အပိုင်း ၃
ထူးကဲမြင့်မားသည့်ဉာဏ်ပညာ၏ အတုမရှိသောပင်ရင်းအမြစ်
၁၊ ၂။ သမ္မာကျမ်းစာကို အဘယ်ကြောင့် ကျွန်ုပ်တို့စစ်ဆေးကြည့်သင့်သနည်း။
၁ သမ္မာကျမ်းစာသည် ထိုထူးကဲမြင့်မားသည့်ဉာဏ်ပညာကို မှတ်တမ်းတင်ထားသည့်စာအုပ်လော။ ယင်းသည် ဘဝ၏ရည်ရွယ်ချက်နှင့်ပတ်သက်သော အရေးကြီးသည့်မေးခွန်းများ၏အဖြေမှန်ကို ကျွန်ုပ်တို့အား ပေးနိုင်မည်လော။
၂ သမ္မာကျမ်းစာကို ကျွန်ုပ်တို့စစ်ဆေးကြည့်သင့်သည်အမှန်။ အကြောင်းတစ်ခုမှာ ယင်းသည် အခြားစာအုပ်ရှိသမျှနှင့်မတူ တစ်မူထူးကဲသောကြောင့်ဖြစ်သည်။ အောက်ပါအချက်များကို ဆင်ခြင်ကြည့်ပါ။
သက်တမ်းအကြာဆုံး ၊ အဖြန့်ဖြူးရဆုံးသောစာအုပ်
၃၊ ၄။ သမ္မာကျမ်းစာ၏သက်တမ်းမည်မျှရှိပြီနည်း။
၃ သမ္မာကျမ်းစာသည် စာအုပ်တကာတို့တွင် သက်တမ်းအကြာဆုံးဖြစ်ပြီး ယင်း၏အစိတ်အပိုင်းအချို့သည် လွန်ခဲ့သည့်နှစ်ပေါင်း ၃,၅၀၀ ခန့်က ပြုစုရေးသားခဲ့သည်။ ယင်းသည် ဘုရားကျမ်းဂန်ဟုယူမှတ်ခံရသော အခြားမည်သည့်စာအုပ်ထက်မဆို နှစ်ရာစုများစွာချီ၍ သက်တမ်းရှည်ကြာသည်။ ယင်းတွင်ပါဝင်သော ကျမ်းစာစောင် ၆၆ စောင်မှ ပထမဆုံးစာစောင်သည် ဗုဒ္ဓနှင့်ကွန်ဖျူးရှပ်တို့မပေါ်မီ အနှစ်တစ်ထောင်ခန့်ကနှင့် မိုဟာမက်မပေါ်မီ အနှစ်နှစ်ထောင်ခန့်က ရေးသားခဲ့သည်။
၄ သမ္မာကျမ်းစာတွင် မှတ်တမ်းတင်ထားသောသမိုင်းကြောင်းက လူ့မိသားစုအစကို ပြန်ဖော်ပေးပြီး ဤကမ္ဘာပေါ်သို့ ကျွန်ုပ်တို့မည်သို့ရောက်ရှိလာခဲ့ပုံတို့ကို ရှင်းပြထားသည်။ ယင်းက လူသားဖန်ဆင်းခြင်းမခံရမီအချိန်ကိုပင် ပြန်လည်ဖော်ပြထားပြီး ကမ္ဘာမြေကြီးဖွဲ့စည်းတည်ဆောက်ခံရသည့်အကြောင်းများကို ကျွန်ုပ်တို့အားဖော်ပြပေးသည်။
၅။ ရှေးလောကအရေးအသားများနှင့် ယှဉ်လိုက်လျှင် သမ္မာကျမ်းစာ၏ ရှေးကျသောလက်ရေးစာမူမည်မျှ လက်ရှိရှိနေသနည်း။
၅ လောကစာအုပ်များအပါအဝင် အခြားသောဘာသာရေးစာအုပ်များ၏ ရှေးကျသော လက်ရေးစာမူ အနည်းငယ်မျှသာ လက်ရှိရှိနေသည်။ ဟေဗြဲနှင့်ဂရိဘာသာစကားတို့ ဖြင့် သမ္မာကျမ်းစာမိတ္တူ သို့မဟုတ် ယင်းအစိတ်အပိုင်းတို့၏ လက်ရေးစာမူပေါင်း ၁၁,၀၀၀ ခန့်ရှိရာ အချို့တို့သည် မူရင်းစတင်ရေးသားချိန်နှင့် မရှေးမနှောင်းကျသည့် စာမူများဖြစ်ကြသည်။ ယင်းစာမူများသည် သမ္မာကျမ်းစာကို အပြင်းထန်ဆုံးသော တစ်ဟုန်ထိုးတိုက်ခိုက်မှုကို ကျော်လွှားလွတ်မြောက်လာခဲ့သည်။
၆။ သမ္မာကျမ်းစာကို မည်မျှကျယ်ပြန့်စွာ ဖြန့်ဖြူးခဲ့ပြီနည်း။
၆ ထို့အပြင် သမ္မာကျမ်းစာသည် သမိုင်းတစ်လျှောက်တွင် အခြားစာအုပ်များနှင့်ယှဉ်လျှင် အဖြန့်ဖြူးရဆုံးသောစာအုပ်ဖြစ်သည်။ သမ္မာကျမ်းစာကို လုံးချင်းလိုက်ဖြစ်စေ၊ အစိတ်အပိုင်းလိုက်ဖြစ်စေ ဘာသာစကားနှစ်ထောင်ခန့်ဖြင့် အရေအတွက်သန်းပေါင်းသုံးထောင်ခန့် ထုတ်ဝေခဲ့ပြီးဖြစ်သည်။ လူသားမျိုးနွယ်တစ်ရပ်လုံး၏ ၉၈ ရာခိုင်နှုန်းသည် မိမိတို့ဘာသာစကားဖြင့် သမ္မာကျမ်းစာကိုရရှိနိုင်ကြပြီဟု အဆိုရှိသည်။ အခြားမည်သည့်စာအုပ်မျှ ထိုအရေအတွက်ကို သိုးကာသီကာမျှပင် မချဉ်းကပ်နိုင်ကြပေ။
၇။ သမ္မာကျမ်းစာ၏ တိကျမှန်ကန်မှုနှင့်ပတ်သက်၍ မည်သို့ပြောနိုင်သနည်း။
၇ ထို့အပြင် တိကျမှန်ကန်မှုတွင် ရှေးကျသောအခြားမည်သည့်စာအုပ်မျှ သမ္မာကျမ်းစာကို မယှဉ်နိုင်ချေ။ သိပ္ပံပညာရှင်များ၊ သမိုင်းဆရာများ၊ ရှေးဟောင်းသုတေသနပညာရှင်များ၊ ပထဝီပညာရှင်များ၊ ဘာသာစကားကျွမ်းကျင်သူများနှင့် အခြားသူများတို့က သမ္မာကျမ်းစာမှတ်တမ်းများကို မှန်ကန်ကြောင်း အဆက်မပြတ်ထောက်ခံကြသည်။
သိပ္ပံဆိုင်ရာတိကျမှန်ကန်မှု
၈။ သိပ္ပံနှင့်ပတ်သက်၍ သမ္မာကျမ်းစာမည်သို့တိကျမှန်ကန်သနည်း။
