-
မိဘတွေနဲ့ ငါဘယ်လိုစကားပြောနိုင်မလဲလူငယ်များအမေး—တာသွားသည့်အဖြေ၊ အတွဲ ၁
-
-
အခန်း ၁
မိဘတွေနဲ့ ငါဘယ်လိုစကားပြောနိုင်မလဲ
“ကျွန်မရဲ့ခံစားချက်ကို မိဘတွေကိုပြောပြဖို့ အတတ်နိုင်ဆုံးကြိုးစားခဲ့တယ်။ ဒါပေမဲ့ အဆင်ပြေပြေနဲ့ကို ပြောမထွက်ဘူး။ ဒါနဲ့ သူတို့က စကားစ ဖြတ်လိုက်ရော။ သတ္တိမွေးပြီး ပြောပြဖို့ကြိုးစားပေမဲ့ လုံးဝမအောင်မြင်ခဲ့ဘူး။”—ရိုစာ။
သင်ငယ်ငယ်တုန်းက မိဘဆီက အကြံဉာဏ်တောင်းဖို့ လိုလိုလားလားရှိခဲ့မှာပဲ။ အသေးအဖွဲကအစ အားလုံးပြောပြတယ်။ သင့်အတွေးနဲ့ခံစားချက်တွေကို လွတ်လွတ်လပ်လပ်ပြောပြပြီး သူတို့ရဲ့အကြံဉာဏ်ကို ယုံကြည်စိတ်ချခဲ့တယ်။
အခုတော့ မိဘတွေ ကိုယ့်ကိုနားမလည်တော့ဘူးလို့ ခံစားမိနိုင်တယ်။ အက်ဒီလို့ခေါ်တဲ့ မိန်းကလေးတစ်ယောက် အခုလိုပြောပြတယ်– “တစ်နေ့မှာ ညစာစားနေတုန်း ကျွန်မရဲ့ခံစားချက်တွေကို ငိုပြီးပြောပြတယ်။ မိဘတွေက နားထောင်ပေးပါတယ်။ ဒါပေမဲ့ နားလည်ပုံတော့မရဘူး။ ဒါနဲ့ အိပ်ခန်းထဲပြေးဝင်ပြီး ထပ်ငိုပစ်လိုက်တယ်။”
တစ်ခါတလေကျတော့ ကိုယ့်ခံစားချက်ကို မပြောပြချင်တာမျိုးလည်း ဖြစ်တတ်တယ်။ လူငယ်လေးခရစ္စတိုဖာ ဒီလိုပြောတယ်– “မိဘတွေကို ကိစ္စအတော်များများ ပြောပြတယ်။ ဒါပေမဲ့ ကျွန်တော်စဉ်းစားနေတာ အားလုံးကို တစ်ခါတလေ သူတို့မသိဘူး။ အဲဒါလည်းကောင်းပါတယ်။”
ကိုယ့်ခံစားချက်တချို့ကို မပြောဘဲနေတာ မှားသလား။ သင့်ဘက်က ရိုးသားနေသရွေ့ မမှားပါဘူး။ (သုတ္တံ ၃:၃၂) ဒါပေမဲ့ မိဘတွေက နားမလည်တာပဲဖြစ်ဖြစ်၊ သင်က မပြောချင်တာပဲဖြစ်ဖြစ် သေချာတာတစ်ခုကတော့ မိဘတွေနဲ့စကားပြောဖို့လိုပြီး သူတို့ကလည်း နားထောင်ပေးဖို့လိုတယ်။
ဆက်ပြောပါ
မိဘတွေနဲ့ ပြောဆိုဆက်သွယ်တာက ကားမောင်းနေတာနဲ့တူတယ်။ လမ်းပိတ်ထားတယ်ဆိုရင် သင်သွားလိုတဲ့ခရီးကို ဆက်မသွားဘဲနေမလား။ မနေပါဘူး။ တခြားလမ်းကိုရှာပြီး သွားမှာပဲ။ ဥပမာနှစ်ခုကို သုံးသပ်ကြည့်ပါ။
လမ်းပိတ်ဆို့မှု ၁ သင်က စကားပြောဖို့လိုပေမဲ့ မိဘတွေက နားထောင်နေပုံမရဘူး။ လေအာ အခုလိုပြောတယ်– “အဖေနဲ့စကားပြောဖို့ ခက်တယ်။ တစ်ခါတလေဆို ကိုယ်ပြောတဲ့စကားပေါ်မှာ အာရုံမရှိဘူး။ ပြောနေတာ နည်းနည်းကြာတော့မှ ‘ဪ၊ အဖေ့ကို ပြောနေတာလား’ ဆိုပြီးပြောတတ်တယ်။”
မေးခွန်း– လေအာက ပြဿနာတစ်ခုကို ဆွေးနွေးဖို့ တကယ်လိုအပ်နေတယ်ဆိုရင်ကော။ သူ့မှာ အနည်းဆုံး ရွေးချယ်စရာသုံးခုရှိတယ်။
ရွေးချယ်စရာ က
အဖေ့ကို အော်ပြောတယ်။ “အရေးကြီးတဲ့ကိစ္စ ပြောနေတာကို။ နားထောင်ပါအုံး” လို့ လေအာ အော်ပြောလိုက်တယ်။
ရွေးချယ်စရာ ခ
အဖေနဲ့ စကားမပြောတော့ဘူး။ လေအာက သူ့ပြဿနာကို မပြောပြတော့ဘူး။
ရွေးချယ်စရာ ဂ
