အခန်း ၂၁
ကြွားသင့်သလား
ကြွားတယ်ဆိုတာ ဘာကို ဆိုလိုသလဲ။ သိကြသလား။— ဥပမာတစ်ခု ပြောပြမယ်။ မကျွမ်းကျင်တဲ့အလုပ် တစ်ခုခု စမ်းလုပ်ဖူးသလား။ ကလေးတို့ ဘောလုံး ကန်တဲ့အခါဖြစ်ဖြစ်၊ ကြိုးခုန်တဲ့အခါဖြစ်ဖြစ် တစ်ယောက်ယောက်က “ဟား ဟား ဟား၊ ငါ မင်းထက် တော်တယ်ကွ” လို့ ဟားတိုက် ပြောဖူးသလား။— အေး၊ အဲဒါ ကြွားနေတာပေါ့။
လူတွေ ကြွားတဲ့အခါ ကလေးတို့ ဘယ်လို ခံစားရသလဲ။ ကြိုက်သလား။— ဒါဆိုရင် ကလေးတို့ ကြွားရင်ကော တခြားသူတွေ ဘယ်လို ခံစားမယ် ထင်သလဲ။— တစ်ဖက်သားကို “ငါ မင်းထက် တော်တယ်ကွ” လို့ပြောရင် ကောင်းမလား။— အဲဒီလိုပြောတဲ့သူတွေကို ယေဟောဝါ ကြိုက်ပါ့မလား။—
ကိုယ့်ကိုယ်ကိုယ် သူများထက် တော်တယ်လို့ ထင်တဲ့လူတွေကို ကြီးမြတ်တဲ့ဆရာ တွေ့ကြုံဖူးတယ်။ အဲဒီလူတွေက တော်ကြောင်းတတ်ကြောင်း ကြွားဝါပြီး တခြားသူတွေကိုကျတော့ နှိမ်ပြောတတ်ကြတယ်။ ဒါနဲ့ တစ်နေ့မှာ ယေရှုက ကြွားတာ မကောင်းဘူးဆိုတာ သိစေချင်လို့ သူတို့ကို ပုံပြင်တစ်ပုဒ် ပြောပြတယ်။ နားထောင်ကြည့်ရအောင်။
ပုံပြင်လေးကတော့ ဖာရိရှဲနဲ့ အခွန်ခံတို့အကြောင်းပဲကွဲ့။ ဖာရိရှဲတွေက ဘာသာရေးဆရာတွေဆိုတော့ တခြားသူတွေထက် ပိုဖြောင့်မတ်တယ်၊ ပိုသန့်ရှင်းတယ်ဆိုတဲ့ သဘောမျိုးနဲ့ ပြုမူတတ်ကြတယ်။ ယေရှုရဲ့ ပုံပြင်ထဲက ဖာရိရှဲဟာ ဂျေရုဆလင်မြို့မှာရှိတဲ့ ဗိမာန်တော်ကို သွားပြီး ဆုတောင်းသတဲ့။
ဘုရားသခင်က ဘာကြောင့် အခွန်ခံကို နှစ်သက်ပြီး ဖာရိရှဲကိုကျတော့ မနှစ်သက်သလဲ
အခွန်ခံတစ်ယောက်လည်း ဗိမာန်တော်ကို သွားပြီး ဆုတောင်းတယ်လို့ ယေရှုက ပြောတယ်။ လူအတော်များများက အခွန်ခံတွေကို မကြိုက်ကြဘူး။ သူတို့အပေါ် ကလိမ်ကျတယ်လို့ ယူဆကြတယ်။ အခွန်ခံ အများစုဟာ အမြဲတမ်း မရိုးသားကြတာကတော့ အမှန်ပါပဲ။
ဗိမာန်တော်မှာ ဖာရိရှဲက ‘ဘုရားသခင်၊ ကျွန်တော်ဟာ အများတကာလို လုယက်သူ၊ မဖြောင့်မတ်သူ၊ အိမ်ထောင်ရေးဖောက်ပြန်သူ မဟုတ်တဲ့အပြင် ဟောဒီအခွန်ခံလိုလည်း မဟုတ်တဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျွန်တော်က တစ်ပတ်မှာ နှစ်ကြိမ် အစာရှောင်ပါတယ်။ ရသမျှကိုလည်း ဆယ်ဖို့တစ်ဖို့ ပေးလှူပါတယ်’ ဆိုပြီး ဘုရားသခင်ဆီ ဆုတောင်းတယ်ကွဲ့။ ဒီဖာရိရှဲက သူ့ကိုယ်သူ သူတစ်ပါးထက် ဖြောင့်မတ်တယ်လို့ ထင်နေတယ်။ ဟုတ်တယ် မဟုတ်လား။— ဒီအကြောင်းကိုလည်း ဘုရားသခင်ကို ပြောပြသေးတယ်လေ။
