အခန်းနှစ်
“အဆုံးပိုင်းကာလ” မှာ အမှုဆောင်ခြင်း
၁၊ ၂။ (က) ယေရမိကြိုဟောခဲ့တဲ့သတင်းစကားရဲ့ အဓိကအကြောင်းအရာကို ဘယ်စိတ်အာရုံက ဖော်ပြသလဲ။ (ခ) ယေရမိရဲ့သတင်းစကားကို သင် ဘာကြောင့်စိတ်ဝင်စားသင့်သလဲ။
ဘုရားသခင်က ပရောဖက်အသစ်ဖြစ်တဲ့ လူငယ်ယေရမိကို “သင်သည် အဘယ်အရာကိုမြင်သနည်း” လို့မေးတဲ့အခါ “ဆူပွက်သောအိုးကင်းကို မြင်ပါ၏။ [“မြောက်အရပ်နှင့်ဝေးရာဘက်ကို၊” ကဘ] မျက်နှာပြုလျက်ရှိပါ၏” ဆိုပြီး သူပြန်ဖြေတယ်။ အဲဒီစိတ်အာရုံက ဘယ်လိုသတင်းမျိုးကို ယေရမိကြေညာရမယ်ဆိုတာ ကြိုတင်ဖော်ပြတယ်။ (ယေရမိ ၁:၁၃-၁၆ ကိုဖတ်ပါ။) အဲဒီအိုးဟာ မီးပြင်းပြင်းထိုးထားတဲ့မီးဖိုပေါ်မှာ ပွက်ပွက်ဆူနေတယ်။ သစ္စာမဲ့မှုတွေပျံ့နှံ့နေတဲ့ ယုဒပြည်အပေါ် အဲဒီဆူပွက်နေတဲ့အိုးကို လောင်းချလိုက်သလိုမျိုး ဘေးဆိုးတွေကျရောက်လာမယ်ဆိုပြီး ယေဟောဝါကြိုဟောနေတာဖြစ်တယ်။ အိုးနှုတ်ခမ်းက ဘာလို့ တောင်ဘက်ကိုစောင်းနေတာလဲ။ ဘေးဆိုးတွေက မြောက်ဘက်ကနေ ဝင်ရောက်လာမယ်၊ ဗာဗုလုန်က မြောက်ဘက်ကနေ ကျူးကျော်ဝင်ရောက်လာမယ်ဆိုတဲ့ အဓိပ္ပာယ်ဖြစ်တယ်။ အဲဒီအတိုင်း တကယ်ဖြစ်ခဲ့တယ်။ အဲဒီဆူပွက်နေတဲ့အိုးကို ဂျေရုဆလင်မြို့ပျက်စီးတဲ့အထိ ဆက်တိုက်သွန်းလောင်းတာကို ပရောဖက်အဖြစ်အမှုဆောင်နေစဉ်အတွင်းမှာပဲ ယေရမိတွေ့ကြုံခဲ့ရတယ်။
၂ ဗာဗုလုန်ကတော့ မရှိတော့ပါဘူး။ ဒါပေမဲ့ သင့်အနေနဲ့ ယေရမိကြိုဟောခဲ့တဲ့သတင်းစကားတွေကို စိတ်ဝင်စားသင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သင်ဟာ “အဆုံးပိုင်းကာလ” မှာ အသက်ရှင်နေရလို့ပဲ။ အဆုံးပိုင်းကာလမှာ လူအများက ကိုယ့်ကိုယ်ကိုယ် ခရစ်ယာန်တွေပါလို့ပြောပေမဲ့ သူတို့နဲ့သူတို့ရဲ့အသင်းတွေဟာ ဘုရားသခင့်မျက်နှာသာ မရကြဘူး။ (ယေ. ၂၃:၂၀၊ ကဘ) ဒါပေမဲ့ သင်နဲ့တခြားသက်သေခံတွေကတော့ ယေရမိလိုပဲ တရားစီရင်ချက်သတင်းကိုသာမက မျှော်လင့်ချက်ပေးတဲ့သတင်းကိုပါ ဟောပြောနေကြတယ်။
၃။ (က) ယေရမိကျမ်းမှာပါတဲ့ အကြောင်းအရာတွေကို ဘယ်လိုစီစဉ်ထားသလဲ။ (ခ) အခန်း ၂ ရဲ့ရည်ရွယ်ချက်က ဘာလဲ။
၃ ယေရမိဟာ အဖြစ်အပျက်တွေဖြစ်နေတုန်းမှာ မှတ်တမ်းတင်တာမဟုတ်ဘဲ ပရောဖက်အဖြစ်အမှုဆောင်ချိန်နှောင်းပိုင်းမှာ သူ့အတွင်းရေးမှူးကို နှုတ်တိုက်ချပေးခဲ့တာဖြစ်နိုင်တယ်။ (ယေ. ၂၅:၁-၃; ၃၆:၁၊ ၄၊ ၃၂) ယေရမိက ဒီကျမ်းရဲ့အပိုင်းအတော်များများကို အကြောင်းအရာအလိုက် စီထားတဲ့အတွက် ဒီကျမ်းဟာ သက္ကရာဇ်စဉ်အတိုင်း မှတ်တမ်းတင်ထားတာမဟုတ်ဘူး။ ဒါကြောင့် ယေရမိကျမ်းနဲ့ မြည်တမ်းစကားကျမ်းမှာပါတဲ့ သမိုင်းကြောင်းနဲ့ ဖြစ်စဉ်အဆင့်ဆင့်ကို အကျဉ်းချုပ်သိထားတာက သင့်အတွက် အကျိုးရှိပါလိမ့်မယ်။ စာမျက်နှာ ၁၉ မှာပါတဲ့ဇယားကို ကြည့်ပါ။ ယုဒပြည်ကို ဘယ်အချိန်မှာ ဘယ်သူအုပ်ချုပ်နေတယ်၊ တချို့အချိန်တွေမှာ ယုဒပြည်တွင်းနဲ့အနီးအနားမှာ ဘာတွေဖြစ်ပျက်နေတယ်ဆိုတာ သိထားမယ်ဆိုရင် ယေရမိ ပြောခဲ့၊ လုပ်ခဲ့တာတွေကို ကောင်းကောင်းနားလည်နိုင်ပါလိမ့်မယ်။ ဒီလိုနည်းနဲ့ ယေရမိကတစ်ဆင့်ပြောခဲ့တဲ့ ဘုရားသခင်ရဲ့သတင်းစကားကနေ သင် အကျိုးအပြည့်အဝရရှိပါလိမ့်မယ်။
ယေရမိခေတ်ရဲ့ သမိုင်းနောက်ခံ
၄-၆။ ယေရမိ ပရောဖက်မဖြစ်ခင် ဆယ်စုနှစ်တွေမှာ ဘုရားသခင့်လူမျိုးရဲ့အခြေအနေက ဘယ်လိုရှိခဲ့သလဲ။
၄ ယေရမိဟာ ကသောင်းကနင်းဖြစ်နေတဲ့ အပြောင်းအလဲကာလမှာ ပရောဖက်ပြုခဲ့တာဖြစ်တယ်။ အဲဒီကာလက အဆီးရီးယား၊ ဗာဗုလုန်နဲ့ အီဂျစ်တို့ အာဏာယှဉ်ပြိုင်နေချိန်ဖြစ်တယ်။ ယေရမိ ပရောဖက်မဖြစ်ခင် ၉၃ နှစ်လောက်မှာ အဆီးရီးယားတွေဟာ မြောက်ပိုင်းအစ္စရေးဆယ်နွယ်နိုင်ငံကို သိမ်းပိုက်ပြီး ပြည်သူပြည်သားတွေကို ပြည်နှင်ဒဏ်ပေးခဲ့တယ်။ ယေဟောဝါဟာ အဲဒီအချိန်တုန်းက ဂျေရုဆလင်မြို့နဲ့ သစ္စာရှိဘုရင်ဟေဇကိကို အဆီးရီးယားရဲ့တိုက်ခိုက်မှုကနေ ကာကွယ်ပေးခဲ့တယ်။ ဘုရားသခင်က ရန်သူစစ်သား ၁၈၅,၀၀၀ ကို အံ့ဖွယ်နည်းနဲ့ ဘယ်လိုသတ်ပစ်ခဲ့တယ်ဆိုတာ သင်မှတ်မိပါလိမ့်မယ်။ (၄ ရာ. ၁၉:၃၂-၃၆) ဟေဇကိရဲ့သားတစ်ယောက်က မနာရှေဖြစ်တယ်။ မနာရှေရဲ့နန်းသက် ၅၅ နှစ်အတွင်းမှာ ယေရမိမွေးဖွားလာတာဖြစ်နိုင်တယ်။ အဲဒီအချိန်မှာ ယုဒပြည်ဟာ အဆီးရီးယားရဲ့လက်အောက် ရောက်နေတယ်။—၆ ရာ. ၃၃:၁၀၊ ၁၁။
၅ ဓမ္မရာဇဝင်တတိယစောင်နဲ့ စတုတ္ထစောင်ကို ယေရမိရေးခဲ့တယ်။ အဲဒီကျမ်းတွေမှာ မနာရှေက သူ့အဖေဖျက်ဆီးခဲ့တဲ့ အထွတ်အမြတ်နေရာတွေကို ပြန်တည်ဆောက်ခဲ့တဲ့အကြောင်း ကျွန်တော်တို့ဖတ်ရတယ်။ မနာရှေဟာ ဗာလနတ်ဘုရားနဲ့ ကောင်းကင်ပေါ်ကအရာတွေအတွက် ယဇ်ပလ္လင်တွေကို ယေဟောဝါရဲ့ ဗိမာန်တော်ထဲမှာတောင် ဆောက်လုပ်ခဲ့တယ်။ ဒါ့အပြင် အပြစ်မဲ့သူတွေရဲ့သွေးကို သွန်းပြီး သူ့ရဲ့သားကိုတောင် မှားယွင်းတဲ့နတ်ဘုရားအတွက် မီးရှို့ပူဇော်ခဲ့တယ်။ အတိုချုပ်ပြောရရင် မနာရှေဟာ ‘ထာဝရဘုရား၏ရှေ့တော်၌ များစွာသောဒုစရိုက်ကိုပြု’ ခဲ့တယ်။ ဒါကြောင့် ယုဒပြည်နဲ့ ဂျေရုဆလင်မြို့အပေါ် ဘေးဆိုးကျရောက်မယ်လို့ ဘုရားသခင်အမိန့်ချမှတ်လိုက်တယ်။ အစ္စရေးဆယ်နွယ်နိုင်ငံနဲ့ ရှမာရိမြို့အပေါ်လည်း အဲဒီလိုဘေးဆိုးကျရောက်ခဲ့ပြီးဖြစ်တယ်။ (၄ ရာ. ၂၁:၁-၆၊ ၁၂-၁၆) မနာရှေသေဆုံးပြီးတဲ့နောက် သားဖြစ်သူအာမုန်ဟာ သူ့အဖေရဲ့ ရုပ်တုကိုးကွယ်တဲ့လမ်းစဉ်နောက်ကို ဆက်လိုက်ခဲ့တယ်။ ဒါပေမဲ့ အခြေအနေတွေ ပြောင်းလဲလာပါတော့မယ်။ နှစ်,နှစ်ကြာပြီးတဲ့နောက် အာမုန်အသတ်ခံရပြီး သားဖြစ်တဲ့ ရှစ်နှစ်အရွယ် ယောရှိက ဘီစီ ၆၅၉ မှာ နန်းထိုင်ခဲ့တယ်။
၆ ယောရှိနန်းသက် ၃၁ နှစ်အတွင်းမှာ ဗာဗုလုန်က အဆီးရီးယားထက် တန်ခိုးအာဏာကြီးထွားလာတယ်။ အဲဒါက အဆီးရီးယားလက်အောက်ကနေ ယုဒပြည်လွတ်လပ်ရေးပြန်ရဖို့ အခွင့်အရေးဖြစ်တယ်လို့ ယောရှိ ယူဆခဲ့တယ်။ ယောရှိက အဖေနဲ့အဘိုးလိုမဟုတ်ဘဲ ယေဟောဝါကို သစ္စာရှိရှိဝတ်ပြုပြီး ဘာသာရေးအပြောင်းအလဲကြီးကို စတင်လုပ်ဆောင်ခဲ့တယ်။ (၄ ရာ. ၂၁:၁၉-၂၂:၂) ယောရှိဟာ နန်းစံ ၁၂ နှစ်မှာ တစ်နိုင်ငံလုံးမှာရှိတဲ့ အထွတ်အမြတ်နေရာတွေ၊ ဝတ်ပြုရေးသစ်တိုင်တွေ၊ မှားယွင်းတဲ့ဘာသာရေးရုပ်တုတွေကို ဖျက်ဆီးလိုက်တယ်။ အဲဒီနောက် ယေဟောဝါရဲ့အိမ်တော်ကို ပြန်ပြုပြင်ဖို့ အမိန့်ပေးခဲ့တယ်။ (၂ ရာဇဝင်ချုပ် ၃၄:၁-၈ ကိုဖတ်ပါ။) ဘီစီ ၆၄၇၊ ယောရှိနန်းစံ ၁၃ နှစ်မှာ ယေရမိကို ပရောဖက်အဖြစ် ဘုရားသခင်ခန့်အပ်ခဲ့တယ်။
သင်ဟာ ယေရမိခေတ်မှာ ပရောဖက်တစ်ယောက်ဖြစ်နေမယ်ဆိုရင် ဘယ်လို ခံစားရမလဲ။
၇၊ ၈။ (က) ဘုရင်ယောရှိရဲ့အုပ်ချုပ်မှုက မနာရှေနဲ့အာမုန်ရဲ့အုပ်ချုပ်မှုနဲ့ ဘယ်လိုကွာခြားသလဲ။ (ခ) ယောရှိဟာ ဘယ်လိုလူစားမျိုးလဲ။ (စာမျက်နှာ ၂၀ က လေးထောင့်ကွက်ကို ကြည့်ပါ။)
၇ မင်းကောင်းယောရှိရဲ့ နန်းစံ ၁၈ နှစ်မှာ ဗိမာန်တော်ကို ပြန်ပြုပြင်နေတုန်း ယဇ်ပုရောဟိတ်မင်းက “ပညတ္တိကျမ်းစာစောင်” ကို တွေ့ခဲ့တယ်။ ယောရှိက အတွင်းရေးမှူးကို အဲဒီစာစောင်ကို ဖတ်ခိုင်းတယ်။ အဲဒီနောက် သူ့လူမျိုးရဲ့အမှားတွေကို သိသွားပြီး ပရောဖက်မ,ဟုလဒကတစ်ဆင့် ယေဟောဝါရဲ့လမ်းညွှန်မှုကို ရှာဖွေတယ်။ ပြီးတော့ ဘုရားသခင့်ပညတ်တွေကိုလိုက်နာဖို့ ပြည်သူပြည်သားတွေကို တိုက်တွန်းတယ်။ ပရောဖက်မ,ဟုလဒက ယေဟောဝါဟာ ယုဒလူတွေရဲ့သစ္စာမဲ့မှုကြောင့် သူတို့အပေါ် “ဘေးဆိုး” ကျရောက်စေမယ်လို့ပြောတယ်။ ဒါပေမဲ့ ယောရှိက စစ်မှန်တဲ့ဝတ်ပြုရေးနဲ့ပတ်သက်ပြီး စိတ်ရင်းမှန်တဲ့အတွက် သူအသက်ရှင်နေစဉ်မှာတော့ ဘေးဆိုးကျရောက်မှာမဟုတ်ဘူး။—၄ ရာ. ၂၂:၈၊ ၁၄-၂၀။