ပိုအဆင်ပြေမယ့်အချိန်ကို စောင့်ပြီးမှ ထပ်ပြောတယ်။ လေအာက နောက်မှ အဖေနဲ့မျက်နှာချင်းဆိုင် စကားပြောတယ်။ ဒါမှမဟုတ် စာရေးပြီးပြောပြတယ်။
ဘယ်တစ်ခုကို လေအာရွေးချယ်သင့်တယ်လို့ သင်ထင်သလဲ။ ․․․․․
ရွေးချယ်စရာတစ်ခုစီက ဘာရလဒ်ရမလဲဆိုတာ ကြည့်ရအောင်။
လေအာရဲ့အဖေက စိတ်ရှုပ်နေတဲ့အတွက် သမီးဖြစ်သူ အခက်အခဲကြုံနေတာကို သတိမထားမိဘူး။ လေအာက ရွေးချယ်စရာ က ကို ရွေးချယ်တယ်ဆိုပါစို့။ အော်ပြောရတဲ့အကြောင်းရင်းကို အဖေနားလည်မှာ မဟုတ်ဘူး။ သူ့စကားတွေကို အဖေ နားထောင်ချင်မှာ မဟုတ်သလို အဖေ့ကို ရိုသေလေးစားရာလည်း မရောက်ဘူး။ (ဧဖက် ၆:၂) ဒါဆိုရင် လိုချင်တဲ့ရလဒ်ကို ရတော့မှာမဟုတ်ဘူး။
ရွေးချယ်စရာ ခ ကတော့ အလွယ်ဆုံးဖြစ်ပေမဲ့ အကောင်းဆုံးတော့ မဟုတ်ဘူး။ ဘာကြောင့်လဲ။ အကြောင်းကတော့ ‘တိုင်ပင်ဆွေးနွေးတာမရှိရင် အစီအစဉ်တွေ ပျက်တတ်’ လို့ပဲ။ (သုတ္တံ ၁၅:၂၂၊ ကဘ) လေအာအနေနဲ့ ပြဿနာတွေကို အောင်မြင်စွာဖြေရှင်းချင်တယ်ဆိုရင် အဖေနဲ့စကားပြောဖို့လိုတယ်။ အဖေကလည်း အကူအညီပေးချင်တယ်ဆိုရင် သူ့သမီး ဘာတွေကြုံနေရတယ်ဆိုတာ သိဖို့လိုတယ်။ စကားမပြောဘဲနေရင်တော့ ဘာမှဖြစ်လာမှာမဟုတ်ဘူး။
ရွေးချယ်စရာ ဂ မှာတော့ လေအာက လမ်းပိတ်ဆို့မှုနဲ့ကြုံရပေမဲ့ လက်မလျှော့ဘူး။ အဲဒီအစား သူ့ပြဿနာကို တခြားအချိန်မှာ ဆွေးနွေးဖို့ ကြိုးစားတယ်။ စာရေးပြီးပြောပြဖို့ ရွေးချယ်မယ်ဆိုရင် ချက်ချင်းစိတ်သက်သာရာရနိုင်သလို သူပြောချင်တာကိုလည်း စီကာပတ်ကုံး ပြောပြလို့ရတယ်။ အဖေက စာဖတ်တဲ့အခါ သူဘာပြောချင်သလဲဆိုတာသိပြီး သူ့ပြဿနာကို ပိုနားလည်လာမှာဖြစ်တယ်။ ဒါကြောင့် ဒီရွေးချယ်မှုက လေအာနဲ့သူ့အဖေ နှစ်ယောက်စလုံးအတွက် အကျိုးရှိတယ်။
လေအာမှာ တခြားဘယ်ရွေးချယ်စရာတွေ ရှိသေးလဲ။ သင်စဉ်းစားမိတာရှိရင် အောက်မှာရေးချပါ။ အဲဒါက ဘာရလဒ်ရမလဲဆိုတာကိုလည်း ရေးပါ။
․․․․․
လမ်းပိတ်ဆို့မှု ၂ သင့်မိဘတွေက စကားပြောချင်ပေမဲ့ သင်က မပြောချင်ဘူး။ ဆယ်ရာ အခုလိုပြောတယ်– “ကျောင်းမှာ တစ်နေကုန်ပင်ပန်းပြီး ပြန်လာတဲ့အခါ အိမ်ရောက်ရောက်ချင်း မေးခွန်းတွေမေးခံရတာလောက် ဆိုးတာမရှိဘူး။ ကျောင်းကိစ္စကို ကျွန်မ မေ့ထားလိုက်ချင်တယ်။ ဒါပေမဲ့ မိဘတွေက ‘ဒီနေ့ ကျောင်းမှာ အဆင်ပြေရဲ့လား။ ပြဿနာတစ်ခုခုရှိသလား’ ဆိုပြီး စမေးတော့တာပဲ။” မိဘတွေက စိုးရိမ်လို့မေးတာမှန်ပေမဲ့ ဆယ်ရာကတော့ “ပင်ပန်းပြီး စိတ်ဖိစီးနေတဲ့အချိန်မှာ ကျောင်းကိစ္စကို မပြောချင်ဘူး” လို့ ညည်းရှာတယ်။
မေးခွန်း– အဲဒီလိုအခြေအနေမှာ ဆယ်ရာ ဘာလုပ်နိုင်သလဲ။ အရင်ဥပမာလိုပဲ သူ့မှာ အနည်းဆုံး ရွေးချယ်စရာသုံးခုရှိတယ်။
ရွေးချယ်စရာ က
စကားမပြောဘူး။ ဆယ်ရာက “သမီးတစ်ယောက်တည်း နေပါရစေ။ အခု ဘာမှပြောချင်စိတ်မရှိဘူး” လို့ပြောလိုက်တယ်။
ရွေးချယ်စရာ ခ
