အပိုင်း ၆
ဆင်းရဲဒုက္ခနှင့်မတရားမှု အဘယ်ကြောင့်ဤမျှများပြားရသနည်း
၁၊ ၂။ လူသားတွေ့ကြုံနေရသည်များကိုထောက်၍ မည်သည့်မေးခွန်းများကိုမေးနိုင်သနည်း။
၁ မည်သို့ဆိုစေ ပရဒိသုအခြေအနေရှိမြေကြီးပေါ်တွင် စုံလင်သည့်လူသားများ ထာဝစဉ်အသက်ရှင်ရန် ဘုရားသခင်ရည်ရွယ်ခဲ့ပြီး ယင်းသည် ကိုယ်တော့်ရည်ရွယ်ချက်ဖြစ်မြဲဖြစ်ပါမူ အဘယ်ကြောင့် ယခု ပရဒိသုမဖြစ်သေးသနည်း။ ယင်းအစား လူသားများသည် ရာစုနှစ်ပေါင်းများစွာကြာ ဆင်းရဲဒုက္ခနှင့် မတရားမှုများကို အဘယ်ကြောင့်ခံစားလာခဲ့ရသနည်း။
၂ လူ့သမိုင်းသည် စစ်၊ နယ်ချဲ့အနိုင်ယူခြင်း၊ ခေါင်းပုံဖြတ်ခြင်း၊ တရားမျှတမှုမရှိခြင်း၊ ဆင်းရဲနွမ်းပါးခြင်း၊ ဘေးအန္တရာယ်များ၊ ဖျားနာခြင်းနှင့် သေခြင်းတို့ကြောင့် ဖြစ်ရသောပူဆွေးသောကများဖြင့် ပြည့်လျက်ရှိသည်မှာ ယုံမှားဖွယ်မရှိချေ။ ဤမျှဆိုးဝါးသောအရာများသည် အပြစ်မဲ့သားကောင်ဖြစ်သော လူများစွာတို့အပေါ် အဘယ်ကြောင့်သက်ရောက်ရသနည်း။ ဘုရားသခင်သည် တန်ခိုးအကြီးမားဆုံးအရှင်ဖြစ်ပါမူ ဤမျှအတိုင်းအတာကြီးမားသည့် ဆင်းရဲဒုက္ခများကို နှစ်ထောင်ပေါင်းများစွာကြာ အဘယ်ကြောင့်ခွင့်ပြုလာခဲ့ရသနည်း။ ဘုရားသခင်သည် စကြဝဠာကို အလွန်ကောင်းမွန်စွာ ပုံစံထုတ်လုပ်ပြီး စနစ်တကျဖွဲ့စည်းစီစဉ်ခဲ့လျက်နှင့် မြေကြီးပေါ်တွင် ဗရမ်းဗတာဖြစ်ခြင်းနှင့် ဖျက်လိုဖျက်ဆီးလုပ်ခြင်းတို့ကို အဘယ်ကြောင့်ခွင့်ပြုထားရသနည်း။
ဥပမာတစ်ခု
၃-၅။ (က) စည်းစနစ်ကျသောဘုရားသခင်သည် အဘယ်ကြောင့် မြေကြီးပေါ်တွင် ဗရမ်းဗတာဖြစ်ခွင့်ပြုခြင်းနှင့်ပတ်သက်၍ ကျွန်ုပ်တို့နားလည်ရန် မည်သည့်ဥပမာက အကူအညီပေးနိုင်သနည်း။ (ခ) မည်သည့်ဖြစ်နိုင်ခြေက မြေကြီးဆိုင်ရာအခြေအနေနှင့် ကိုက်ညီသနည်း။