၈ ဘုရင်ယောရှိဟာ ရုပ်တုကိုးကွယ်ခြင်းနဲ့ပတ်သက်တာမှန်သမျှကို ဖယ်ရှားဖို့ အင်တိုက်အားတိုက်ကြိုးစားခဲ့တယ်။ သူ့ရဲ့စိတ်ဆုံးဖြတ်ချက်က ခိုင်မာလွန်းတဲ့အတွက် မြောက်ပိုင်းအစ္စရေးနယ်မြေဖြစ်ခဲ့ဖူးတဲ့ ဗေသလမြို့အထိသွားပြီး အထွတ်အမြတ်နေရာနဲ့ယဇ်ပလ္လင်ကို ဖြိုချခဲ့တယ်။ ပသခါပွဲကိုလည်း အကြီးအကျယ်ကျင်းပဖို့ သူစီစဉ်ခဲ့တယ်။ (၄ ရာ. ၂၃:၄-၂၅) ဒါက ယေရမိကို ဘယ်လောက်အားတက်စေမယ်ဆိုတာ စဉ်းစားကြည့်ပါ။ ဒါပေမဲ့ လူတွေရဲ့လမ်းစဉ်တွေကိုပြောင်းလဲဖို့ လှုံ့ဆော်ရတာ မလွယ်ပါဘူး။ မနာရှေနဲ့အာမုန်ဟာ လူတွေကို ယုတ်ညံ့တဲ့ရုပ်တုတွေကိုးကွယ်အောင် လုပ်ခဲ့တဲ့အတွက် စစ်မှန်တဲ့ဝတ်ပြုရေးအပေါ် လူတွေသစ္စာမရှိကြတော့ဘူး။ ပြုပြင်ပြောင်းလဲမှုတွေကို ယောရှိလုပ်နေတာတောင် ယုဒလူတွေရဲ့ဘုရားတွေဟာ သူတို့ရဲ့မြို့တွေလောက် များနေတယ်လို့ ယေရမိကတစ်ဆင့် ဘုရားသခင်ပြောခဲ့တယ်။ ယေရမိခေတ်ကလူတွေဟာ သစ္စာမရှိတဲ့ဇနီးနဲ့တူတယ်။ သူတို့ဟာ ယေဟောဝါကိုစွန့်ပစ်ပြီး တခြားနတ်ဘုရားတွေနဲ့ ဖောက်ပြန်ကြတယ်။ ‘ဂျေရုဆလင်မြို့လမ်းများ အရေအတွက်ရှိသည်အတိုင်း ရှက်ဖွယ်သောရုပ်တုအဖို့ ယဇ်ပလ္လင်များ၊ ဗာလဘုရားရှေ့မှာ နံ့သာပေါင်းရှို့ရာ ယဇ်ပလ္လင်များကိုတည်ကြပြီ’ လို့ ယေရမိပြောခဲ့တယ်။—ယေရမိ ၁၁:၁-၃၊ ၁၃ ကိုဖတ်ပါ။
၉။ ယောရှိနန်းစံချိန်နောက်ဆုံးနှစ်တွေမှာ ဘာတွေဖြစ်ခဲ့သလဲ။
၉ ယေရမိရဲ့သတင်းစကားက ဂျူးတွေကို မပြောင်းလဲစေနိုင်ခဲ့သလို ပတ်ဝန်းကျင်နိုင်ငံတွေရဲ့ အာဏာယှဉ်ပြိုင်မှုကလည်း မရပ်တန့်ခဲ့ပါဘူး။ ဘီစီ ၆၃၂ မှာ ဗာဗုလုန်နဲ့ မီးဒီးယားတပ်ပေါင်းစုကြီးက အဆီးရီးယားမြို့တော် နိနေဝေကို သိမ်းပိုက်လိုက်တယ်။ သုံးနှစ်ကြာပြီးနောက် အီဂျစ်ဘုရင်ဖာရောနေခေါက အကျပ်အတည်းတွေ့နေတဲ့ အဆီးရီးယားကိုကူညီဖို့ သူ့စစ်တပ်နဲ့အတူ မြောက်ဘက်ကို ချီတက်လာတယ်။ ယောရှိဟာ အီဂျစ်စစ်တပ် နောက်ဆုတ်သွားအောင် မေဂိဒ္ဒေါချိုင့်မှာ တိုက်ခိုက်ရင်း သေလောက်တဲ့ဒဏ်ရာရသွားတယ်။ တိုက်ခိုက်ရတဲ့အကြောင်းရင်းကိုတော့ ကျမ်းစာမှာ မဖော်ပြထားဘူး။ (၆ ရာ. ၃၅:၂၀-၂၄) ဒီဝမ်းနည်းဖွယ်အဖြစ်အပျက်က ယုဒပြည်ရဲ့ နိုင်ငံရေးနဲ့ ဘာသာရေးမှာ ဘာပြောင်းလဲမှုတွေ ဖြစ်စေခဲ့သလဲ။ ဘယ်လိုအခက်အခဲအသစ်တွေကို ယေရမိကြုံတွေ့ရဦးမလဲ။
ဘာသာရေးအခြေအနေ ပြောင်းလဲခြင်း
၁၀။ (က) ယောရှိသေဆုံးပြီးနောက်ပိုင်းအချိန်က ကျွန်တော်တို့အချိန်နဲ့ ဘယ်လိုဆင်တူသလဲ။ (ခ) ယေရမိရဲ့လုပ်ရပ်ကို ဆန်းစစ်တဲ့အခါ သင်ဘာအကျိုးရနိုင်သလဲ။
၁၀ ယောရှိသေဆုံးသွားပြီဆိုတာ သိလိုက်ရတဲ့အခါ ယေရမိ ဘယ်လောက်ဝမ်းနည်းသွားမယ်ဆိုတာ စဉ်းစားကြည့်ပါ။ ယေရမိဟာ ဝမ်းနည်းကြေကွဲပြီး ရှင်ဘုရင်အတွက် ငိုချင်းတစ်ပုဒ်စပ်ဆိုခဲ့တယ်။ (၆ ရာ. ၃၅:၂၅) စိုးရိမ်စရာအချိန်ပါပဲ။ တခြားနိုင်ငံတွေရဲ့ နိုင်ငံရေးမတည်ငြိမ်မှုတွေက ယုဒပြည်ကိုဖိအားပေးနေတယ်။ အီဂျစ်၊ အဆီးရီးယားနဲ့ ဗာဗုလုန်တို့က နယ်မြေသိမ်းပိုက်ဖို့ အားပြိုင်နေကြတယ်။ ယောရှိသေဆုံးပြီးတဲ့နောက် ယုဒနိုင်ငံရဲ့ဘာသာရေးအခြေအနေကလည်း ပြောင်းလဲသွားတယ်။ ယေရမိရဲ့လုပ်ဆောင်မှုကိုနှစ်သက်တဲ့ အုပ်ချုပ်မှု ကုန်ဆုံးသွားပြီး သူ့ကိုဆန့်ကျင်တဲ့အုပ်ချုပ်မှု အစပြုလာတယ်။ ဒီနေ့ခေတ်မှာလည်း ကျွန်တော်တို့ရဲ့ညီအစ်ကိုအတော်များများဟာ အဲဒီလိုပြောင်းလဲမှုတွေကို ကြုံတွေ့ခဲ့ရတယ်။ လွတ်လပ်စွာဝတ်ပြုခွင့်ရနေရင်းက နှိပ်စက်ညှဉ်းပန်းမှုနဲ့ ပိတ်ပင်မှုတွေကို ရင်ဆိုင်ကြရတယ်။ အဲဒီလိုပြောင်းလဲမှုမျိုးကို ကျွန်တော်တို့မကြုံရနိုင်ဘူးလို့ ဘယ်သူပြောနိုင်မှာလဲ။ အဲဒီလိုသာပြောင်းလဲသွားရင် ကျွန်တော်တို့အပေါ် ဘယ်လိုသက်ရောက်မှုတွေ ရှိလာမလဲ။ သမာဓိဆက်ထိန်းထားဖို့ ဘာတွေကိုစတေးရမလဲ။ ဒီမေးခွန်းတွေကိုစဉ်းစားရင်းနဲ့ ယေရမိ အောင်မြင်စွာရင်ဆိုင်ခဲ့တဲ့ အခက်အခဲတွေကို သုံးသပ်မယ်ဆိုရင် ကျွန်တော်တို့ ခွန်အားရှိလာပါလိမ့်မယ်။
၁၁။ ယောရှိသေဆုံးပြီးနောက်ပိုင်း ယုဒပြည်မှာ ဘာတွေဖြစ်ပျက်ခဲ့သလဲ။
၁၁ ယုဒပြည်သူပြည်သားတွေဟာ ယောရှိရဲ့သား ယောခတ်ကို ဂျေရုဆလင်မြို့မှာ နန်းတင်လိုက်တယ်။ ရှလုံလို့လည်းခေါ်တဲ့ ယောခတ်ဟာ သုံးလပဲ နန်းထိုင်ခဲ့ရတယ်။ ဖာရောနေခေါက ဗာဗုလုန်တွေကို တိုက်ခိုက်ပြီး တောင်ပိုင်းကိုပြန်လာတဲ့အခါ နန်းတက်စဘုရင်ယောခတ်ကို နန်းချပြီး အီဂျစ်ပြည်ကို ခေါ်သွားတယ်။ ယောခတ်ဟာ “နောက်တစ်ဖန် ပြန်၍မလာရ” လို့ ယေရမိကြေညာခဲ့တယ်။ (ယေ. ၂၂:၁၀-၁၂; ၆ ရာ. ၃၆:၁-၄) နေခေါက ယောခတ်နေရာမှာ ယောရှိရဲ့ နောက်ထပ်သားတစ်ယောက်ဖြစ်တဲ့ယောယကိမ်ကို နန်းတင်လိုက်တယ်။ ယောယကိမ်ဟာ သူ့အဖေရဲ့ပုံနမူနာကောင်းကို မလိုက်ခဲ့ဘူး။ သူ့အဖေလုပ်ခဲ့တဲ့ပြုပြင်ပြောင်းလဲမှုတွေကို ဆက်မလုပ်ဘဲ ရုပ်တုတွေကိုကိုးကွယ်ခဲ့တယ်။—၄ ဓမ္မရာဇဝင် ၂၃:၃၆၊ ၃၇ ကိုဖတ်ပါ။