စကားဆက်ပြောတယ်။ စိတ်ဖိစီးနေပေမဲ့ မိဘတွေမေးတာကို မဖြေချင်ဖြေချင်နဲ့ ဖြေတယ်။
ရွေးချယ်စရာ ဂ
“ကျောင်းကိစ္စ” ကို လောလောဆယ်မပြောသေး ပေမဲ့ တခြားကိစ္စတစ်ခုကို ဆက်ပြောတယ်။ ဆယ်ရာက ကျောင်းကိစ္စကို သူစိတ်ကြည်တဲ့အချိန်ကျရင် ပြောပြမယ်လို့ ပြောလိုက်တယ်။ ပြီးတော့ “အဖေအမေတို့ကော ဒီနေ့ဘယ်လိုလဲ။ အဆင်ပြေရဲ့လား” လို့စိတ်ဝင်တစားနဲ့မေးတယ်။
ဘယ်တစ်ခုကို ဆယ်ရာရွေးချယ်သင့်တယ်လို့ သင်ထင်သလဲ။ ․․․․․
ရွေးချယ်စရာတစ်ခုစီက ဘာရလဒ်ရမလဲဆိုတာ ကြည့်ရအောင်။
ဆယ်ရာက စိတ်ဖိစီးနေပြီး စကားမပြောချင်ဘူး။ က ကို ရွေးချယ်မယ်ဆိုရင် စိတ်ဖိစီးမှုဆက်ရှိနေမယ့်အပြင် မိဘတွေကို အော်ပြောမိတဲ့အတွက် အပြစ်ရှိတယ်လို့လည်း ခံစားရမယ်။—သုတ္တံ ၂၉:၁၁။
မိဘတွေကလည်း သမီးဖြစ်သူဒေါသပေါက်ကွဲလို့ စိတ်မကောင်းဖြစ်မယ် ဒါမှမဟုတ် ဘာမှမပြောတော့ဘဲနေလိုက်မယ်။ တစ်ခုခုကို လျှို့ဝှက်ထားတယ်လို့ ထင်ကြမယ်။ ဒါနဲ့ သူ့ကိုအတင်းမေးလေလေ သူပိုစိတ်ညစ်လေလေဖြစ်လာမယ်။ နောက်ဆုံးမှာ လိုချင်တဲ့ရလဒ်ကို ရတော့မှာမဟုတ်ဘူး။
ရွေးချယ်စရာ ခ ကတော့ ရွေးချယ်စရာ က ထက်ပိုကောင်းတယ်။ ဘာပဲဖြစ်ဖြစ် ဆယ်ရာက သူ့မိဘနဲ့စကားပြောတယ်။ ဒါပေမဲ့ စိတ်မပါ့တပါပြောတာဖြစ်လို့ ဆယ်ရာရော သူ့မိဘတွေပါ သက်သောင့်သက်သာ၊ ပွင့်ပွင့်လင်းလင်း ဆွေးနွေးနိုင်မှာမဟုတ်ဘူး။
ရွေးချယ်စရာ ဂ မှာတော့ ဆယ်ရာက “ကျောင်းကိစ္စ” ကို လောလောဆယ် မပြောသေးတဲ့အတွက် စိတ်ပေါ့ပါးနေပါလိမ့်မယ်။ မိဘတွေကလည်း သမီးဖြစ်သူဟာ အပြန်အလှန်စကားပြောနိုင်ဖို့ ကြိုးစားနေမှန်း သိတဲ့အတွက် ဝမ်းသာကြမယ်။ ဒီရွေးချယ်မှုက အောင်မြင်မှုရစေတဲ့ အကောင်းဆုံးနည်းလမ်းဖြစ်နိုင်တယ်။ အကြောင်းကတော့ နှစ်ဖက်စလုံးက ဖိလိပ္ပိ ၂:၄ မှာပါတဲ့ ဒီအကြံဉာဏ်ကို ကျင့်သုံးကြလို့ပါပဲ– “သင်တို့သည် ကိုယ့်အရေးကိစ္စကိုသာ အာရုံမစိုက်ဘဲ သူတစ်ပါး၏အရေးကိစ္စကိုလည်း အာရုံစိုက်ကြလော့။”
နားလည်မှုလွဲတာမျိုး မဖြစ်စေပါနဲ့
သင်ပြောချင်တာကတစ်မျိုး၊ မိဘတွေနားလည်တာကတစ်မျိုး ဖြစ်သွားတတ်တယ်။ ဥပမာ၊ မိဘတွေက ဘာကြောင့်စိတ်မကြည်မလင်ဖြစ်နေတာလဲလို့ မေးတယ်ဆိုပါစို့။ သင်က “အဲဒီအကြောင်း မပြောချင်ဘူး” လို့ပြောလိုက်တာကို မိဘတွေက “သူငယ်ချင်းတွေကိုပဲ ရင်ဖွင့်မယ်။ အဖေအမေတို့ကို မယုံလို့ မပြောချင်ဘူး” ဆိုပြီးနားလည်သွားတယ်။ အောက်ပါလေ့ကျင့်ခန်းကို လုပ်ကြည့်ပါ။ သင်က ပြဿနာတစ်ခုကြုံနေရပြီး မိဘတွေက ဘာကူညီပေးရမလဲလို့ မေးတယ်ဆိုပါစို့။
သင်ပြောလိုက်တာက– “အဖေအမေတို့ စိတ်မပူပါနဲ့။ ကိုယ့်ဘာသာကိုယ် ဖြေရှင်းနိုင်တယ်။”
မိဘတွေနားလည်တာက– ․․․․
ပိုကောင်းအောင်ပြောနိုင်တာက– ․․․․