၈ ဥပမာ၊ သမ္မာကျမ်းစာကို သိပ္ပံသင်ရိုးစာအုပ်တစ်အုပ်အဖြစ် ရေးသားထားခြင်းမဟုတ်စေကာမူ သိပ္ပံဆိုင်ရာကိစ္စများနှင့်ပတ်သက်လာလျှင် ယင်းသည် စစ်မှန်သောသိပ္ပံပညာနှင့်ကိုက်ညီသည်။ သို့သော် ဘုရားကျမ်းဂန်ဟုယူမှတ်ခံရသော အခြားသောရှေးဟောင်းစာပေများတွင်မူ သိပ္ပံနှင့်ဆိုင်သောဒဏ္ဍာရီများ၊ မမှန်ကန်မှုများ၊ ဗြောင်ကျသောမုသားများပါဝင်သည်။ သမ္မာကျမ်းစာ၏ သိပ္ပံဆိုင်ရာတိကျမှန်ကန်မှု ဥပမာများစွာတို့အနက်မှ လေးခုမျှကိုသာ သတိပြုကြည့်ပါ–
၉၊ ၁၀။ ကမ္ဘာမြေကြီး မည်သို့အထောက်အမခံထားရကြောင်းနှင့်ပတ်သက်၍ သမ္မာကျမ်းစာသည် မိမိအချိန်က သိပ္ပံနည်းမကျသောအယူအဆများကို သံယောင်လိုက်မည့်အစား မည်သို့ဖော်ပြထားသနည်း။
၉ လဟာပြင်တွင် ကမ္ဘာမြေကြီးမည်သို့တည်ရှိပုံ။ သမ္မာကျမ်းစာကို ရေးသားနေသည့် ရှေးအချိန်က လဟာပြင်တွင် ကမ္ဘာမြေကြီးမည်သို့ရှိနေသည်နှင့်ပတ်သက်၍ အမျိုးမျိုးတွေးတောမှန်းဆခဲ့ကြသည်။ အချို့တို့က ဧရာမပင်လယ်လိပ်ကြီးတစ်ကောင်ပေါ်တွင် ရပ်နေသောဆင်လေးကောင်တို့က ကမ္ဘာမြေကြီးကို ချီမထားကြသည်ဟု ယုံကြည်ကြသည်။ ဘီ.စီ.အီး. လေးရာစုနှစ်အချိန်က ဂရိဒဿနိကပညာရှင်နှင့်သိပ္ပံပညာရှင်ဖြစ်သူ အရစ္စတိုတယ်က ကမ္ဘာမြေကြီးသည် လွတ်လပ်လဟာတွင်ဆွဲထားခံရခြင်း ဘယ်နည်းနှင့်မျှမဖြစ်နိုင်ဟု သွန်သင်ခဲ့သည်။ ယင်းအစား ကောင်းကင်တန်ဆာတို့သည် တစ်ခုအတွင်းတစ်ခု အံဝင်ခွင်ကျထပ်ဝင်နေသည့် မာကျော၍ထွင်းဖောက်မြင်နိုင်သော စက်ဝိုင်းလုံးခွံများ၏မျက်နှာပြင်များပေါ်တွင် တပ်ဆင်ထားခြင်းခံရသည်ဟု သူသွန်သင်သည်။ မြေကြီးသည် အတွင်းအကျဆုံးသောစက်ဝိုင်းလုံးခွံတွင် တည်ရှိပြီး အပြင်ဘက်အကျဆုံးသောစက်ဝိုင်းလုံးခွံတွင် ကြယ်များရှိသည်ဟု ယူဆခဲ့သည်။
၁၀ သို့သော် သမ္မာကျမ်းစာသည် ယင်းကိုရေးသားသည့်အချိန်ကရှိခဲ့သည့် စိတ်ကူးယဉ်ဆန်သော သိပ္ပံနည်းမကျသည့်အယူအဆများကို သံယောင်လိုက်မည့်အစား (ဘီ.စီ.အီး. ၁၄၇၃ ခုနှစ်ခန့်တွင်) ဤသို့ရိုးရိုးကလေးဖော်ပြထားသည်– “မြေကြီးကို အဘယ်အရာ၌မျှ မတွယ်ဘဲ ဆွဲထားတော်မူ၏။” (ယောဘ ၂၆:၇၊ သမ္မာ) မူရင်းဟေဗြဲဘာသာစကားတွင် “အဘယ်အရာ၌မျှ” ဟူသောဝေါဟာရသည် “မည်သည့်အရာတစ်ခု၌မျှ” ဟူသောအဓိပ္ပာယ်ရှိပြီး ယင်းသည် သမ္မာကျမ်းစာတွင် တစ်ကြိမ်သာပါရှိသည်။ မြေကြီးသည် ဘာမျှမရှိသည့်လဟာပြင်ဖြင့် ဝန်းရံထားခြင်းခံရသည်ဟူသော ကျမ်းစာ၏ပုံဖော်ချက်သည် ယင်းအချိန်အတွက် ထူးဆန်းသောအမြင်ဖြစ်ကြောင်း ကျမ်းပညာရှင်များက အသိအမှတ်ပြုကြသည်။ ဓမ္မဟောင်းကျမ်း၏ဓမ္မပညာလေ့ကျင့်ခန်းစာအုပ်က ဤသို့ပြောထားသည်– “ယောဘ ၂၆:၇ သည် ထိုအချိန်ကသိရှိခဲ့ကြသည့်ကမ္ဘာကို လဟာပြင်တွင် ချိတ်ဆွဲထားခြင်းခံရသည့်အရာအဖြစ် ထူးခြားထင်ရှားစွာပုံဖော်ခဲ့သည်။ ထိုသို့အားဖြင့် အနာဂတ်တွင် သိပ္ပံဆိုင်ရာစူးစမ်းရှာဖွေမှုပြုရန် မျှော်လင့်စေသည်။”
၁၁၊ ၁၂။ ယောဘ ၂၆:၇ ပါအမှန်တရားကို မည်သည့်အချိန်ကျမှ လူများသဘောပေါက်လာကြသနည်း။
၁၁ သမ္မာကျမ်းစာ၏ တိကျသောဖော်ပြချက်သည် အရစ္စတိုတယ်ထက် နှစ်ပေါင်း ၁,၁၀၀ စောသည်။ သို့သော် အရစ္စတိုတယ်၏အယူအဆသည် သူသေပြီးနှစ်ပေါင်း ၂,၀၀၀ ခန့်အထိဆက်၍ ဖြစ်ရပ်မှန်အဖြစ် သင်ကြားခြင်းခံရသည်တကား! နောက်ဆုံး စီ.အီး. ၁၆၈၇ ခုနှစ်ရောက်သောအခါ ဆာအိုက်ဇက်နယူတန်က မြေကြီးသည် အခြားသောကောင်းကင်တန်ဆာများနှင့် အချင်းချင်းဆွဲငင်မှုဖြင့်၊ တစ်နည်းဆိုသော် ဆွဲငင်အားဖြင့် အာကာသထဲတွင်တည်ရှိနေကြောင်း မိမိ၏တွေ့ရှိချက်ကို ထုတ်ပြန်ကြေညာခဲ့သည်။ သို့သော် ယင်းသည် မြေကြီး “အဘယ်အရာ၌မျှမတွယ်ဘဲ” ဆွဲထားခြင်းခံရသည်ဟု သမ္မာကျမ်းစာက ရိုးရှင်းပြေပြစ်စွာဖော်ပြပြီးနောက်ပိုင်း နှစ်ပေါင်း ၃,၂၀၀ ခန့်ကြာသောအခါမှသာလျှင်ဖြစ်သည်။
၁၂ မှန်ပါသည်၊ မကြာသေးမီက နားလည်သိရှိလာကြသည့် ဆွဲငင်အားနှင့် ရွေ့ရှားမှုနိယာမများနှင့်ကိုက်ညီသော မြေကြီးသည် မျက်မြင်ရအထောက်အကန်မရှိ ဟူသည့်အဖြစ်မှန်သည် လွန်ခဲ့သည့်နှစ်ပေါင်း ၃,၅၀၀ ခန့်က သမ္မာကျမ်းစာတွင် မှတ်တမ်းတင်ခြင်းခံခဲ့ရသည်။ ကျမ်းပညာရှင်တစ်ဦးက “သန့်ရှင်းသောကျမ်းစာမှုတ်သွင်းခံရသည်ကို ငြင်းပယ်သူများသည် အမှန်တရားကို ယောဘမည်သို့သိရှိခဲ့သနည်း ဟူသည့်မေးခွန်းကို အလွယ်တကူမဖြေနိုင်ကြချေ” ဟုပြောသည်။
