-
လွတ်လပ်မှုပိုရအောင် ဘာလုပ်ရမလဲလူငယ်များအမေး—တာသွားသည့်အဖြေ၊ အတွဲ ၁
-
-
အခန်း ၃
လွတ်လပ်မှုပိုရအောင် ဘာလုပ်ရမလဲ
“တစ်ခါတလေ တစ်ယောက်တည်း အပြင်သွားတာကို မိဘတွေ ခွင့်ပြုစေချင်တယ်။”—ဆယ်ရာ၊ ၁၈ နှစ်။
“သူငယ်ချင်းတွေနဲ့ ကျွန်မအပြင်ထွက်ချင်ပြီဆိုရင် သမီးကို ဘာလို့စိတ်မချရတာလဲလို့ အဖေနဲ့အမေကို အမြဲမေးတယ်။ အဲဒီအခါ ‘သမီးကို စိတ်ချပါတယ်။ သမီးသူငယ်ချင်းတွေကိုပဲ စိတ်မချတာ’ ဆိုပြီးပြောတတ်တယ်။”—ခရစ္စတင်း၊ ၁၈ နှစ်။
ဆယ်ရာနဲ့ ခရစ္စတင်းတို့လို သင်လည်း လွတ်လပ်မှုပိုရဖို့ တမ်းတနေသလား။ ဒါဆိုရင် မိဘတွေရဲ့ယုံကြည်မှုရဖို့ လိုအပ်ပါလိမ့်မယ်။ ယုံကြည်မှုက ငွေနဲ့တူတယ်။ ငွေဟာ ရှာရခက်ပြီး သုံးရလွယ်တယ်။ ငွေဘယ်လောက်ပဲရှိရှိ ဘယ်တော့မှ လောက်ငပုံမရဘူး။ ယုံကြည်မှုကလည်း အဲဒီလိုပဲ။ အသက် ၁၆ နှစ်အရွယ် အီလျာနာ အခုလိုပြောတယ်– “ကျွန်မ အပြင်ထွက်တော့မယ်ဆိုရင် မိဘတွေက ဘယ်သွားမှာလဲ၊ ဘယ်သူနဲ့သွားမှာလဲ၊ ဘာသွားလုပ်မှာလဲ၊ ဘယ်အချိန်ပြန်လာမှာလဲဆိုတဲ့ မေးခွန်းတွေ တရစပ်မေးတော့တာပဲ။ သူတို့ဟာ ကျွန်မရဲ့မိဘတွေဆိုတာသိပေမဲ့ အဲဒီလိုမေးတဲ့အခါ ဒေါသထွက်မိတယ်။”
မိဘတွေ သင့်ကို ပိုယုံကြည်လာအောင်၊ လွတ်လပ်မှုပိုပေးအောင် ဘာလုပ်နိုင်သလဲ။ အဲဒီမေးခွန်းကို အဖြေမပေးခင် မိဘနဲ့သားသမီးကြားမှာ ယုံကြည်မှုဟာ ဘာကြောင့်ကိုင်တွယ်ရခက်တဲ့ကိစ္စဖြစ်တယ်ဆိုတာ ကြည့်ရအောင်။
အခက်အခဲများ
“ယောက်ျားသည် ကိုယ့်မိဘကို စွန့်ရလိမ့်မည်” လို့ ကျမ်းစာက အသိအမှတ်ပြုထားတယ်။ (ကမ္ဘာဦး ၂:၂၄) ဒါက မိန်းမနဲ့လည်း သက်ဆိုင်ပါတယ်။ ယောက်ျားလေးအတွက်ဖြစ်ဖြစ်၊ မိန်းကလေးအတွက်ဖြစ်ဖြစ် မြီးကောင်ပေါက်အရွယ်ဆိုတာ လူကြီးဘဝရောက်ဖို့၊ တစ်နည်းအားဖြင့် အိမ်ခွဲနေဖို့၊ တစ်အိုးတစ်အိမ်ထူထောင်ဖို့ ပြင်ဆင်ပေးတဲ့အချိန်ဖြစ်တယ်။a
ဒါပေမဲ့ မြီးကောင်ပေါက်အရွယ်ကနေ လူကြီးဘဝကို ကူးပြောင်းတာဟာ တံခါးပေါက်ကို ဖြတ်လျှောက်တာနဲ့မတူဘူး။ အဲဒီအစား လှေကားပေါ် တစ်ထစ်ချင်းတက်သွားတာနဲ့ပိုတူတယ်။ လှေကားပေါ်မှာ ဘယ်အဆင့်ထိရောက်နေပြီ ဆိုတာနဲ့ပတ်သက်ရင်တော့ သင်နဲ့မိဘတွေ အမြင်ချင်းတူမှာ မဟုတ်ဘူး။ မာရီယာဆိုတဲ့မိန်းကလေးက အပေါင်းအသင်းရွေးချယ်တာနဲ့ပတ်သက်ပြီး မိဘတွေ သူ့ကို မယုံကြည်ဘူးလို့ ခံစားရတယ်။ သူအခုလိုပြောပြတယ်– “ကျွန်မအသက် ၂၀ ရှိပြီ၊ ဒီကိစ္စကြီးက ရှိနေတုန်းပဲ။ အန္တရာယ်ရှိတဲ့အခြေအနေကို ကျွန်မ ရှောင်နိုင်မှာမဟုတ်ဘူးလို့ မိဘတွေထင်ကြတယ်။ အန္တရာယ်ရှိတဲ့အခြေအနေတွေကို ကျွန်မ ရှောင်နိုင်ခဲ့တယ်ဆိုတာ သူတို့ကို ကြိုးစားရှင်းပြပေမဲ့ အရာမရောက်ပါဘူး။”