အရေးကြီးဆုံးက ဘာလဲ။ ပြောမယ့်စကားတွေကို သေချာရွေးချယ်ပါ။ ရိုသေလေးစားတဲ့လေသံမျိုးနဲ့ ပြောပါ။ (ကောလောသဲ ၄:၆) မိဘတွေကို ရန်သူလိုမဟုတ်ဘဲ မိတ်ဆွေလို သဘောထားပါ။ သင်သိထားရမယ့်အချက်က ပြဿနာတွေကို ရင်ဆိုင်ဖြေရှင်းနိုင်ဖို့ဆိုရင် ရနိုင်တဲ့အကူအညီအားလုံးကို အရယူဖို့လိုတယ်။
မိဘတွေနဲ့စကားပြောရတာက ပြဿနာမဟုတ်ပေမဲ့ ပြောလိုက်တိုင်း ငြင်းခုံစကားများနေရတယ်ဆိုရင်ကော။
အဓိကကျမ်းချက်
“စိတ်ထဲရှိတဲ့အတိုင်း ပွင့်ပွင့်လင်းလင်းပြောပါတယ်။ စိတ်ရင်းမှန်နဲ့ပြောပါတယ်။”—ယောဘ ၃၃:၃၊ ဝီလျံဘတ်ရေးသားတဲ့ ခေတ်သုံးဘာသာစကားဖြင့် သန့်ရှင်းသောကျမ်းစာ။
အကြံပြုချက်
သင့်ပြဿနာအကြောင်း မိဘတွေနဲ့အတူထိုင်ပြီး ဆွေးနွေးဖို့ အခက်တွေ့နေမယ် ဆိုရင် အတူလမ်းလျှောက်ရင်း၊ ကားမောင်းရင်း၊ စျေးဝယ်ထွက်ရင်း ပြောပြနိုင်ပါတယ်။
သင်သိပါသလား . . . ?
အရေးကြီးတဲ့ကိစ္စတွေကို မိဘ တွေနဲ့ ပြောဆိုဆွေးနွေးဖို့ သင့်အတွက်ခက်ခဲနိုင်သလို မိဘတွေကလည်း အဲဒီအကြောင်းတွေကို သင်နဲ့ဆွေးနွေးဖို့ စိတ်ကသိကအောက်ဖြစ်တာ၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုမရှိတာ ဖြစ်နိုင်တယ်။
လက်တွေ့လုပ်ကြည့်ပါ
မိဘတွေနဲ့ စကားမပြောချင်တဲ့အခါကျရင် ငါလုပ်နိုင်တာက․․․․․
မိဘတွေက ငါမပြောချင်တဲ့ကိစ္စကို အတင်းပြောခိုင်းတယ်ဆိုရင် ငါလုပ်နိုင်တာက․․․․․
ဒီကိစ္စနဲ့ပတ်သက်ပြီး မိဘတွေကို ငါမေးချင်တာက․․․․․
သင်ဘယ်လိုထင်သလဲ
● ပြောဆိုဆက်သွယ်တဲ့အခါ စကားပြောမယ့်အချိန်ကို ရွေးချယ်တာက ဘယ်လောက်အရေးကြီးသလဲ။—သုတ္တံ ၂၅:၁၁။
● မိဘတွေနဲ့ စကားပြောဖို့ကြိုးစားတာက ဘာကြောင့်အကျိုးရှိသလဲ။—ယောဘ ၁၂:၁၂။
[စာမျက်နှာ ၁၀ ပါ ပုံစာ]
‘‘မိဘတွေနဲ့ ပြောဆိုဆက်သွယ်ဖို့ အမြဲတော့မလွယ်ဘူး။ ဒါပေမဲ့ သူတို့ကို ရင်ဖွင့်ပြောပြလိုက်တဲ့အခါ စိတ်ထဲမှာ အရမ်းပေါ့သွားတယ်လို့ ခံစားရတယ်။’’—ဒီဗနီ
[စာမျက်နှာ ၈ ပါ ရုပ်ပုံ]
လမ်းပိတ်ဆို့နေပေမဲ့ တခြားလမ်းကနေ ဆက်သွားနိုင်သလို သင်လည်း မိဘတွေနဲ့ ပြောဆိုဆက်သွယ်နိုင်မယ့်နည်းကို ရှာတွေ့နိုင်ပါတယ်
-
-
မိဘတွေနဲ့ တစ်ချိန်လုံး စကားများနေတာ ဘာကြောင့်လဲလူငယ်များအမေး—တာသွားသည့်အဖြေ၊ အတွဲ ၁
-
-
အခန်း ၂
မိဘတွေနဲ့ တစ်ချိန်လုံး စကားများနေတာ ဘာကြောင့်လဲ
ဒီအခန်းအစပိုင်းက အဖြစ်အပျက်မှာ ရေချယ်လ်ရဲ့လုပ်ရပ်သုံးခုကြောင့် စကားများစရာဖြစ်ခဲ့ရတယ်။ အဲဒါတွေကဘာလဲ။ သင့်အဖြေကို အောက်မှာရေးချပြီး စာမျက်နှာ ၂၀ မှာပါတဲ့ “အဖြေများ” ဆိုတဲ့ လေးထောင့်ကွက်နဲ့ နှိုင်းယှဉ်ကြည့်ပါ။
․․․․․
ဗုဒ္ဓဟူးနေ့ညမှာပေါ့။ ၁၇ နှစ်အရွယ် ရေချယ်လ်က အိမ်အလုပ်တွေပြီးသွားလို့ အေးအေးဆေးဆေးနားတော့မယ်ဆိုပြီး စိတ်ကူးလိုက်တယ်။ ဒါနဲ့ တီဗွီကို ဖွင့်ပြီး ထိုင်နေကျခုံပေါ်မှာ ကျကျနနထိုင်လိုက်တယ်။
