ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၉ ၃/၁ စာ. ၂၅-၂၈
  • ကောရိန္သုမြို့—“ဆိပ်ကမ်းနှစ်ခု၏ အရှင်သခင်”

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကောရိန္သုမြို့—“ဆိပ်ကမ်းနှစ်ခု၏ အရှင်သခင်”
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၉
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • အချက်အချာကျသောမြို့
  • နစ်မြုပ်နေသော ကင်ခြေဆိပ်ကမ်းကို ရှာဖွေတွေ့ရှိ
  • လီခေယမ်—အနောက်ဘက်သို့သွားရာ တံခါးဝ
  • ကောရိန္သုရှိခရစ်ယာန်များကြုံတွေ့ရသော စိန်ခေါ်ချက်များ
  • “ဆက်သာ ဟောပါ။ လက်မလျှော့နဲ့”
    ဘုရားသခင့် နိုင်ငံတော်အကြောင်း ‘စေ့စေ့စပ်စပ် သက်သေခံပါ’
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၉
က၀၉ ၃/၁ စာ. ၂၅-၂၈

ကောရိန္သုမြို့—“ဆိပ်ကမ်းနှစ်ခု၏ အရှင်သခင်”

ဂရိနိုင်ငံသည် အဓိကပြည်မကြီးဖြစ်သော ကျွန်းဆွယ်တစ်ခုနှင့် တောင်ဘက်ရှိကျွန်းကြီးတစ်ခုတို့ဖြင့် ဖွဲ့စည်းထားကြောင်း မြေပုံတွင် သင်သတိပြုမိပေမည်။ ထိုအပိုင်းနှစ်ပိုင်းကို ကျဉ်းမြောင်းရှည်လျားသောကုန်းမြေဖြင့် ဆက်သွယ်ထားပြီး ယင်း၏အကျဉ်းမြောင်းဆုံးအပိုင်းမှာ လေးမိုင်ခန့်ရှိသည်။ ထိုအပိုင်းကို ကောရိန္သုကျွန်းဆက်ဟုခေါ်ပြီး ယင်းသည် တောင်ဘက်ရှိ ပလိုပိုနီးရှန်းကျွန်းဆွယ်နှင့် မြောက်ဘက်ရှိဂရိပြည်မကြီးကို ဆက်သွယ်ပေးသည်။

ထိုကျွန်းဆက်သည် အခြားအကြောင်းရင်းကြောင့်လည်း အရေးပါ၏။ ၎င်းကို ပင်လယ်ပေါင်းကူးတံတား ဟူ၍ခေါ်ဝေါ်ကြသည်၊ အကြောင်းမှာ ၎င်း၏အရှေ့ဘက်တွင် အေဂျီယန်ပင်လယ်နှင့် အရှေ့မြေထဲပင်လယ်ဘက်သို့ ဦးတည်နိုင်သော ဆရောနစ်ခ်ပင်လယ်ကွေ့တည်ရှိပြီး အနောက်ဘက်တွင် အိုင်အိုနီးယန်းပင်လယ်၊ အာဒြိပင်လယ်နှင့် အနောက်မြေထဲပင်လယ်သို့ ဦးတည်နိုင်သော ကောရိန္သုပင်လယ်ကွေ့တို့ တည်ရှိသောကြောင့်ဖြစ်သည်။ ယင်းတို့အားလုံး၏ အချက်အချာကျသောနေရာ၊ တမန်တော်ပေါလု၏ ခရစ်ယာန်သာသနာပြုခရီးစဉ်တွင် အရေးပါလှသည့် တစ်ထောက်ခိုနားရာနေရာဖြစ်သော ကောရိန္သုမြို့သည် ကြွယ်ဝချမ်းသာမှု၊ ကာမဂုဏ်လိုက်စားမှုနှင့် အကျင့်ပျက်မှုတို့ဖြင့် နာမည်ကြီးခဲ့သော ရှေးခေတ်သမိုင်းဝင်မြို့တစ်မြို့ဖြစ်သည်။