၁၂၊ ၁၃။ (က) ယောယကိမ်နန်းတက်စမှာ ဘာသာရေးအခြေအနေ ဘယ်လိုရှိသလဲ။ (ခ) ဂျူးဘာသာရေးခေါင်းဆောင်တွေက ယေရမိကို ဘယ်လိုဆက်ဆံခဲ့ကြသလဲ။
၁၂ ယေဟောဝါက ယောယကိမ်နန်းတက်စမှာ ယေရမိကို ဗိမာန်တော်ဆီသွားပြီး ယုဒလူတွေရဲ့ဆိုးသွမ်းမှုကို ပွင့်ပွင့်လင်းလင်းပြစ်တင်ရှုတ်ချဖို့ မိန့်မှာခဲ့တယ်။ ဘုရားသခင့်ဗိမာန်တော်က သူတို့ကိုကာကွယ်ပေးလိမ့်မယ်လို့ သူတို့ယူဆနေကြတယ်။ ဒါပေမဲ့ သူတို့က ‘သူ့ဥစ္စာကိုခိုးတာ၊ လူ့အသက်ကိုသတ်တာ၊ သူ့မယားကိုပြစ်မှားတာ၊ မဟုတ်မမှန်ဘဲကျိန်ဆိုတာ၊ ဗာလဘုရားရှေ့၌ နံ့သာပေါင်းကိုမီးရှို့တာ၊ အခြားတစ်ပါးသောဘုရားတို့နောက်သို့ လိုက်တာ’ စတဲ့အကျင့်တွေကိုမစွန့်ရင် ယေဟောဝါက ဗိမာန်တော်ကို စွန့်ပစ်မှာဖြစ်တယ်။ ယေဟောဝါက ယဇ်ပုရောဟိတ်မင်း ဧလိခေတ်က ရှိလောမှာရှိတဲ့တဲတော်ကို စွန့်ပစ်ခဲ့သလို ဗိမာန်တော်မှာဝတ်ပြုနေတဲ့ အရေခြုံသမားတွေကိုလည်း စွန့်ပစ်မှာဖြစ်တယ်။ ယုဒပြည်က “လူဆိတ်ညံရာအရပ်” ဖြစ်သွားလိမ့်မယ်။ (ယေ. ၇:၁-၁၅၊ ၃၄; ၂၆:၁-၆)a ဒီသတင်းစကားကိုကြေညာဖို့ ယေရမိ ဘယ်လောက်သတ္တိရှိဖို့လိုမယ်ဆိုတာ စဉ်းစားကြည့်ပါ။ သူက ထင်ပေါ်ကျော်ကြားတဲ့ ဩဇာအာဏာရှိသူတွေရှေ့မှာ လူသိရှင်ကြားကြေညာရတာဖြစ်နိုင်တယ်။ ဒီနေ့အချိန်မှာလည်း ညီအစ်ကိုညီအစ်မတချို့ဟာ လမ်းပေါ်သက်သေခံဖို့ ဒါမှမဟုတ် ချမ်းသာတဲ့သူတွေ၊ အရေးပါအရာရောက်သူတွေကို သက်သေခံဖို့ သတ္တိတော်တော်လိုအပ်တယ်လို့ ခံစားကြရတယ်။ ဒါပေမဲ့ ဘုရားသခင်က ယေရမိကိုထောက်မပေးခဲ့သလို ကျွန်တော်တို့ကိုလည်း ထောက်မပေးမယ်ဆိုတာကို စိတ်ချနိုင်ပါတယ်။—ဟေဗြဲ ၁၀:၃၉; ၁၃:၆။
၁၃ ယုဒပြည်ရဲ့ ဘာသာရေးနဲ့နိုင်ငံရေးအခြေအနေတွေကိုကြည့်ရင် ယေရမိရဲ့စကားကို ဘာသာရေးခေါင်းဆောင်တွေ ဘယ်လိုတုံ့ပြန်မယ်ထင်သလဲ။ “ယဇ်ပုရောဟိတ်၊ ပရောဖက်၊ လူများအပေါင်းတို့သည် ယေရမိကိုဖမ်းဆီး၍ ‘သင်သည် အသေသတ်ခြင်းကို အမှန်ခံရမည်’” လို့ပြောကြတယ်ဆိုပြီး ယေရမိကိုယ်တိုင် ရေးခဲ့တယ်။ သူတို့က “ဤသူသည် အသေခံထိုက်ပေ၏” ဆိုပြီး ဒေါသတကြီးကြွေးကြော်ခဲ့ကြတယ်။ (ယေရမိ ၂၆:၈-၁၁ ကိုဖတ်ပါ။) ဒါပေမဲ့ ယေရမိကိုဆန့်ကျင်သူတွေ မအောင်မြင်ခဲ့ကြဘူး။ ယေဟောဝါက ယေရမိနဲ့အတူရှိပြီး သူ့ကိုကယ်နုတ်ခဲ့တယ်။ ဆန့်ကျင်သူတွေဟာ အရေအတွက်များတဲ့အပြင် ဩဇာအာဏာလည်း ကြီးမားပေမဲ့ သူတို့ကို ယေရမိ မကြောက်ခဲ့ဘူး။ သင်လည်း မကြောက်ပါနဲ့။
မနာရှေ၊ အာမုန်နဲ့ ယောရှိရဲ့ အုပ်ချုပ်ချိန်အတွင်း အခြေအနေတွေက ဘယ်လိုကွာခြားသလဲ။ ခက်ခဲတဲ့တာဝန်ကို ယေရမိထမ်းဆောင်ပုံကနေ သင် ဘာသင်ခန်းစာရနိုင်သလဲ။
‘ငါပြောသမျှသောစကားအတိုင်း ရေးထားလော့’
၁၄၊ ၁၅။ (က) ယောယကိမ်နန်းစံလေးနှစ်မှာ ယေရမိနဲ့သူ့အတွင်းရေးမှူးဗာရုတ်က ဘာလုပ်ခဲ့သလဲ။ (ခ) ယောယကိမ်ဟာ ဘယ်လိုလူစားမျိုးလဲ။ (စာမျက်နှာ ၂၅ က လေးထောင့်ကွက်ကို ကြည့်ပါ။)
၁၄ ယောယကိမ်နန်းစံလေးနှစ်မှာ ယေဟောဝါက ယောရှိလက်ထက်ကစပြီး သူပြောခဲ့တဲ့စကားအားလုံးကို ရေးပါလို့ ယေရမိကို ပြောခဲ့တယ်။ ဒါနဲ့ ယေရမိက လွန်ခဲ့တဲ့ ၂၃ နှစ်အတွင်း ဘုရားသခင်ပြောခဲ့တဲ့စကားအားလုံးကို သူ့အတွင်းရေးမှူးဗာရုတ်ကို နှုတ်တိုက်ချပေးခဲ့တယ်။ သူ့ရဲ့သတင်းစကားထဲမှာ ဘုရင်နဲ့နိုင်ငံပေါင်း ၂၀ လောက်နဲ့ပတ်သက်တဲ့ တရားစီရင်ချက်တွေလည်း ပါဝင်တယ်။ အဲဒီစာလိပ်ကို ယေဟောဝါရဲ့အိမ်တော်မှာ သွားဖတ်ပြပါလို့ ဗာရုတ်ကို ယေရမိမှာလိုက်တယ်။ ရည်ရွယ်ချက်က ဘာလဲ။ “ယုဒအမျိုးတို့၌ပြုမည်ဟု ငါကြံစည်သမျှသောဘေးဥပဒ်တို့ကို သူတို့သည်ကြားသောအခါ သူတို့ဒုစရိုက်အပြစ်ကို ငါလွှတ်မည်အကြောင်း အသီးအသီးလိုက်ဖူးသောအဓမ္မလမ်းတို့ကို ရှောင်ကောင်းရှောင်ကြလိမ့်မည်” လို့ယေဟောဝါပြောတယ်။—ယေ. ၂၅:၁-၃; ၃၆:၁-၃။