၃ စည်းစနစ်ကျသောဘုရားသခင်သည် မြေကြီးပေါ်တွင် ဗရမ်းဗတာဖြစ်ခြင်းကို အဘယ်ကြောင့်ခွင့်ပြုရကြောင်းရှင်းပြရန် ပုံဥပမာတစ်ခုကို ကျွန်ုပ်တို့အသုံးပြုကြစို့။ ကျေးဇူးပြု၍ ဤသို့စဉ်းစားကြည့်ပါ၊ သင်သည် တောအုပ်တစ်ခုအတွင်းလမ်းလျှောက်ရင်း အိမ်တစ်လုံးကိုတွေ့သည်ဆိုကြပါစို့။ အိမ်ကိုသင်ကြည့်ရှုစစ်ဆေးလိုက်သောအခါ အိမ်သည် ဖရိုဖရဲဖြစ်နေသည်ကိုသင်တွေ့ရသည်။ ပြတင်းပေါက်များကျိုးပဲ့နေပြီး ခေါင်မိုးမှာ အလွန်ပင်ပျက်စီးနေသည်။ သစ်သားဆင်ဝင်မှာ အပေါက်များဖြစ်နေသည်။ တံခါးမှာ ပတ္တာမှပြုတ်ထွက်၍ တန်းလန်းဖြစ်နေပြီး ရေပိုက်များလည်းမကောင်းဖြစ်နေသည်။
၄ ဤချို့ယွင်းချက်များကိုမြင်၍ ထိုအိမ်ကို ဉာဏ်ရှိသောဆောက်လုပ်သူတစ်ဦးက ဆောက်လုပ်ခဲ့ခြင်းမဖြစ်နိုင်ဟု သင်ကောက်ချက်ချမည်လော။ ဖရိုဖရဲဖြစ်နေခြင်းက အိမ်သည် အလိုအလျောက်ဖြစ်လာသည်ဟု သင့်အားယုံကြည်စေမည်လော။ သို့မဟုတ် တစ်စုံတစ်ဦးသည် ထိုအိမ်ကို ပုံစံပြုပြီးတည်ဆောက်ခဲ့သည်ဟု သင်မှတ်ချက်ချလျှင် ထိုသူသည် တတ်ကျွမ်းမှုမရှိ၊ စဉ်းစားဉာဏ်ကင်းမဲ့သူဟု သင်ယူမှတ်မည်လော။
၅ အဆောက်အအုံကို သာ၍နှံ့စပ်စွာစစ်ဆေးကြည့်သောအခါ ယင်းသည် မူလက ကောင်းမွန်စွာပြုလုပ်ထားခြင်းခံရပြီး အကြံဉာဏ်ရှိစွာဖြင့် ဂရုတစိုက်ဆောက်လုပ်ထားသည့် အထောက်အထားများကို သင်တွေ့ရပေမည်။ သို့သော် ယခုတွင် လုံးဝပြုပြင်မွမ်းမံမှုမရှိ ပြိုတော့မည့်အခြေသို့ဦးတည်နေသည်။ ယိုယွင်းမှုနှင့် ဖြစ်ပျက်မှုများက ဘာကိုညွှန်ပြနိုင်သနည်း။ ယင်းတို့က (၁) ပိုင်ရှင်သည် သေဆုံးခဲ့ပြီ; (၂) သူသည် အရည်အချင်းရှိဆောက်လုပ်နိုင်သူဖြစ်သော်လည်း အိမ်ကိုလုံးဝစိတ်မဝင်စားတော့; သို့မဟုတ် (၃) တန်ဖိုးမထားတတ်သည့်အိမ်ငှားများကို ခေတ္တငှားရမ်းထားခြင်း စသည့်အကြောင်းတစ်ခုခုကို တင်ပြရာရောက်သည်။ နောက်ဆုံးအချက်သည် ဤမြေကြီးပတ်သက်သည့်အခြေအနေနှင့် အလားတူဖြစ်သည်။
မည်သည့်အမှားအယွင်းရှိခဲ့သနည်း
၆၊ ၇။ အာဒံနှင့်ဧဝတို့သည် ဘုရားသခင်၏ပညတ်ကိုချိုးဖောက်သောအခါ သူတို့ဘာဖြစ်သနည်း။
