ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၉ ၁၂/၁ စာ. ၁၀-၁၄
  • ကျောင်းတွင်း လူသတ်မှုပြီးနောက် နှစ်သိမ့်မှုရခဲ့ပုံ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကျောင်းတွင်း လူသတ်မှုပြီးနောက် နှစ်သိမ့်မှုရခဲ့ပုံ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၉
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • လူတို့၏တုံ့ပြန်မှုများ
  • စွဲကျန်နေသော စိတ်ဒဏ်ရာ
  • လူအချို့ အကူအညီရခဲ့ပုံ
  • မကြာမီ ဆင်းရဲခက်ခဲမှု ရှိတော့မည်မဟုတ်
  • ဝမ်းနည်းပူဆွေးသူတို့ကို နှစ်သိမ့်ပေးလော့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၃
  • ကမ္ဘာတစ်ဝန်း စိုးရိမ်ထိတ်လန့်ဖွယ်ရာ အကြမ်းဖက်ပစ်ခတ်မှုများ—ကျမ်းစာအဆိုက ဘာလဲ
    ထပ်ဆင့် အကြောင်းအရာများ
  • ကျောင်းတွင်း ပစ်ခတ်မှု— သမ္မာကျမ်းစာ အဆိုက ဘာလဲ
    ထပ်ဆင့် အကြောင်းအရာများ
  • “နှစ်သိမ့်ခြင်းအမျိုးမျိုး ပေးတော်မူသောဘုရား” ထံတော်မှသက်သာခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၅
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၉
က၀၉ ၁၂/၁ စာ. ၁၀-၁၄

ကျောင်းတွင်း လူသတ်မှုပြီးနောက် နှစ်သိမ့်မှုရခဲ့ပုံ

သတင်းစာ၏ ရှေ့မျက်နှာဖုံးတစ်ခုလုံး အနက်ရောင် ဖြစ်သည်။ ထိုမျက်နှာဖုံးပေါ်တွင် “ဘာကြောင့်လဲ” ဟူသော မေးခွန်းကို ရိုက်နှိပ်ထားသည်။ ဂျာမနီနိုင်ငံတောင်ပိုင်းရှိ ဗင်နန်ဒန်မြို့တွင် အသက် ၁၇ နှစ်အရွယ် လူငယ်တစ်ဦးသည် သေနတ်ဖြင့် စိတ်ရူးပေါက်စွာ ပစ်ခတ်ရာ ၁၅ ဦးသေဆုံးသွားပြီး နောက်ဆုံး သူ့ကိုယ်သူသတ်သေလိုက်သည့် မှုခင်းတစ်ခုဖြစ်ပွားပြီးနောက် ထိုမေးခွန်းကို လူတို့ ထပ်ခါတလဲလဲ မေးခဲ့ကြသည်။ ဂျာမနီနိုင်ငံတစ်ဝန်းလုံးတွင် ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် အလံများကို တိုင်တစ်ဝက် လွှင့်ထူထားကြပြီး ထိုကြေကွဲဖွယ်သတင်းသည် ကမ္ဘာတစ်ဝန်းသို့ တစ်မုဟုတ်ချင်း ပျံ့နှံ့သွားသည်။

ဗင်နန်ဒန်မြို့သည် သာယာစည်ပင်သောမြို့လေးဖြစ်ပြီး စပျစ်ခြံများနှင့် သစ်သီးခြံများ ဝိုင်းရံနေသည်။ ၂၀၀၉ ခုနှစ်၊ မတ်လ ၁၁ ရက်နေ့တွင် အဲလ်ဘတ်ဗီလ်အလယ်တန်းကျောင်းသည် ခါတိုင်းကဲ့သို့ပင် နေ့သစ်ကို စတင်ခဲ့သည်။ သို့သော် မနက် ၉ နာရီခွဲတွင် အကြမ်းဖက်မှုနှင့် ၀ရုန်းသုန်းကားဖြစ်မှုတို့ ရုတ်တရက် စတင်တော့သည်။