အချက်အချာကျသောမြို့

ကောရိန္သုမြို့သည် ထိုအရေးပါသောကျွန်းဆက်၏ အနောက်ဘက်စွန်းနားတွင် တည်ရှိသည်။ မြို့၏တစ်ဘက်တစ်ချက်စီတွင် ဆိပ်ကမ်းနှစ်ခုရှိရာ အနောက်ဘက်တွင် လီခေယမ်ဆိပ်ကမ်းနှင့် အရှေ့ဘက်တွင် စဲန်ခရီယာ[ကင်ခြေ]ဆိပ်ကမ်း ရှိသည်။ ထို့ကြောင့် ဂရိပထဝီပညာရှင် စတြာဘိုက ကောရိန္သုမြို့ကို “ဆိပ်ကမ်းနှစ်ခု၏အရှင်သခင်” ဟုတင်စားရေးသားခဲ့ခြင်းဖြစ်သည်။ ယင်း၏အချက်အချာကျသောတည်နေရာကြောင့် ကောရိန္သုမြို့သည် ကုန်းကြောင်းနှင့်ရေကြောင်းခရီးလမ်းတို့ စုဆုံရာနေရာဖြစ်ခဲ့ပြီး တောင်နှင့်မြောက် ကုန်းကြောင်းကူးသန်းရောင်းဝယ်ရေး၊ အရှေ့နှင့်အနောက် ရေကြောင်းကူးသန်းရောင်းဝယ်ရေးလုပ်ငန်းတို့ကို လွှမ်းမိုးချုပ်ကိုင်နိုင်ခဲ့သည်။

ရှေးအချိန်မှစ၍ အရှေ့ဘက်(အာရှမိုင်းနား၊ ဆီးရီးယား၊ ဖိုနီးရှားနှင့် အီဂျစ်)မှသင်္ဘောများနှင့် အနောက်ဘက်(အီတလီနှင့်စပိန်)မှ သင်္ဘောများသည် ကုန်စည်များတင်ဆောင်လာပြီး ဆိပ်ကမ်းတစ်ခုတွင် ကုန်ချသည်၊ ထို့နောက် ကျွန်းဆက်၏တစ်ဘက်ရှိ မိုင်အနည်းငယ်ကွာဝေးသော ဆိပ်ကမ်းသို့ ထိုကုန်စည်များကို ကုန်းကြောင်းဖြင့် သယ်ဆောင်သွားသည်။ ထိုတွင် ကုန်စည်များကို အခြားသင်္ဘောများပေါ်သို့ ပြန်တင်ကာ ခရီးဆက်ကြသည်။ သင်္ဘောငယ်များကိုမူ ကျွန်းဆက်ကိုဖြတ်၍ ဒိုးရိုပေါက်ဖောက်လုပ်ထားသည့် ဒိုင်အိုလ်ကော့စ်ဟုခေါ်သော လမ်းကြောင်းတစ်လျှောက် ဆွဲငင်ယူကြသည်။—စာမျက်နှာ ၂၇ ရှိလေးထောင့်ကွက်ကို ကြည့်ပါ။

သင်္ဘောသားများသည် ကျွန်းဆက်ကိုဖြတ်၍ဖောက်ထားသော ထိုလမ်းကြောင်းကို အဘယ်ကြောင့် ပိုနှစ်သက်ကြသနည်း။ အကြောင်းမှာ ယင်းသည် မုန်တိုင်းအမြဲတိုက်ခတ်လေ့ရှိသော တောင်ဘက်ရှိ ပလိုပိုနီးရှန်းကျွန်းဆွယ်၏အငူတစ်ဝိုက်ကို ဖြတ်သန်းကာ မိုင် ၂၀၀ ရှည်သော ပင်လယ်ခရီးကြမ်း၏အန္တရာယ်မှ လွတ်ကင်းစေသောကြောင့်ဖြစ်သည်။ ထို့ပြင် “မီလီရားအငူတစ်ဝိုက်ကို ဖြတ်သန်းပြီးခရီးနှင်လျှင် မည်သည့်အခါမျှ အိမ်ပြန်ရောက်မည်မဟုတ်” ဟူသော ရှေးစကားပုံကြောင့် သင်္ဘောသားများသည် အထူးသဖြင့် မီလီရားအငူကို ရှောင်ကွင်းသွားလေ့ရှိသည်။