၁၅ နန်းတွင်းအရာရှိတစ်ဦးက စာလိပ်ကိုဖတ်ပြတဲ့အခါ ယောယကိမ်က စာလိပ်ကို ဓားနဲ့ဆွဲဆုတ်ပြီး မီးရှို့ပစ်လိုက်တယ်။ အဲဒီနောက် ယေရမိနဲ့ဗာရုတ်ကို သူ့ရှေ့ခေါ်လာဖို့ အမိန့်ပေးတယ်။ ဒါပေမဲ့ “ထာဝရဘုရားသည် ထိုသူနှစ်ယောက်တို့ကို ဝှက်ထား” ခဲ့တယ်။ (ယေရမိ ၃၆:၂၁-၂၆ ကိုဖတ်ပါ။) ယောယကိမ်ဟာ သူ့ရဲ့ကမ်းကုန်အောင်ဆိုးတဲ့သဘောထားကြောင့် “မြည်းကို သင်္ဂြိုဟ်သကဲ့သို့” သင်္ဂြိုဟ်ခံရလိမ့်မယ်၊ “ဂျေရုဆလင်မြို့ပြင်သို့ ဆွဲသွား၍ ပစ်ထား” ခံရလိမ့်မယ်လို့ ယေရမိကတစ်ဆင့် ယေဟောဝါကြေညာခဲ့တယ်။ (ယေ. ၂၂:၁၃-၁၉) အသေးစိတ်ကျတဲ့ ဒီပရောဖက်ပြုချက်က ယေရမိရဲ့ပုံကြီးချဲ့ပြောဆိုမှုပဲဖြစ်လို့ အရေးမပါဘူးလို့ သင်ထင်သလား။
၁၆။ ယေရမိက မျှော်လင့်ချက်ပေးတဲ့ ဘယ်လိုသတင်းစကားကို ကြေညာခဲ့သလဲ။
၁၆ ယေရမိက တရားစီရင်ချက်သတင်းတွေကို ကြေညာရပေမဲ့ ဖျက်ဆီးခြင်းသတင်းကိုပဲကြေညာတဲ့ ပရောဖက်တစ်ဦးတော့ မဟုတ်ဘူး။ မျှော်လင့်ချက်ပေးတဲ့သတင်းကိုလည်း သူကြေညာခဲ့တယ်။ ယေဟောဝါဟာ အစ္စရေးရဲ့အကြွင်းအကျန်တွေကို ရန်သူလက်ကနေ ကယ်နုတ်ပြီး သူတို့ပိုင်တဲ့ပြည်ဆီ ပြန်ခေါ်ဆောင်လာမယ်။ အဲဒီမှာ သူတို့လုံခြုံစွာနေရမယ်။ ဘုရားသခင်က “ထာဝရ” တည်မြဲတဲ့ “ပဋိညာဉ်တရားသစ်” ကို သူ့လူမျိုးနဲ့ဖွဲ့မယ်။ သူ့ပညတ်တွေကို သူတို့ရဲ့နှလုံသားပေါ်မှာ ရေးထားမယ်။ ကိုယ်တော်က သူတို့အပြစ်တွေကို ခွင့်လွှတ်ပြီး ဘယ်တော့မှသတိရတော့မှာမဟုတ်ဘူး။ ဒါ့အပြင် ဒါဝိဒ်မျိုးဆက်တစ်ယောက်က “မြေကြီးပေါ်မှာ တရားသဖြင့် ဖြောင့်မတ်စွာစီရင်” လိမ့်မယ်။ (ယေ. ၃၁:၇-၉; ၃၂:၃၇-၄၁; ၃၃:၁၅) ဒီပရောဖက်ပြုချက်တွေက ဆယ်စုနှစ်တွေ၊ ရာစုနှစ်တွေကြာပြီးမှ ပြည့်စုံလာမှာဖြစ်တယ်။ အဲဒီထဲကပြည့်စုံမှုတစ်ခုက ကျွန်တော်တို့အသက်တာအပေါ် အကျိုးသက်ရောက်မှုရှိပြီး ထာဝရအသက်မျှော်လင့်ချက်ပေးနိုင်တယ်။ ဒါပေမဲ့ ယေရမိခေတ်မှာတော့ ယုဒပြည်ရဲ့ရန်သူတွေဟာ နယ်မြေသိမ်းပိုက်ရေးအတွက် ဆက်လက်တိုက်ခိုက်နေကြတယ်။—ယေရမိ ၃၁:၃၂-၃၄; ဟေဗြဲ ၈:၇-၉; ၁၀:၁၄-၁၈ တို့ကိုဖတ်ပါ။
ဗာဗုလုန် အာဏာရလာ
၁၇၊ ၁၈။ ယောယကိမ်နန်းစံချိန်နောက်ဆုံးနှစ်တွေနဲ့ ဇေဒကိနန်းစံချိန်မှာ ဘာတွေဖြစ်ပျက်ခဲ့သလဲ။
၁၇ ဘီစီ ၆၂၅ မှာ ဗာဗုလုန်နဲ့အီဂျစ်ဟာ ဂျေရုဆလင်မြောက်ဘက် မိုင် ၃၇၀ ကျော်မှာရှိတဲ့ ယူဖရေးတီးမြစ်နားက ခါခေမိတ်မြို့မှာ အဆုံးအဖြတ်ပေးတဲ့စစ်ပွဲကို ဆင်နွှဲခဲ့ကြတယ်။ ဘုရင်နေဗုခဒ်နေဇာက ဖာရောနေခေါရဲ့စစ်တပ်ကို နှိမ်နင်းခဲ့ပြီး အဲဒီနယ်မြေတစ်ဝိုက်မှာ အီဂျစ်ရဲ့သြဇာလွှမ်းမိုးမှုကို အဆုံးသတ်လိုက်တယ်။ (ယေ. ၄၆:၂) အခု၊ ယုဒပြည်ကို နေဗုခဒ်နေဇာကြီးစိုးနေတဲ့အတွက် ယောယကိမ်ဟာ သူ့ကို မဖြစ်မနေလက်အောက်ခံနေရတယ်။ ဒါပေမဲ့ သုံးနှစ်လက်အောက်ခံပြီးတဲ့နောက် ယောယကိမ် ပုန်ကန်တော့တယ်။ (၄ ရာ. ၂၄:၁၊ ၂) ဒါကြောင့် ဘီစီ ၆၁၈ မှာ နေဗုခဒ်နေဇာဟာ သူ့စစ်တပ်နဲ့အတူ ယုဒပြည်ကိုချီတက်လာပြီး ဂျေရုဆလင်ကိုဝိုင်းရံလိုက်တယ်။ အဲဒီအချိန်ဟာ ဘုရားသခင့်ပရောဖက်ယေရမိအတွက် ဘယ်လောက်ခက်ခဲမယ်ဆိုတာ မြင်ယောင်ကြည့်ပါ။ အဲဒီလိုဝိုင်းရံခံရချိန်အတွင်းမှာပဲ ယောယကိမ် သေဆုံးသွားပုံရတယ်။b သူ့သား ယေခေါနိဟာ ယုဒဘုရင်ဖြစ်လာပြီး သုံးလအကြာမှာ ဗာဗုလုန်လူတွေဆီ လက်နက်ချအညံ့ခံလိုက်တယ်။ နေဗုခဒ်နေဇာဟာ ဂျေရုဆလင်ရဲ့ပစ္စည်းဥစ္စာတွေကို သိမ်းသွားပြီး ဘုရင်ယေခေါနိနဲ့ သူ့မိသားစု၊ ယုဒပြည်ရဲ့ မှူးမတ်တွေ၊ စစ်သူရဲတွေနဲ့ လက်မှုပညာသည်တွေကို ဖမ်းဆီးခေါ်ဆောင်သွားတယ်။ ပြည်နှင်ဒဏ်ခံရသူတွေထဲမှာ ဒံယေလ၊ ဟာနနိ၊ မိရှေလနဲ့ အာဇရိတို့လည်း ပါဝင်တယ်။—၄ ရာ. ၂၄:၁၀-၁၆; ဒံ. ၁:၁-၇။