၁၃။ လွန်ခဲ့သည့် ရာစုနှစ်ပေါင်းများစွာက မြေကြီး၏ပုံသဏ္ဌာန်နှင့်ပတ်သက်၍ လူများမည်သို့ယူမှတ်ခဲ့ကြသနည်း။ သို့သော် မည်သည့်အရာက သူတို့၏စိတ်ကို ပြောင်းလဲခဲ့သနည်း။
၁၃ ကမ္ဘာမြေကြီး၏ပုံသဏ္ဌာန်။ အမေရိကန်စွယ်စုံကျမ်း ဤသို့ပြောသည်– “ရှေးအကျဆုံးသော ကမ္ဘာမြေကြီး၏ပုံသဏ္ဌာန်နှင့်ပတ်သက်သည့် လူတို့၏အယူအဆမှာ မြေကြီးသည် စကြဝဠာအလယ်ဗဟိုတွင်ရှိသော မာကျောပြန့်ပြူးသည့်မျက်နှာပြင်တစ်ခုဖြစ်သည်။ . . . ကမ္ဘာမြေကြီးလုံးဝန်းသည်ဟူသောအယူအဆသည် ပြန်လည်ဆန်းသစ်ရေးကာလမတိုင်မချင်း ကျယ်ကျယ်ပြန့်ပြန့်လက်မခံကြသေးချေ။” ရှေးအချိန်က ပင်လယ်ရေကြောင်းသွားလာသူအချို့တို့သည် ရွက်လွှင့်ရာတွင် ပြားသောကမ္ဘာ၏အစွန်းသို့ ကျွံထွက်သွားမိမည်ကိုပင် စိုးရိမ်ခဲ့ကြသည်။ သို့သော် နောက်ပိုင်းတွင် သံလိုက်အိမ်မြှောင်နှင့် အခြားသောခေတ်မီတိုးတက်မှုများ ပေါ်ပေါက်လာသောအခါ ရေကြောင်းခရီးကို ပိုမိုဝေးလံစွာသွားလာနိုင်ခဲ့ကြသည်။ အခြားစွယ်စုံကျမ်းတစ်စောင်က “မြေကြီးသည် လူအများစုယုံကြည်ခဲ့ကြသကဲ့သို့ပြားမနေဘဲ လုံးဝန်းကြောင်းကို ဤစူးစမ်းရှာဖွေရေးခရီးစဉ်များက သက်သေထူသည်” ဟုရှင်းလင်းဖော်ပြသည်။
၁၄။ ကမ္ဘာမြေကြီး၏ပုံသဏ္ဌာန်ကို သမ္မာကျမ်းစာမည်သို့ဖော်ပြသနည်း။ မည်သည့်အချိန်ကနည်း။
၁၄ သို့သော် ထိုကဲ့သို့သောရေကြောင်းခရီးစဉ်များမတိုင်မီ ကြာမြင့်စွာ၊ လွန်ခဲ့သည့် နှစ်ပေါင်း ၂,၇၀၀ ကတည်းက “မြေကြီး စက် အပေါ်မှာထိုင်” သောသူဟု သမ္မာကျမ်းစာက ဆိုထားသည်။ (ဟေရှာယ ၄၀:၂၂) ဤတွင် “စက်” ဟုပြန်ဆိုသော ဟေဗြဲဝေါဟာရသည် ကိုးကားစာအုပ်များတွင် မှတ်သားဖော်ပြထားသည့်အတိုင်း “စက်လုံး” ဟုလည်း အဓိပ္ပာယ်ရနိုင်သည်။ ထို့ကြောင့် အခြားဘာသာပြန်ကျမ်းစာများက “ကမ္ဘာမြေကြီး၏ထုလုံး” (ဒူးဝေးဘာသာပြန်) နှင့် “လုံးဝန်းသောမြေကြီး” (မိုဖက်) ဟုပြန်ဆိုကြသည်။
၁၅။ မြေကြီးနှင့်ပတ်သက်၍ သိပ္ပံနည်းမကျသောအယူအဆများ၏ ဩဇာလွှမ်းမိုးမှုကို အဘယ်ကြောင့် သမ္မာကျမ်းစာမခံခဲ့ရသနည်း။
၁၅ ထို့ကြောင့် တစ်ချိန်ကပျံ့နှံ့ခဲ့သော ကမ္ဘာမြေကြီး၏ အထောက်အမနှင့်ပုံသဏ္ဌာန်ဆိုင်ရာ သိပ္ပံနည်းမကျသည့်အယူအဆများ၏ ဩဇာလွှမ်းမိုးမှုကို သမ္မာကျမ်းစာမခံခဲ့ရချေ။ အကြောင်းကား ရှင်းပါသည်– သမ္မာကျမ်းစာကိုပြုစုသည့်အရှင်သည် စကြဝဠာကိုပြုလုပ်သည့်အရှင်ပင် ဖြစ်သောကြောင့်တည်း။ မြေကြီးကို ကိုယ်တော်ဖန်ဆင်းတော်မူခဲ့သောကြောင့် ယင်းမည်သို့ချိတ်ဆွဲခံထားရသည်နှင့် ယင်း၏ပုံသဏ္ဌာန်တို့ကို ကိုယ်တော်သိရပေမည်။ ထို့ကြောင့် သမ္မာကျမ်းစာကို ကိုယ်တော်မှုတ်သွင်းတော်မူခဲ့စဉ်က ထိုအချိန်၌အခြားသူများ ယုံကြည်ခဲ့မည်ဖြစ်သော်လည်း သိပ္ပံနည်းမကျသည့် မည်သည့်အယူအဆမျှ ကျမ်းစာတွင်မပါသွားရလေအောင် ကိုယ်တော်ကြပ်မတ်ခဲ့သည်။
၁၆။ သက်ရှိများ၏ဖွဲ့စည်းတည်ဆောက်ပုံသည် သမ္မာကျမ်းစာဖော်ပြချက်နှင့် မည်သို့ကိုက်ညီသနည်း။
၁၆ သက်ရှိများဖွဲ့စည်းတည်ဆောက်ပုံ။ “ထာဝရအရှင်ဘုရားသခင်သည် မြေမှုန့်ဖြင့် လူကိုဖန်ဆင်း” တော်မူသည်ဟု ကမ္ဘာဦး ၂:၇ ကဖော်ပြသည်။ ကမ္ဘာ့စွယ်စုံကျမ်း ဤသို့ပြောသည်– “သက်ရှိများတွင်ဖွဲ့စည်းပါဝင်သော ဓာတုဒြပ်စင်အားလုံးတို့သည် သက်မဲ့အရာဝတ္ထုများတွင်လည်း ပါရှိနေသည်။” ထို့ကြောင့် လူအပါအဝင် သက်ရှိဇီဝရုပ်များတွင် ဖွဲ့စည်းပါဝင်သော အခြေခံဓာတုပစ္စည်းအားလုံးတို့ကို မြေကြီး၌လည်းတွေ့ရသည်။ ယင်းသည် လူနှင့် အခြားသက်ရှိသတ္တဝါအားလုံးတို့ကို ဖန်ဆင်းရာတွင် ဘုရားသခင်အသုံးပြုသည့်ပစ္စည်းအကြောင်း သမ္မာကျမ်းစာဖော်ပြချက်နှင့် ကိုက်ညီသည်။
၁၇။ သက်ရှိများ ဖြစ်ပေါ်လာပုံနှင့်ပတ်သက်သည့် အမှန်တရားကား အဘယ်နည်း။