နစ်မြုပ်နေသော ကင်ခြေဆိပ်ကမ်းကို ရှာဖွေတွေ့ရှိ

ကောရိန္သုမြို့၏အရှေ့ဘက် ခုနစ်မိုင်ခန့်အကွာတွင်တည်ရှိသော ကင်ခြေဆိပ်ကမ်းသည် အာရှပင်လယ်ရေကြောင်းခရီးစဉ်အတွက် လမ်းဆုံးဖြစ်သည်။ အေဒီ လေးရာစုအဆုံးပိုင်းတွင်လှုပ်ခဲ့သော အင်အားပြင်းငလျင်များကြောင့် ယနေ့ခေတ်တွင် ထိုဆိပ်ကမ်း၏ထက်ဝက်ခန့်ကို ရေဖုံးလွှမ်းနေသည်။ ကင်ခြေသည် စည်ကားသော၊ ချမ်းသာကြွယ်ဝသောဆိပ်ကမ်းဖြစ်သည်ဟု စတြာဘိုကဖော်ပြခဲ့ပြီး “နိုင်ငံပေါင်းစုံမှသင်္ဘောများဖြင့် စည်ကားသိုက်မြိုက်နေသော ကြီးကျယ်ခမ်းနားသည့် သင်္ဘောဆိပ်” ဟူ၍ ရောမအတွေးအခေါ်ပညာရှင် လူစီယပ်စ်အပိုလီယပ်စ်က ခေါ်ဆိုခဲ့သည်။

ရောမတို့ကြီးစိုးစဉ်တွင် ထိုဆိပ်ကမ်း၌ မြင်းခွာပုံသဏ္ဌာန်ဖြင့် ပင်လယ်ဘက်သို့ ထိုးထွက်နေသော ဆိပ်ခံတံတားနှစ်ခုရှိရာ ယင်းသည် ပေ ၄၅၀ မှ ၆၀၀ ကျယ်သော သင်္ဘောဆိုက်ကပ်နိုင်သည့်နေရာဖြစ်လာသည်။ ထိုတွင် ပေ ၁၃၀ ထိရှည်လျားသော သင်္ဘောကြီးများ ဆိုက်ကပ်နိုင်သည်။ ယင်း၏အနောက်တောင်ဘက်တွင် အိုင်းစစ်နတ်ဘုရားမ၏ နတ်ကွန်းဟုယူဆရသော ဗိမာန်အပျက်အယွင်းများကို တူးဖော်တွေ့ရှိခဲ့သည်။ ထိုဆိပ်ကမ်း၏အခြားတစ်ဘက်စွန်းရှိ အဆောက်အဦမှာ အက်ဖရိုဒိုက်နတ်ဘုရားမ၏ ဗိမာန်ဖြစ်ဖွယ်ရှိသည်။ ထိုနတ်ဘုရားမနှစ်ပါးသည် သင်္ဘောသားများကို ကာကွယ်စောင့်ရှောက်ပေးသည်ဟု ယူဆကြသည်။

ထိုသင်္ဘောဆိပ်တွင် သင်္ဘောကုန်စည်များ ရောင်းဝယ်ဖောက်ကားသည့်လုပ်ငန်းရှိသောကြောင့် ပေါလုသည် ကောရိန္သုမြို့တွင်နေထိုင်စဉ် တဲရှင်ချုပ်သောအလုပ်လုပ်ခဲ့ခြင်းဖြစ်မည်။ (တမန်တော် ၁၈:၁-၃) သူတော်စင်ပေါလု၏ခြေရာများစာအုပ်တွင် ဤသို့ဖော်ပြထားသည်– “ကောရိန္သုမြို့ရှိ တဲရှင်ချုပ်သူများသည် သင်္ဘောရွက်ဖျင်များကိုလည်း ချုပ်လုပ်ကြရာ ဆောင်းတွင်းဝင်လာသည်နှင့်အမျှ လက်မလည်အောင် အလုပ်များကြသည်။ ပင်လယ်ခရီးလမ်းပိတ်ပင်ထားသည့် ဆောင်းကာလတွင် သင်္ဘောများကို ပြုပြင်မွမ်းမံရန်နှင့် ရိက္ခာဖြည့်တင်းရန် ဆိပ်ကမ်းနှစ်ခုလုံးတွင် ပြည့်ကျပ်နေအောင် ဆိုက်ကပ်ထားသောကြောင့် လီခေယမ်နှင့် ကင်ခြေဆိပ်ကမ်းမှ သင်္ဘောပစ္စည်းရောင်းသူများသည် ရွက်ထည်ချုပ်လုပ်တတ်သူတိုင်းကို အလုပ်အကိုင်ပေးနိုင်ကြသည်။”