မာရီယာပြောသလိုပါပဲ၊ ယုံကြည်မှုဆိုတဲ့ကိစ္စကြောင့် မိဘနဲ့သားသမီးကြားမှာ အခြေအနေတင်းမာလာနိုင်တယ်။ သင့်မိသားစုမှာကော အဲဒီလိုဖြစ်နေသလား။ ဖြစ်နေတယ်ဆိုရင် မိဘတွေရဲ့ယုံကြည်မှုပိုရအောင် ဘာလုပ်နိုင်သလဲ။ သင့်ရဲ့မိုက်မဲတဲ့လုပ်ရပ်တချို့ကြောင့် မိဘတွေမယုံတော့ဘူးဆိုရင် ယုံကြည်မှုပြန်ရအောင် ဘာလုပ်နိုင်သလဲ။
ယုံကြည်ရတဲ့သူဖြစ်ကြောင်း သက်သေပြပါ
တမန်တော်ပေါလုက ပထမရာစုခရစ်ယာန်တွေကို “သင်တို့သည် မည်သို့သောသူဖြစ်ကြောင်း ကိုယ်ကိုစစ်ကြောလျက်နေကြလော့” လို့ရေးခဲ့တယ်။ (၂ ကောရိန္သု ၁၃:၅) ပေါလုက မြီးကောင်ပေါက်အရွယ်တွေကို အဓိကပြောနေတာမဟုတ်ပေမဲ့ မူအရတော့ သူတို့နဲ့သက်ဆိုင်ပါတယ်။ ဘယ်လောက်ထိ လွတ်လပ်မှုရတယ်ဆိုတာက ဘယ်လောက်ထိ ယုံကြည်ရတဲ့သူဖြစ်တယ်ဆိုတဲ့အချက်ပေါ် မူတည်တယ်။ သင့်အနေနဲ့ ခြောက်ပြစ်ကင်းသဲလဲစင် ဖြစ်စရာမလိုပါဘူး။ လူတိုင်း မှားတတ်ကြတာပဲ။ (ဒေသနာ ၇:၂၀) ဒါပေမဲ့ မိဘတွေ သင့်ကိုမယုံတာ သင့်အပြုအမူကြောင့်များလား။
ဥပမာ၊ ပေါလုက “ငါတို့သည် အရာရာ၌ ရိုးသားဖြောင့်မတ်စွာ ကျင့်ကြံလို” တယ်လို့ ရေးခဲ့တယ်။ (ဟေဗြဲ ၁၃:၁၈) ‘ဘယ်သွားတယ်၊ ဘာလုပ်တယ်ဆိုတာ မိဘတွေကို ပြောပြတဲ့အခါ ငါ ဘယ်လောက်အထိ ရိုးသားလဲ’ ဆိုပြီး ကိုယ့်ကိုယ်ကိုယ် မေးကြည့်ပါ။ ဒီကိစ္စမှာ ကြိုးစားပြီးပြုပြင်ခဲ့တဲ့ လူငယ်တချို့ရဲ့စကားကို နားထောင်ကြည့်ပါ။ ပြီးရင် အောက်ပါမေးခွန်းတွေကို ဖြေကြည့်ပါ။
လိုရီ– ကျွန်မ ကြိုက်နေတဲ့ကောင်လေးတစ်ယောက်ဆီ တိတ်တိတ်လေး အီးမေးလ်ပို့တာကို မိဘတွေသိသွားတော့ ကျွန်မကို တားကြတယ်။ မပို့တော့ဘူးလို့ ကတိပေးခဲ့ပေမဲ့ ကျွန်မ ကတိမတည်ခဲ့ဘူး။ တစ်နှစ်လောက် ဆက်ပြီးပို့နေခဲ့တယ်။ အဲဒီကောင်လေးဆီ အီးမေးလ်ပို့၊ မိဘတွေသိသွားတော့ တောင်းပန်၊ မပို့တော့ဘူးလို့ ကတိပေး၊ ပြီးရင်ထပ်ပို့။ ဒါနဲ့ပဲ မိဘတွေက ကျွန်မကို ဘယ်ကိစ္စမှာမှ မယုံတော့ဘူး။”
လိုရီရဲ့မိဘတွေ သူ့ကိုမယုံတော့တာ ဘာကြောင့်လို့ သင်ထင်သလဲ။ ․․․․․
သင်သာ လိုရီရဲ့မိဘဆိုရင် ဘာလုပ်မလဲ။ ဘာကြောင့်လဲ။ ․․․․․