၁၇ “အမျိုးအလိုက်။” ဘုရားသခင်သည် လူသားမောင်နှံကို ဖန်ဆင်းတော်မူခဲ့ပြီး အခြားလူသားများသည် သူတို့မှဆင်းသက်လာကြောင်း သမ္မာကျမ်းစာကဖော်ပြထားသည်။ (ကမ္ဘာဦး ၁:၂၆-၂၈; ၃:၂၀) ငါး၊ ငှက်နှင့် နို့တိုက်သတ္တဝါများကဲ့သို့သော အခြားသက်ရှိများလည်း ထိုနည်းအတိုင်း “အမျိုးအလိုက်” ဖြစ်ပေါ်လာသည်ဟု ယင်းကဖော်ပြသည်။ (ကမ္ဘာဦး ၁:၁၁၊ ၁၂၊ ၂၁၊ ၂၄၊ ၂၅) ယင်းကား သက်ရှိတိုင်းသည် မျိုးတူသက်ရှိမိဘနှစ်ပါးမှ ဆင်းသက်လာသည်ဟူသော ဖန်ဆင်းခံသတ္တဝါလောက၌ သိပ္ပံပညာရှင်များတွေ့ရှိသည့်အချက်ပင်ဖြစ်သည်။ အခြားနည်းလမ်းမရှိပါ။ ထိုအကြောင်းနှင့်ပတ်သက်၍ ရူပဗေဒပညာရှင်ရေမိုက ဤသို့သတိပြုမိသည်– “သက်ရှိသည် သက်ရှိကိုဖြစ်စေသည်; ယင်းသည် အချိန်တိုင်းတွင် ဆဲလ်တိုင်း၌ဖြစ်နေသည်။ သို့သော် သက်မဲ့သည် သက်ရှိကို မည်သို့ဖြစ်စေသနည်း။ ယင်းသည် ဇီဝဗေဒပညာရပ်တွင် အဖြေမရှိသော အကြီးကျယ်ဆုံးမေးခွန်းများအနက် တစ်ခုဖြစ်ပြီး ယခုအထိ ဇီဝဗေဒပညာရှင်များသည် ရောက်တတ်ရာရာမှန်းဆချက်များကိုသာ ပေးနိုင်သည်။ သက်မဲ့အရာဝတ္ထုသည် သက်ရှိနည်းလမ်းအတိုင်း တစ်နည်းနည်းဖြင့် ကိုယ်တိုင်ဖွဲ့စည်းတည်ဆောက်သည်။ . . . မည်သို့ဆိုစေ ကမ္ဘာဦးကျမ်း၏အာဘော်ရှင်သည် ယင်းကို မှန်ကန်စွာဖော်ပြစေခဲ့ပေမည်။”
သမိုင်းဆိုင်ရာတိကျမှု
၁၈။ သမ္မာကျမ်းစာ၏ သမိုင်းဆိုင်ရာတိကျမှန်ကန်မှုနှင့်ပတ်သက်၍ ရှေ့နေတစ်ဦးမည်သို့ပြောသနည်း။
၁၈ သမ္မာကျမ်းစာတွင် အခြားမည်သည့်စာအုပ်၌မျှမပါရှိသည့် တိကျမှန်ကန်မှုအရှိဆုံးသော ရှေးဟောင်းသမိုင်းများပါဝင်သည်။ ယင်း၏ သမိုင်းဆိုင်ရာတိကျမှန်ကန်မှုအား သမ္မာကျမ်းစာကို ရှေ့နေတစ်ဦးစစ်ဆေး အမည်ရှိစာအုပ်က ဤသို့အထူးပြုဖော်ပြထားသည်– “စိတ်ကူးယဉ်အချစ်ဇာတ်လမ်းများ၊ ပုံပြင်ဒဏ္ဍာရီများနှင့် မမှန်သောသက်သေများတို့သည် ဝေးကွာသောဒေသရှိအဖြစ်အပျက်များနှင့် မတိကျသောအချိန်များကို ဂရုတစိုက်ထည့်သွင်းခြင်းအားဖြင့် ကျွန်ုပ်တို့ရှေ့နေများသင်ယူခဲ့ရသော ‘တင်ပြချက်သည် အချိန်နှင့်နေရာကို ဖော်ပြရမည်’ ဟူသည့် ကောင်းသောလျှောက်လဲချက်၏ ပထမဥပဒေသကို ချိုးဖောက်ရာရောက်သည်။ သမ္မာကျမ်းစာ၏ဖော်ပြချက်များမူ အကြောင်းအရာနှင့်သက်ဆိုင်သည့် အတိကျဆုံးသောနေ့စွဲနှင့် နေရာဒေသတို့ကို ကျွန်ုပ်တို့အားဖော်ပြသည်။”
၁၉။ သမ္မာကျမ်းစာ၏ အသေးစိတ်ဖော်ပြချက်နှင့်ပတ်သက်၍ ကိုးကားစာအုပ်တစ်အုပ်က မည်သို့ကောက်ချက်ချသနည်း။
၁၉ ကျမ်းစာအဘိဓာန်သစ် ကဤသို့မှတ်ချက်ချသည်– “[တမန်တော်ဝတ္ထုကျမ်းကို ရေးသူသည်] မိမိ၏မှတ်တမ်းကို ခေတ်ပြိုင်သမိုင်းပေါ်တွင် အခြေပြုသည်; သူ့ရေးသားချက်များသည် မြို့တော်တရားသူကြီး၊ ခရိုင်ဝန်၊ ဘုရင်ခံနှင့် အလားတူအရာများကို ရည်ညွှန်းထားချက်များနှင့် ပြည့်လျက်ရှိပြီး ထိုရည်ညွှန်းချက်များသည် ပြောဆိုသည့်အကြောင်းအရာ၏ အချိန်နှင့်နေရာတို့တွင် အမြဲတိကျမှန်ကန်မှုရှိကြောင်း သက်သေထူသည်။”
၂၀၊ ၂၁။ ကျမ်းပညာရှင်တစ်ယောက်က သမ္မာကျမ်းစာပါ သမိုင်းအဖြစ်အပျက်များနှင့်ပတ်သက်၍ မည်သို့ပြောသနည်း။
၂၀ ပေါင်းစည်းကျမ်းစာအဖော်အဖက် တွင် အက်စ်. အော်စတင်အယ်လ်ဘုန်းက ဤသို့ဆိုသည်– “ဆာအိုက်ဇက်နယူတန် . . . သည်လည်း ရှေးစာပေအရေးအသားများကို ဝေဖန်သူတစ်ဦးအဖြစ် ထင်ရှားသူဖြစ်ပြီး သန့်ရှင်းသောကျမ်းစာကို အလွန်ဂရုတစိုက်ဆန်းစစ်သူဖြစ်သည်။ သို့ပြုရာတွင် သူ၏အပြီးသတ်ကောက်ချက်ကား မည်သို့နည်း။ သူက ‘လောကီရေးရာသမိုင်းများထက် ဓမ္မသစ်ကျမ်းတွင် ယုံကြည်စိတ်ချလောက်သော အချက်အလက်များကိုပို၍တွေ့ရှိရသည်’ ဟုပြောခဲ့သည်။ ဂျူးလိယက်စီဇာသည် ကက်ပီတိုတွင် သေဆုံးခဲ့ကြောင်း အထောက်အထားများထက် ခရစ်ဝင်ကျမ်းများတွင် ဖော်ပြထားသည့်အတိုင်း ယေရှုခရစ်သည် ကရာနီတွင်သေဆုံးခဲ့ကြောင်း ပို၍များသောအထောက်အထားများကို ကျွန်ုပ်တို့ရရှိထားကြသည်။ အမှန်ပင်၊ နောက်ထပ်အမြောက်အမြားလည်း ကျွန်ုပ်တို့ရရှိထားကြသည်ဟု ဒေါက်တာဂျွန်ဆင်ကဆိုသည်။”