ပေါလုသည် ကောရိန္သုမြို့တွင် ၁၈ လကျော်နေထိုင်ပြီးနောက် အေဒီ ၅၂ ခန့်တွင် ကင်ခြေမှဧဖက်သို့ သင်္ဘောနှင့်ထွက်ခွာသွားခဲ့သည်။ (တမန်တော် ၁၈:၁၈၊ ၁၉) နောင်လေးနှစ်ကြာပြီးနောက် ကင်ခြေမြို့၌ ခရစ်ယာန်အသင်းတော်ကို တည်ထောင်ခဲ့သည်။ ပေါလုသည် “ကင်ခြေမြို့အသင်းတော်” မှ ခရစ်ယာန်ညီအစ်မဖိဗေ၏လိုအပ်ရာများကို ထောက်ပံ့ပေးရန် ရောမရှိခရစ်ယာန်များကို တောင်းဆိုခဲ့ကြောင်း ကျမ်းစာတွင် ကျွန်ုပ်တို့ဖတ်ရသည်။—ရောမ ၁၆:၁၊ ၂။

ယနေ့ခေတ်တွင် ကင်ခြေပင်လယ်ကွေ့သို့ သွားရောက်လည်ပတ်သူများသည် ရေအောက်တွင်နစ်မြုပ်နေသော ကင်ခြေဆိပ်ကမ်း၏ ရှေးဟောင်းအမွေအနှစ်များအကြား ကျောက်သလင်းကဲ့သို့ကြည်လင်နေသည့်ရေတွင် ရေကူးကြသည်။ လွန်ခဲ့သောရာစုနှစ်များစွာတွင် ထိုနေရာသည် ခရစ်ယာန်ဟောပြောခြင်းလုပ်ငန်းနှင့် ကူးသန်းရောင်းဝယ်ရေးလုပ်ငန်းတို့ဖြင့် ပျားပန်းခပ်စည်ကားခဲ့ကြောင်း ထိုလာလည်ပတ်သူများစွာ သတိမပြုမိကြချေ။ ကျွန်းဆက်၏အနောက်ဘက်ပိုင်းတွင်တည်ရှိသော ကောရိန္သုမြို့၏နောက်သင်္ဘောဆိပ်တစ်ခုဖြစ်သည့် လီခေယမ်ဆိပ်ကမ်းသည်လည်း အလားတူပင်ဖြစ်သည်။

လီခေယမ်—အနောက်ဘက်သို့သွားရာ တံခါးဝ

လီခေယမ်လမ်းမကြီးသည် ကောရိန္သုဈေးနှင့် ယင်း၏အနောက်ဘက် တစ်မိုင်ခွဲခန့်တွင်ရှိသော လီခေယမ်ဆိပ်ကမ်းကို တိုက်ရိုက်ဆက်သွယ်ထားသည်။ အင်ဂျင်နီယာများသည် သင်္ဘောဆိပ်တည်ဆောက်ရန် ကမ်းစပ်မှအပိုင်းတစ်ပိုင်းကို ခပ်နက်နက်တူးထုတ်ကာ ထွက်လာသောမြေကြီးများကို ဆိပ်ကမ်းတွင်စုပုံထားလိုက်ရာ ကမ်းခြေအိုင်ဖြစ်ပေါ်လာပြီး ထိုတွင် ကျောက်ချရပ်ထားသော သင်္ဘောများကို ပင်လယ်အော်ဘက်မှ တိုက်ခတ်လာသော လေကြမ်း၏ဒဏ်မှ ကာကွယ်ပေးသည်။ တစ်ချိန်က ထိုဆိပ်ကမ်းသည် မြေထဲပင်လယ်တွင် အကြီးဆုံးသင်္ဘောဆိပ်ဖြစ်ခဲ့သည်။ ရှေးဟောင်းသုတေသနပညာရှင်များသည် ပိုစေဒွန်နတ်ဘုရားပုံမီးပြတိုက်၏ အပျက်အယွင်းများကို တူးဖော်တွေ့ရှိခဲ့သည်။

နံရံနှစ်ထပ်ကာရံထားသော လီခေယမ်လမ်းမကြီးတစ်လျှောက်တွင် လူသွားစင်္ကြံများ၊ အဆောက်အဦများ၊ ဗိမာန်များနှင့် ဈေးဆိုင်တန်းများရှိသည်။ ပေါလုသည် ဈေးဝယ်လာသူ၊ အကျိုးမဲ့သောစကားကိုပြောသူ၊ ဈေးဆိုင်ရောင်းသူ၊ ကျွန်၊ စီးပွားရေးသမားများနှင့် အခြားသူများကို ထိုနေရာတွင်တွေ့ဆုံခဲ့ရာ သူတို့ကို ဟောပြောခဲ့ပေမည်။