အဲဒီအချိန်မှာပဲ အမေရောက်လာတယ်။ မျက်နှာက သိပ်မကြည်ဘူး။ “ရေချယ်လ်၊ တီဗွီကြည့်ပြီး ဘာလို့အချိန်ဖြုန်းနေတာလဲ။ ညီမလေးကို အိမ်စာကူလုပ်ပေးရအုံးမယ် မဟုတ်လား။ နင်ဟာလေ ပြောတဲ့အတိုင်း ဘယ်တော့မှမလုပ်ဘူး။”
“ပြဿနာရှာပြန်ပြီ” လို့ ရေချယ်လ် မကြားတကြားပြောလိုက်တယ်။
အမေ ရှေ့တိုးလာတယ်။ “ဘာပြောလိုက်တာလဲ၊ ပြန်ပြောစမ်း။”
“ဘာမှမဟုတ်ဘူး” ဆိုပြီး ရေချယ်လ်က မျက်စောင်းထိုးပြီး ပြောလိုက်တယ်။
အမေ ဒေါသူပုန်ထပြီပေါ့။ “ငါ့ကို အဲဒီလိုလေသံမျိုးနဲ့ မပြောနဲ့။”
ရေချယ်လ်က “အမေ့လေသံကျတော့ကော” ဆိုပြီး ပက်ခနဲပြန်ပြောလိုက်တယ်။
အနားယူဖို့စိတ်ကူးထားတာလေးတော့ ပျက်သွားပြီ။ . . . နောက်တစ်ခါ စကားများရပြန်ပြီ။
သင့်မိသားစုမှာရော အဲဒီလိုဖြစ်နေကျလား။ မိဘတွေနဲ့ သင် အမြဲစကားများနေလား။ ဒါဆိုရင် အခြေအနေကို ပြန်ဆန်းစစ်ကြည့်ပါ။ အဓိကစကားများရတာ ဘယ်ကိစ္စတွေကြောင့်လဲ။ သက်ဆိုင်တဲ့အကွက်တွေမှာ ✔ ခြစ်ပါ ဒါမှမဟုတ် “တခြား” ဆိုတဲ့နေရာမှာရေးပါ။
□ သဘောထား
□ အိမ်အလုပ်
□ အဝတ်အစား
□ အိမ်ပြန်ရောက်ချိန်
□ အပန်းဖြေမှု
□ သူငယ်ချင်း
□ လိင်ခြားသူ
□ တခြား ․․․․․
ဘယ်ကိစ္စကြောင့်ပဲဖြစ်ပါစေ စကားများငြင်းခုံတာက သင့်ကိုရော မိဘတွေကိုပါ စိတ်ဆင်းရဲစေတယ်။ သင့်အနေနဲ့ ရေငုံနှုတ်ပိတ်ပြီး မိဘတွေပြောသမျှကို လက်ခံတဲ့ပုံစံမျိုး လုပ်လို့ရပါတယ်။ ဒါပေမဲ့ ဘုရားသခင်က အဲဒီလိုလုပ်စေချင်သလား။ မလုပ်စေချင်ဘူး။ ကျမ်းစာမှာ “မိဘကို ရိုသေသမှုပြုလော့” လို့ ပြောထားတာမှန်ပါတယ်။ (ဧဖက် ၆:၂၊ ၃) ဒါပေမဲ့ သင့်ရဲ့ “စဉ်းစားဆင်ခြင်နိုင်စွမ်း” ကို တိုးတက်အောင်လုပ်ဖို့လည်း ကျမ်းစာက အားပေးထားတယ်။ (သုတ္တံ ၁:၁-၄; ရောမ ၁၂:၁) အဲဒီလိုလုပ်တဲ့အခါ သင့်မှာ ခိုင်မာတဲ့ခံယူချက်တွေ ရှိလာမယ်။ သင့်ခံယူချက်တချို့က မိဘတွေနဲ့တူမှာတော့ မဟုတ်ဘူး။ ဒါပေမဲ့ ကျမ်းစာမူတွေကိုကျင့်သုံးတဲ့ မိသားစုတွေမှာ မိဘနဲ့သားသမီးတွေဟာ ကိစ္စရပ်တိုင်းမှာ သဘောထားမတိုက်ဆိုင်ရင်တောင် အေးအေးဆေးဆေး ပြောဆိုဆက်သွယ်နိုင်ကြတယ်။—ကောလောသဲ ၃:၁၃။
ကိုယ့်ခံစားချက်ကိုပြောတဲ့အခါ စကားများငြင်းခုံတဲ့အခြေအနေ မရောက်သွားအောင် ဘယ်လိုလုပ်နိုင်သလဲ။ “အဓိကပြဿနာရှာတာက မိဘတွေလေ။ သူတို့က တစ်ချိန်လုံး ပေါက်ပေါက်ဖောက်နေတာကိုး” ဆိုပြီး ပြောဖို့လွယ်ပါတယ်။ ဒါပေမဲ့ စဉ်းစားကြည့်ပါ– သင့်မိဘတွေအပါအဝင် တခြားသူတွေကို သင်ပြောင်းလဲနိုင်လို့လား။ တကယ်တော့ သင်ပြောင်းလဲနိုင်တဲ့ တစ်ဦးတည်းသောသူက သင်ကိုယ်တိုင်ပါပဲ။ ဝမ်းသာစရာက၊ အခြေအနေတင်းမာနေတာကို ပြေလည်အောင် သင့်ဘက်ကကြိုးစားမယ်ဆိုရင် မိဘတွေလည်း သင်ပြောတာကို အေးအေးဆေးဆေး နားထောင်ပေးပါလိမ့်မယ်။