၁၈ အခု နေဗုခဒ်နေဇာဟာ ယောရှိရဲ့ နောက်ထပ်သားတစ်ယောက်ဖြစ်တဲ့ ဇေဒကိကို ယုဒဘုရင်အဖြစ် နန်းတင်လိုက်တယ်။ သူဟာ မြေကြီးပေါ်မှာ ဒါဝိဒ်မင်းဆက်ရဲ့ နောက်ဆုံးဘုရင်ဖြစ်တယ်။ ဂျေရုဆလင်နဲ့ဗိမာန်တော်ဖျက်ဆီးခံရတဲ့ ဘီစီ ၆၀၇ မှာ သူ့ရဲ့အုပ်ချုပ်မှု အဆုံးသတ်သွားတယ်။ (၄ ရာ. ၂၄:၁၇) ဇေဒကိရဲ့နန်းသက် ၁၁ နှစ်အတွင်း ယုဒပြည်ဟာ လူမှုရေးနဲ့နိုင်ငံရေးတင်းမာမှုတွေကို အကြီးအကျယ်ကြုံခဲ့ရတယ်။ ဒါကြောင့် ယေရမိဟာ သူ့ကိုပရောဖက်တာဝန်ပေးခဲ့တဲ့အရှင်ကို အကြွင်းမဲ့ယုံကြည်ကိုးစားဖို့ လိုအပ်ခဲ့မယ်ဆိုတာ ထင်ရှားနေပါတယ်။
၁၉။ ယေရမိရဲ့တစ်ခေတ်တည်းသားတွေက သူ့ရဲ့သတင်းစကားကို ဘယ်လိုတုံ့ပြန်ကြသလဲ။ ဒါကို သင်ဘာကြောင့်စိတ်ဝင်စားသင့်သလဲ။
၁၉ ယေရမိနေရာမှာ ဝင်ခံစားကြည့်ပါ။ ယေရမိဟာ ယောရှိအချိန်ကစပြီး နိုင်ငံရေးအပြောင်းအလဲတွေ၊ ဘုရားသခင့်လူမျိုးအလယ်မှာဖြစ်နေတဲ့ ဝတ်ပြုရေးယိုယွင်းဖောက်ပြန်မှုတွေကို မြင်တွေ့ခဲ့တယ်။ အခြေအနေတွေ ပိုဆိုးလာမယ်ဆိုတာကိုလည်း သူသိထားတယ်။ သူ့ရဲ့ဇာတိမြို့ကလူတွေက သူ့ကို “ငါတို့လက်ဖြင့် မသေရမည်အကြောင်း ထာဝရဘုရား၏နာမတော်အားဖြင့် ပရောဖက်မပြုနှင့်” လို့ ပြောကြတယ်။ (ယေ. ၁၁:၂၁) ယေရမိရဲ့ဟောကိန်း ပြည်စုံလာတာတောင် ဂျူးတွေက “ထာဝရဘုရား၏နာမတော်ကိုအမှီပြု၍ ငါတို့အား ဟောပြောသောစကားကို ငါတို့သည် နားမထောင်” လို့ ပြောကြတယ်။ (ယေ. ၄၄:၁၆) အဲဒီခေတ်ကလူတွေဟာ ဒီနေ့ခေတ်ကလူတွေလိုပဲ အသက်အန္တရာယ်ကြုံနေရတယ်။ သင်ဟောနေတဲ့သတင်းစကားက ယေရမိရဲ့သတင်းစကားလိုပဲ ယေဟောဝါဆီကနေ လာတာဖြစ်တယ်။ ဂျေရုဆလင်မြို့ကျဆုံးချိန်အထိ ကာလတစ်လျှောက်လုံးမှာ ယေရမိကို ယေဟောဝါဘယ်လိုကာကွယ်ခဲ့တယ်ဆိုတာ ဆန်းစစ်ခြင်းက ဟောပြောခြင်းလုပ်ငန်းမှာ သင့်ရဲ့ ဇွဲထက်သန်မှုကို တိုးများစေနိုင်တယ်။
ယောယကိမ်နန်းစံချိန်အတွင်း ယေရမိရဲ့သဘောထားကနေ သင်ဘာသင်ယူနိုင်သလဲ။ ကျွန်တော်တို့အချိန်အထိ သက်ရောက်မှုရှိတဲ့ ထူးခြားလှတဲ့ ဘယ်ပရောဖက်ပြုချက်ကို ယေရမိကြေညာခဲ့သလဲ။
မင်းဆက်တစ်ဆက်ရဲ့ ဆုံးခန်း
၂၀။ ဇေဒကိနန်းစံချိန်က ယေရမိအတွက် ဘာကြောင့်ပိုခက်ခဲတဲ့အချိန်ဖြစ်ခဲ့သလဲ။ (စာမျက်နှာ ၂၉ က လေးထောင့်ကွက်ကို ကြည့်ပါ။)
၂၀ ပရောဖက်ယေရမိအတွက် အမှုဆောင်ဖို့ အခက်ခဲဆုံးအချိန်ဟာ ဇေဒကိနန်းစံချိန်ဖြစ်နိုင်တယ်။ ဇေဒကိဟာ သူ့ရှေ့ကဘုရင်တွေလိုပဲ “ထာဝရဘုရားရှေ့တော်၌ ဒုစရိုက်ကိုပြု” တယ်။ (ယေ. ၅၂:၁၊ ၂) ဇေဒကိဟာ ဗာဗုလုန်ရဲ့လက်အောက်ခံဖြစ်တယ်။ ဗာဗုလုန်ဘုရင်နေဗုခဒ်နေဇာက ဇေဒကိကို သူ့ဆီမှာလက်အောက်ခံပါ့မယ်လို့ ယေဟောဝါရဲ့နာမည်ကိုတိုင်တည်ပြီး ကျိန်ဆိုခိုင်းတယ်။ ဇေဒကိက ကျိန်ဆိုခဲ့ပေမဲ့ နောက်ဆုံးမှာ ပုန်ကန်ခဲ့တယ်။ ယေရမိရဲ့ရန်သူတွေက ဒီပုန်ကန်မှုမှာပါဝင်ဖို့ ယေရမိကိုဖိအားပေးခဲ့တယ်။—၆ ရာ. ၃၆:၁၃; ယေဇ. ၁၇:၁၂၊ ၁၃။
၂၁-၂၃။ (က) ဇေဒကိနန်းစံချိန်အတွင်း အုပ်စုတွေ ဘယ်လိုကွဲနေသလဲ။ (ခ) ယေရမိက သူပြောတဲ့စကားကြောင့် ဘယ်လိုဆက်ဆံခံခဲ့ရသလဲ။ ဒါကို သင်ဘာကြောင့်စိတ်ဝင်စားသင့်သလဲ။
၂၁ ဇေဒကိနန်းစံချိန်အစောပိုင်းလောက်မှာ ဧဒုံဘုရင်၊ မောဘဘုရင်၊ အမ္မုန်ဘုရင်၊ တုရုဘုရင်နဲ့ ဇိဒုန်ဘုရင်ရဲ့ စေတမန်တွေက ဂျေရုဆလင်မြို့ကို ရောက်လာကြတယ်။ သူတို့ရဲ့ရည်ရွယ်ချက်က နေဗုခဒ်နေဇာကိုဆန့်ကျင်မယ့် မဟာမိတ်အုပ်စုမှာ ဇေဒကိကိုလည်း ပါဝင်စေချင်လို့ဖြစ်နိုင်တယ်။ ဒါပေမဲ့ ယေရမိက ဗာဗုလုန်ကိုပဲ လက်အောက်ခံပါလို့ ဇေဒကိကိုတိုက်တွန်းတယ်။ ယေရမိက အဲဒီဘုရင်တွေလည်း ဗာဗုလုန်ကိုလက်အောက်ခံသင့်တယ်ဆိုတာ သိစေဖို့ စေတမန်တွေကို ထမ်းပိုးတွေပေးလိုက်တယ်။ (ယေ. ၂၇:၁-၃၊ ၁၄) ယေရမိပြောတဲ့အကြောင်းကို လူတွေမကြိုက်ကြဘူး။ ဒီကြားထဲ ဟာနနိကြောင့် သူ ပိုအခက်တွေ့ခဲ့ရတယ်။ ပရောဖက်အတုအယောင်ဖြစ်တဲ့ ဟာနနိက ဗာဗုလုန်ရဲ့ထမ်းပိုးဟာ အချိုးခံရလိမ့်မယ်လို့ ဘုရားသခင့်နာမည်ကိုသုံးပြီး လူသိရှင်ကြားကြေညာနေတယ်။ ဒါပေမဲ့ ဟာနနိဟာ တစ်နှစ်အတွင်း သေရမယ်ဆိုပြီး ယေရမိကတစ်ဆင့် ယေဟောဝါပြောခဲ့တယ်။ ပြောတဲ့အတိုင်း တကယ်ဖြစ်ခဲ့တယ်။—ယေ. ၂၈:၁-၃၊ ၁၆၊ ၁၇။