လူငယ်တစ်ဦးသည် မိဘများ၏အိပ်ခန်းမှ သေနတ်တစ်လက်ကို ယူပြီး ကျောင်းတွင်းသို့ ကမူးရှူးထိုး ဝင်လာသည်။ တစ်ခဏအတွင်းမှာပင် စာသင်ခန်းသုံးခန်းနှင့် စင်္ကြံပေါ်ရှိ ကျောင်းသားကိုးဦးနှင့် ဆရာမသုံးဦးတို့ကို သူ ပစ်သတ်လိုက်ပြီး လူအတော်များများလည်း ဒဏ်ရာရရှိသွားသည်။ မိနစ်ပိုင်းအတွင်း ရဲများရောက်လာကြသည်။ ထိုလူငယ်သည် အနီးရှိ စိတ်ရောဂါကုဆေးခန်း၏ ခြံဝင်းထဲသို့ ထွက်ပြေးသွားသည်။ ထိုတွင် ပြုပြင်ထိန်းသိမ်းရေးဝန်ထမ်းတစ်ဦးကို ပစ်သတ်လိုက်ပြန်သည်။ ထို့နောက် ကားတစ်စီးပေါ်ရှိ ဒရိုင်ဘာကို သေနတ်ဖြင့်ချိန်၍ ကားကို အပိုင်စီးသည်။ ၂၅ မိုင်ခန့်မောင်းပြီးနောက် ဒရိုင်ဘာမှာ ထွက်ပြေးလွတ်မြောက်သွားသည်။ ကားအရောင်းခန်းမတစ်ခုသို့ရောက်သောအခါ အရောင်းဝန်ထမ်းတစ်ဦးနှင့် ကားဝယ်သူတစ်ဦးတို့ကို သူ ပစ်သတ်လိုက်ပြီး လာရောက်ဖမ်းဆီးသည့် ရဲသားနှစ်ဦးမှာလည်း ပြင်းထန်စွာ ဒဏ်ရာရသွားသည်။ နောက်ဆုံးတွင် ရဲများက သူ့ကို ဖမ်းမိသောအခါ သူသည် ခေါင်းကို သေနတ်ဖြင့်ပစ်ကာ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားသည်။

ထိုလူငယ်သည် သူတစ်ပါး၏နှစ်သက်မှုကို ရလိုသော၊ အပေါင်းအသင်းများ ရလိုသော သာမန်ဆယ်ကျော်သက်တစ်ဦးဖြစ်သည်ဟု သူ့အကြောင်းသိထားသူများက ဆိုသည်။ သို့ဆိုလျှင် အဘယ်ကြောင့် ထိုသို့ဖြစ်ရသနည်း။ သူသည် စိတ်ကျဝေဒနာ ခံစားနေရခြင်းဖြစ်နိုင်ပြီး လေသေနတ်ဖြင့်ဖြစ်စေ၊ အကြမ်းဖက်မှုကို အသားပေးသော ကွန်ပျူတာဂိမ်းများကိုဖြစ်စေ ကစားနေတတ်သည်။ သို့သော် ထောင်နှင့်ချီသော အခြားလူငယ်များလည်း ထိုသို့ကစားကြသည်ပင်ဟု လူအချို့က ဆိုသည်။ အသတ်ခံရသူများနှင့်ပတ်သက်၍ကော။ လူရွေးပြီး ပစ်သတ်ခံရခြင်းလော သို့မဟုတ် ရမ်းသမ်းပြီး ပစ်သတ်ခံရခြင်းလော။ မိန်းကလေးရှစ်ဦးနှင့် ယောက်ျားလေးတစ်ဦးတည်းသာ ပစ်သတ်ခံရသောကြောင့် စဉ်းစားစရာဖြစ်လာသည်။ သို့သော် ယင်းနှင့်ပတ်သက်၍ မည်သူကမျှ သေချာမရှင်းပြနိုင်ကြချေ။

လူတို့၏တုံ့ပြန်မှုများ

“ကျောင်းမှာ သေနတ်ပစ်ခတ်မှု ဖြစ်နေတယ်ဆိုပြီး သားက ဖုန်းဆက်ပြောတော့ ကျွန်မ ယုံတောင်မယုံနိုင်ဘူး။ ဒါပေမဲ့ ရဲကားတွေနဲ့ လူနာတင်ကားတွေ တရကြမ်းမောင်းနေတဲ့အသံကို ကြားရတော့မှပဲ ကျွန်မ အရမ်း လန့်သွားတယ်” ဟု ဟိုင်ကာက ပြန်ပြောပြသည်။ ရဲများချက်ချင်းရောက်လာသောကြောင့် စာသင်ကျောင်းရှိ အခြားသူများ၏အသက်အန္တရာယ်ကို ကာကွယ်နိုင်ခဲ့သည်။ လူအားလုံးကို ကျောင်းမှ ထွက်ခွာစေပြီးနောက် ဆေးဘက်ဆိုင်ရာဝန်ထမ်းများ၊ စိတ်ရောဂါဆိုင်ရာ အကြံပေးပုဂ္ဂိုလ်များနှင့် ခရစ်ယာန်ဓမ္မဆရာများသည် အခင်းဖြစ်ပွားရာနေရာသို့ ရောက်လာပြီး ကျောင်းသားများကို မမောနိုင်မပန်းနိုင် ကူညီပေးခဲ့ကြသည်။