၂၁ ယင်းက ဤသို့ဆက်ပြောသည်– “ခရစ်ဝင်ကျမ်းအဖြစ်အပျက်များ၏မှန်ကန်မှုကို မိမိသံသယရှိသည်ဟုဆိုသူတစ်ယောက်အား စီဇာသည် ကက်ပီတိုတွင်သေခြင်း သို့မဟုတ် ဧကရာဇ်ရှားလမိန်းသည် သက္ကရာဇ် ၈၀၀ တွင် အနောက်ဘက်အင်ပါယာ၏ဘုရင်အဖြစ် တတိယမြောက်လီယိုပုပ်ရဟန်းမင်း၏ နန်းတင်ခံခဲ့ရခြင်းတို့ကို သူယုံကြည်ရန် မည်သည့်အကြောင်းရှိသနည်းဟု မေးကြည့်ပါ။ . . . [အင်္ဂလန်နိုင်ငံမှ] ပထမမြောက်ချားလ်စ်ဘုရင်ကဲ့သို့သောလူမျိုး သက်ရှိထင်ရှားခဲ့ပြီး သူခေါင်းဖြတ်ခံရကာ အော်လီဗာကရမ်းဝဲလ်သည် သူ့နေရာတွင် ဘုရင်ဖြစ်လာသည်ကို သင်မည်သို့သိသနည်း။ . . . ဆာအိုက်ဇက်နယူတန်သည် ဆွဲငင်အားနိယာမကို ရှာဖွေတွေ့ရှိသောကြောင့် ဂုဏ်ပြုခံခဲ့ရသည် . . . ဤလူများနှင့်ပတ်သက်သည့် ခိုင်လုံသောအထောက်အထားအားလုံးကို ကျွန်ုပ်တို့ယုံကြည်ကြသည်; အကြောင်းမှာ သူတို့နှင့်ဆိုင်သည့်အမှန်တရားအကြောင်း သမိုင်းဆိုင်ရာအထောက်အထားများကို ကျွန်ုပ်တို့ရရှိထားကြသောကြောင့်ဖြစ်သည်။ . . . ဤမျှထင်ရှားသိသာလှသော အထောက်အထားများရှိလျက်ပင် တစ်စုံတစ်ယောက်က ယင်းတို့ကိုယုံကြည်ရန်ငြင်းဆန်နေသေးလျှင် ထိုသူကို မိုက်မဲ၍တဇောက်ကန်းနိုင်သူ သို့မဟုတ် မျှော်လင့်ချက်မရှိသောအသိပညာခေါင်းပါးသူအဖြစ် ကျွန်ုပ်တို့ပယ်သည်။”
၂၂။ သမ္မာကျမ်းစာ၏ ယုံကြည်စိတ်ချနိုင်ခြင်းကို လူအချို့ အဘယ်ကြောင့်လက်မခံကြသနည်း။
၂၂ ထိုနောက် ယင်းကဤသို့နိဂုံးချုပ်သည်– “သို့ဖြစ်လျှင် ယခုဖော်ထုတ်သော သန့်ရှင်းသောကျမ်းစာမှန်ကန်ကြောင်း ဖူလုံသည့်အထောက်အထားများကြားမှပင် မိမိတို့မယုံကြည်ဟုဆိုသူများကို ကျွန်ုပ်တို့မည်သို့ပြောရမည်နည်း။ . . . သူတို့၏စိတ်ထက် သူတို့၏နှလုံးက အပြစ်တင်စရာဖြစ်သည်ဟု ကျွန်ုပ်တို့ကောက်ချက်ချရန် အကြောင်းရှိသည်မှာ သေချာသည်—သူတို့၏မာနကိုချိုးနှိမ်ပြီး သူတို့၏အသက်တာပြောင်းလဲရန် ဖိအားပေးသည့်အရာကို ယုံကြည်ရန်ဆန္ဒမရှိကြချေ။”
အတွင်းသဘောညီညွတ်ခြင်းနှင့်ပွင့်လင်းမှုရှိခြင်း
၂၃၊ ၂၄။ သမ္မာကျမ်းစာ၏ အတွင်းသဘောချင်းညီညွတ်မှုသည် အဘယ်ကြောင့် ဤမျှထူးခြားသနည်း။
၂၃ ရောမခေတ်အတွင်းမှစ၍ရေးသားခဲ့ပြီး အလယ်ခေတ်များတစ်လျှောက်ဆက်ကာ ၂၀ ရာစုရောက်မှ ရေးသားပြီးစီးသည့် လူများစွာပါဝင်ရေးသားသော စာအုပ်တစ်အုပ်အကြောင်း စဉ်းစားကြည့်ပါ။ စာရေးသူတို့၏အလုပ်အကိုင်သည် စစ်သား၊ ရှင်ဘုရင်၊ ယဇ်ပုရောဟိတ်၊ တံငါသည်၊ သိုးကျောင်းသား၊ ဆရာဝန်စသည်ဖြင့် ကွဲပြားခြားနားနေလျှင် မည်သည့်စာအုပ်ဖြစ်လာမည်ကို သင်မျှော်လင့်မည်နည်း။ စာအုပ်သည် ရှေ့နောက်ညီညွတ်မှုနှင့် ဆီလျော်မှုရှိမည်ဟု သင်မျှော်လင့်မည်လော။ ‘ဝေလာဝေး!’ ဟုသင်ပြောပေမည်။ သမ္မာကျမ်းစာကို ထိုအခြေအနေတွင် ရေးသားခဲ့သည်။ ၎င်းပြင် ယင်းသည် ယေဘုယျအယူအဆများသာမက အသေးစိတ်အချက်အလက်များပါ တစ်အုပ်လုံးရှေ့နောက်ညီညွတ်မှုရှိသည်။
၂၄ သမ္မာကျမ်းစာသည် ခြားနားသည့်လူ ၄၀ ခန့်တို့က ဘီ.စီ.အီး. ၁၅၁၃ ခုနှစ်မှစတင်၍ စီ.အီး. ၉၈ ခုနှစ်အထိ နှစ်ပေါင်း ၁,၆၀၀ ကျော်ကြာသည့်ကာလအတွင်း ရေးသားခဲ့သည့်စာစောင် ၆၆ စောင်ကို စုစည်းထားသည့်စာအုပ်တစ်အုပ်ဖြစ်သည်။ စာရေးသူများသည် အချင်းချင်းအဆက်အသွယ်မရှိသူများစွာပါဝင်သော အလွှာအသီးသီးမှလူများဖြစ်ကြသည်။ သို့သော် စိတ်သဘောတစ်ခုတည်းက ဖြစ်ပေါ်စေသည့်အလား တစ်အုပ်လုံးသည် ရှေ့နောက်ညီညွတ်မှုရှိသည့် အဓိကခေါင်းစဉ်တစ်ခုအတိုင်းဗဟိုပြုသွားသော စာအုပ်ဖြစ်သည်။ အချို့သူတို့၏ယုံကြည်ချက်နှင့်ဆန့်ကျင်လျက် သမ္မာကျမ်းစာသည် အနောက်တိုင်းယဉ်ကျေးမှုမှ ပေါ်ထွက်လာရာမဟုတ်ဘဲ ယင်းကို အရှေ့တိုင်းသားများရေးခဲ့ခြင်းဖြစ်သည်။