အခွန်ခံကတော့ အဲဒီလို မဟုတ်ဘူး။ ဆုတောင်းတဲ့အခါမှာ ကောင်းကင်ကိုတောင် မော်မကြည့်ရဲဘူး။ ခပ်လှမ်းလှမ်းမှာ ရပ်ပြီး ခေါင်းငုံ့နေတယ်။ သူ့အပြစ်အတွက် ယူကျုံးမရဖြစ်ပြီး ရင်ဘတ်ကို ထုလို့နေတယ်။ သူ ဘယ်လောက် ကောင်းတယ်ဆိုပြီး ဘုရားသခင်ကို မပြောပြဘဲ ‘ဘုရားသခင်၊ အပြစ်သားဖြစ်တဲ့ ကျွန်တော့်ကို သနားပါ’ ဆိုပြီး ဆုတောင်းရှာတယ်။
ဒီနှစ်ယောက်ထဲက ဘယ်သူ့ကို ဘုရားသခင် နှစ်သက်မယ်လို့ ကလေးတို့ ထင်သလဲ။ ကိုယ့်ကိုယ်ကိုယ် သူတော်ကောင်းလို့ ထင်မှတ်နေတဲ့ ဖာရိရှဲကိုလား။ ဒါမှမဟုတ် ကိုယ့်အပြစ်အတွက် ဝမ်းနည်းကြေကွဲနေတဲ့ အခွန်ခံကိုလား။—
ဘုရားသခင် နှစ်သက်တဲ့သူဟာ အခွန်ခံဖြစ်တယ်လို့ ယေရှု ပြောတယ်။ ဘာကြောင့်လဲ။ ယေရှုက ဒီလိုရှင်းပြတယ်– ‘ကိုယ့်ကိုယ်ကိုယ် ချီးမြှောက်တဲ့သူဟာ နှိမ့်ချခံရပြီး နှိမ့်ချတဲ့သူကတော့ ချီးမြှောက်ခံရလိမ့်မယ်။’—လုကာ ၁၈:၉-၁၄။
ဒီပုံပြင်မှာ ယေရှု သင်ပေးနေတဲ့ သင်ခန်းစာက ဘာလဲ။— ကိုယ့်ကိုယ်ကိုယ် သူတစ်ပါးထက် ကောင်းတယ်၊ တော်တယ်လို့ ထင်တာ မှားတယ်ဆိုတာ သင်ပေးနေတာ။ သူများထက် တော်တယ်၊ ကောင်းတယ်လို့ ပါးစပ်နဲ့ မပြောရင်လည်း အပြုအမူနဲ့ ပြနိုင်တာပဲ။ ကလေးတို့ကော အဲဒီလို ပြုမူသလား။— တမန်တော်ပေတရုအကြောင်း စဉ်းစားကြည့်ပါ။
အဖမ်းခံရတဲ့အခါ တမန်တော်အားလုံး သူ့ကို စွန့်ပစ်သွားမယ်လို့ ယေရှုပြောတော့ ပေတရုက ‘တခြားသူတွေ သခင့်ကို စွန့်ခွာသွားရင်တောင် ကျွန်တော်ကတော့ ဘယ်တော့မှ မစွန့်ဘူး’ ဆိုပြီး ကြွားပြောခဲ့တယ်။ ဒါပေမဲ့ ပေတရု မှားသွားတယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ်ချလွန်းတယ်။ သူလည်း ယေရှုကို စွန့်ပစ်သွားခဲ့တာပဲ။ ဒါပေမဲ့ သူပြန်လှည့်လာခဲ့တယ်။ ဒီအကြောင်းကို ဒီစာအုပ်ရဲ့ အခန်း ၃၀ မှာ တို့တစ်တွေ သိရလိမ့်မယ်။—မဿဲ ၂၆:၃၁-၃၃။