သတင်းထောက်များလည်း ကျောင်းသို့ စုပြုံရောက်လာပြီး ကြောက်စိတ်မပြေသေးသော ကျောင်းသားများကို တွေ့ဆုံမေးမြန်းဖို့ ကြိုးစားကြသည်။ ကျောင်းရှေ့တွင် ရုပ်မြင်သံကြားဌာန ၂၆ ခုမှ ကား ၂၈ စီးပင်ရောက်ရှိနေသည်ဟု ကျောင်းသားတစ်ဦးကဆိုသည်။ သတင်းမီဒီယာများသည် အတည်မပြုရသေးသောသတင်းများကို သူ့ထက်ငါဦးအောင် ထုတ်လွှင့်နိုင်ရန် အလုအယက် ကြိုးစားကြသည်။ သတင်းထောက်တစ်ဦးသည် ဓာတ်ပုံများရယူရန် အသတ်ခံရသော ကျောင်းသူတစ်ဦး၏မိဘများထံ အခင်းဖြစ်ပွားသည့်နေ့တွင်ပင် သွားရောက်တောင်းဆိုခဲ့သည်။ အခြားသတင်းထောက်များကမူ ကျောင်းသားများကို ငွေပေး၍ ဓာတ်ပုံအရိုက်ခံစေသည်။ ရှုပ်ယှက်ခတ်နေသော အခြေအနေကြောင့် သတင်းထောက်များသည် အခြားသူများထက် အလျင်ဦးအောင် သတင်းယူရမည်လော သို့မဟုတ် စိတ်သောကရောက်နေသူများကို ထောက်ထားစာနာပြီး လေးစားမှုပြရမည်လောဟူသည့် ကိစ္စရပ်နှစ်ခုကြားတွင် ဟန်ချက်ညီရန် အခက်တွေ့နေပုံရသည်။

ထိုသို့သောဖြစ်ရပ်မျိုးကြုံတွေ့ရသောအခါ လူတို့သည် နှစ်သိမ့်မှုနှင့် ရှင်းပြချက်များရရန် ဘာသာရေးကို အာရုံစိုက်လာတတ်ကြသည်။ အခင်းဖြစ်ပွားသည့်နေ့တွင် ခရစ်ယာန်ဂိုဏ်းပေါင်းစုံမှ လူတို့ရောက်လာကာ ဆုတောင်းပွဲ ကျင်းပကြသည်။ ထိုသို့ကူညီပေးမှုများအတွက် လူအများက ကျေးဇူးတင်ကြသည်။ သို့သော် သမ္မာကျမ်းစာမှ နှစ်သိမ့်မှုရလိုသူများ သို့မဟုတ် စိတ်ရှုပ်စရာမေးခွန်းများအတွက် အဖြေရလိုသူများ အကြီးအကျယ် စိတ်ပျက်သွားကြ၏။ မိသားစုတစ်စုသည် သားနှင့်အတန်းတူသော ကျောင်းသူတစ်ဦး၏ ဈာပနအခမ်းအနားသို့ သွားခဲ့ကြသည်။ မိခင်ဖြစ်သူက ဤသို့ဆိုသည်– “ခရစ်ယာန်ဘုန်းတော်ကြီးတစ်ယောက်က ယောဘရဲ့ ဆင်းရဲခက်ခဲမှုတွေအကြောင်း ဟောတယ်။ သင်ခန်းစာများရမလား ဒါမှမဟုတ် နှစ်သိမ့်မှုများ ရမလားဆိုပြီး နားစွင့်နေတာ။ ဘာသင်ခန်းစာ၊ ဘာနှစ်သိမ့်မှုမှ မရဘူး။ ယောဘက ဘာဖြစ်လို့ ဆင်းရဲခက်ခဲမှု ကြုံရသလဲ၊ နောက်ဆုံး ဘာဖြစ်သွားသလဲ ဆိုတဲ့အကြောင်း ဘာမှမပြောပြဘူး။”