၆ ကနဦးကျမ်းစာမှတ်တမ်းများတွင် ကျွန်ုပ်တို့သိရှိခဲ့သည့်အတိုင်း လူသားများ ဒုက္ခဆင်းရဲခံရခြင်း သို့မဟုတ် သေခြင်းသည် ဘုရားသခင်၏ရည်ရွယ်ချက်မဟုတ်ခဲ့ပေ။ ကျွန်ုပ်တို့၏ပထမမိဘနှစ်ပါးဖြစ်သော အာဒံနှင့်ဧဝတို့သည် ဘုရားသခင်ကိုမနာခံခဲ့သောကြောင့်သာလျှင် သေဆုံးခဲ့ရခြင်းဖြစ်သည်။ (ကမ္ဘာဦး၊ အခန်းကြီး ၂ နှင့် ၃) သူတို့မနာခံသောအခါ ဘုရားသခင်၏အလိုကို မဆောင်ကြတော့ချေ။ သူတို့သည် ဘုရားသခင်၏ကြည့်ရှုစောင့်ရှောက်မှုအောက်မှ ရှောင်ထွက်ခဲ့ကြသည်။ တစ်နည်းအားဖြင့် သူတို့သည် မိမိတို့ကိုယ်ကို “အသက်၏ပင်ရင်းအမြစ်” ဖြစ်သောဘုရားသခင်နှင့် အဆက်အသွယ်ဖြတ်တောက်လိုက်ကြသည်။—ဆာလံ ၃၆:၉၊ ကဘ။
၇ စွမ်းအင်အရင်းအမြစ်နှင့် အဆက်ဖြတ်လိုက်သောစက်တစ်ခုသည် လည်ပတ်မှုနှေးကွေးလာပြီးရပ်သွားသကဲ့သို့ သူတို့၏ခန္ဓာနှင့်စိတ်တို့သည် ဆုတ်ယုတ်လာသည်။ ရလဒ်အနေနှင့် အာဒံနှင့်ဧဝတို့၏အခြေအနေသည် ယိုယွင်းကျဆင်းလာပြီး အိုမင်းကာ နောက်ဆုံးသေကြရတော့သည်။ ထိုနောက်ပိုင်း ဘာဖြစ်သနည်း။ သူတို့လာရာအရပ်သို့ ပြန်သွားကြရသည်– “သင်သည် မြေမှုန့်ဖြစ်၍ မြေမှုန့်သို့ပြန်ရမည်။” မိမိ၏ပညတ်ကို မနာခံခြင်းက သေခြင်းကိုဖြစ်စေမည့်အကြောင်း ဘုရားသခင်သူတို့အား သတိပေးခဲ့သည်– “ဧကန်အမှန်သေရမည်။”—ကမ္ဘာဦး ၂:၁၇; ၃:၁၉။
၈။ ကျွန်ုပ်တို့ပထမမိဘ၏အပြစ်သည် မည်သည့်နည်းဖြင့် လူသားမျိုးနွယ်ကို ဩဇာသက်ရောက်ခဲ့သနည်း။
၈ ကျွန်ုပ်တို့၏ပထမမိဘနှစ်ပါးတည်းသာ သေဆုံးခဲ့ခြင်းမဟုတ်ဘဲ သူတို့၏သားစဉ်မြေးဆက်ဖြစ်သည့် လူသားမျိုးနွယ်တစ်ရပ်လုံး သေခြင်းတရားအောက် လည်စင်းခံခဲ့ရသည်။ အဘယ်ကြောင့်နည်း။ မျိုးရိုးဗီဇနိယာမအရ ကလေးများသည် မိမိတို့မိဘများ၏ဂုဏ်အင်္ဂါရပ်ကို အမွေဆက်ခံကြရသည်။ သို့နှင့် ကျွန်ုပ်တို့၏ပထမမိဘနှစ်ပါးထံမှ ကလေးအားလုံးရရှိသည့်အမွေမှာ မစုံလင်မှုနှင့်သေခြင်းဖြစ်သည်။ ရောမ ၅:၁၂ က ကျွန်ုပ်တို့အားဤသို့ဖော်ပြသည်– “အပြစ်တရားသည် တစ်ယောက်သောသူ [လူသားတို့၏ဘိုးဘေးအာဒံ] အားဖြင့် ဤလောကသို့ဝင်၍ အပြစ်တရားအားဖြင့် သေခြင်းတရားဝင်သည်နှင့်အညီ လူအပေါင်းတို့သည် [မစုံလင်မှုကိုအမွေခံရခြင်းဖြင့်၊ တစ်နည်းဆိုသော် အပြစ်သို့တိမ်းယိမ်းခြင်းဖြင့်] အပြစ်ရှိသောကြောင့် သေခြင်းသို့ရောက်ရကြ၏။” အပြစ်၊ မစုံလင်မှုနှင့် သေခြင်းတို့သည် လူသားတို့သိရှိထားသည့်အရာမျှသာဖြစ်ရာ အချို့တို့က ယင်းတို့ကို သဘာဝဓမ္မတာဖြစ်ပြီး မရှောင်လွဲနိုင်သောအရာများဟု ယူမှတ်ကြသည်။ သို့သော် ကနဦးလူသားတို့သည် ထာဝစဉ်အသက်ရှင်ရန် အစွမ်းသတ္တိနှင့်ဆန္ဒတို့ဖြင့် ဖန်ဆင်းခံခဲ့ကြရသည်။ ထို့ကြောင့် လူများစွာတို့က သေခြင်းအားဖြင့် မိမိတို့သက်တမ်းကုန်ဆုံးရမည်ကို အလွန်စိတ်အနှောင့်အယှက်ဖြစ်ကြရသည်။
အဘယ်ကြောင့်ဤမျှကြာရှည်ရ
၉။ ဆင်းရဲဒုက္ခကို အဘယ်ကြောင့်ဤမျှကြာရှည်စွာ ဘုရားသခင်ခွင့်ပြုလာခဲ့သနည်း။
၉ လူသားတို့သည် ကိုယ့်လမ်းစဉ်ကိုယ်လျှောက်ရန် အဘယ်ကြောင့် ဤမျှကြာရှည်စွာ ဘုရားသခင်ခွင့်ပြုထားရသနည်း။ ဤရာစုနှစ်များစွာတစ်လျှောက်လုံး အဘယ်ကြောင့် ဆင်းရဲဒုက္ခကို ကိုယ်တော်ခွင့်ပြုလာခဲ့ရသနည်း။ အဓိကအကြောင်းတစ်ခုကား အရေးကြီးသည့်ပြဿနာတစ်ရပ်ပေါ်ပေါက်ခဲ့သောကြောင့်ဖြစ်သည်– မည်သူသည် အုပ်ချုပ်ပိုင်ခွင့်ရှိသနည်း။ ဘုရားသခင်သည် လူသားတို့၏အုပ်ချုပ်ရှင်ဖြစ်သင့်သလော၊ သို့မဟုတ် လူသားတို့သည် ကိုယ်တော်မပါဘဲ မိမိတို့ကိုယ်မိမိတို့ပြန်အုပ်ချုပ်နိုင်မည်လော။
၁၀။ မည်သည့်တာဝန်နှင့်အတူ မည်သည့်အရည်အချင်းကို လူသားများပေးအပ်ခံရသနည်း။