လီခေယမ်သည် ကူးသန်းရောင်းဝယ်ရေးဆိပ်ကမ်းတစ်ခုဖြစ်ရုံသာမက ရေတပ်အခြေစိုက်စခန်းတစ်ခုလည်းဖြစ်သည်။ ဘီစီ ၇၀၀ ခန့်တွင် ကောရိန္သုမြို့သား၊ သင်္ဘောတည်ဆောက်သူ အမဲန်နိုကလက်စ်သည် ရှေးခေတ် တိုက်သင်္ဘောများအနက် တက်ခတ်သူထိုင်ခုံသုံးဆင့်စီပါသည့် အလွန်ထိရောက်သောစစ်သင်္ဘောများကို လီခေယမ်သင်္ဘောဆိပ်တွင် တည်ဆောက်ခဲ့သည်ဟု အချို့ဆိုကြသည်။ ဘီစီ ၄၈၀ တွင် အေသင်မြို့သားများသည် ထိုစစ်သင်္ဘောများ၏အားသာချက်ကို အသုံးပြုကာ ပါးရှားရေတပ်ကို ရှာလမိဆိပ်ကမ်းတွင် အပြတ်အသတ်အနိုင်ရခဲ့သည်။

တစ်ချိန်က အလွန်စည်ကားခဲ့သော သင်္ဘောဆိပ်သည် ယခုမူ “ကျူပင်များအုံ့ဆိုင်းနေသည့် ပင်လယ်ကမ်းခြေအိုင်များ” အဖြစ်သာ တည်ရှိတော့သည်။ မြေထဲပင်လယ်၏အကြီးဆုံးဆိပ်ကမ်းတစ်ခုသည် လွန်ခဲ့သောရာစုနှစ်များစွာတွင် ထိုနေရာ၌တည်ရှိခဲ့ကြောင်း မည်သူမျှသတိမမူမိကြချေ။

ကောရိန္သုရှိခရစ်ယာန်များကြုံတွေ့ရသော စိန်ခေါ်ချက်များ

ကောရိန္သုရှိ ဆိပ်ကမ်းမြို့များသည် ကူးသန်းရောင်းဝယ်ရေးဆိပ်ကမ်းမြို့များဖြစ်သည့်အပြင် ထိုမြို့သားများအပေါ်သက်ရောက်သော ဩဇာလွှမ်းမိုးမှုများဝင်ရောက်လာရာ လမ်းဝလည်းဖြစ်သည်။ ယင်းတို့အနက်တစ်ခုမှာ ထိုဆိပ်ကမ်းများရှိခြင်းကြောင့် ရောင်းဝယ်ဖောက်ကားရန်နှင့် စည်းစိမ်ဥစ္စာရှာဖွေရန် သွေးဆောင်ခံရခြင်းဖြစ်သည်။ ကောရိန္သုမြို့သည် ဆိပ်ကမ်းခွန်ကောက်ခံခြင်းနှင့် ဒိုင်အိုလ်ကော့စ်လမ်းကြောင်းဖြင့် သယ်ယူပို့ဆောင်သော သင်္ဘောများနှင့်ကုန်စည်များအတွက် လမ်းခွန်များကောက်ခံခြင်းတို့ကြောင့် ချမ်းသာကြွယ်ဝနေသည်။ ထို့ပြင် ကုန်းကြောင်းသယ်ယူပို့ဆောင်ရေးအတွက်လည်း အခွန်ငွေကောက်ခံသည်။ ဘီစီခုနစ်ရာစုအဆုံးပိုင်းတွင် ဈေးနှင့်သင်္ဘောဆိပ်များမှ ရရှိသောအခွန်ငွေကြောင့် မြို့၏ဝင်ငွေအမြောက်အမြားရှိရာ ကောရိန္သုမြို့သားတိုင်းသည် အခွန်ငွေပေးဆောင်ခြင်းမှ ကင်းလွတ်ခွင့်ရသည်အထိပင်ဖြစ်သည်။