အမျိုးသားတစ်ဦးသည် ကြားနာခဲ့ရသည့် အနှစ်သာရကင်းမဲ့သောစကားများကြောင့် အတော်ပင် စိတ်ပျက်သွားသည်။ ထိုသူသည် လွန်ခဲ့သည့်အနှစ် ၃၀ ခန့်တွင် ယေဟောဝါသက်သေများနှင့် ကျမ်းစာလေ့လာခဲ့ဖူးသည်။ ယခု သူသည် ခရစ်ယာန်အစည်းအဝေးများကို ပြန်တက်ရောက်လျက်ရှိ၏။

ယေဟောဝါသက်သေများနှင့် ကျမ်းစာမှန်မှန်လေ့လာနေသော အသက် ၁၄ နှစ်အရွယ် မိန်းကလေး ဗာလီဇာသည် အခင်းဖြစ်ပွားသည့်နေရာအနီးရှိ စာသင်ခန်းတွင် ရှိနေ၏။ သေနတ်ပစ်သံများ ကြားရသောအခါ ယေဟောဝါဘုရားသခင်ထံ သူ ဆုတောင်းလေတော့သည်။ ထိုအခြေအနေကို သူမည်သို့ဖြတ်ကျော်ခဲ့သနည်းဟု နောက်ပိုင်းတွင် အမေးခံရသောအခါ ထိုဖြစ်ရပ်များသည် ခက်ခဲကျပ်တည်းသော နောက်ဆုံးနေ့ရက်များနှင့်ပတ်သက်သည့် သမ္မာကျမ်းစာဖော်ပြချက်များ မှန်ကန်ကြောင်း သက်သေထူသည်ဟု သူပြောပြ၏။ (၂ တိမောသေ ၃:၁-၅) သက်သေခံနှစ်ဦးသည် အိမ်နီးချင်းများကို နှစ်သိမ့်ပေးကြရာ သူတို့အနားသို့ သက်ကြီးရွယ်အို အမျိုးသမီးတစ်ဦး ရောက်လာပြီး “တခြားသူတွေလည်း ရှင်တို့လိုပဲ လုပ်သင့်တယ်” ဟုပြောခဲ့သည်။ ဝမ်းနည်းဖွယ်၊ ထိတ်လန့်ဖွယ်ကောင်းသော ထိုအစုလိုက်အပြုံလိုက်လူသတ်မှုကြောင့် လူတချို့သည် သမ္မာကျမ်းစာပါ နှစ်သိမ့်မှုနှင့် မျှော်လင့်ချက်အကြောင်း နားထောင်လိုစိတ် ရှိလာကြသည်။

စွဲကျန်နေသော စိတ်ဒဏ်ရာ

မည်မျှပင် အကောင်းဆုံးနှစ်သိမ့်ပေးနိုင်ပါစေ၊ ယင်းတို့သည် ကိုယ်တိုင်ကိုယ်ကျ ခံစားရသူတို့၏ ထိတ်လန့်မှုနှင့် စိတ်ပျက်ဝမ်းနည်းမှုတို့ကို ပပျောက်စေနိုင်မည်မဟုတ်ပေ။ ကလေးတစ်ဦး ဆုံးရှုံးလိုက်ရသော မိဘတစ်ဦး၏နာကျင်မှု သို့မဟုတ် ကျောင်းထဲပြေးဝင်သွားသောအခါ မိမိဇနီးကို အသတ်ခံရသူများကြားတွင် တွေ့လိုက်ရသည့် ရဲအရာရှိ၏ ယူကြုံးမရဖြစ်မှုကို မည်သည့်စကားကမျှ ပြေပျောက်စေနိုင်မည်မဟုတ်ချေ။