၁၀ လူသားတို့သည် လွတ်လပ်စွာလုပ်ပိုင်ခွင့်၊ တစ်နည်းအားဖြင့် ရွေးချယ်နိုင်သည့်အရည်အချင်းအားဖြင့် ဖန်ဆင်းခံထားရသည်။ သူတို့သည် စက်ရုပ်ကဲ့သို့ သို့မဟုတ် ဗီဇဉာဏ်အားဖြင့်ပဲ့ထိန်းခံရသော တိရစ္ဆာန်များကဲ့သို့ ဖန်ဆင်းခံထားရခြင်းမဟုတ်ပါ။ ထို့ကြောင့် လူသားတို့သည် မည်သူ့အားဝတ်ပြုမည်ကို ကိုယ်တိုင်ရွေးချယ်နိုင်ကြသည်။ (တရားဟောရာ ၃၀:၁၉; ၂ ကောရိန္သု ၃:၁၇) ထို့ကြောင့် ဘုရားသခင့်နှုတ်ကပါဌ်တော်က ဤသို့သွန်သင်ထားသည်– “လူလွတ်ဖြစ်သော်လည်း လွတ်ခြင်းအကြောင်းဖြင့် မကောင်းသောအမှုတို့ကို ဖုံးအုပ်သောသူကဲ့သို့မကျင့်၊ ဘုရားသခင်၏ကျွန်ကဲ့သို့ကျင့်နေကြလော့။” (၁ ပေတရု ၂:၁၆) မည်သို့ဆိုစေ လူသားတို့သည် အံ့ဖွယ်ဆုကျေးဇူးဖြစ်သည့် လွတ်လပ်စွာရွေးချယ်ပိုင်ခွင့်ကို ရရှိထားရာ သူတို့ရွေးချယ်မှုလုပ်ရပ်၏အကျိုးဆက်များကို လက်ခံကြရပေမည်။
၁၁။ ဘုရားသခင်နှင့် ကင်းကွာသည့်လမ်းစဉ်သည် အောင်မြင်မှုရှိနိုင်မနိုင်နှင့်ပတ်သက်၍ သိနိုင်ရန်တစ်ခုတည်းသောနည်းကား အဘယ်နည်း။
၁၁ ကျွန်ုပ်တို့၏ပထမမိဘတို့သည် မှားယွင်းသည့်ရွေးချယ်မှုကို ပြုခဲ့ကြသည်။ သူတို့သည် ဘုရားသခင်နှင့် သီးခြားလွတ်လပ်သည့်လမ်းစဉ်ကို ရွေးချယ်ခဲ့ကြသည်။ မှန်သည်။ သူတို့၏ လွတ်လပ်စွာရွေးချယ်ပိုင်ခွင့်ကို အလွဲသုံးပြီးပြီးချင်း ထိုပုန်ကန်သည့်မောင်နှံကို ဘုရားသခင်သေဒဏ်စီရင်မည်ဆိုလျှင် စီရင်နိုင်သည်။ သို့သော် ယင်းသို့ ပြုခြင်းက လူသားများကို ဘုရားသခင်အုပ်ချုပ်ပိုင်ခွင့်နှင့် ပတ်သက်သည့်ပြဿနာကို ဖြေရှင်းပေးနိုင်မည်မဟုတ်။ ပထမလူမောင်နှံသည် ဘုရားသခင်ထံမှသီးခြားလွတ်လပ်မှုကို လိုလားခဲ့ရာ ဤမေးခွန်းကိုဖြေရန် လိုအပ်လာသည်– ထိုလမ်းစဉ်သည် ပျော်ရွှင်၍အောင်မြင်သောအသက်တာကို ဖြစ်ထွန်းစေနိုင်မည်လော။ အဖြေရရန် တစ်ခုတည်းသောနည်းမှာ ကျွန်ုပ်တို့၏ပထမမိဘနှစ်ပါးနှင့် သူတို့၏သားစဉ်မြေးဆက်များကို သူတို့ရွေးချယ်သည့်အတိုင်း ကိုယ့်လမ်းကိုယ်လျှောက်ရန် ခွင့်ပြုလိုက်ခြင်းဖြစ်သည်။ လူသားများသည် မိမိတို့၏ဖန်ဆင်းရှင်နှင့်ကင်းကွာလျက် မိမိတို့အချင်းချင်း အောင်မြင်စွာအုပ်ချုပ်နိုင်ရန် ဖန်ဆင်းခံရခြင်းဟုတ်မဟုတ်ဟူသည့်အချက်ကို အချိန်က သက်သေထူမည်ဖြစ်သည်။