မိဘတွေ ပထမအကြိမ် သတိပေးပြီးနောက်မှာ လိုရီအနေနဲ့ ပိုယုံကြည်ရတဲ့သူတစ်ယောက်ဖြစ်အောင် ဘယ်လိုလုပ်နိုင်မလဲ။․․․․․
ဘီဗလီ– “ယောက်ျားလေးတွေနဲ့ပတ်သက်လာရင် ကျွန်မကို မိဘတွေ စိတ်မချခဲ့တာ ဘာကြောင့်မှန်း အခုတော့နားလည်လာပြီ။ ကျွန်မထက် နှစ်နှစ်ကြီးတဲ့ ကောင်လေးနှစ်ယောက်နဲ့ အီစီကလီလုပ်ခဲ့လို့ပဲ။ သူတို့နဲ့ အကြာကြီး ဖုန်းပြောတယ်။ မိတ်ဆုံစားပွဲတွေမှာလည်း သူတို့နဲ့ပဲ စကားပြောတယ်။ တခြားသူတွေနဲ့ မပြောဖြစ်သလောက်ပဲ။ ဒါကြောင့် မိဘတွေက ကျွန်မရဲ့ဖုန်းကို တစ်လလောက်သိမ်းလိုက်ပြီး အဲဒီကောင်လေးတွေရှိမယ့် ဘယ်နေရာကိုမှ သွားခွင့်မပြုတော့ဘူး။”
သင်သာ ဘီဗလီရဲ့မိဘဆိုရင် ဘာလုပ်မလဲ။ ဘာကြောင့်လဲ။ ․․․․․
ဘီဗလီကို မိဘတွေပိတ်ပင်လိုက်တာက တရားလွန်တယ်လို့ သင်ထင်သလား။ ထင်တယ်ဆိုရင် ဘာကြောင့်လဲ။ ․․․․․
ဘီဗလီအနေနဲ့ မိဘတွေရဲ့ယုံကြည်မှုပြန်ရအောင် ဘာလုပ်နိုင်မလဲ။ ․․․․․
ယုံကြည်မှုပြန်ရယူခြင်း
သူတို့နှစ်ယောက်လိုပဲ သင့်အပြုအမူကြောင့် မိဘတွေ မယုံကြည်တော့တာဆိုရင်ကော။ အဲဒီလိုဆိုရင်တောင် မိဘတွေရဲ့ယုံကြည်မှုကို ပြန်ရအောင် လုပ်နိုင်ပါတယ်။ ဘယ်လိုနည်းနဲ့လဲ။
သင်ဟာ ယုံကြည်ရတဲ့သူဖြစ်ကြောင်း သက်သေပြနေတယ်ဆိုရင် မိဘတွေလည်း သင့်ကို ပိုယုံကြည်လာပြီး လွတ်လပ်မှုပိုပေးလာပါလိမ့်မယ်။ အဲဒီအချက်ကို အန်နက်ဆိုတဲ့ မိန်းကလေး သဘောပေါက်လာတယ်။ သူအခုလိုပြောပြတယ်– “ယုံကြည်မှုရဖို့ ဘယ်လောက်အရေးကြီးမှန်း ငယ်ငယ်တုန်းကတော့ သိပ်နားမလည်ဘူး။ အခုတော့ အရင်ကထက် ပိုယုံကြည်ရတဲ့သူဖြစ်လာပြီလို့ ခံစားမိတယ်။ အဲဒီလို ဆက်ဖြစ်နေဖို့လည်း ကြိုးစားသွားမယ်။” ဒီကနေ ဘာသင်ခန်းစာရသလဲ။ ကိုယ့်ကိုမယုံလို့ မိဘတွေကိုအပြစ်တင်နေမယ့်အစား ယုံကြည်ရတဲ့သူတစ်ယောက်ဖြစ်ကြောင်း အပြုအမူနဲ့သက်သေပြပါ။ ဒါဆိုရင် လွတ်လပ်မှုပိုရလာပါလိမ့်မယ်။
ဥပမာအနေနဲ့၊ အောက်ပါကဏ္ဍတွေမှာ သင့်ကိုယုံကြည်လို့ရသလား။ သင်ကြိုးစားဖို့လိုသေးတဲ့အကျင့်တွေကို ✔ ခြစ်ပါ။
□ သတ်မှတ်ထားတဲ့အချိန်မှာ အိမ်ပြန်ရောက်တာ
□ ကတိတည်တာ
□ အချိန်မှန်တာ
□ ငွေကို ချင့်ချင့်ချိန်ချိန်သုံးတာ
□ အိမ်အလုပ်တွေ ပြီးအောင်လုပ်တာ
□ နှိုးစရာမလိုဘဲ အိပ်ရာကနေ အချိန်မှန်ထတာ
□ ကိုယ့်အခန်းကို သန့်သန့်ရှင်းရှင်းထားတာ
□ အမှန်အတိုင်းပြောတာ
□ ဖုန်း ဒါမှမဟုတ် ကွန်ပျူတာကို အလွန်အကျွံမသုံးတာ
□ အမှားကိုဝန်ခံပြီး တောင်းပန်တာ
□ တခြား․․․․․
