သင်သိပါသလော
“သားရေဘူးအဟောင်းထဲ၌ စပျစ်ဝိုင်အသစ်ကို ထည့်လေ့မရှိ” ဟုယေရှု အဘယ်ကြောင့် ဆိုခဲ့သနည်း။
▪ သမ္မာကျမ်းစာခေတ်တွင် စပျစ်ဝိုင်ကို သားရေဘူးဖြင့် ထည့်လေ့ရှိ၏။ (ယောရှု ၉:၁၃) သားရေဘူးများကို ဆိတ်ကဲ့သို့သော အိမ်မွေးတိရစ္ဆာန်များ၏ သားရေဖြင့် ပြုလုပ်ထားသည်။ သားရေဘူးပြုလုပ်ရန် တိရစ္ဆာန်အသေကောင်၏ ဦးခေါင်းနှင့်ခြေထောက်တို့ကို ဖြတ်ပစ်ကာ ဝမ်းဗိုက်ပိုင်းကို မခွဲဘဲ အရေခွံကို အသေအချာ ခွာရသည်။ ထို့နောက် သားရေကိုနယ်လိုက်ပြီး လည်ပင်း သို့မဟုတ် ခြေထောက်တစ်ချောင်းကိုချန်ကာ ကျန်အပေါက်များကို ချုပ်၍ပိတ်လိုက်ကြသည်။ ချန်ခဲ့သည့်အပေါက်မှာ သားရေဘူး၏အ၀ဖြစ်၏။ ယင်းအ၀ကို အဆို့တစ်ခုဖြင့် ပိတ်ဆို့ထားနိုင်သည် သို့မဟုတ် ကြိုးတစ်ချောင်းဖြင့် စည်းနှောင်ထားနိုင်သည်။
အချိန်ကြာလာသော် သားရေသည် မာကျောလာကာ ဆန့်နိုင်ကျုံ့နိုင်အားမှာ လျော့နည်းသွားသည်။ ထို့ကြောင့် အချဉ်ပေါက်လာမည့် စပျစ်ဝိုင်အသစ်ကို သားရေဘူးဟောင်းများတွင်ထည့်ရန် မသင့်လျော်ပေ။ ထည့်ပါက ဝိုင်များအချဉ်ပေါက်ပြီး သားရေဘူးအဟောင်း၏ မာကျောနေသည့်သားရေမှာ စုတ်ကွဲသွားပေမည်။ သားရေဘူးအသစ်များမှာမူ ပို၍ပျော့ပျောင်းပြီး အချဉ်ပေါက်လာဦးမည့် စပျစ်ဝိုင်အသစ်၏ဖိအားကို တောင့်ခံနိုင်သည်။ ထို့ကြောင့် ယေရှုသည် မိမိခေတ်ရှိ လူအများသိသော ထိုအချက်ကို မိန့်ဆိုခဲ့ခြင်းဖြစ်သည်။ သားရေဘူးအဟောင်းထဲ စပျစ်ဝိုင်အသစ်ထည့်ပါက အဘယ်အရာဖြစ်မည်ကို ကိုယ်တော် ဤသို့မိန်ဆိုခဲ့၏– “ထိုသို့ထည့်လျှင် စပျစ်ဝိုင်အသစ်သည် သားရေဘူးကို စုတ်ကွဲစေသဖြင့် စပျစ်ဝိုင်ယို၍ သားရေဘူးလည်း ပျက်စီးလိမ့်မည်။ စပျစ်ဝိုင်အသစ်ကို သားရေဘူးအသစ်၌ ထည့်ရ၏။”—လုကာ ၅:၃၇၊ ၃၈။
ပေါလုကို ရောမတို့ဖမ်းဆီးသည့်ကိစ္စတွင် ဖော်ပြခဲ့သော “လူသတ်သမားများ” ကား မည်သူများနည်း။