၁၂။ လူ့အုပ်ချုပ်မှုကို ယေရမိမည်သို့သတ်မှတ်သနည်း။ အဘယ်ကြောင့် ထိုသို့ဖြစ်ရသနည်း။
၁၂ မည်သည့်အကျိုးဖြစ်ထွန်းမည်ကို သမ္မာကျမ်းစာရေးသားသူယေရမိ သိရှိခဲ့သည်။ ဘုရားသခင်၏ တန်ခိုးကြီးသောသန့်ရှင်းသောဝိညာဉ်တော် သို့မဟုတ် လှုပ်ရှားတတ်သည့်စွမ်းအား၏ ညွှန်ကြားချက်အရ သူဤသို့မှန်ကန်စွာရေးသားခဲ့သည်– “အိုထာဝရဘုရား၊ လူသည် မိမိသွားရာလမ်းကို အစိုးမရ။ သွားစဉ်အခါ မိမိခြေရာတို့ကို မစီရင်တတ်သည်ကို အကျွန်ုပ်သိပါ၏။ အိုထာဝရဘုရား အကျွန်ုပ်ကို . . . ဆုံးမတော်မူပါ။” (ယေရမိ ၁၀:၂၃၊ ၂၄) လူသားတို့သည် ဘုရားသခင့်ကောင်းကင်ဆိုင်ရာဉာဏ်ပညာ၏ လမ်းညွှန်မှုလိုအပ်သည်ကို သူသိရှိခဲ့သည်။ အဘယ်ကြောင့်နည်း။ ကိုယ်တော့်လမ်းညွှန်မှုနှင့်ကင်းကွာလျက် အောင်မြင်မှုရရန် လူသားများအား ဘုရားသခင်ဖန်ဆင်းထားခြင်း မဟုတ်သောကြောင့်ဖြစ်သည်။
၁၃။ နှစ်ထောင်ပေါင်းများစွာကြာသည့် လူ့အုပ်ချုပ်မှု၏ရလဒ်က မည်သည့်အရာသေချာကြောင်း ဖော်ပြသနည်း။
၁၃ နှစ်ထောင်ပေါင်းများစွာကြာသည့် လူ့အုပ်ချုပ်မှု၏ရလဒ်က လူသားများသည် ဖန်ဆင်းရှင်နှင့်ကင်းကွာလျက် မိမိတို့၏အရေးကိစ္စများကို ထိန်းသိမ်းကိုင်တွယ်ရမည့်သူများမဟုတ်သည်မှာ သေချာကြောင်း ဖော်ပြနေသည်။ ထိုသို့စမ်းကြည့်ပြီးနောက် ဘေးဒုက္ခဖြစ်စေသည့်ဆိုးကျိုးများအတွက် မိမိတို့ကိုယ်ကိုသာ ပြန်အပြစ်တင်ရပေမည်။ ယင်းအချက်ကို သမ္မာကျမ်းစာဤသို့ရှင်းပြသည်– “ဘုရားသခင်သည် မူလအမြစ်ဖြစ်၍ အမှုတော်သည် စုံလင်ပေ၏။ စီရင်တော်မူသမျှတို့သည် တရားနှင့်ညီလျက် သစ္စာစောင့်သောဘုရား၊ အပြစ်ကင်းလွတ်၍ ဟုတ်မှန်ဖြောင့်မတ်သောဘုရားဖြစ်တော်မူ၏။ သူတို့သည် ယိုယွင်းကြပြီ။ ဘုရားသခင်၏သားမဟုတ် အညစ်အကြေးကပ်ကြ၏။ သဘောကောက်၍ ဖောက်ပြန်သောအမျိုးဖြစ်ကြ၏။”—တရားဟောရာ ၃၂:၄၊ ၅။
