန် ၁၁:၂၅) ကိုယ်တော်က– “[“အောက်မေ့ဖွယ်၊” ကဘ] သင်္ချိုင်းများ [ဘုရားသခင့်အမှတ်သညာရှိ] မှာရှိသောသူအပေါင်းတို့သည်သားတော် [ယေရှု] ၏စကားသံကိုကြားရ၍ ထွက်ရမည့်အချိန်ကာလ ရောက်လတ္တံ့” ဟူ၍လည်းဆို၏။—ယောဟန် ၅:၂၈၊ ၂၉။
၁၄။ သေခြင်းရှိမည်မဟုတ်တော့သည့်အတွက် အဘယ်အရာများ ရှိမည်မဟုတ်သနည်း။
၁၄ မိမိတို့ချစ်မြတ်နိုးသူများနှင့် ပြန်လည်ပေါင်းစည်းရန် သေလွန်သူများ တစ်အုပ်စုပြီးတစ်အုပ်စု ပြန်လည်ထမြောက်လာသောအခါ ကမ္ဘာတစ်ခွင်တွင် မဟာပျော်ရွှင်မှုကြီးပါတကား။ ကပ်ကျော်သူများကို ဝမ်းနည်းစေမည့် နာရေးကြော်ငြာများ ရှိတော့မည်မဟုတ်။ သို့အစား၊ ယင်းနှင့်ဆန့်ကျင်ဘက်ဖြစ်သော မိမိတို့အားချစ်မြတ်နိုးသည့်သူများကို ရွှင်လန်းစေမည့် ထမြောက်လာသူအသစ်များအကြောင်း ကြေညာချက်များသာရှိမည်။ ထို့ကြောင့် အသုဘများ၊ အသုဘမီးလောင်စင်များ၊ မီးသင်္ဂြိုဟ်စက်များ၊ သင်္ချိုင်းများ ရှိတော့မည်မဟုတ်ပါတကား။
အမှန်ပင်စစ်မှန်သော ငြိမ်းချမ်းသည့်ကမ္ဘာ
၁၅။ မိက္ခာပရောဖက်ပြုချက်သည် မည်သို့အပြည့်အဝ ပြည့်စုံလာမည်နည်း။
၁၅ အသက်တာအရပ်ရပ်တွင် စစ်မှန်သောငြိမ်းချမ်းမှုရှိမည်။ စစ်များ၊ စစ်များကိုဖြစ်ပေါ်စေသူများနှင့် လက်နက်များထုတ်လုပ်ခြင်းသည် အတိတ်ကအရာများဖြစ်မည်။ အဘယ်ကြောင့်နည်း။ လူမျိုးရေး၊ အမျိုးအနွယ်နှင့်လူသားချင်း စိတ်ဝမ်းကွဲမှုများ ရှိတော့မည်မဟုတ်။ ထိုအခါတွင်၊ ဤသို့အပြည့်အဝဖြစ်လာမည်၊ “တစ်ပြည်ကိုတစ်ပြည်စစ်မတိုက်၊ စစ်အတတ်ကိုလည်း နောက်တစ်ဖန် မသင်ရကြ။”—မိက္ခာ ၄:၃။
၁၆။ စစ်များပပျောက်ရန် ဘုရားသခင်မည်သို့ လုပ်ဆောင်တော်မူမည်နည်း။
၁၆ အဆက်မပြတ်စစ်မက်ဖြစ်ပွားနေသော သွေးဆာနေသည့်လူ့သမိုင်းကို ထောက်ရှုလျက် အထက်ပါအကြောင်းသည် အံ့အားသင့်ဖွယ်ဖြစ်ပေမည်။ သို့သော် ယင်းသို့ဖြစ်ပျက်လာခဲ့ရခြင်းမှာ လူသားများသည် လူနှင့်နတ်ဆိုးအုပ်ချုပ်မှုအောက်တွင် ရောက်ရှိခဲ့ရခြင်းကြောင့်ဖြစ်သည်။ ကမ္ဘာသစ်တွင် ဘုရားသခင့်နိုင်ငံတော်အုပ်ချုပ်မှုအောက်၌ ဤသို့ဖြစ်ပျက်မည်– “ထာဝရဘုရား [“ယေဟောဝါ၊” ကဘ] စီရင်ပြုပြင် . . . ခြင်းအမှုတော်များကို လာ၍ကြည့်ရှုကြလော့။ လေးကိုချိုးလျက်၊ လှံကိုအပိုင်းပိုင်းဖြတ်လျက်၊ ရထားကိုမီးရှို့လျက် မြေကြီးစွန်းတိုင်အောင် စစ်မှုကိုငြိမ်းစေတော်မူ၏။”—ဆာလံ ၄၆:၈၊ ၉။