စကားများငြင်းခုံတာ မဖြစ်တော့အောင် ဘာလုပ်နိုင်သလဲ။ အောက်ပါအကြံပြုချက်တွေကို လက်တွေ့ကျင့်သုံးပါ။ အဲဒီအခါ ပြောဆိုဆက်သွယ်မှုစွမ်းရည် ဘယ်လောက်တိုးတက်လာတယ်ဆိုတာ တွေ့ရလို့ သင်ကိုယ်တိုင်ရော မိဘတွေပါ အံ့အားသင့်ရပါလိမ့်မယ်။
● ပြန်မပြောခင် စဉ်းစားပါ။ ကိုယ့်ကိုထိုးနှက်နေတယ်လို့ ခံစားရတဲ့အခါ စိတ်ထဲပေါ်လာတဲ့အတိုင်း ချက်ချင်းမတုံ့ပြန်ပါနဲ့။ ဥပမာ၊ အမေက “ပန်းကန်တွေ ဘာလို့မဆေးတာလဲ။ ခိုင်းတဲ့အတိုင်း ဘယ်တော့မှမလုပ်ဘူး” လို့ပြောတယ်ဆိုပါစို့။ သင်က “အမေ ဘာလို့ ပူညံပူညံလုပ်နေတာလဲ” ဆိုပြီး ချက်ချင်းပြန်ပြောမိနိုင်တယ်။ ဒါပေမဲ့ သင့်ရဲ့စဉ်းစားဆင်ခြင်နိုင်စွမ်းကို အသုံးပြုပါ။ အမေ့စကားနောက်ကွယ်က ခံစားချက်ကို သိအောင်ကြိုးစားပါ။ “အမြဲတမ်း၊” “ဘယ်တော့မှ” ဆိုတဲ့စကားမျိုးတွေကို အရှိအတိုင်းမယူမှတ်ပါနဲ့။ ဒါပေမဲ့ အဲဒီစကားတွေက နောက်ကွယ်ကခံစားချက်ကို ဖော်ပြနေတယ်။ ဘာများဖြစ်မလဲ။
အမေက အိမ်အလုပ်တွေပိနေတယ်လို့ ခံစားရပြီး စိတ်တိုနေတာ ဖြစ်နိုင်တယ်။ သင်ကူညီပေးမယ်ဆိုတာကို စိတ်ချနေချင်တာ ဖြစ်နိုင်တယ်။ ဒါကြောင့် “အမေ ဘာလို့ ပူညံပူညံလုပ်နေတာလဲ” လို့ပြောလိုက်တာက ဘာမှအကျိုးမရှိတဲ့အပြင် အခြေအနေကို ပိုဆိုးသွားစေရုံပဲရှိမယ်။ အဲဒီအစား အမေစိတ်ချမ်းသာအောင် ပြောပေးတာက ပိုမကောင်းဘူးလား။ ဥပမာ၊ “ဆောရီးပဲ အမေ။ အခုချက်ချင်း သွားဆေးလိုက်ပါ့မယ်” ဆိုပြီးပြောနိုင်တယ်။ သတိထားရမယ့်အချက်က ထေ့ငေါ့တဲ့လေသံမျိုးနဲ့ မပြောပါနဲ့။ သင်က စာနာမှုရှိရှိပြောတဲ့အခါ အမေလည်း စိတ်ပြေသွားပြီး တကယ့်ပြဿနာကို ပြောလာနိုင်မယ်။
အဖေနဲ့အမေပြောတဲ့ ဘယ်စကားကြောင့် သင် စိတ်တိုရသလဲဆိုတာ ရေးပါ။
․․․․․
အဲဒီစကားနောက်ကွယ်က ခံစားချက်ကို နားလည်တဲ့အနေနဲ့ စာနာမှုရှိရှိ ဘယ်လိုပြန်ပြောနိုင်မလဲဆိုတာ စဉ်းစားကြည့်ပါ။
․․․․․
● လေးလေးစားစားပြောပါ။ အမေနဲ့စကားပြောတဲ့အခါ ပြောဆိုပုံက ဘယ်လောက်အရေးကြီးတယ်ဆိုတာ အတွေ့အကြုံကနေ မီရှယ်လ် သိလာတယ်။ “ဘာပြဿနာပဲဖြစ်ဖြစ် အမေ မကြိုက်တဲ့အဓိကအချက်က ကျွန်မရဲ့လေသံပဲ” လို့ သူပြောပြတယ်။ သင်လည်း အဲဒီလိုဖြစ်တယ်ဆိုရင် အေးအေးဆေးဆေး၊ ညင်ညင်သာသာ ပြောတတ်အောင် သင်ယူပါ။ မျက်စောင်းထိုးတာ ဒါမှမဟုတ် မကျေနပ်တဲ့အမူအရာလုပ်တာတွေကို ရှောင်ပါ။ (သုတ္တံ ၃၀:၁၇) ဒေါသထွက်လာပြီဆိုရင် ခဏလေး အသံတိတ်ဆုတောင်းလိုက်ပါ။ (နေဟမိ ၂:၄) ဆုတောင်းရတဲ့ရည်ရွယ်ချက်က ‘မိဘတွေ ပူညံပူညံမလုပ်တော့အောင်’ ဘုရားဆီမှာ အကူအညီတောင်းဖို့ မဟုတ်ဘူး။ အဲဒီအစား မီးလောင်ရာလေပင့် မလုပ်မိအောင် ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်ဖို့ဖြစ်တယ်။—ယာကုပ် ၁:၂၆။