ထို့ပြင် ထိုမြို့တွင် တည်းခိုသောကုန်သည်များထံမှလည်း ဝင်ငွေရရှိပြန်သည်။ ထိုကုန်သည်အများစုသည် ကာမဂုဏ်လိုက်စားခြင်းနှင့် အကျင့်ပျက်ပွဲလမ်းသဘင်များတွင် အလွန်အကျွံပါဝင်ကြသည်။ သင်္ဘောသားများလည်း ထိုနေရာများတွင် ကြိတ်ကြိတ်တိုးလျက်ရှိရာ ကောရိန္သုမြို့သည် အလွန်ကြီးပွားတိုးတက်နေသည်။ ထိုသူတို့သည် ရှာသမျှငွေကို အလွယ်တကူသုံးဖြုန်းပစ်ကြ၏ဟု စတြာဘိုက မှတ်ချက်ချခဲ့သည်။ မြို့ခံလူတို့သည် သင်္ဘောပြုပြင်မွမ်းမံခြင်းအပါအဝင် ဝန်ဆောင်မှုလုပ်ငန်းအမျိုးမျိုးကို လုပ်ဆောင်ကြသည်။

ပေါလုလက်ထက်တွင် ကောရိန္သုမြို့၌ လူဦးရေ ၄၀၀,၀၀၀ ခန့်ရှိကြောင်း မှတ်တမ်းများကဖော်ပြရာ ယင်းသည် ရောမ၊ အလက်ဇန္ဒြီးယားနှင့် ဆီးရီးယားပြည် အန္တိအုတ်မြို့တို့ပြီးလျှင် လူဦးရေအများဆုံးဖြစ်သည်။ ကောရိန္သုမြို့တွင် ဂရိ၊ ရောမ၊ ဆီးရီးယား၊ အီဂျစ်နှင့် ဂျူးလူမျိုးတို့ နေထိုင်ကြသည်။ ခရီးသည်များ၊ အားကစားပွဲလာရောက်ကြည့်ရှုသူများ၊ အနုပညာသည်များ၊ အတွေးအခေါ်ပညာရှင်များ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် အခြားသူများသည် သင်္ဘောဆိပ်များမှတစ်ဆင့် တဖွဲဖွဲဝင်ရောက်လာတတ်သည်။ ၎င်းတို့သည် ဗိမာန်များတွင် လက်ဆောင်ပဏ္ဏာများ ဆက်သကာ နတ်ဘုရားများကို ပူဇော်ပသကြသည်။ ထို့ကြောင့် ကောရိန္သုမြို့သည် အမြဲသက်ဝင်လှုပ်ရှားကာ ကြီးပွားချမ်းသာသော ရွှေမြို့တော်ကြီးဖြစ်နေသည်၊ သို့သော် ယင်း၏အကျိုးဆက်ကား ဆိုးဝါးလှသည်။

“သင်္ဘောဆိပ်နှစ်ခုကြားတွင်တည်ရှိသော ကောရိန္သုမြို့သည် သင်္ဘောဖြင့်ဝင်လာသော တိုင်းတစ်ပါးသားများ၏ အကျင့်ပျက်စရိုက်ပေါင်းစုံကို လက်ခံကျင့်သုံးရာမြို့ဖြစ်လာ၏” ဟု သူတော်စင်ပေါလု၏ခြေရာများစာအုပ်တွင် ဖော်ပြထားသည်။ ကောရိန္သုမြို့သည် အရှေ့တိုင်းနှင့်အနောက်တိုင်းမှ ဆိုးသွမ်းညစ်ညမ်းသော အကျင့်ဓလေ့တို့ စုဝေးရာနေရာ ဖြစ်လာခဲ့သည်။ ဤသို့ဖြင့် ကောရိန္သုမြို့သည် ကိုယ်ကျင့်တရား အကြီးအကျယ်ယိုယွင်းပျက်စီးရာ၊ အရှက်မဲ့စွာကာမဂုဏ်ခံစားရာ ရှေးခေတ်ဂရိမြို့တစ်မြို့ဖြစ်လာသည်။ ကောရိန္သုမြို့သားများကဲ့သို့ပြုမူနေထိုင်ခြင်းဟူသည် ပေါက်လွှတ်ပဲစားနိုင်သော၊ အကျင့်ပျက်ပြားသောဘဝပုံစံအတိုင်း အသက်ရှင်နေထိုင်ခြင်းကိုဆိုလိုသည်ဟုပင် ပြောစမှတ်ပြုခဲ့ရသည်။