သင်အမှတ်ခြစ်ထားတဲ့ ကဏ္ဍတွေမှာ ယုံကြည်ရတဲ့သူဖြစ်ကြောင်း သက်သေပြဖို့ စိတ်ဆုံးဖြတ်ထားပါ။ “ဘဝလမ်းစဉ်ဟောင်းအတိုင်း . . . ယိုယွင်းလျက်ရှိသော ပင်ကိုစရိုက်ဟောင်းကို ချွတ်ပယ်” ပါဆိုတဲ့ ကျမ်းစာတိုက်တွန်းချက်ကို လိုက်နာပါ။ (ဧဖက် ၄:၂၂) စကားပြောတဲ့အခါ “အဟုတ်ကို အဟုတ်” ဖြစ်စေပါ။ (ယာကုပ် ၅:၁၂) ‘မှန်သောစကားကိုသာ အချင်းချင်းတစ်ယောက်နှင့်တစ်ယောက်ပြောပါ။’ (ဧဖက် ၄:၂၅) ‘မိဘစကားကို အရာရာ၌နားထောင်ပါ။’ (ကောလောသဲ ၃:၂၀) အချိန်တန်တဲ့အခါ မိဘတွေအပါအဝင် လူအားလုံးက သင့်တိုးတက်မှုကို တွေ့မြင်လာပါလိမ့်မယ်။—၁ တိမောသေ ၄:၁၅။
သင်အတတ်နိုင်ဆုံးကြိုးစားပေမဲ့ မိဘတွေက ပေးသင့်တဲ့လွတ်လပ်မှု မပေးဘူးဆိုရင်ကော။ ဒီကိစ္စကို သူတို့နဲ့ ပြောကြည့်ပါ။ မိဘတွေဘက်က ပိုယုံကြည်သင့်တယ်လို့ မကျေမနပ်ပြောမယ့်အစား သူတို့ရဲ့ယုံကြည်မှုရဖို့ သင့်ဘက်က ဘာလုပ်ရမလဲဆိုတာ လေးလေးစားစားမေးပါ။ သူတို့ရဲ့ယုံကြည်မှုရအောင် ဘာတွေလုပ်သွားမယ်ဆိုတာ ပြောပြပါ။
မိဘတွေက သင့်ကို ချက်ချင်းလွတ်လပ်မှုပေးလာမယ်လို့ မမျှော်လင့်ပါနဲ့။ ပေးတဲ့ကတိအတိုင်း လုပ်မလုပ် သူတို့စောင့်ကြည့်မှာပဲ။ ဒါကိုအသုံးချပြီး သင်ဟာ ယုံကြည်ရတဲ့သူဖြစ်ကြောင်း သက်သေပြပါ။ အချိန်တန်တဲ့အခါ မိဘတွေက သင့်ကို ပိုယုံကြည်လာပြီး လွတ်လပ်မှုပိုပေးလာပါလိမ့်မယ်။ ရှေ့မှာဖော်ပြခဲ့တဲ့ ဘီဗလီလည်း အဲဒီလိုကြုံခဲ့တယ်။ သူအခုလိုပြောပြတယ်– “တခြားသူတွေ ကိုယ့်အပေါ်ထားတဲ့ယုံကြည်မှုကို ဆုံးရှုံးဖို့လွယ်သလောက် ရဖို့ကျတော့ သိပ်ခက်တယ်။ ကျွန်မ အခု ယုံကြည်ရတဲ့သူတစ်ယောက်ဖြစ်နေလို့ သိပ်ပျော်မိတယ်။”
သင့်မိဘတွေ ကွာရှင်းထားသလား။ အဲဒီလိုကွာရှင်းတဲ့အတွက် သင့်ကမ္ဘာလေး ပြိုလဲသွားပြီလို့ ခံစားရတဲ့အခါ တည်တည်ငြိမ်ငြိမ်ပြန်ဖြစ်လာအောင် ဘာလုပ်နိုင်သလဲ။
[အောက်ခြေမှတ်ချက်]
အဓိကကျမ်းချက်
“လွတ်လပ်မှုကိုအသုံးပြုပြီး မကောင်းသောအမှုများကိုလုပ်ရန် ဆင်ခြေမပေးပါနှင့်။”—၁ ပေတရု ၂:၁၆၊ နားလည်လွယ်သော ခေတ်သုံးမြန်မာစကားပြေဖြင့် ပြန်ဆိုရေးသားထားသည့် ဓမ္မသစ်ကျမ်း။
အကြံပြုချက်
အခု သင်လိုက်နာနေရတဲ့ကန့်သတ်ချက်တွေကို အစ်ကိုအစ်မတွေရထားတဲ့လွတ်လပ်မှုနဲ့ မနှိုင်းယှဉ်ပါနဲ့။ အဲဒီအစား သင် အခုရထားတဲ့လွတ်လပ်မှုကို ငယ်ငယ်တုန်းက လိုက်နာခဲ့ရတဲ့ကန့်သတ်ချက်တွေနဲ့ နှိုင်းယှဉ် ကြည့်ပါ။
သင်သိပါသလား . . . ?