မကြာမီ ဘုရားသခင်ကြားဝင်လုပ်ဆောင်တော့မည်
၁၄။ အဘယ်ကြောင့် ဘုရားသခင်သည် လူ့ရေးလူ့ရာများတွင် ကြားဝင်ရန် ဖင့်နွှဲနေတော့မည်မဟုတ်သနည်း။
၁၄ ရာစုနှစ်များစွာအတွင်း လူ့အုပ်ချုပ်မှု၏ချွတ်ယွင်းချက်ကို သက်သေထင်ရှားရန် အလုံအလောက်ခွင့်ပြုပြီးနောက် ဘုရားသခင်သည် လူ့ရေးလူ့ရာများတွင် ကြားဝင်၍ ဆင်းရဲဒုက္ခ၊ ဝမ်းနည်းပူဆွေးခြင်း၊ ဖျားနာမှုနှင့်သေခြင်းတို့ကို အဆုံးသတ်နိုင်ပြီဖြစ်သည်။ ဘုရားသခင်သည် လူသားများအား သိပ္ပံပညာ၊ စက်မှုလက်မှု၊ ဆေးဝါးနှင့် အခြားကဏ္ဍများတွင် အမြင့်မားဆုံး တိုးတက်အောင်မြင်ခွင့်ပြုခဲ့ပြီးဖြစ်ရာ ငြိမ်းချမ်းသောပရဒိသုကမ္ဘာကို လုပ်ပေးနိုင်မနိုင်နှင့်ပတ်သက်၍ သက်သေထူရန် နောက်ထပ်ရာစုနှစ်များစွာ မိမိတို့၏ဖန်ဆင်းရှင်နှင့် ကင်းကွာနေခွင့်ပြုစရာမလိုတော့ချေ။ သူတို့မလုပ်ခဲ့သကဲ့သို့ လုပ်လည်းမလုပ်နိုင်ချေ။ ဘုရားသခင်အား မှီခိုအားထားမှုကင်းခြင်းသည် အလွန်ရုပ်ဆိုးသော၊ စက်ဆုပ်ဖွယ်ကောင်းသော၊ အန္တရာယ်များသည့်ကမ္ဘာကို ဖြစ်လာစေသည်။
၁၅။ မည်သည့်ကျမ်းစာသြဝါဒကို ကျွန်ုပ်တို့လိုက်နာသင့်သနည်း။
၁၅ လူသားများကို ကူညီလိုသောဆန္ဒရှိသည့် စိတ်ရင်းမှန်ရှိသောအုပ်ချုပ်သူများ ရှိကြသော်လည်း သူတို့၏ကြိုးစားအားထုတ်မှုသည် အချည်းနှီးဖြစ်သည်။ ယနေ့ နေရာတိုင်းတွင် လူ့အုပ်ချုပ်ရေး၏ ပျက်စီးယိုယွင်းမှုထင်ရှားလျက်ရှိသည်။ ထို့ကြောင့် သမ္မာကျမ်းစာက ဤသို့သွန်သင်ထားသည်– “မင်းများမှစ၍ မကယ်တင်နိုင်သောလူသားကို မကိုးစားကြနှင့်။”—ဆာလံ ၁၄၆:၃။
[စာမျက်နှာ ၂၄၊ ၂၅ ပါ ရုပ်ပုံ]
စိတ်ရင်းမှန်ရှိသည့် လောကအုပ်ချုပ်သူများပင်လျှင် ငြိမ်းချမ်းသောပရဒိသုကမ္ဘာ ဖြစ်ပေါ်စေရန် မတတ်စွမ်းနိုင်ခဲ့ကြ