▪ တမန်တော်ကျမ်းမှတ်တမ်းအရ ဂျေရုဆလင်မြို့ရှိ ဝတ်ပြုရာအိမ်တော်တွင် အုတ်အော်သောင်းတင်းဖြစ်နေချိန်၌ တမန်တော်ပေါလုသည် ရောမအစိုးရကို အကြည်ညိုပျက်အောင် လှုံ့ဆော်သော “လူသတ်သမား [ဓားမြှောင်သမား] လေးထောင်” ၏ခေါင်းဆောင်ဖြစ်သည်ဟု ရောမစစ်သူကြီးက ယူဆကာ သူ့ကိုအချုပ်ခန်းထဲပို့ရန် ဖမ်းဆီးလိုက်သည်။ (တမန်တော် ၂၁:၃၀-၃၈) အဆိုပါဓားမြှောင်သမားများနှင့်ပတ်သက်၍ အဘယ်အရာသိရှိရသနည်း။
“ဓားမြှောင်သမားများ” ဟူသောဂရိစကားလုံးသည် “စီကာအသုံးပြုသူများ” သို့မဟုတ် ဓားမြှောင်သမားများဟု အဓိပ္ပာယ်ရှိသည့် လက်တင်စကား စီကာရီအိုင် မှဆင်းသက်လာခြင်းဖြစ်သည်။ ဂျူးမျိုးချစ် အစွန်းရောက်သမားများဖြစ်သော စီကာရီအိုင်တို့သည် ရောမတို့၏ ရန်သူများဖြစ်ပြီး စနစ်ကျသော နိုင်ငံရေးသတ်ဖြတ်မှုများတွင် ပါဝင်သူများဖြစ်ကြောင်း ပထမရာစုမှ သမိုင်းပညာရှင် ဖလေးဗီးယပ်စ် ဂျိုစီဖပ်စ်က ဆိုသည်။
စီကာရီအိုင်တို့သည် “နေ့အချိန်တွင် မြို့လယ်ခေါင်၌ လူသတ်ကြသည်။ အထူးသဖြင့် ပွဲတော်ချိန်ခါများတွင်ဖြစ်၏။ သူတို့သည် လူအုပ်ကြား၌ ရောနှောနေပြီး ရန်သူဟု သူတို့သတ်မှတ်ထားသူများကို သူတို့၏ဝတ်ရုံအောက်တွင် ဝှက်ယူလာသော ဓားမြှောင်ဖြင့် ထိုးသတ်သွားကြ” ကြောင်း ဂျိုစီဖပ်စ်ကဆိုသည်။ အသတ်ခံရသူ လဲကျသွားသည့်အခါ သူတို့သည် ယင်းလူသတ်မှုအတွက် အလွန်အမင်းဒေါသထွက်ဟန် ဆောင်ကြ၏။ သို့နှင့် သူတို့ကို လူသတ်သမားဟု မည်သူကမျှ မရိပ်မိတော့ချေ။ နောက်ပိုင်းတွင် စီကာရီအိုင်တို့သည် အေဒီ ၆၆-၇၀ တွင် ရောမတို့ကို ဆန့်ကျင်သည့် ဂျူးပုန်ကန်ထကြွမှု၌ ဦးဆောင်ခဲ့ကြကြောင်း ဂျိုစီဖပ်စ်ကဆိုသည်။ ထို့ကြောင့် ရောမစစ်သူကြီးသည် ထိုအုပ်စု၏ခေါင်းဆောင်ဟု ယူဆရသူကို ဖမ်းချုပ်ရန် စိတ်စောနေခြင်းဖြစ်သည်။
[စာမျက်နှာ ၁၅ ပါရုပ်ပုံ]
သားရေဘူးဟောင်းတစ်ခု
[စာမျက်နှာ ၁၅ ပါရုပ်ပုံ]
ပန်းချီဆရာတစ်ဦး ရေးဆွဲ ထားသော ဓားမြှောင်သမား တစ်ဦး၏ပုံ