စည်းမရှိဘောင်မရှိတဲ့ လွတ်လပ်မှု ဆိုတာ မိဘမေတ္တာကို ဖော်ပြနေတာမဟုတ်ဘဲ မိဘတွေ ဂရုမစိုက်ဘူးဆိုတာကို ဖော်ပြနေတာဖြစ်တယ်။
လက်တွေ့လုပ်ကြည့်ပါ
အောက်ပါကဏ္ဍတွေမှာ ပိုယုံကြည်ရတဲ့သူဖြစ်အောင် ငါလုပ်မယ် ․․․․․
မိဘတွေ ငါ့ကိုမယုံတော့ဘူးဆိုရင် ငါလုပ်နိုင်တာက ․․․․․
ဒီကိစ္စနဲ့ပတ်သက်ပြီး မိဘတွေကို ငါမေးချင်တာက ․․․․․
သင်ဘယ်လိုထင်သလဲ
● ယုံကြည်ရတဲ့သူဖြစ်ကြောင်း သက်သေပြဖို့ကြိုးစားနေတာတောင် မိဘတွေက သင့်ကို လွတ်လပ်မှုပိုမပေးတာ ဘာကြောင့်ဖြစ်မလဲ။
● လွတ်လပ်မှုပိုလိုချင်တယ်ဆိုရင် မိဘတွေနဲ့ သင်ပြောဆိုဆက်သွယ်ပုံက ဘယ်လောက်အရေးကြီးသလဲ။
[စာမျက်နှာ ၂၄ ပါ အကျဉ်းဖော်ပြချက်]
‘‘ကျွန်မရဲ့ပြဿနာတွေနဲ့ စိုးရိမ်စရာတွေကို မိဘတွေကို ပွင့်ပွင့်လင်းလင်းပြောပြတယ်။ ဒါကြောင့် ကျွန်မကိုယုံကြည်ဖို့ သူတို့အတွက် ပိုလွယ်တယ်လို့ ထင်တယ်။’’—ဒိုင်ယာနာ
[စာမျက်နှာ ၂၃ ပါ ပုံကြမ်း/ ရုပ်ပုံ]
ယုံကြည်ရတဲ့လူကြီးဘဝကို ကူးပြောင်းတာဟာ မြီးကောင်ပေါက်အရွယ်တစ်လျှောက် လှေကားပေါ် တစ်ထစ်ချင်းတက်သွားတာနဲ့ တူတယ်
[ပုံကြမ်း]
(ကားချပ်အပြည့်အစုံကို စာစောင်တွင်ကြည့်ပါ)
လူကြီးဘဝ
မြီးကောင်ပေါက်အရွယ်
ကလေးဘဝ
-
-
တစ်ယောက်တည်း သီးသန့်နေချင်တာမှားလားလူငယ်များအမေး—တာသွားသည့်အဖြေ၊ အတွဲ ၁
-
-
အခန်း ၁၅
တစ်ယောက်တည်း သီးသန့်နေချင်တာမှားလား
အောက်ပါအခြေအနေတွေမှာ သင် ဘယ်လိုတုံ့ပြန်မလဲဆိုတာ ✔ ခြစ်ပြပါ–
၁။ အခန်းတံခါးပိတ်ထားတဲ့အချိန်မှာ မောင်နှမတစ်ယောက်က တံခါးမခေါက်ဘဲ ဗြုန်းခနဲဝင်လာတယ်
□ ‘ကိစ္စမရှိဘူး။ ငါလည်း သူ့လိုလုပ်နေကျပဲ။’
□ ‘ရိုင်းလိုက်တာ။ အဝတ်လဲနေရင် ဘယ်လိုလုပ်မလဲ။’
၂။ အိမ်ပြန်ရောက်တာနဲ့ မိဘတွေက “ဘယ်သွားတာလဲ၊ ဘာလုပ်တာလဲ၊ ဘယ်သူနဲ့လဲ” ဆိုပြီး တရစပ်မေးတော့တယ်
□ ‘ကိစ္စမရှိဘူး။ သူတို့ကို အကုန်ပြောပြနေကျပဲ။’
□ ‘စိတ်ပျက်ဖို့ကောင်းလိုက်တာ။ မိဘတွေ ငါ့ကိုမယုံဘူး။’