၂၅။ သမ္မာကျမ်းစာ၏ ရိုးသားမှုနှင့် ပွင့်လင်းမှုတို့က ကျမ်းရေးသူတို့၏အဘယ်အဆိုကို ထောက်ခံသနည်း။
၂၅ ရှေးခေတ်စာရေးသူအများစုတို့သည် မိမိတို့၏အောင်မြင်ကျော်ကြားမှုနှင့် အစွမ်းသတ္တိများကိုသာ မှတ်တမ်းတင်ကြသော်လည်း သမ္မာကျမ်းစာရေးသားသူများသည် မိမိတို့၏အမှားများ၊ မိမိတို့ဘုရင်နှင့်ခေါင်းဆောင်များ၏ ချွတ်ယွင်းမှုများကို ပွင့်ပွင့်လင်းလင်းဝန်ခံထားကြသည်။ တောလည်ရာ ၂၀:၁-၁၃ နှင့် တရားဟောရာ ၃၂:၅၀-၅၂ တို့က မောရှေ၏ပျက်ကွက်မှုများကို မှတ်တမ်းတင်ထားပြီး ထိုစာအုပ်များကို သူရေးသားခဲ့ခြင်းဖြစ်သည်။ ယောန ၁:၁-၃ နှင့် ၄:၁ ကိုယောနရေးသားခဲ့ပြီး ယင်းတွင်သူ၏ပျက်ကွက်မှုကို မှတ်တမ်းတင်ထားသည်။ မဿဲ ၁၇:၁၈-၂၀; ၁၈:၁-၆; ၂၀:၂၀-၂၈ နှင့် ၂၆:၅၆ တို့က ယေရှု၏တပည့်တော်များတင်ပြခဲ့ကြသည့် အားနည်းချက်များကို မှတ်တမ်းတင်ထားသည်။ ထို့ကြောင့် သမ္မာကျမ်းစာရေးသူများ၏ ရိုးသားမှုနှင့်ပွင့်လင်းမှုတို့က မိမိတို့သည် ဘုရားသခင်မှုတ်သွင်းခြင်းခံရ၍ ရေးသားသည်ဟူသော သူတို့၏အဆိုကို ထောက်ခံအားပေးသည်။
ထူးခြားမှုအရှိဆုံးသောအသွင်အပြင်
၂၆၊ ၂၇။ သိပ္ပံဆိုင်ရာနှင့် အခြားကိစ္စများတွင် သမ္မာကျမ်းစာသည် အဘယ်ကြောင့်ဤမျှတိကျသနည်း။
၂၆ သိပ္ပံ၊ သမိုင်းနှင့် အခြားကိစ္စများတွင် အဘယ်ကြောင့် ဤမျှတိကျမှန်ကန်မှုရှိရကြောင်းနှင့် အဘယ်ကြောင့် ဤမျှသဘောညီညွတ်မှုနှင့် ရိုးသားမှုရှိရကြောင်းတို့ကို သမ္မာကျမ်းစာကိုယ်နှိုက်က ထင်ရှားဖော်ပြသည်။ ဘုရားသခင်၊ အနန္တတန်ခိုးရှင်၊ စကြဝဠာကိုဖြစ်ပေါ်စေသောဖန်ဆင်းရှင်သည် သမ္မာကျမ်းစာကိုပြုစုရှင်ဖြစ်ကြောင်း ယင်းအချက်ကဖော်ပြသည်။ ကျမ်းရေးသူလူသားများကို ကလောင်ကိုင်များအဖြစ်အသုံးပြုပြီး သူတို့ကို မှုတ်သွင်း၍ မိမိရေးသားစေလိုသည့်အရာများကိုရေးချရန် တန်ခိုးကြီးသော လှုပ်ရှားတတ်သည့်စွမ်းအားဖြင့် လှုံ့ဆော်ခဲ့သည်။
၂၇ သမ္မာကျမ်းစာတွင် တမန်တော်ပေါလုဤသို့ဖော်ပြသည်– “ထိုကျမ်းစာရှိသမျှသည် ဘုရားသခင်မှုတ်သွင်းတော်မူသောအားဖြင့်ဖြစ်၍ ဘုရားသခင်၏လူသည် စုံလင်သောသူ၊ ကောင်းသောအမှုအမျိုးမျိုးတို့ကို ပြုစုခြင်းအလိုငှာ ပြင်ဆင်သောသူဖြစ်မည်အကြောင်း ဩဝါဒပေးခြင်း၊ အပြစ်ကိုဖော်ပြခြင်း၊ ဖြောင့်မတ်စွာပြုပြင်ခြင်း၊ တရားကိုသွန်သင်ခြင်းကျေးဇူးများကို ပြုတတ်၏။” တမန်တော်ပေါလု ဤသို့လည်းပြောသေးသည်– “သင်တို့သည် ဘုရားသခင့်တရားတော်ကို ငါတို့ထံမှကြားနာကြသည့်ကာလ လူ့တရားအဖြစ်မဟုတ် ဘုရားသခင့်တရားတော်မှန်သည့်အတိုင်း တရားတော်အဖြစ်ခံယူကြ” ၏။—၂ တိမောသေ ၃:၁၆၊ ၁၇; ၁ သက်သာလောနိတ် ၂:၁၃၊ သမ။
၂၈။ သို့ဖြစ်ရကား သမ္မာကျမ်းစာသည် မည်သူ့ထံမှလာသနည်း။
၂၈ ထို့ကြောင့် သမ္မာကျမ်းစာသည် တစ်ပါးတည်းသောပြုစုရှင်—ဘုရားသခင်၏စိတ်မှ ထွက်ပေါ်လာရာဖြစ်သည်။ ကိုယ်တော့်အံ့ဖွယ်တန်ခိုးတော်အားဖြင့် ရေးသားထားသည့်အရာများကို ကျွန်ုပ်တို့ခေတ်ကာလအထိ မပျောက်မပျက်ဆက်လက်တည်ရှိရန် အသေအချာထိန်းသိမ်းထားခြင်းသည် ကိုယ်တော့်အတွက် အလွန်ရိုးရှင်းသည့်အရာဖြစ်သည်။ ဤအချက်နှင့်ပတ်သက်၍ သမ္မာကျမ်းစာစာမူများဆိုင်ရာ ထင်ရှားသောအာဏာပိုင်တစ်ဦးဖြစ်သည့် ဆာဖရက်ဒရစ်ကင်ညွန်က ၁၉၄၀ ခုနှစ်တွင် ဤသို့ပြောခဲ့သည်– “သမ္မာကျမ်းစာသည် မူရင်းအတိုင်း ကျွန်ုပ်တို့လက်သို့ ရောက်ရှိလာသည်ဟူသောအချက်ကို မယုံသင်္ကာဖြစ်စရာအတွက် နောက်ဆုံးအခြေအမြစ်ကိုယခုဖယ်ရှားပစ်ခဲ့ပြီ။”
၂၉။ ဆက်သွယ်မှုပြုနိုင်သည့် ဘုရားသခင်၏အစွမ်းသတ္တိကို မည်သို့ဥပမာပေးရှင်းပြနိုင်သနည်း။