အခုခေတ် ဥပမာတစ်ခုကို ကြည့်ရအောင်။ ကျောင်းမှာ ကလေးတို့ရဲ့ အတန်းဖော်တစ်ယောက်ကို ဆရာက မေးခွန်းတစ်ခု မေးတယ်ဆိုပါတော့။ ကလေးတို့က ချက်ချင်း ဖြေနိုင်ပေမဲ့ ဟိုကျောင်းသားကျတော့ ချက်ချင်း မဖြေနိုင်ဘူးဆိုရင် ဘာလုပ်မလဲ။ အဖြေကို သိထားတော့ ကလေးတို့ ပျော်နေမှာပေါ့။ ဒါပေမဲ့ အဖြေပေးဖို့ နှေးကွေးတဲ့သူကို ကိုယ်နဲ့နှိုင်းယှဉ်ရင် ကြင်နာရာ ရောက်မလား။— ကိုယ့်ကိုယ်ကိုယ် အမွှမ်းတင်ပြီး တစ်ဖက်သားကိုကျတော့ နှိမ်ပြောတာဟာ သင့်တော်ပါ့မလား။—
ဒီဖာရိရှဲ အဲဒီလိုပဲ လုပ်ခဲ့တယ်။ သူ့ကိုယ်သူ အခွန်ခံထက် ပိုကောင်းတယ်လို့ အမွှမ်းတင်တယ်။ ဒါပေမဲ့ သူ့လုပ်ပုံဟာ မှားတယ်လို့ ကြီးမြတ်တဲ့ဆရာက ပြောတယ်။ လူတစ်ယောက်ဟာ တခြားတစ်ယောက်ထက် တချို့နေရာမှာ တော်တယ်၊ သာတယ်ဆိုတာတော့ မှန်ပါတယ်။ ဒါပေမဲ့ အဲဒီအတွက်နဲ့ သူများထက် တကယ်ပဲ ပိုတော်တယ်၊ ပိုကောင်းတဲ့သူဖြစ်တယ် ဆိုတဲ့သဘောမျိုး မသက်ရောက်ပါဘူး။
သူများထက် ပိုတတ်၊ ပိုသိတဲ့အတွက် ပိုတော်၊ ပိုကောင်းတဲ့သူ ဖြစ်သွားရောလား
ဒါကြောင့် သူများတကာထက် ပိုတတ်တယ်၊ ပိုသိတယ်ဆိုရင်တောင် ကြွားသင့်သလား။— စဉ်းစားကြည့်နော်။ တို့ရဲ့ဦးနှောက်ကို တို့တစ်တွေ လုပ်ထားတာလား။— မဟုတ်ဘူး၊ တို့တစ်ယောက်စီကို ဦးနှောက်ပေးတဲ့ပုဂ္ဂိုလ်က ဘုရားသခင်ကွဲ့။ ပြီးတော့ တို့တစ်တွေ သိထားတဲ့၊ တတ်ထားတဲ့အရာ တော်တော်များများဟာ တစ်ယောက်ယောက်ဆီက သင်ယူခဲ့တာတွေချည်းပဲ။ စာအုပ် ဖတ်လို့ သိလာတာလည်း ဖြစ်မယ်။ တစ်ယောက်ယောက် ပြောပြလို့လည်း ဖြစ်မယ်။ ကိုယ့်ဟာကိုယ် စဉ်းစားလို့ သိလာတယ်ပဲထား၊ ဘယ်လို စဉ်းစားသလဲ။— ဟုတ်တာပေါ့၊ ဘုရားသခင် ပေးထားတဲ့ ဦးနှောက်ကို သုံးပြီး စဉ်းစားတာလေ။
လူတစ်ယောက် အလုပ်ကြိုးစားနေတာတွေ့ရင် ပျော်သွားအောင် အားပေးစကား ပြောတာ ကြင်နာတဲ့အလုပ်ပဲ။ သူလုပ်တာကို နှစ်သက်တဲ့အကြောင်း ပြောပြပါ။ ပိုကောင်းကောင်း လုပ်နိုင်အောင် သူ့ကို ကူညီပေးနိုင်တယ်။ ကိုယ့်ကိုလည်း သူများတွေ အဲဒီလို လုပ်ပေးတာ လိုချင်တယ် မဟုတ်လား။—
ကိုယ်က သူများထက် အားရှိတဲ့အတွက် ကြွားမယ် ဆိုရင် ဘာဖြစ်လို့ မှားသလဲ