သင် ငယ်ငယ်တုန်းကတော့ သီးသန့်နေချင်စိတ် သိပ်ရှိမှာမဟုတ်ဘူး။ မောင်နှမတွေ အခန်းထဲဝင်လာရင် ပျော်တောင်ပျော်သေးတယ်။ မိဘက မေးခွန်းတွေမေးရင်လည်း ချက်ချင်းဖြေလိုက်တာပဲ။ အဲဒီတုန်းက သင့်ဘဝဟာ ဖွင့်ထားတဲ့စာအုပ်နဲ့တူတယ်၊ လျှို့ဝှက်ထားစရာ ဘာမှမရှိဘူး။ အခုကျတော့ စာအုပ်ကို မဖွင့်ထားချင်တော့ဘူး၊ သင့်မှာ မပြောချင်တာလေးတွေ ရှိလာပြီ။ “တချို့အကြောင်းတွေကို ရင်ထဲမှာပဲ ထားချင်တယ်” လို့ ၁၄ နှစ်အရွယ် ကော်ရီပြောပြတယ်။ တစ်ယောက်တည်းသီးသန့်နေဖို့ ကြိုးစားတဲ့အခါ ပြဿနာဖြစ်နိုင်တဲ့ အခြေအနေနှစ်ခုကို လေ့လာကြည့်ရအောင်။
တစ်ယောက်တည်းနေချင်တဲ့အခါ
အကြောင်းအမျိုးမျိုးကြောင့် တစ်ယောက်တည်းနေချင်တဲ့အခါတွေ ရှိနိုင်တယ်။ “ခဏနား” ချင်တဲ့အခါမျိုးပေါ့။ (မာကု ၆:၃၁) ဒါမှမဟုတ် ‘အတွင်းခန်းထဲသို့ဝင်၍ တံခါးပိတ်ပြီးမှ ကောင်းကင်ဖခင်ထံ ဆုတောင်းလော့’ ဆိုပြီး တပည့်တွေကို ယေရှုအကြံပေးခဲ့သလို သင်လည်း လုပ်ချင်မှာပဲ။ (မဿဲ ၆:၆; မာကု ၁:၃၅) ခက်တာက အခန်းတံခါးပိတ်လိုက်ပြီဆိုရင် မိဘတွေက ဆုတောင်းနေတယ်လို့ ထင်ချင်မှထင်မယ်။ မောင်နှမတွေကလည်း သင်တစ်ယောက်တည်းနေချင်တာကို နားမလည်ပေးဘူး။
သင်လုပ်ဆောင်နိုင်ရာ။ တစ်ယောက်တည်း သီးသန့်နေချင်တဲ့ကိစ္စကြောင့် စကားများနေမယ့်အစား အောက်ပါအချက်တွေကို လုပ်ကြည့်ပါ–
● မောင်နှမတွေက တံခါးမခေါက်ဘဲ ဝင်လာတတ်တယ်ဆိုရင် စည်းကမ်းတချို့ သတ်မှတ်ထားလိုက်ပါ။ ဒါဆိုရင် သီးသန့်နေဖို့ အချိန်နည်းနည်းရနိုင်တယ်။ သင်ပြောတာကို သူတို့လက်မခံရင် မိဘတွေဆီမှာ အကူအညီတောင်းပါ။a
● မိဘတွေ စကားလာပြောတဲ့အခါ သူတို့ကို နားလည်ပေးဖို့ကြိုးစားပါ။ ၁၆ နှစ်အရွယ် ရေဗက္ကာ အခုလိုပြောတယ်– “မိဘတွေက ကျွန်မအကြောင်း မေးကြတယ်။ ကျွန်မသာ မိဘဆိုရင်၊ အထူးသဖြင့် ခေတ်လူငယ်တွေကြုံနေရတဲ့ သွေးဆောင်မှုအားလုံးအကြောင်း သိထားတဲ့မိဘဆိုရင် အဲဒီလိုမေးမိမှာပဲ။” ရေဗက္ကာလိုပဲ သင်လည်း မိဘတွေ စိုးရိမ်တတ်တယ်ဆိုတာ နားလည်ပေးပါ။—သုတ္တံ ၁၉:၁၁။
● ကိုယ့်ကိုယ်ကိုယ် ရိုးရိုးသားသားမေးပါ– ‘အခန်းတံခါးပိတ်ပြီးနေတဲ့အခါ မဟုတ်တာတစ်ခုခုလုပ်မှာပဲလို့ မိဘတွေသံသယဖြစ်ရတဲ့အကြောင်းရင်းက ငါ့အပြုအမူကြောင့်လား။ မိဘတွေက ငါ့ အကြောင်းကို နည်းအမျိုးမျိုးသုံးပြီး စုံစမ်းရလောက်အောင် ငါသိုသိုသိပ်သိပ်နေမိလား။’ အဲဒီမေးခွန်းတွေကို မဟုတ်ဘူးလို့ သင်ဖြေတယ်ဆိုပါစို့။ ဒါတောင်မှ မိဘတွေက သင့်ကိုမယုံသေးဘူးဆိုရင် စိတ်အေးအေးထားပြီး သင်ဘယ်လိုခံစားနေရတယ်ဆိုတာ သူတို့ကို လေးလေးစားစားပြောပြပါ။ သူတို့စိုးရိမ်လို့ပြောတာကို ကောင်းကောင်းနားထောင်ပေးပါ။ ကိုယ့်ကြောင့် ပြဿနာမဖြစ်ပါစေနဲ့။—ယာကုပ် ၁:၁၉။