တုန်လှုပ်စရာထိုအဖြစ်အပျက်မှ လွတ်မြောက်ခဲ့သော ကျောင်းသားများသည် မိသားစုနှင့်အတူ တစ်ယောက်တစ်မျိုးစီ အလွန်စိတ်ထိခိုက်ခဲ့ကြသည်။ ဗာဆီလီအိုစ်သည် သေနတ်သံကြားသည်နှင့်တစ်ပြိုင်နက် အရေးပေါ်ထွက်ပေါက်မှ ခုန်ထွက်ခဲ့သည်။ သူဤသို့ပြန်ပြောပြ၏– “ကျွန်တော် ပြတင်းပေါက်ကနေ ခုန်ထွက်လိုက်တဲ့အချိန်မှာ ယေဟောဝါဘုရားသခင်ကို ဆုတောင်းခဲ့တယ်။ ကျွန်တော် သေရတော့မယ်။ ဒီဆုတောင်းချက်က နောက်ဆုံးပဲလို့ ကျွန်တော် ထင်ခဲ့တာ။” နောက်ပိုင်းတွင် သူသည် အိပ်မက်ဆိုးများကြောင့် ကယောင်ချောက်ချားဖြစ်ကာ မည်သူနှင့်မျှ စကားမပြောလိုတော့ချေ။ အထူးသဖြင့် ထိုအစုလိုက်သတ်ဖြတ်မှုနှင့်ပတ်သက်၍ အပြိုင်အဆိုင် သတင်းထုတ်လွှင့်မှုနှင့် စာနာမှုမရှိသော သတင်းထောက်များ၏မေးမြန်းမှုတို့ကြောင့် သူအလွန်စိတ်ပျက်ခဲ့ရသည်။ အချိန်အတန်ကြာပြီးနောက်မှ အဖြစ်မှန်ကို တဖြည်းဖြည်း သူ လက်ခံလာနိုင်ခဲ့သည်။

ယိုနာစ်သည် ဗာဆီလီအိုစ်နှင့် တစ်ခန်းတည်းတွင်ရှိနေပြီး သူ၏အတန်းဖော်ငါးဦး အသတ်ခံရသည်ကို မျက်မြင်ကိုယ်တွေ့ ကြုံလိုက်ရသည်။ သူဤသို့ပြောပြ၏– “ဖြစ်ပြီးစမှာတော့ အဲဒီအကြောင်း ပြန်ပြောပြဖို့ ဘာမှမခက်ဘူး၊ ထိတ်လန့်စရာကောင်းတဲ့ ရုပ်ရှင်တစ်ကား ကြည့်ရသလိုပဲ။ ဒါပေမဲ့ ခုချိန်မှာတော့ မပြောပြနိုင်တော့ဘူး။ ကျွန်တော့်စိတ်တွေ မတည်မငြိမ်ဖြစ်နေတယ်။ တစ်ခါတလေ အဲဒီအကြောင်းတွေကို ပြောချင်တဲ့စိတ်မရှိဘူး။ တစ်ခါတလေကျတော့လည်း ပြောပြလို့ကို မဆုံးတော့ဘူး။” သူလည်း အိပ်မက်ဆိုးများကြောင့် အိပ်မပျော်ခဲ့ချေ။

ရက်အနည်းငယ်အကြာတွင် ကျောင်းသားများ၏ကိုယ်ပိုင်ပစ္စည်းများကို ပြန်ပေးခဲ့သည်။ သို့သော် ထိုပစ္စည်းများကို မြင်တွေ့လျှင် ထိတ်လန့်ဖွယ်ဖြစ်ရပ်ဆိုးကို ပြန်အမှတ်ရနိုင်ကြောင်း စိတ်ဒဏ်ရာအထူးကုဆရာဝန်များက သတိပေးသည်။ အစပိုင်းတွင် ယိုနာစ်သည် မိမိဂျာကင်အင်္ကျီ၊ လွယ်အိတ်နှင့် မော်တော်ဆိုင်ကယ်စီးဦးထုပ်တို့ကို ကိုင်ချင်စိတ် မရှိချေ။ ထို့ပြင် လူသတ်သမားနှင့်တူသူ သို့မဟုတ် လူသတ်သမားကဲ့သို့ ကျောပိုးအိတ်လွယ်ထားသူ တစ်စုံတစ်ယောက်ကို တွေ့သည့်အခါတိုင်း သူထိတ်လန့်ခဲ့၏။ မိဘများကြည့်နေသည့် ရုပ်ရှင်ထဲမှသေနတ်သံကို ကြားသောအခါ သူစိတ်ချောက်ချားလာသည်။ ကုထုံးဆရာဝန်များသည် စိတ်ဒဏ်ရာရသွားသူများကို ဖြစ်ရပ်ဆိုးနှင့်ဆက်နွှယ်သည့် ထိုသို့သောစိတ်ဝေဒနာများမှ သက်သာစေရန် ကြိုးစားကုသပေးကြသည်။