၁၇၊ ၁၈။ ကမ္ဘာသစ်တွင်၊ လူနှင့်တိရစ္ဆာန်စပ်ကြား မည်သည့်ဆက်ဆံရေးရှိမည်နည်း။
၁၇ ဧဒင်တွင်ရှိခဲ့စဉ်အချိန်ကကဲ့သို့ လူနှင့်သားရဲစပ်ကြား ငြိမ်းချမ်းမည်။ (ကမ္ဘာဦး ၁:၂၈; ၂:၁၉) ဘုရားသခင် မိန့်ဆိုသည်မှာ– “ထိုကာလ၌ ငါသည်သူတို့အတွက် တောသားရဲ၊ မိုးကောင်းကင်ငှက်၊ မြေပေါ်မှာတွားတတ်သော တိရစ္ဆာန်များနှင့် မိတ်သဟာယဖွဲ့ ၍ . . . သူတို့သည် စိုးရိမ်ခြင်းမရှိဘဲ အိပ်ရကြလိမ့်မည်။”—ဟောရှေ ၂:၁၈။
၁၈ ထိုငြိမ်းချမ်းမှုသည် မည်မျှအထိကျယ်ပြန့်မည်နည်း။ “တောခွေးသည် သိုးသငယ်နှင့်အတူနေလိမ့်မည်။ ကျားသစ်သည် ဆိတ်သငယ်နှင့် အတူအိပ်လိမ့်မည်။ နွားသငယ်၊ ခြင်္သေ့သငယ်၊ ဆူအောင်ကျွေးသောအကောင်တို့သည် အတူသွားလာကြ၍ လူသူငယ်သည် သူတို့ကိုပို့ဆောင်လိမ့်မည်။” ဘယ်သောအခါမျှ တိရစ္ဆာန်များသည် လူကိုသော်လည်းကောင်း၊ သူတို့အချင်းချင်းကိုလည်းကောင်း အန္တရာယ် ပြုတော့မည်မဟုတ်။ “ခြင်္သေ့သည်လည်း နွားကဲ့သို့မြက်ကိုစားလိမ့်မည်။”—ဟေရှာယ ၁၁:၆-၉; ၆၅:၂၅။
မြေကြီးကိုပရဒိသုအဖြစ်ပြောင်းလဲ
၁၉။ မြေကြီးကို မည်သို့သောအခြေအနေသို့ ပြောင်းလဲလိုက်မည်နည်း။
၁၉ မြေကြီးတစ်ပြင်လုံးကို လူသားအတွက် ပရဒိသုနေအိမ်အဖြစ် ပြောင်းလဲလိုက်မည်။ ထို့ကြောင့်ပင် ယေရှုသည်မိမိကိုယုံကြည်သူတစ်ဦးအား ဤသို့ကတိပေးနိုင်ခဲ့သည်၊ “သင်သည် ငါနှင့်အတူ ပရဒိသု . . . ၌ရှိလိမ့်မည်။” သမ္မာကျမ်းစာက ဆိုသည်မှာ၊ “တောနှင့်လွင်ပြင်သည် ဝမ်းမြောက်လိမ့်မည်။ ဆိတ်ညံသောအရပ်သည်လည်း ရွှင်လန်း၍ နှင်းပွင့်ကဲ့သို့အပွင့် ပွင့်လိမ့်မည် . . . အကြောင်းမူကား၊ တော၌စမ်းရေထွက်၍ လွင်ပြင်၌မြစ်ရေစီးလိမ့်မည်။”—လုကာ ၂၃:၄၃; ဟေရှာယ ၃၅:၁၊ ၆။
၂၀။ ငတ်မွတ်ခြင်းဘေးသည် ဘယ်တော့မျှလူတို့ကို ဒုက္ခပေးမည်မဟုတ်တော့သနည်း။