၂၂ အခု ယုဒပြည်မှာ ဗာဗုလုန်ကို လက်အောက်ခံချင်တဲ့အဖွဲ့နဲ့ ပုန်ကန်ချင်တဲ့အဖွဲ့ဆိုပြီး အုပ်စုနှစ်စုကွဲနေတယ်။ ဘီစီ ၆၀၉ မှာ ဇေဒကိဟာ အီဂျစ်ကို စစ်ကူတောင်းပြီး ဗာဗုလုန်ကို ပုန်ကန်တယ်။ ဒါကြောင့် ပုန်ကန်မှုကိုထောက်ခံတဲ့ မျိုးချစ်တွေရဲ့ဒေါသကို ယေရမိရင်ဆိုင်ခဲ့ရတယ်။ (ယေ. ၅၂:၃; ယေဇ. ၁၇:၁၅) နေဗုခဒ်နေဇာနဲ့သူ့စစ်တပ်ဟာ ပုန်ကန်မှုကိုနှိမ်နင်းဖို့ ယုဒပြည်ကိုပြန်လာပြီး ယုဒပြည်ရဲ့မြို့အားလုံးကို သိမ်းပိုက်လိုက်တယ်။ ဂျေရုဆလင်မြို့ကိုလည်း ပြန်ဝိုင်းလိုက်တယ်။ ဒီအကျပ်အတည်းကာလမှာ ယေရမိက ဂျေရုဆလင်ဟာ ဗာဗုလုန်လူတွေရဲ့လက်ထဲမှာ ကျဆုံးမယ်ဆိုပြီး ဇေဒကိနဲ့သူ့တိုင်းသူပြည်သားတွေကို ကြေညာခဲ့တယ်။ မြို့ထဲမှာရှိနေသူတွေကို သေခြင်းက စောင့်ကြိုနေတယ်။ ခါလဒဲလူတွေဆီ ထွက်သွားတဲ့သူတွေကတော့ အသက်ချမ်းသာရလိမ့်မယ်။—ယေရမိ ၂၁:၈-၁၀; ၅၂:၄ ကိုဖတ်ပါ။
၂၃ ယုဒမင်းညီမင်းသားတွေက ယေရမိကို ဗာဗုလုန်ကိုထောက်ခံတဲ့ သစ္စာဖောက်လို့ စွပ်စွဲကြတယ်။ ယေရမိက အဖြစ်မှန်ကိုပြောပြပေမဲ့ ယုဒမင်းညီမင်းသားတွေက သူ့ကိုရိုက်နှက်ပြီး အကျဉ်းချလိုက်တယ်။ (ယေ. ၃၇:၁၃-၁၅) ဒါတောင် ယေရမိက ယေဟောဝါရဲ့သတင်းစကားကို လျှော့ပေါ့ပြီးမကြေညာခဲ့ဘူး။ ဒါကြောင့် မင်းညီမင်းသားတွေက ယေရမိကိုသတ်ဖို့ ဇေဒကိကို နားချခဲ့ကြတယ်။ သူတို့က ယေရမိကို ရွှံ့နွံထဲသေဆုံးသွားအောင် ရေမရှိတဲ့ရေလှောင်ကန်ထဲ ပစ်ချလိုက်ကြတယ်။ ဒါပေမဲ့ နန်းတော်မှာအမှုထမ်းနေတဲ့ အီသီယိုးပီးယားလူမျိုး ဧဗဒမေလက်က ယေရမိကို ကယ်တင်ခဲ့တယ်။ (ယေ. ၃၈:၄-၁၃) ဒီနေ့ခေတ်မှာရှိတဲ့ ယေဟောဝါရဲ့လူမျိုးတွေလည်း ကိုယ့်အသိစိတ်ကြောင့် နိုင်ငံရေးအငြင်းပွားမှုတွေမှာ မပါဝင်တဲ့အတွက် အကြီးအကျယ်ဒုက္ခရောက်ခဲ့ရတာ အကြိမ်ကြိမ်ပါပဲ။ ယေရမိရဲ့တွေ့ကြုံမှုက စမ်းသပ်မှုတွေကို အောင်မြင်စွာရင်ဆိုင်နိုင်ဖို့ သင့်ကိုအားရှိစေမှာသေချာပါတယ်။
၂၄။ ဘီစီ ၆၀၇ မှာဖြစ်ခဲ့တဲ့အဖြစ်အပျက်တွေကို ဖော်ပြပါ။
၂၄ ဘီစီ ၆၀၇ မှာ ဗာဗုလုန်တွေဟာ ဂျေရုဆလင်မြို့ရိုးကိုထိုးဖောက်ပြီး မြို့ကိုသိမ်းပိုက်လိုက်တယ်။ နေဗုခဒ်နေဇာရဲ့စစ်တပ်ဟာ ယေဟောဝါရဲ့ဗိမာန်တော်ကို မီးရှို့၊ မြို့ရိုးကိုဖြိုဖျက်ပြီး ယုဒပြည်ရဲ့ မှူးမတ်တွေကို သတ်ပစ်ကြတယ်။ ဇေဒကိက ထွက်ပြေးဖို့ ကြိုးစားပေမဲ့ အဖမ်းခံရပြီး နေဗုခဒ်နေဇာရှေ့ ခေါ်ဆောင်သွားခံရတယ်။ ဇေဒကိရှေ့မှာပဲ သူ့သားတွေကိုသတ်ပစ်လိုက်ကြတယ်။ အဲဒီနောက် သူ့မျက်လုံးကိုဖောက်၊ ကြိုးနဲ့ချည်နှောင်ပြီး ဗာဗုလုန်ကိုခေါ်ဆောင်သွားကြတယ်။ (ယေ. ၃၉:၁-၇) ယုဒပြည်၊ ဂျေရုဆလင်မြို့နဲ့ပတ်သက်တဲ့ ယေရမိရဲ့စကားတွေ တကယ်ပဲပြည့်စုံခဲ့တယ်။ ဒါပေမဲ့ ပရောဖက်ယေရမိက သူ့လူမျိုးကြုံရတဲ့ဘေးဆိုးကြောင့် ပျော်ရွှင်မယ့်အစား ငိုကြွေးမြည်တမ်းခဲ့တယ်။ သူ့ခံစားချက်တွေကို မြည်တမ်းစကားကျမ်းမှာ ဖတ်နိုင်တယ်။ ဒီကျမ်းကိုဖတ်တဲ့အခါ ကျွန်တော်တို့လည်း သူ့လိုပဲ ခံစားသင့်ပါတယ်။
ယုဒအကြွင်းအကျန်တွေအလယ်မှာ အမှုဆောင်ခြင်း
၂၅၊ ၂၆။ (က) ဂျေရုဆလင်ကျဆုံးပြီးနောက် ဘာတွေဆက်ဖြစ်ခဲ့သလဲ။ (ခ) ဂျေရုဆလင်ကျဆုံးပြီးနောက် ယေရမိပြောခဲ့တဲ့သတင်းစကားကို သူ့ရဲ့တစ်ခေတ်တည်းသားတွေ ဘယ်လိုတုံ့ပြန်ခဲ့ကြသလဲ။
၂၅ ဒီလိုပြောင်းလဲမှုကြီးတွေ ဖြစ်ပေါ်လာချိန်မှာ ယေရမိကော ဘာတွေကြုံခဲ့ရသလဲ။ ဂျေရုဆလင်ရဲ့မင်းညီမင်းသားတွေက ယေရမိကို အကျဉ်းချခဲ့ပေမဲ့ အနိုင်ရတဲ့ဗာဗုလုန်တွေကျတော့ သူ့ကို ကောင်းကောင်းမွန်မွန်ဆက်ဆံပြီး ပြန်လွှတ်ပေးတယ်။ နောက်ပိုင်းမှာ ယေရမိဟာ ဂျူးတချို့နဲ့အတူ ဖမ်းဆီးခေါ်ဆောင်သွားခံရပေမဲ့ ပြန်လွတ်လာတယ်။ ယေရမိဟာ ဘုရားသခင့်လုပ်ငန်းမှာ လုပ်စရာအများကြီးရှိသေးတယ်။ အသက်ရှင်ကျန်ရစ်သူတွေအလယ်မှာ သူ ဆက်အမှုဆောင်ရမှာဖြစ်တယ်။ ဗာဗုလုန်ဘုရင်နေဗုခဒ်နေဇာက သူသိမ်းပိုက်ခဲ့တဲ့ပြည်မှာ ဂေဒလိကို ဘုရင်ခံအဖြစ်ခန့်အပ်တယ်။ သူ့ကိုလက်အောက်ခံနေသရွေ့ ယုဒအကြွင်းအကျန်တွေကို ငြိမ်းချမ်းစွာနေထိုင်ခွင့်ပေးမယ်လို့လည်း ကတိပေးတယ်။ ဒါပေမဲ့ မကျေမနပ်ဖြစ်နေတဲ့ဂျူးတချို့က ဂေဒလိကို လုပ်ကြံလိုက်တယ်။ (ယေ. ၃၉:၁၃၊ ၁၄; ၄၀:၁-၇; ၄၁:၂) ယေရမိက ဂျူးအကြွင်းအကျန်တွေကို ပြည်မှာဆက်နေထိုင်ဖို့၊ ဗာဗုလုန်ဘုရင်ကိုမကြောက်ဖို့ အားပေးတယ်။ ဒါပေမဲ့ သူတို့ခေါင်းဆောင်တွေက ယေရမိကို လူလိမ်လို့သမုတ်ပြီး အီဂျစ်ပြည်ကိုထွက်ပြေးကြတယ်။ ယေရမိနဲ့ဗာရုတ်ကိုလည်း အတင်းခေါ်သွားကြတယ်။ ဒါပေမဲ့ နေဗုခဒ်နေဇာဟာ အီဂျစ်ကိုလည်း တိုက်ခိုက်သိမ်းပိုက်မှာဖြစ်လို့ ယုဒဒုက္ခသည်တွေ ဘေးဆိုးကြုံရလိမ့်မယ်ဆိုပြီး ယေရမိကြိုဟောခဲ့တယ်။—ယေ. ၄၂:၉-၁၁; ၄၃:၁-၁၁; ၄၄:၁၁-၁၃။
၂၆ ဒီတစ်ခါလည်း ယေရမိခေတ်မှာရှိတဲ့လူတွေက ယေရမိပြောတာကို နားမထောင်ကြဘူး။ ဘာကြောင့်လဲ။ “‘ကောင်းကင်မိဖုရား’ အဖို့ နံ့သာပေါင်းကို မီးမရှို့၊ သွန်းလောင်းရာပူဇော်သကာကို မပြုဘဲနေပြန်သောအခါ အလွန်ဆင်းရဲခြင်း၊ ဓားဘေး၊ မွတ်သိပ်ခြင်းဘေးဖြင့်ပျက်စီးခြင်းသို့ ရောက်ကြပြီ” လို့ သူတို့တွေးကြတယ်။ (ယေ. ၄၄:၁၆၊ ၁၈) ယေရမိရဲ့တစ်ခေတ်တည်းသားတွေက အတော့်ကိုမိုက်မဲတာပဲ။ ဒါပေမဲ့ မစုံလင်တဲ့လူတစ်ယောက်က သစ္စာမဲ့သူတွေ ဘယ်လောက်ပဲဝန်းရံနေပါစေ ယေဟောဝါအပေါ် ဆက်သစ္စာရှိနိုင်တယ်ဆိုတာကို ကျွန်တော်တို့သိရတဲ့အတွက် အားရှိစရာပဲ။
၂၇။ ပရောဖက်အဖြစ် ယေရမိအမှုဆောင်ခဲ့တဲ့ နောက်ဆုံးနှစ်တွေအကြောင်း ကျွန်တော်တို့ဘာသိရသလဲ။
၂၇ နေဗုခဒ်နေဇာရဲ့ထီးနန်းကိုဆက်ခံသူ ဧဝိလမရောဒက်က ယေခေါနိကို ပြန်လွှတ်ပေးခဲ့တဲ့အကြာင်း ယေရမိ နောက်ဆုံးမှတ်တမ်းတင်ခဲ့တယ်။ အဲဒါက ဘီစီ ၅၈၀ မှာဖြစ်ပျက်ခဲ့တယ်။ (ယေ. ၅၂:၃၁-၃၄) အဲဒီအချိန်မှာ ယေရမိရဲ့အသက် ၉၀ လောက် ရှိနေမှာဖြစ်တယ်။ သူ့အသက်တာရဲ့ နိဂုံးပိုင်းအကြောင်းကိုတော့ ကျွန်တော်တို့ သေချာမသိရဘူး။ သူဟာ မသေဆုံးခင်နှစ်တွေမှာ အီဂျစ်ပြည်မှာနေထိုင်ခဲ့ပြီး အဲဒီမှာပဲ သစ္စာရှိရှိသေဆုံးသွားတာ ဖြစ်နိုင်တယ်။ သူဟာ ယေဟောဝါရဲ့လုပ်ငန်းကို ၆၇ နှစ်လောက် ထမ်းဆောင်ခဲ့တယ်။ စစ်မှန်တဲ့ဝတ်ပြုရေး မြှင့်တင်ခံရတဲ့နှစ်တွေမှာကော၊ ပတ်လည်မှာ အယူဖောက်ပြန်တဲ့ဝတ်ပြုရေး ပျံ့နှံ့နေတဲ့နှစ်တွေမှာပါ သူအမှုဆောင်ခဲ့တယ်။ ဘုရားသခင်ကိုကြောက်ရွံ့သူ တချို့က သူ့သတင်းစကားကို နားထောင်ခဲ့ပေမဲ့ အများစုကတော့ ငြင်းပယ်တဲ့အပြင် သူ့ကိုရန်ရှာခဲ့ကြတယ်။ အဲဒီအတွက် ယေရမိ ရှုံးနိမ့်ခဲ့သလား။ လုံးဝ မရှုံးနိမ့်ခဲ့ပါဘူး။ “သူတို့သည် သင့်ကိုစစ်တိုက်၍ မနိုင်ရကြ။ သင့်ကိုကယ်နုတ်ခြင်းငှာ ‘သင်နှင့်အတူငါရှိသည်’” ဆိုပြီး အစကတည်းက သူ့ကို ယေဟောဝါပြောခဲ့တယ်။ (ယေ. ၁:၁၉) ဒီနေ့ ယေဟောဝါသက်သေတွေအနေနဲ့ ကျွန်တော်တို့ရထားတဲ့တာဝန်က ယေရမိရဲ့တာဝန်နဲ့တူတယ်။ ဒါကြောင့် ကျွန်တော်တို့လည်း ယေရမိကြုံခဲ့ရတဲ့တုံ့ပြန်မှုမျိုး ကြုံရနိုင်တယ်။ (မဿဲ ၁၀:၁၆-၂၂ ကိုဖတ်ပါ။) ဒါဆိုရင် ယေရမိဆီကနေ ကျွန်တော်တို့ ဘာတွေသင်ယူနိုင်သလဲ။ ကျွန်တော်တို့ရဲ့ဟောပြောခြင်းလုပ်ငန်းကို ဘယ်လိုလုပ်ကိုင်သင့်သလဲ။ အဲဒီမေးခွန်းတွေကို သုံးသပ်ကြည့်ရအောင်။
ယေရမိရဲ့သတင်းစကားကို ငြင်းပယ်ခဲ့တဲ့ ဇေဒကိနဲ့ သူ့ရဲ့တိုင်းသူပြည်သားတွေ ဘာဖြစ်ခဲ့သလဲ။ ယေရမိကို သင်ဘယ်လိုမြင်သလဲ။
a ယေရမိ ၇:၁-၁၅ နဲ့ ၂၆:၁-၆ မှာရှိတဲ့ ဆင်တူချက်တွေကြောင့် ဒီကျမ်းချက်နှစ်ခုစလုံးက အဖြစ်အပျက်တစ်ခုတည်းကိုပဲ ပြောတာဖြစ်မယ်လို့ လူတချို့ကောက်ချက်ချကြတယ်။
b ဒံယေလ ၁:၁၊ ၂ မှာ ယောယကိမ်က နန်းစံသုံးနှစ်မှာ နေဗုခဒ်နေဇာဆီ အပ်နှံခံရတယ်လို့ ဖော်ပြထားတယ်။ ဒါက သူလက်အောက်ခံရတဲ့သုံးနှစ်ကို ပြောနေခြင်းဖြစ်နိုင်တယ်။ ယောယကိမ်က ဂျေရုဆလင်ဝိုင်းရံခံရချိန်အတွင်း သေဆုံးခဲ့တာ ဖြစ်နိုင်တယ်။ နောက်ဆုံး၊ နေဗုခဒ်နေဇာက မြို့ကိုသိမ်းပိုက်နိုင်ခဲ့တယ်။ နေဗုခဒ်နေဇာက ယောယကိမ်ကို သတ်ပစ်ပြီး အလောင်းကိုမသင်္ဂြိုဟ်ဘဲ ဂျေရုဆလင်မြို့ပြင်မှာပစ်ထားတယ်လို့ ဂျိုစီဖတ်စ်ရေးခဲ့ပေမဲ့ အဲဒါနဲ့ပတ်သက်တဲ့ကျမ်းစာအထောက်အထားတော့ မရှိဘူး။—ယေ. ၂၂:၁၈၊ ၁၉; ၃၆:၃၀။