ယိုနာစ်၏ဖခင် ယာဂန်သည် ဝန်ထမ်းတစ်ဦးအသတ်ခံလိုက်ရသည့် ဆေးခန်းတွင် အလုပ်လုပ်သည်။ မိဘများနှင့် လုပ်ဖော်ဆောင်ဖက်များသည် ဘာကြောင့်လဲ၊ ငါ့ကို ပစ်သတ်သွားရင် ဘယ်လိုလုပ်မလဲဟူသော မေးခွန်းများဖြင့် စိတ်သောကရောက်ခဲ့ကြသည်ဟု ယာဂန်က ဆိုသည်။ ဥပမာ၊ လူသတ်သမား ဖြတ်လျှောက်သွားသည်ကို လေသာဆောင်မှ တွေ့လိုက်သော ဆေးခန်းအလုပ်သမတစ်ဦးသည် မိမိကိုလည်း သူလှမ်းပစ်နိုင်သည်ဟူသော အတွေးဖြင့် အလွန်ထိတ်လန့်သွားသည်၊ ယင်းကြောင့် စိတ်ရောဂါဆိုင်ရာ ကုသမှု ခံယူရန် လိုအပ်ခဲ့သည်။

လူအချို့ အကူအညီရခဲ့ပုံ

လူတချို့သည် ထိုကြောက်မက်ဖွယ်ဖြစ်ရပ်ကို ကျော်လွှားနိုင်ရန် အဘယ်အကူအညီ ရရှိခဲ့သနည်း။ ယာဂန် ဤသို့ပြော၏– “တစ်ခါတလေ အဲဒီအကြောင်း ပြန်သတိရတဲ့အခါ စိတ်ဆင်းရဲရပေမဲ့ တခြားသူတွေနဲ့ ပေါင်းသင်းလိုက်ရင် စိတ်သက်သာရာရသွားတယ်။ တခြားသူတွေက ကိုယ့်ကို ဂရုစိုက်နေတယ်၊ ကိုယ်တစ်ယောက်တည်း မဟုတ်ဘူးဆိုတဲ့အသိက အများကြီး အထောက်အကူပေးတယ်။”

အခြားသူများ၏ဂရုစိုက်ပေးမှုကို ယိုနာစ် ကျေးဇူးတင်လေးမြတ်ပြီး ဤသို့ဆို၏– “လူအတော်များများက ကတ်တွေပို့ပေးတယ်။ သတင်းလှမ်းမေးကြတယ်။ တချို့ကတ်တွေမှာ ကျမ်းချက်တွေ ရေးထားတာကို ကျွန်တော် ဖတ်လိုက်ရတယ်။ သိပ်ကောင်းတာပဲ။” အဘယ်အကူအညီကို သူရရှိသေးသနည်း။ “ညမှာ ကျွန်တော် လန့်နိုးလာပြီး အိပ်မပျော်တဲ့အခါ ဆုတောင်းတယ်။ တစ်ခါတလေ တေးသီချင်းခွေ ဒါမှမဟုတ် နိုးလော့! အသံသွင်းခွေတွေကို နားထောင်တယ်။”a ဤလောကကို စာတန် အုပ်ချုပ်နေပြီး ဤစနစ်၏အဆုံးပိုင်းတွင် ကျွန်ုပ်တို့ အသက်ရှင်နေရသောကြောင့် ယင်းတို့အားလုံးကို ကြုံတွေ့ရခြင်းဖြစ်သည်ဟု ကျမ်းစာတွင် ဖော်ပြထားကြောင်း သူထပ်ဆင့်ဆိုခဲ့သည်။ ထိုအကြောင်းရင်းကို သိထားသောကြောင့် ဖြစ်ရပ်ဆိုးကို အောင်မြင်ကျော်လွှားနိုင်ခဲ့သည်ဟု ဖခင်ဖြစ်သူက ဖော်ပြသည်။