၂၉ လူသားများသည် ခရီးမိုင်ထောင်ပေါင်းများစွာဝေးကွာသည့်အာကာသ၊ လကမ္ဘာမှပင် ကမ္ဘာသို့ ရေဒီယိုနှင့်ရုပ်မြင်သံကြားလှိုင်းများပေးပို့ရန် အစွမ်းအစရှိကြသည်။ စူးစမ်းလေ့လာရေးအာကာသယာဉ်များသည် ဂြိုဟ်များမှရုပ်ပိုင်းဆိုင်ရာအချက်အလက်နှင့်ဓာတ်ပုံများကို မိုင်သန်းပေါင်းများစွာဝေးကွာသည့် ကမ္ဘာသို့ပြန်ပို့ပေးကြသည်။ လူသားဖန်ဆင်းရှင်၊ ရေဒီယိုလှိုင်းကိုဖန်ဆင်းသူသည် အနည်းဆုံးထိုထက်မကများစွာ လုပ်ဆောင်နိုင်သည်မှာ သေချာသည်။ မိမိ၏ အတိုင်းအဆမဲ့တန်ခိုးတော်ကို အသုံးပြု၍ သမ္မာကျမ်းစာကိုမှတ်တမ်းတင်ရန် ကိုယ်တော်ရွေးချယ်ထားသောသူများ၏ စိတ်ထဲသို့ စကားများနှင့်ရုပ်ပုံများကို ပေးပို့ခြင်းသည် ကိုယ်တော့်အတွက် ရိုးရှင်းသောအရာဖြစ်သည်။
၃၀။ လူသားများအတွက် မိမိ၏ရည်ရွယ်ချက်ကို ဘုရားသခင်သည် သူတို့အား ရှာဖွေတွေ့ရှိစေလိုသလော။
၃၀ ထို့အပြင် လူသားကို ဘုရားသခင်စိတ်ဝင်စားကြောင်း သက်သေထူသည့် ကမ္ဘာမြေကြီး၊ ယင်းအပေါ်ရှိသက်ရှိများနှင့် ပတ်သက်သောအကြောင်းအရာ ဒုနှင့်ဒေးရှိသေးသည်။ ထို့ကြောင့် ကိုယ်တော်မည်သူဖြစ်တော်မူပြီး လူသားတို့အတွက် မည်သို့ရည်ရွယ်ချက်ရှိသည်တို့ကို လူသားများသိရှိနိုင်ရန်ကူညီလို၍ ထိုအရာများကို စာအုပ်တစ်အုပ်—အမြဲတည်သည့်မှတ်တမ်းတွင် ရှင်းလင်းစွာဖော်ပြထားခြင်းကို ကျွန်ုပ်တို့သဘောပေါက်နိုင်သည်။
၃၁။ မှတ်တမ်းတင်ခံရသော ဘုရားသခင်၏ မှုတ်သွင်းခံသတင်းစကားသည် နှုတ်စကားဖြင့် သားမြေးစဉ်ဆက် လက်ဆင့်ကမ်းခံရသည့်အကြောင်းအရာထက် အဘယ့်ကြောင့်သာလွန်ထူးကဲရသနည်း။
၃၁ နှုတ်စကားဖြင့် သားစဉ်မြေးဆက် လက်ဆင့်ကမ်းခံရသည့်အကြောင်းအရာထက် ဘုရားသခင်ပြုစုသည့်စာအုပ်၏ သာလွန်ထူးကဲမှုကို စဉ်းစားကြည့်ပါ။ လက်ဆင့်ကမ်းစကားကို ယုံကြည်စိတ်ချမှုမပြုနိုင်ချေ။ အကြောင်းမှာ အကြောင်းတစ်ခုကို လူတို့တစ်ဆင့်ပြန်၍ပြောပြရာတွင် အချိန်ကြာလာသောအခါ ယင်း၏မူလဆိုလိုရင်းအချက် လွဲချော်သွားနိုင်သောကြောင့် ဖြစ်သည်။ သူတို့သည် မိမိတို့၏ကိုယ်ပိုင်အမြင်အတိုင်း နှုတ်စကားလက်ဆင့်ကမ်းကြလိမ့်မည်။ သို့သော် ဘုရားသခင်မှုတ်သွင်းသည့် အမြဲတည်သောလက်ရေးမှတ်တမ်းသည် အမှားပါဝင်ရန် အလွန်အကြောင်းနည်းပေသည်။ ထို့အပြင် ဘာသာစကားအမျိုးမျိုးဖတ်သောလူများ အကျိုးခံစားရနိုင်ရန် ထိုစာအုပ်ကို ဆင့်ပွားခြင်းနှင့်ဘာသာပြန်ခြင်းများ ပြုလုပ်နိုင်သည်။ ထို့ကြောင့် ကျွန်ုပ်တို့၏ဖန်ဆင်းရှင်က သတင်းအချက်အလက်ပေးသိရန် ထိုနည်းကိုအသုံးပြုခြင်းသည် ကျိုးကြောင်းမဆီလျော်ပေလော။ မှန်သည်၊ ဖန်ဆင်းရှင်က မိမိထိုသို့ပြုခဲ့ကြောင်းပြောထားရာ အတိုင်းထက်အလွန် ကျိုးကြောင်းဆီလျော်လှပေသည်။
ပြည့်စုံပြီးသောပရောဖက်ပြုချက်များ
၃၂-၃၄။ အခြားစာအုပ်များ၌မပါဝင်သော မည်သည့်အရာများ သမ္မာကျမ်းစာတွင်ပါဝင်သနည်း။
၃၂ ထို့အပြင် သမ္မာကျမ်းစာသည် အတုမရှိ ထူးခြားထင်ရှားသောနည်းတစ်နည်းဖြင့် ဘုရားသခင့်မှုတ်သွင်းခံဖြစ်သည့် အမှတ်အသားကိုဆောင်သည်– ယင်းသည် အမှားအယွင်းမရှိပြည့်စုံခဲ့ပြီး နောက်ထပ်ပြည့်စုံဦးမည့် ပရောဖက်ပြုချက်များပါဝင်သော စာအုပ်တစ်အုပ်ဖြစ်သည်။
၃၃ ဥပမာ၊ ရှေးတုရုမြို့ပျက်စီးခြင်း၊ ဗာဗုလုန်မြို့ပြိုလဲခြင်း၊ ယေရုရှလင်မြို့ပြန်လည်တည်ဆောက်ခြင်း၊ မေဒိ-ပေရသိနှင့် ဂရိနိုင်ငံတို့၏ ဘုရင်များ ပေါ်ထွန်းခြင်းနှင့်ကျဆုံးခြင်းတို့ကို သမ္မာကျမ်းစာက အလွန်အသေးစိတ်စွာ ကြိုတင်ဖော်ပြထားခဲ့သည်။ ပရောဖက်ပြုချက်များသည် အလွန်တိကျမှန်ကန်လွန်းလှရကား ပြစ်တင်ဝေဖန်သူအချို့တို့က ဖြစ်ပျက်ပြီးမှရေးသားသည်ဟုပြောသော်လည်း အချည်းနှီးပင်ဖြစ်သည်။—ဟေရှာယ ၁၃:၁၇-၁၉; ၄၄:၂၇–၄၅:၁; ယေဇကျေလ ၂၆:၃-၆; ဒံယေလ ၈:၁-၇၊ ၂၀-၂၂။
၃၄ စီ.အီး. ၇၀ ခုနှစ်တွင် ယေရုရှလင်မြို့ပျက်စီးခြင်းနှင့်ပတ်သက်၍ ယေရှုပေးခဲ့သည့်ပရောဖက်ပြုချက်များသည် တိကျမှန်ကန်စွာ ပြည့်စုံခဲ့သည်။ (လုကာ ၁၉:၄၁-၄၄; ၂၁:၂၀-၂၁) “နောက်ဆုံးကာလ” နှင့်ပတ်သက်၍ ယေရှုနှင့်တမန်တော်ပေါလုတို့ပေးခဲ့သည့် ပရောဖက်ပြုချက်များသည် ယခုကျွန်ုပ်တို့အချိန်၌ပင် အသေးစိတ်ပြည့်စုံလျက်ရှိသည်။—၂ တိမောသေ ၃:၁-၅၊ ၁၃၊ ကဘ; မဿဲ ၂၄; မာကု ၁၃; လုကာ ၂၁။