ချမ်းသာကြွယ်ဝမှုကို ပဓာနထားသူများနှင့် ကိုယ်ကျင့်တရားပျက်ပြားသူများ ဝိုင်းရံကြီးစိုးနေသောကြောင့် ခရစ်ယာန်များသည် ၎င်းတို့၏သြဇာလွှမ်းမိုးမှုခံရကာ ဘုရားသခင်နှင့်ဆက်ဆံရေးပျက်ပြားသွားနိုင်သည့်အန္တရာယ်နှင့် ရင်ဆိုင်နေရသည်။ ကောရိန္သုမြို့ရှိ ယေရှု၏နောက်လိုက်များသည် ဘုရားသခင်နှစ်သက်လက်ခံသောလမ်းစဉ်တွင် ဆက်ရပ်တည်နိုင်ရန် ဆုံးမပဲ့ပြင်မှုလိုအပ်လျက်ရှိသည်။ ထို့ကြောင့် ပေါလုသည် ကောရိန္သုမြို့သားများထံရေးသည့်စာတွင် လိုဘကြီးခြင်း၊ လုယက်ခြင်း၊ ညစ်ညမ်းသောအကျင့်ကျင့်ခြင်းတို့ကို ပြင်းထန်စွာပြစ်တင်ရှုတ်ချခဲ့သည်။ သန့်ရှင်းသောစွမ်းအားတော်၏လမ်းညွှန်မှုဖြင့် ရေးသားခဲ့သည့် ထိုစာများကို သင်ဖတ်ရှုပါက ကောရိန္သုမြို့ရှိခရစ်ယာန်များတိုက်လှန်ခဲ့ရသော ယုတ်ညံ့သည့် ဩဇာလွှမ်းမိုးမှုများကို သတိပြုမိပေမည်။—၁ ကောရိန္သု ၅:၉၊ ၁၀; ၆:၉-၁၁၊ ၁၈; ၂ ကောရိန္သု ၇:၁။

ကောရိန္သုမြို့တွင် အနယ်နယ်အရပ်ရပ်မှ စရိုက်ပေါင်းစုံစုဝေးနေသော်လည်း အကျိုးဖြစ်ထွန်းစေသော အားသာချက်များလည်းရှိသည်။ တစ်ချက်မှာ မြို့တွင်းသို့ အယူအဆသစ်များ အမြဲမပြတ်ဝင်ရောက်လာခြင်းဖြစ်သည်။ မြို့ခံလူတို့သည် ပေါလုလည်ပတ်ခဲ့သည့်အခြားမြို့သားများထက် ပို၍အမြင်ကျယ်သည်။ “အရှေ့တိုင်းနှင့် အနောက်တိုင်းမှလူတို့သည် ထိုရှေးဟောင်းဆိပ်ကမ်းမြို့တွင် ဆုံဆည်းကြသောကြောင့် မြို့ခံလူတို့သည် ပေါ်ပေါက်လာသမျှ အယူအဆသစ်များ၊ အတွေးအခေါ်ပညာနှင့် ကမ္ဘာတစ်ဝန်းမှ ဘာသာရေးအယူဝါဒများကို ထိတွေ့ခွင့်ရကြသည်” ဟုသမ္မာကျမ်းစာအနက်ဖွင့်သူတစ်ဦးက ဆိုသည်။ ရလဒ်မှာ ထိုမြို့တွင် ဘာသာတရားမျိုးစုံကို လက်ခံခွင့်ပြုထားပြီး ယင်းက ပေါလု၏ဟောပြောခြင်းလုပ်ငန်းကို ပို၍လွယ်ကူစေခဲ့ကြောင်း ထင်ရှားသည်။

ကောရိန္သုမြို့သည် ကင်ခြေနှင့်လီခေယမ် ဆိပ်ကမ်းနှစ်ခုကြောင့် ချမ်းသာကြွယ်ဝကာ အောင်မြင်ကျော်ကြားခဲ့သည်။ သို့သော် ထိုဆိပ်ကမ်းနှစ်ခုကြောင့်ပင် ကောရိန္သုမြို့တွင်နေထိုင်ရန် ခရစ်ယာန်များအတွက် စိန်ခေါ်ချက်ဖြစ်ခဲ့သည်။ မျက်မှောက်ခေတ်လူ့လောကလည်း အလားတူပင်။ ရုပ်ပစ္စည်းပဓာနထားခြင်း၊ ကိုယ်ကျင့်တရားပျက်ပြားခြင်းစသော ယိုယွင်းပျက်စီးစေသည့် ဩဇာလွှမ်းမိုးမှုများကြောင့် ဘုရားသခင်ကိုကြောက်ရွံ့သူများသည် ဘုရားသခင်နှင့်ရင်းနှီးသောဆက်ဆံရေးကို ထိခိုက်မည့်အန္တရာယ် ကြုံနေရသည်။ ထို့ကြောင့် ကျွန်ုပ်တို့လည်း ကောရိန္သုရှိခရစ်ယာန်များကိုရေးခဲ့သော တမန်တော်ပေါလု၏ ဆုံးမစကားများကို အာရုံစိုက်သင့်သည်။