မကြာမီ ဆင်းရဲခက်ခဲမှု ရှိတော့မည်မဟုတ်

ရက်အနည်းငယ်အတွင်း ကျောင်းရှေ့၌ ဖယောင်းတိုင်များ၊ ပန်းများနှင့် စာများ ပြည့်နှက်သွားသည်။ အဘယ်ကြောင့် ဤသို့ဖြစ်ရသနည်း၊ ယင်းကို ဘုရားသခင် အဘယ်ကြောင့် ခွင့်ပြုရသနည်းဟူသော မေးခွန်းများရေးထားသည့် စာတချို့ကို ကာစတင်း သတိပြုမိသည်။ ထိုမေးခွန်းများကို ဖြေဆိုဖို့လိုကြောင်း ခံစားရသည့်အတွက် သူနှင့် အခြားသက်သေခံနှစ်ဦးတို့သည် စာတစ်စောင်ရေးပြီး အခြားစာများအကြားတွင် ထားလိုက်သည်။

ကွယ်လွန်သူများအတွက် အောက်မေ့ဖွယ်အခမ်းအနား၌ ရုပ်မြင်သံကြားဌာနတစ်ခုက သူ၏စာမှ ပထမစာကြောင်းကို ဤသို့ရိုက်ကူးဖော်ပြသည်– “နောက်ဆုံးနေ့ရက်များတွင် အဘယ်ကြောင့်နည်းဟူသောမေးခွန်းကို မေးမြန်းသူ ပိုများလာကြသည်။ အထူးသဖြင့် ဘုရားသခင် အဘယ်မှာနည်း၊ ယင်းကို ဘုရားသခင် အဘယ်ကြောင့် ခွင့်ပြုခဲ့ရသနည်းဟူသော မေးခွန်းများကို ပို၍မေးမြန်းလာကြသည်။” ဝမ်းနည်းစရာမှာ ထိုအထိသာ ရိုက်ကူးဖော်ပြထားသည်။

အဘယ်ကြောင့် ဝမ်းနည်းစရာဖြစ်ရသနည်း။ အကြောင်းမှာ ထိုစာတွင် ဆင်းရဲခက်ခဲမှုအားလုံး၏ ဇာစ်မြစ်ကို ဆက်ရှင်းပြထားကာ ဘုရားသခင်သည် “လူတို့ကြောင့် ဖြစ်ပေါ်လာသော ဆင်းရဲခက်ခဲမှုအားလုံးကို ဖယ်ရှားပစ်မည်” ဟုလည်း ဖော်ပြထား၍ဖြစ်သည်။ ထို့နောက် ဤသို့ဆက်ရေးထားသည်– “ဘုရားသခင်သည် လူတို့၏မျက်စိမှ မျက်ရည်ရှိသမျှကို သုတ်တော်မူမည်။ သေခြင်းရှိတော့မည်မဟုတ်။ ငိုကြွေးမြည်တမ်းခြင်း၊ အော်ဟစ်ခြင်း၊ နာကျင်ခြင်းတို့လည်း ရှိတော့မည်မဟုတ်။ ယခင်အရာများသည် ကွယ်ပျောက်လေပြီဟု သမ္မာကျမ်းစာ၏ နောက်ဆုံးစာစောင်တွင် မိန့်ဆိုထားသည်။” ယေဟောဝါဘုရားသခင်သည် သေလွန်သူများကိုပင် ရှင်ပြန်ထမြောက်စေမည်။ မကြာမီ ရောက်ရှိလာတော့မည့် ဘုရားသခင့်နိုင်ငံတော်တွင် ကြေကွဲဖွယ်ဖြစ်ရပ်များ၊ အစုလိုက်သတ်ဖြတ်မှုများ၊ ဆင်းရဲခက်ခဲမှုများ ရှိတော့မည်မဟုတ်ပါ။ ဘုရားသခင်က “ငါသည် အရာခပ်သိမ်းကို အသစ်ပြုလုပ်လျက်ရှိ၏” ဟုကတိပြုတော်မူသည်။—ဗျာ. ၂၁:၄၊ ၅။

[အောက်ခြေမှတ်ချက်]

a နိုးလော့! မဂ္ဂဇင်းနှင့် အသံသွင်းခွေများကို ယေဟောဝါသက်သေများ ထုတ်ဝေသည်။

[စာမျက်နှာ ၁၄ ပါ ရုပ်ပုံ]

“မင်းကို ငါတို့ သတိရနေတယ်” ဟုရေးထားသော ကတ်တစ်ခုကို ယိုနာစ်ရရှိခဲ့

[Picture Credit Line on page 10]

Focus Agency/WPN

[Picture Credit Line on page 10]

© imagebroker/Alamy

[Picture Credit Line on page 11]

Foto: picture alliance

[Picture Credit Line on page 13]

Foto: picture alliance

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