၃၅။ သမ္မာကျမ်းစာပါ ပရောဖက်ပြုချက်များသည် အဘယ်ကြောင့် ဖန်ဆင်းရှင်ထံမှသာဖြစ်နိုင်သနည်း။
၃၅ မည်မျှပင်ထက်မြက်ပါစေ မည်သည့်လူ့ဉာဏ်မျှ အနာဂတ်အဖြစ်အပျက်ကို ဤမျှတိကျမှန်ကန်စွာ ကြိုတင်ဟောကိန်းမထုတ်နိုင်ချေ။ တန်ခိုးအကြီးမားဆုံးနှင့် ဉာဏ်ပညာအရှိဆုံးသော စကြဝဠာဖန်ဆင်းရှင် သာလျှင် ၂ ပေတရု ၁:၂၀၊ ၂၁ တွင်ကျွန်ုပ်တို့ဖတ်ရသကဲ့သို့ ပြုနိုင်သည်– “ကျမ်းစာ၌ပါသောအနာဂတ္တိစကားမည်သည်ကား ကိုယ်အလိုအလျောက်အနက်မပေါ်ဟု ရှေ့ဦးစွာသိမှတ်ကြလော့။ အကြောင်းမူကား အနာဂတ္တိစကားသည် လူအလိုအားဖြင့်ဖြစ်ဖူးသည်မဟုတ်။ ဘုရားသခင်၏သန့်ရှင်းသူတို့သည် သန့်ရှင်းသောဝိညာဉ်တော်၏ တိုက်တွန်းတော်မူခြင်းကိုခံရ၍ ဟောပြောကြ၏။”
ယင်းကအဖြေပေး
၃၆။ သမ္မာကျမ်းစာက ကျွန်ုပ်တို့အား မည်သည့်အရာများပြောပြသနည်း။
၃၆ ထို့ကြောင့် သမ္မာကျမ်းစာသည် အကြီးမြတ်ဆုံးပုဂ္ဂိုလ်၏ မှုတ်သွင်းခံနှုတ်ကပါဌ်တော်ဖြစ်ကြောင်း နည်းများစွာဖြင့် သက်သေထင်ရှားပြသည်။ လူသားများသည် မြေကြီးပေါ်တွင်အဘယ်ကြောင့်ရှိနေရကြောင်း၊ အဘယ်ကြောင့် ဆင်းရဲဒုက္ခ ဤမျှများပြားရကြောင်း၊ ကျွန်ုပ်တို့မည်သို့ဦးတည်နေကြောင်း၊ သာ၍ကောင်းမွန်သည့်အခြေအနေ မည်သို့ပြောင်းလဲလာမည် စသည့်အကြောင်းများကို ယင်းက ကျွန်ုပ်တို့အားဖော်ပြသည်။ လူသားများနှင့် ဤကမ္ဘာမြေကြီးကို ရည်ရွယ်ချက်တစ်ခုဖြင့် အကြီးမြတ်ဆုံးဘုရားသခင်သည် ဖန်ဆင်းတော်မူခဲ့ပြီး ကိုယ်တော့်ရည်ရွယ်ချက်ပြည့်စုံမည်ဖြစ်ကြောင်း ယင်းကကျွန်ုပ်တို့ကို ဖော်ပြသည်။ (ဟေရှာယ ၁၄:၂၄) မှန်သောဘာသာနှင့် ယင်းကိုမည်သို့ရှာတွေ့နိုင်ကြောင်းတို့ကိုလည်း သမ္မာကျမ်းစာက ကျွန်ုပ်တို့အားရှင်းပြသည်။ ဤသို့အားဖြင့် ယင်းသည် ဘဝတွင် အရေးကြီးမေးခွန်းအားလုံးနှင့်ပတ်သက်သည့် အမှန်တရားကို ကျွန်ုပ်တို့အားပြောပြနိုင်သော ထူးကဲသာလွန်သည့်ဉာဏ်ပညာ၏ တစ်ခုတည်းသောမူလအမြစ်ဖြစ်သည်။—ဆာလံ ၁၄၆:၃; သု. ၃:၅; ဟေရှာယ ၂:၂-၄။
၃၇။ ခရစ်ယာန်ဘောင်နှင့်ပတ်သက်၍ ဘာမေးစရာရှိသနည်း။
၃၇ သမ္မာကျမ်းစာနှင့်ပတ်သက်သည့် ယုံကြည်စိတ်ချနိုင်ခြင်းနှင့် မှန်ကန်မှုရှိခြင်းဆိုင်ရာ သက်သေအလုံအလောက်ရှိသော်လည်း ယင်းကိုလက်ခံပါသည်ဟုဆိုသူအားလုံးတို့သည် ယင်း၏သွန်သင်ချက်များကို လိုက်လျှောက်ကြပါသလော။ ခရစ်ယာန်အယူဝါဒကို ကျင့်သုံးပါသည်ဟုဆိုသော လူမျိုးများဖြစ်သည့် ခရစ်ယာန်ဘောင်ကို ဥပမာအနေနှင့် သုံးသပ်ကြည့်ပါ။ သူတို့သည် နှစ်ရာစုများစွာကြာ သမ္မာကျမ်းစာကိုပိုင်ဆိုင်လာခဲ့ကြသည်။ သို့သော် သူတို့၏အတွေးအခေါ်နှင့်လုပ်ရပ်တို့က ဘုရားသခင်၏ ထူးကဲသာလွန်သည့်ဉာဏ်ပညာကို ထင်ဟပ်ပါသလော။
[စာမျက်နှာ ၁၁ ပါ ရုပ်ပုံ]
ဆာအိုက်ဇက်နယူတန်က မြေကြီးသည် အခြားသောကောင်းကင်တန်ဆာများနှင့် ဆွဲငင်အားဖြင့် အာကာသထဲတွင်တည်ရှိနေကြောင်း ယုံကြည်သည်
မြေကြီးသည် ဘာမျှမရှိသည့်လဟာပြင်ဖြင့် ဝန်းရံထားခြင်းခံရသည်ဟူသော ကျမ်းစာ၏ပုံဖော်ချက်သည် ယင်းအချိန်အတွက် ထူးဆန်းသောအမြင်ဖြစ်ကြောင်း ကျမ်းပညာရှင်များက အသိအမှတ်ပြုကြသည်
[စာမျက်နှာ ၁၂ ပါ ရုပ်ပုံ]
ရှေးအချိန်က ပင်လယ်ရေကြောင်းသွားလာသူအချို့တို့သည် ရွက်လွှင့်ရာတွင် ပြားသောကမ္ဘာ၏အစွန်းသို့ ကျွံထွက်သွားမိမည်ကိုပင် စိုးရိမ်ခဲ့ကြသည်
[စာမျက်နှာ ၁၃ ပါ ရုပ်ပုံ]
ဂျူးလိယက်စီဇာ၊ ရှားလမိန်းဧကရာဇ်၊ အော်လီဗာကရမ်းဝဲလ် သို့မဟုတ် တတိယမြောက်လီယိုပုပ်ရဟန်းမင်းတို့ အသက်ရှင်ခဲ့ကြောင်းအထောက်အထားထက် ခရစ်တော်ယေရှုတည်ရှိခဲ့ကြောင်း အထောက်အထားကပိုများ
[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]
စီ.အီး. ၇၀ တွင် ယေရုရှလင်မြို့ပျက်စီးခြင်းနှင့် ပတ်သက်၍ ယေရှုပေးခဲ့သည့် ပရောဖက်ပြုချက်များပြည့်စုံခြင်းကို ရောမမြို့ရှိ တိတုခုံးက သက်သေခံသည်