သင်ရှောင်သင့်တဲ့ လုပ်နေကျအပြုအမူတချို့၊ ပြောနေကျအပြောအဆိုတချို့ကို ရေးချပါ။
အပြောအဆိုများ–
․․․․․
အပြုအမူများ (မျက်နှာအမူအရာနဲ့ ကိုယ်ဟန်အမူအရာ)
․․․․․
● နားထောင်ပါ။ “စကားများများပြောသောအခါ အမှားများများပါတတ်၏” လို့ ကျမ်းစာပြောတယ်။ (သုတ္တံ ၁၀:၁၉၊ ခေတ်သုံးမြန်မာကျမ်း) ဒါကြောင့် အဖေနဲ့အမေကို စကားပြောဖို့ အခွင့်အရေးပေးပါ။ သူတို့ပြောတာကို အာရုံစိုက်နားထောင်ပါ။ ကိုယ့်လုပ်ရပ်ကို ဆင်ခြေပေးဖို့ စကားဖြတ်မပြောပါနဲ့။ နားပဲထောင်ပါ။ သူတို့စကားပြောပြီးတဲ့အခါ သင့်ရဲ့အမြင်ကို ရှင်းပြဖို့၊ မေးခွန်းတွေမေးဖို့ အခွင့်အရေးရလာပါလိမ့်မယ်။ အခုအချိန်မှာ ခေါင်းမာမာနဲ့ ကိုယ့်အမြင်ကိုဇွတ်ပြောနေမယ်ဆိုရင် အခြေအနေပိုဆိုးရုံပဲရှိမယ်။ သင့်မှာ ပြောစရာအများကြီးရှိမယ်ဆိုရင်တောင် အခုအချိန်က ‘နှုတ်ဆိတ်နေရမယ့်အချိန်’ ဖြစ်တယ်။—ဒေသနာ ၃:၇၊ ကဘ။
● တောင်းပန်လိုစိတ်ရှိပါ။ စကားများစရာဖြစ်အောင် သင်လုပ်ခဲ့မိသမျှအတွက် “တောင်းပန်ပါတယ်” လို့ အမြဲပြောသင့်တယ်။ (ရောမ ၁၄:၁၉) ဘယ်အခြေအနေမျိုးမှာမဆို စကားများတဲ့အခါတိုင်း တောင်းပန်ပါတယ်လို့ ပြောနိုင်တယ်။ မျက်နှာချင်းဆိုင်ပြောဖို့ အခက်တွေ့နေတယ်ဆိုရင် သင့်ခံစားချက်ကို စာရေးပြီးပြောပြပါ။ အဲဒီနောက် စကားများစရာဖြစ်စေတဲ့ ကိုယ့်ရဲ့အပြုအမူကို ပြုပြင်ပါ။ ဒီနည်းနဲ့ ကိုယ့်ဘက်က ပိုလိုက်လျောပေးနိုင်တယ်။ (မဿဲ ၅:၄၁) ဥပမာ၊ အိမ်အလုပ်မလုပ်လို့ စကားများရတယ်ဆိုရင် အိမ်အလုပ်တွေပြီးအောင် လုပ်ပြလိုက်ပေါ့။ ကိုယ်မလုပ်ချင်တဲ့အလုပ်ဆိုရင်တောင် ပြီးအောင်လုပ်လိုက်ပါ။ အဲဒါက စကားများငြင်းခုံတာထက် ပိုကောင်းတယ်မဟုတ်လား။ (မဿဲ ၂၁:၂၈-၃၁) သင်နဲ့မိဘကြား အခြေအနေတင်းမာနေတာကို ပြေလည်သွားအောင် သင့်ဘက်ကကြိုးစားမယ်ဆိုရင် ဘာအကျိုးတွေရမယ်ဆိုတာ စဉ်းစားကြည့်ပါ။
ပျော်ရွှင်တဲ့မိသားစုတွေမှာလည်း ပြဿနာရှိပါတယ်။ ဒါပေမဲ့ အဲဒီပြဿနာတွေကို ဘယ်လိုအေးအေးဆေးဆေး ဖြေရှင်းရမလဲဆိုတာ သူတို့သိတယ်။ ဒီအခန်းမှာပါတဲ့ အချက်တွေကို လက်တွေ့အသုံးချပါ။ ဒါဆိုရင် ခက်ခဲတဲ့ကိစ္စတွေကို မိဘနဲ့ဆွေးနွေးတဲ့အခါမှာတောင် စကားများငြင်းခုံတာမျိုး မဖြစ်တော့ဘူးဆိုတာ သင်တွေ့ရပါလိမ့်မယ်။
မိဘတွေ သင့်ကို လွတ်လပ်မှုပိုပေးသင့်တယ်လို့ ထင်သလား။ ဒါဆိုရင် သင်ဘာလုပ်နိုင်သလဲ။
အဓိကကျမ်းချက်
“သူတော်ကောင်းသည် အဖြေမပေးမီ စဉ်းစားဆင်ခြင်တတ်၏။”—သုတ္တံ ၁၅:၂၈၊ ခေတ်သုံးမြန်မာကျမ်း။
အကြံပြုချက်
မိဘတွေ သင့်ကိုစကားပြောတဲ့အခါ နားထောင်နေတဲ့သီချင်းကို ပိတ်လိုက်ပါ၊ ဖတ်လက်စစာအုပ် ဒါမှမဟုတ် မဂ္ဂဇင်းကို ချထားလိုက်ပါ။ မိဘတွေကို ကြည့်ပါ။
သင်သိပါသလား . . . ?