၂၀ ဘုရားသခင့်နိုင်ငံတော်အောက်၌ ဘယ်တော့မျှ သန်းပေါင်းများစွာကို ငတ်မွတ်စေတော့မည်မဟုတ်။ “မြေကြီးပေါ်၌ များစွာသောကောက်ပဲသီးနှံရှိ၍ တောင်ထိပ်များပေါ်တွင် အလျှံပယ်ရှိမည်။” “တောသစ်ပင်သည် အသီးကိုသီးလိမ့်မည်။ မြေသည်လည်း အသီးအနှံကိုပေးလိမ့်မည်။ ပြည်သားတို့သည် ငြိမ်ဝပ်စွာ နေရကြလိမ့်မည်။”—ဆာလံ ၇၂:၁၆၊ ကဘ; ယေဇကျေလ ၃၄:၂၇။
၂၁။ အိုးအိမ်မဲ့ခြင်း၊ နောက်ဖေးလမ်းကြားတဲများနှင့် ဆိုးသွမ်းရပ်ကွက်များ မည်သို့ဖြစ်သွားမည်နည်း။
၂၁ ဆင်းရဲမှု၊ အိုးအိမ်မဲ့သူများ၊ နောက်ဖေးလမ်းကြားတဲများနှင့် ရာဇဝတ်မှုထူပြောသော ရပ်ကွက်များရှိတော့မည်မဟုတ်။ “ထိုသူတို့သည် ကိုယ်ဆောက်သောအိမ်၌ နေကြလိမ့်မည်။ ကိုယ်စိုက်သောစပျစ်ဥယျာဉ်အသီးကို စားကြလိမ့်မည်။ သူတို့သည် အိမ်ကိုဆောက်၍ အခြားသောသူနေရမည်မဟုတ်။ သူတို့သည်စပျစ်ဥယျာဉ်ကိုစိုက်၍ အခြားသောသူစားရမည်မဟုတ်။” “လူအပေါင်းတို့သည် ကိုယ်ပိုင်သောစပျစ်ပင်၊ ကိုယ်ပိုင်သောသင်္ဘောသဖန်းပင်အောက်မှာ ထိုင်ကြလိမ့်မည်။ ကြောက်စေသော သူတစ်ယောက်မျှ မရှိရ။”—ဟေရှာယ ၆၅:၂၁၊ ၂၂; မိက္ခာ ၄:၄။
၂၂။ သမ္မာကျမ်းစာသည် ဘုရားသခင့်အုပ်ချုပ်ရေး၏ ကောင်းချီးများကို မည်သို့ဖော်ပြသနည်း။
၂၂ လူများသည် ပရဒိသုတွင် ဤအရာများအားလုံးနှင့် ထိုထက်မကကောင်းချီးခံရမည်။ ဆာလံ ၁၄၅:၁၆ ကဆိုထားသည်မှာ– “[ဘုရားသခင်သည်] လက်တော်ကိုဖွင့်၍ အသက်ရှင်သောသတ္တဝါအပေါင်းတို့ကို ရောင့်ရဲစေတော်မူ၏။” သမ္မာကျမ်းစာပရောဖက်ပြုချက်က ဤသို့ဆိုထားခြင်းမှာ အံ့ဩစရာမဟုတ်ချေ– “စိတ်နှိမ့်ချသောသူတို့မူကား ပြည်တော် [“မြေကြီး၊” ကဘ] ကိုအမွေခံ၍ များပြားသောငြိမ်သက်ခြင်း၌ မွေ့လျော်ကြလိမ့်မည် . . . ဖြောင့်မတ်သောသူတို့သည် ပြည်တော် [“မြေကြီး၊” ကဘ] ကိုအမွေခံ၍ အစဉ်အမြဲနေရကြလိမ့်မည်။”—ဆာလံ ၃၇:၁၁၊ ၂၉။
အတိတ်ကိုကုစားခြင်း
၂၃။ ဘုရားသခင့်နိုင်ငံတော်သည် ကျွန်ုပ်တို့ရင်ဆိုင်ခဲ့ရသော ဒုက္ခအားလုံးကို မည်သို့ကုစားပစ်မည်နည်း။
၂၃ ဘုရားသခင့်နိုင်ငံတော်သည် လွန်ခဲ့သောနှစ်ပေါင်းခြောက်ထောင်က လူ့မိသားစုအပေါ် ပြုလုပ်ခဲ့သော အဖျက်အဆီးဟူသမျှကို ကုစားပစ်မည်။ ထိုအချိန်တွင် ရွှင်လန်းမှုသည် လူသားများခံခဲ့ရသော ဒုက္ခများထက် များစွာသာလွန်မည်။ လွန်ခဲ့ပြီးသော ဒုက္ခဖြစ်ရပ်ဆိုးများကို သတိရနေခြင်းဖြင့် အသက်တာကို ထိခိုက်စေမည်မဟုတ်။ လူတို့၏ နေ့စဉ်အသက်တာဖြစ်သည့် တည်ဆောက်မှုဖြစ်စေသော အတွေးများနှင့်လုပ်ငန်းများက တဖြည်းဖြည်းနှင့် နာကြည်းဖွယ်ကောင်းသော သတိရနေမှုများကို ချေဖျက်ပစ်မည်။