လူတချို့က သူများထက် ပိုအားရှိတယ်။ ကလေးတို့ ကိုယ့်ညီအစ်ကို၊ ညီအစ်မထက် အားရှိတယ်ဆိုရင် ဘယ်လို ပြောမလဲ။ ဒါ ကြွားစရာ အကြောင်းလား။— မဟုတ်ဘူး။ စားတဲ့အစားအစာက တို့တစ်တွေကို ခွန်အားရှိစေတာပါ။ ပြီးတော့ အဲဒီအစားအစာတွေ ကြီးထွားဖြစ်ထွန်းဖို့ လိုအပ်တဲ့ နေရောင်ခြည်၊ မိုးရေနဲ့ တခြားအရာအားလုံးကို ဘုရားသခင် ပေးထားတာ၊ ဟုတ်တယ် မဟုတ်လား။— ဒါကြောင့် တို့တစ်တွေ အားရှိတယ်ဆိုရင် ဘုရားသခင်ကိုပဲ ကျေးဇူးတင်ရမယ်။—တမန်တော် ၁၄:၁၆၊ ၁၇။
ကိုယ့်အကြောင်း အမွှမ်းတင်ပြီး ကြွားပြောတာကို ဘယ်သူမှ နားမထောင်ချင်ကြဘူး။ ဟုတ်သလား။— ယေရှုရဲ့ ဒီစကားတွေကို မှတ်ထားရအောင်– ‘ကိုယ့်ကို ပြုမူဆက်ဆံစေချင်တဲ့အတိုင်း သူတစ်ပါးကို ပြုမူဆက်ဆံပါ။’ ဒါဆိုရင် ကြီးမြတ်တဲ့ဆရာ ပြောပြတဲ့ပုံပြင်ထဲက ကိုယ့်အကြောင်း ကြွားပြောတဲ့ ဖာရိရှဲလို ဘယ်တော့မှ ဖြစ်မှာမဟုတ်ဘူး။—လုကာ ၆:၃၁။
တစ်ခါတုန်းက လူတစ်ယောက်က ယေရှုကို ကောင်းမြတ်တဲ့ဆရာလို့ ခေါ်ခဲ့တယ်။ ကြီးမြတ်တဲ့ဆရာက ‘ဟုတ်တယ်၊ ငါဟာ ကောင်းမြတ်တယ်’ လို့ပြောသလား။— မပြောဘူးကွဲ့။ အဲဒီအစား ‘ဘုရားသခင်ကလွဲလို့ ကောင်းမြတ်တဲ့သူ ဘယ်သူမှ မရှိဘူး’ လို့ ပြောလိုက်တယ်။ (မာကု ၁၀:၁၈) ကြီးမြတ်တဲ့ဆရာဟာ ပြည့်ဝစုံလင်သူ ဖြစ်ပေမဲ့ ကိုယ့်အကြောင်း ကြွားဝါမပြောခဲ့ဘူး။ သူ့ဖေဖေ ယေဟောဝါကိုပဲ ချီးမွမ်းခဲ့တယ်။
ဒီတော့ တို့တစ်တွေ ဂုဏ်ယူဝင့်ကြွား အမွှမ်းတင်နိုင်တဲ့ ပုဂ္ဂိုလ်တစ်ဦးဦး ရှိသလား။— ရှိတာပေါ့။ တို့တစ်တွေကို ဖန်ဆင်းတဲ့ ယေဟောဝါဘုရားအကြောင်းကို တို့တစ်တွေ ကြွားပြောနိုင်တယ်။ လှပတဲ့ နေဝင်ဆည်းဆာဖြစ်ဖြစ်၊ ဖန်ဆင်းထားတဲ့ အံ့သြစရာ တစ်ခုခုကိုပဲဖြစ်ဖြစ် တွေ့ရတဲ့အခါ ‘ဒါ သိပ်တော်တဲ့ တို့ရဲ့ ဘုရားသခင် ယေဟောဝါ လုပ်ထားတာ’ လို့ ပြောပြနိုင်တယ်။ ယေဟောဝါ လုပ်ထားတဲ့ ကြီးကျယ်တဲ့အရာတွေနဲ့ အနာဂတ်မှာ လုပ်မယ့်အရာတွေ အကြောင်းကို ပြောဆိုဖို့ အမြဲတမ်း အသင့်ရှိနေကြစို့။
ဒီကောင်လေးက ဘာအကြောင်း ကြွားနေတာလဲ
ဝါကြွားခြင်းအကြောင်းနဲ့ပတ်သက်ပြီး ကျမ်းစာအဆိုကို ဖတ်ကြည့်ပြီး ကိုယ့်အကြောင်း ဝါကြွားခြင်းကို ဘယ်လို ရှောင်ရမယ်ဆိုတာ သင်ယူပါ– ပညာအလိမ္မာ ၁၆:၅၊ ၁၈။ ယေရမိ ၉:၂၃၊ ၂၄။ ၁ ကောရိန္သု ၄:၇။ ၁၃:၄။