ပြဿနာပြေလည်သွားအောင် ဒါမှမဟုတ် ပြဿနာမဖြစ်အောင် ကြိုးစားတာက သင့်ကို ပိုပျော်ရွှင်စေပါလိမ့်မယ်။ “သနားကြင်နာတတ်သူသည် မိမိကိုယ်ကိုကောင်းကျိုးပြုသူဖြစ်၏” လို့သမ္မာကျမ်းစာမှာ ပြောထားတယ်။—သုတ္တံ ၁၁:၁၇၊ ခမ။
လက်တွေ့လုပ်ကြည့်ပါ
ဒီအခန်းမှာပါတဲ့ အကြံပြုချက်တွေထဲမှာ ငါကြိုးစားဖို့အလိုအပ်ဆုံးအချက်ကတော့․․․․․
အဲဒီအချက်ကို ငါလက်တွေ့စလုပ်မယ့်နေ့က (ရက်စွဲရေးပါ)․․․․․
ဒီကိစ္စနဲ့ပတ်သက်ပြီး မိဘတွေကို ငါမေးချင်တာက․․․․․
သင်ဘယ်လိုထင်သလဲ
● စကားများတဲ့အခါ အနိုင်ရအောင်ပြောတာ ကောင်းတယ်လို့ သင့်ရွယ်တူချင်းတချို့ ဘာကြောင့်ထင်သလဲ။
● စကားများငြင်းခုံတတ်သူကို လူမိုက်လို့ ယေဟောဝါဘုရား ဘာကြောင့်ယူမှတ်တာလဲ။—သုတ္တံ ၂၀:၃။
● သင်နဲ့မိဘကြား အခြေအနေတင်းမာနေတာကို ပြေလည်အောင်လုပ်မယ်ဆိုရင် သင်ဘယ်လိုအကျိုးရမလဲ။
[စာမျက်နှာ ၁၈ ပါ အကျဉ်းဖော်ပြချက်]
တစ်ခါတလေဆို အမေက ကျွန်မကိုဖက်ပြီး ‘ဆောရီးပဲ’ လို့ပြောတတ်တယ်။ အဲဒါသိပ်ကောင်းတာပဲ။ ဒီလိုနဲ့ ကျွန်မတို့ ပြေလည်သွားကြတယ်။ ကျွန်မဘက်ကလည်း အဲဒီလိုလုပ်ဖို့ ကြိုးစားတယ်။ မာနကိုဘေးဖယ်ထားပြီး ‘ဆောရီးပါ’ လို့ စိတ်ရင်းမှန်နဲ့ပြောလိုက်တယ်။ အမှန်အတိုင်းဝန်ခံရရင် အဲဒီလိုလုပ်ဖို့မလွယ်ပေမဲ့ သိပ်အကျိုးရှိတယ်။’’—လော်ရင်း
[စာမျက်နှာ ၂၀ ပါ လေးထောင့်ကွက်]
အဖြေများ
၁။ (“ပြဿနာရှာပြန်ပြီ” ဆိုတဲ့) ထေ့ငေါ့စကားက မီးလောင်ရာလေပင့်ဆိုသလို အမေ့ကို ပိုဒေါသထွက်စေတယ်။
၂။ ရေချယ်လ်ရဲ့မျက်နှာအမူအရာ (မျက်စောင်းထိုးတာ) က ပြဿနာကို လက်ယပ်ခေါ်လိုက်တာပဲ။
၃။ (“အမေ့လေသံကျတော့ကော” ဆိုပြီး) ပြန်ခံပြောတာက အခြေအနေကို ပိုဆိုးသွားစေတယ်။
[စာမျက်နှာ ၁၉ ပါ ရုပ်ပုံ]
မိဘနဲ့စကားများငြင်းခုံ တာက ပြေးစက်ပေါ်မှာ ပြေးနေတာနဲ့တူတယ်။ ခွန်အားအများကြီး ကုန်ခန်းသွားပေမဲ့ ဘယ်နေရာကိုမှ မရောက်ဘူး
-