သူငယ်ချင်းတွေရှိလာတဲ့အခါ
သင်အရွယ်ရောက်လာတဲ့အခါ သူငယ်ချင်းအပေါင်းအသင်းတွေ ရှိလာမှာပဲ။ ဒီတော့ သင့်သူငယ်ချင်းတွေက ဘယ်သူတွေလဲ၊ သူတို့နဲ့အတူရှိတဲ့အခါ ဘာလုပ်သလဲဆိုတာ မိဘတွေသိချင်တာ မဆန်းပါဘူး။ ဒါပေမဲ့ မိဘတွေ အစိုးရိမ်လွန်နေတာပဲလို့ သင်ခံစားမိနိုင်တယ်။ ၁၆ နှစ်အရွယ် အေမီ အခုလိုပြောတယ်– “ဖုန်း၊ အီးမေးလ် သုံးတဲ့အခါ လွတ်လွတ်လပ်လပ် သုံးချင်တယ်။ ဘယ်သူနဲ့ပြောနေတာလဲလို့ ၁၀ မိနစ်တစ်ခါလောက် မိဘတွေမေးနေတာမျိုး မကြားချင်ဘူး။”
သင်လုပ်ဆောင်နိုင်ရာ။ သူငယ်ချင်းကိစ္စကြောင့် မိဘနဲ့ပြဿနာဖြစ်မယ့်အစား ဒီအချက်တွေကို ကြိုးစားလုပ်ကြည့်ပါ–
● သူငယ်ချင်းတွေအကြောင်း မိဘကိုပြောပြပါ။ သူတို့နဲ့မိတ်ဆက်ပေးပါ။ သူငယ်ချင်းတွေအကြောင်း မိဘကို မပြောပြထားဘူးဆိုရင် တိတ်တဆိတ် စုံစမ်းတော့မှာပေါ့။ သင့်သူငယ်ချင်းတွေအကြောင်း မိဘတွေပိုသိလေ သူတို့စိတ်အေးရလေပဲ။
● ကိုယ့်ကိုယ်ကိုယ် ရိုးရိုးသားသားမေးပါ– ငါလုပ်သမျှ အသေးစိတ်ကအစ မိဘတွေကို မပြောပြချင်တာလား။ ဒါမှမဟုတ် မိဘမသိအောင် ငါဖုံးထားချင်တဲ့အကြောင်းတွေ ရှိနေလား။ ၂၂ နှစ်အရွယ် ဘရစ်တနီက “သင်ဟာ မိဘတွေနဲ့အတူနေတယ်၊ သူတို့ကလည်း သင့်ကို စိုးရိမ်တယ်ဆိုရင် ‘ငါမှ အမှားမလုပ်ထားတာ၊ ဘာကိုဖုံးကွယ်နေရမှာလဲ’ လို့တွေးမှာပဲ။ ဒါပေမဲ့ ဖုံးကွယ်ဖို့လိုလာပြီဆိုရင်တော့ တစ်ခုခုမှားနေပြီ” ဆိုပြီးပြောတယ်။
သီးသန့်နေချင်ရတဲ့အကြောင်း
အခု သင် သီးသန့်နေချင်တာနဲ့ပတ်သက်ပြီး ဖြေရှင်းနည်းတချို့ကို စဉ်းစားကြည့်ပါ။ အောက်ပါမေးခွန်းတွေရဲ့အဖြေကို လိုင်းပေါ်မှာရေးပါ–
အဆင့် ၁– သေချာသိအောင်လုပ်ပါ။ သင်က ဘယ်ကဏ္ဍတွေမှာ ပိုပြီးသီးသန့်နေချင်တာလဲ။
․․․․․
အဆင့် ၂– မိဘရဲ့အမြင်ကို ထည့်စဉ်းစားပါ။ သူတို့အဓိကစိုးရိမ်နေတာ ဘာဖြစ်မယ်လို့ သင်ထင်သလဲ။
․․․․․