၂၄၊ ၂၅။ (က) ဟေရှာယက ဘာဖြစ်လာမည်ကို ကြိုတင်ဟောခဲ့သနည်း။ (ခ) အတိတ်ကခံခဲ့ရသည်များ မှတ်ဉာဏ်မှမှေးမှိန်သွားမည်ကို ကျွန်ုပ်တို့အဘယ်ကြောင့် သေချာနိုင်သနည်း။
၂၄ ဂရုစိုက်သောဘုရားသခင်က ဤသို့ကြေညာသည်၊ “မိုးကောင်းကင်သစ် [လူသားများအပေါ် ကောင်းကင်အစိုးရအသစ်] နှင့်မြေကြီးသစ် [ဖြောင့်မတ်သောလူ့အဖွဲ့အစည်း] ကိုငါဖန်ဆင်းမည်။ အရင်မိုးကောင်းကင်နှင့်မြေကြီးကို မအောက်မေ့ရ။ နှလုံးမမှတ်မိရ။ ငါဖန်ဆင်းလတ္တံ့သောအရာကြောင့် သင်တို့သည် အစဉ်အမြဲဝမ်းမြောက်ရွှင်လန်းကြလိမ့်မည်။” “မြေတစ်ပြင်လုံးသည် ငြိမ်ဝပ်ချမ်းသာခြင်းရှိ၏။ ရွှင်လန်းစွာသီချင်းဆိုသံနှင့် ကြွေးကြော်ကြ၏။”—ဟေရှာယ ၁၄:၇; ၆၅:၁၇၊ ၁၈။
၂၅ ထို့ကြောင့်ကိုယ်တော်၏နိုင်ငံတော်အားဖြင့် ကြာမြင့်စွာတည်ရှိနေသော ဆိုးရွားသည့် အခြေအနေများကို ဘုရားသခင် လုံးဝတန်ပြန်လိုက်တော်မူမည်။ ထာဝရကာလတစ်လျှောက်၊ အတိတ်ကကျွန်ုပ်တို့ခံစားခဲ့ရသည့် မည်သည့်ထိခိုက်နစ်နာမှုအတွက်မဆို ပေးသည့်နစ်နာကြေးထက် သာလွန်သည့် ကောင်းချီးများကို သွန်းလောင်းခြင်းဖြင့် ကိုယ်တော်သည် ကျွန်ုပ်တို့အပေါ် မိမိ၏မဟာဂရုစိုက်မှုကို ပြသတော်မူမည်။ အကယ်၍ အတိတ်ကကျွန်ုပ်တို့ခံစားခဲ့ရသော ဒုက္ခများကို သတိရမိလျှင်ပင် ထိုအခါတွင် အမှတ်သညာမှ မှေးမှိန်သွားမည်။
၂၆။ ဘုရားသခင်သည် အတိတ်ကကျွန်ုပ်တို့ခံခဲ့ရသည်များအတွက် အဘယ်ကြောင့်ပြန်လည်အစားပေးမည်နည်း။
၂၆ ဘုရားသခင်သည် ထိုသို့သောနည်းဖြင့် ဤကမ္ဘာတွင် ကျွန်ုပ်တို့ခံစားခဲ့ရမည်ဖြစ်သည့်ဒုက္ခများအတွက် ပြန်လည်အစားပေးမည်။ မစုံလင်မှုဖြင့်မွေးဖွားလာခြင်းသည် ကျွန်ုပ်တို့၏အပြစ်မဟုတ်ကြောင်း ကိုယ်တော်သိတော်မူသည်၊ အကြောင်းမှာ၊ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ကနဦးမိဘများထံမှ မစုံလင်မှုကို အမွေခံခဲ့ရသည်။ စာတန်လောကထဲသို့ ကျွန်ုပ်တို့မွေးဖွားလာရခြင်းသည် ကျွန်ုပ်တို့အပြစ်မဟုတ်ချေ၊ အကြောင်းမှာ၊ အကယ်၍ အာဒံနှင့်ဧဝသည် တည်ကြည်ခဲ့သော် ကျွန်ုပ်တို့သည် ပရဒိသုအတွင်း မွေးဖွားလာခဲ့ပေမည်။ ထို့ကြောင့်ကြီးစွာသော ကရုဏာဖြင့် ဘုရားသခင်သည် ကျွန်ုပ်တို့ခံစားခဲ့ရသည့် အတိတ်ဆိုးကို ကုစားပေးသည်ထက်မက ပိုမိုလုပ်ဆောင်ပေးမည်။
၂၇။ ကမ္ဘာသစ်တွင် မည်သည့်ပရောဖက်ပြုချက်များ အံ့ချီးဖွယ်ပြည့်စုံလာမည်နည်း။
၂၇ ကမ္ဘာသစ်တွင် လူသားများသည် ရောမ ၈:၂၁၊ ၂၂ တွင်ဖော်ပြထားသော လွတ်လပ်မှုကို ခံစားရမည်– “ဘုရားသခင်သားတို့၏ထူးမတ်သော လွှတ်ခြင်းချမ်းသာတည်းဟူသော ဖောက်ပြန်ပျက်စီးခြင်း အနှောင်အဖွဲ့ မှ ကယ်လွှတ်ခြင်းချမ်းသာကို ဝင်စားမည် . . . ဤလောကတစ်နိုင်ငံလုံးသည် ယခုတိုင်အောင် တညီတညွတ်တည်းညည်းတွား၍ ဆင်းရဲခြင်းဝေဒနာကိုခံရသည်ဟု ငါတို့သိကြ၏။” ထိုအခါတွင် လူတို့သည် “နိုင်ငံတော်တည်ထောင်ပါစေသော။ အလိုတော်သည် ကောင်းကင်ဘုံ၌ပြည့်စုံသကဲ့သို့ မြေကြီးပေါ်မှာပြည့်စုံပါစေသော” ဟူသည့်ဆုတောင်းချက် လုံးလုံးလျားလျားပြည့်စုံသည်ကို မြင်တွေ့ရမည်။ (မဿဲ ၆:၁၀) ပရဒိသုမြေကြီးပေါ်ရှိ ထူးမြတ်လှသော အခြေအနေများသည် ကောင်းကင်ရှိအခြေအနေကို ရောင်ပြန်ဟပ်ပေမည်။
[စာမျက်နှာ ၂၃ ပါ ရုပ်ပုံများ]
ကမ္ဘာသစ်တွင်၊ အိုမင်းသူများသည် လူငယ်စွမ်းအားနှင့် ပြန်လည်ပြည့်စုံမည်
[စာမျက်နှာ ၂၄ ပါ ရုပ်ပုံ]
ကမ္ဘာသစ်တွင် ဖျားနာမှုနှင့် မသန်မစွမ်းမှုအားလုံးကို ပယ်ရှားလိုက်မည်
[စာမျက်နှာ ၂၅ ပါ ရုပ်ပုံ]
ကမ္ဘာသစ်တွင် သေလွန်သူများ အသက်ပြန်ရှင်လာမည်
[စာမျက်နှာ ၂၆ ပါ ရုပ်ပုံ]
‘သူတို့သည် စစ်အတတ်ကို ဘယ်တော့မျှ သင်တော့မည်မဟုတ်’
[စာမျက်နှာ ၂၇ ပါ ရုပ်ပုံ]
လူနှင့်တိရစ္ဆာန်များသည် ပရဒိသုတွင် လုံးလုံးလျားလျား ငြိမ်းချမ်းမှုရှိမည်
[စာမျက်နှာ ၂၇ ပါ ရုပ်ပုံ]
‘ဘုရားသခင်သည် လက်တော်ကိုဖွင့်၍ သက်ရှိအပေါင်းတို့၏လိုအင်ကို ရောင့်ရဲစေမည်’
[စာမျက်နှာ ၂၈ ပါ ရုပ်ပုံ]
ဘုရားသခင့်နိုင်ငံတော်သည် ကျွန်ုပ်တို့ခံစားခဲ့ရသည့် ဒုက္ခအားလုံးကို ကုစားပေးရုံထက်မက ပိုမိုလုပ်ဆောင်ပေးမည်