[စာမျက်နှာ ၂၇ ပါ လေးထောင့်ကွက်နှင့်ရုပ်ပုံ]

ဒိုင်အိုလ်ကော့စ်—ကုန်စည်များကို ကုန်းကြောင်းသယ်ယူပို့ဆောင်ခြင်း

ဘီစီခုနစ်ရာစုနှောင်းပိုင်းတွင် ကောရိန္သုမြို့၏ဘုရင်၊ ပဲရီရန်ဒါသည် တူးမြောင်းတည်ဆောက်မည့်အစီအစဉ်များ ပျက်ပြားသွားသည့်အခါ ကုန်စည်များသယ်ယူပို့ဆောင်ရန်အတွက် ထိုကျွန်းဆက်ကို ဒိုးရိုပေါက်ဖြတ်သန်းနိုင်မည့်လမ်းကြောင်းတစ်ခု ဖောက်လုပ်ခဲ့သည်။a “ကန့်လန့်ဖြတ်ဆွဲငင်သည်” ဟုအဓိပ္ပာယ်ရသော ဒိုင်အိုလ်ကော့စ်လမ်းကြောင်းကို ကျောက်ပြားကြီးများခင်းထားပြီး ဇောက်နက်သောထွင်းကြောင်းများ ထွင်းထားသည်။ ထိုထွင်းကြောင်းတွင် ရထားသံလမ်းနှင့်တူသော သစ်သားချောင်းများကို အံကိုက်ခင်းကာ ယင်းတို့ကို အဆီသုတ်လိမ်းထားသည်။ သင်္ဘောပေါ်မှ ကုန်စည်များကို ဆိပ်ကမ်းတစ်ခုတွင်ချပြီး ဘီးတပ်လှည်းများပေါ်သို့ တင်သည်၊ ထို့နောက် ကျွန်များက ထိုကျွန်းဆက်၏အခြားတစ်ဘက်ရှိ ဆိပ်ကမ်းသို့ ထိုလမ်းကြောင်းအတိုင်း ဆွဲငင်ရသည်။ တစ်ခါတစ်ရံ ကုန်တင်ထားသော သင်္ဘောငယ်များကိုလည်း ထိုသို့ပင် ဆွဲငင်ကြသည်။

[အောက်ခြေမှတ်ချက်]

a ယနေ့ခေတ်ရှိတူးမြောင်းကို မည်သို့ဆောက်လုပ်ခဲ့ကြောင်း ပိုမိုသိလိုပါက ၁၉၈၄၊ ဒီဇင်ဘာ ၂၂ ရက်ထုတ် နိုးလော့! စာမျက်နှာ ၂၅-၂၇ [လိပ်]တွင်ကြည့်ပါ။

[စာမျက်နှာ ၂၅ ပါ မြေပုံ]

(ကားချပ်များကို အပြည့်အစုံသိရှိရန် စာစောင်တွင်ကြည့်ပါ)

ဂရိ

အိုင်အိုနီယန်း ပင်လယ်

ကောရိန္သု ပင်လယ်ကွေ့

လီခေယမ်ဆိပ်ကမ်း

ရှေးကောရိန္သုမြို့

ပလိုပိုနီးရှန်းကျွန်းဆွယ်

ကင်ခြေမြို့

ကောရိန္သုကျွန်းဆက်

ဆရောနစ်ခ်

ပင်လယ်ကွေ့

အေဂျီယန် ပင်လယ်

မီလီရားအငူ

[စာမျက်နှာ ၂၅ ပါ ရုပ်ပုံ]

ယနေ့ခေတ်တွင် ကုန်တင်သင်္ဘော များသည် ကောရိန္သုတူးမြောင်းကို ဖြတ်သန်းသွားလာကြ

[စာမျက်နှာ ၂၆ ပါ ရုပ်ပုံ]

လီခေယမ်ဆိပ်ကမ်း

[စာမျက်နှာ ၂၆ ပါ ရုပ်ပုံ]

ကင်ခြေဆိပ်ကမ်း

[Picture Credit Line on page 25]

Todd Bolen/Bible Places.com

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