အဆင့် ၃– ဖြေရှင်းဖို့ကြိုးစားပါ။ ပြဿနာပိုဆိုးသွားအောင် သင် ဘယ်လိုလုပ်မိနိုင်သလဲ။ ဒါဆိုရင် သင့်ဘက်က ဘာတွေပြောင်းလဲနိုင်သလဲ။ ပြဿနာတွေနဲ့ပတ်သက်ပြီး မိဘကို ဘာလုပ်စေချင်သလဲ။
․․․․․
အဆင့် ၄– ပြောဆိုဆွေးနွေးပါ။ သီးသန့်နေချင်တာနဲ့ပတ်သက်လို့ မိဘတွေကို ကိုယ့်ဘက်ကစပြီး ဘယ်လိုပြောဆိုနိုင်တယ်ဆိုတာ ဖော်ပြပါ။
․․․․․
မိဘတစ်ဦးဆုံးပါးသွားတယ် ဆိုပါစို့။ အဲဒီအခါ နှစ်သိမ့်မှု ဘယ်လိုရနိုင်မလဲ။
[အောက်ခြေမှတ်ချက်]
အဓိကကျမ်းချက်
‘သင်သည် နှစ်သက်တော်မူဖွယ်ကောင်းသောသူ၊ ရှက်ကြောက်စရာအကြောင်းမရှိသော လုပ်သားတစ်ဦးအဖြစ် မိမိကိုယ်ကို ဘုရားသခင်ထံ ဆက်သနိုင်ရန် အစွမ်းကုန်ကြိုးစားအားထုတ်လော့။’ —၂ တိမောသေ ၂:၁၅။
အကြံပြုချက်
တစ်ယောက်တည်း သီးသန့်နေချင်တဲ့အကြောင်း မိဘတွေကိုပြောတဲ့အခါ မကျေနပ်တဲ့ပုံစံနဲ့ မပြောပါနဲ့။ အဲဒီအစား ကိုယ်ဖြစ်ချင်တာကို ပြောပြပါ။ အဲဒီနှစ်ခု ဘာကွာသလဲ။ မကျေနပ်တဲ့ပုံစံနဲ့ ပြောတာက မိဘရဲ့လုပ်ပုံမဟုတ်ဘူးဆိုပြီး အပြစ်တင်နေတာ။ ဖြစ်ချင်တာကိုပြောတာကတော့ ညှိနှိုင်းပြီး ပြဿနာတွေကို ဖြေရှင်းနေတာဖြစ်တယ်။
သင်သိပါသလား . . . ?
သင်က အမှန်အတိုင်းပြောလေ မိဘတွေလည်း သံသယစိတ် နည်းသွားလေပဲ။
လက်တွေ့လုပ်ကြည့်ပါ
မိဘတွေရဲ့ ယုံကြည်စိတ်ချမှုရအောင် (ဒါမှမဟုတ် ပြန်ရအောင်) ငါလုပ်နိုင်တာက ․․․․․
ဒီကိစ္စနဲ့ပတ်သက်ပြီး မိဘတွေကို ငါမေးချင်တာက ․․․․․
သင်ဘယ်လိုထင်သလဲ
● မိဘတွေက သင့်အကြောင်းမေးပိုင်ခွင့်ရှိတယ်။ ဘာကြောင့်လဲ။
● မိဘတွေနဲ့ ဆက်ဆံရေးကောင်းဖို့ ကြိုးစားလုပ်ဆောင်တာက နောက်ပိုင်း တခြားသူတွေနဲ့ဆက်ဆံရာမှာ ဘယ်လိုထောက်ကူပေးသလဲ။
[စာမျက်နှာ ၁၀၈ ပါ အကျဉ်းဖော်ပြချက်]
‘‘ဘယ်မိဘမှ ကိုယ့်သားသမီးကို ဒုက္ခမရောက်စေချင်ဘူး။ တစ်ခါတလေတော့ သင့်ကိုယ်ရေးကိုယ်တာကိစ္စတွေမှာ ဝင်စွက်သလို ဖြစ်သွားနိုင်တယ်။ အဲဒီအခါ မတရားဘူးလို့ ထင်တတ်တယ်။ ဒါပေမဲ့ ရိုးရိုးသားသားပြောရရင် ကျွန်မသာ မိဘဖြစ်မယ်ဆိုရင်လည်း အဲလိုပဲလုပ်မိမှာ။’’—အယ်လီနာ
[စာမျက်နှာ ၁၀၉ ပါ ရုပ်ပုံ]
ယုံကြည်စိတ်ချမှုက လစာနဲ့ တူတယ်။ အဲဒါကိုရဖို့ အလုပ်လုပ်ရမယ်
-