ဘုရားသခင်ထံတော်သို့ ချဉ်းကပ်ကြလော့
ကိုယ်တော်သည် လူတို့၏ကောင်းကွက်ကို ရှာတော်မူ
၃ ဓမ္မရာဇ၀င် ၁၄:၁၃
‘ထာဝရဘုရားသခင်သည် ခပ်သိမ်းသောစိတ်နှလုံးတို့ကိုစစ်၍ အကြံအစည်ရှိလေသမျှတို့ကို သိတော်မူ၏။’ (၁ ရာဇ၀င်ချုပ် ၂၈:၉) ကျွန်ုပ်တို့ကို ယေဟောဝါဘုရားသခင် အလွန်စိတ်၀င်စားကြောင်း သန့်ရှင်းသောစွမ်းအားတော်ဖြင့် ရေးသားထားသော အဆိုပါစကားများမှတစ်ဆင့် သိရှိရသည့်အတွက် ကျွန်ုပ်တို့ အလွန်ကျေးဇူးတင်ကြသည်။ ကျွန်ုပ်တို့ မစုံလင်ကြသည့်တိုင် ကျွန်ုပ်တို့ထံမှ ကောင်းကွက်ကို ယေဟောဝါဘုရားသခင် ရှာတွေ့တော်မူသည်။ အဘိယနှင့်ပတ်သက်၍ ကိုယ်တော်၏စကားများမှန်ကန်ကြောင်း ရှင်းရှင်းလင်းလင်းသိနိုင်ပါသည်။ အဘိယအကြောင်းကို ၃ ဓမ္မရာဇ၀င် ၁၄:၁၃ တွင်တွေ့ ရှိရမည်ဖြစ်သည်။
အဘိယသည် ဆိုးသွမ်းသော မိသားစုတွင် ကြီးပြင်းလာခဲ့သူဖြစ်၏။ သူ၏ဖခင် ယေရောဗောင်သည် အယူဖောက်ပြန်သော မင်းဆက်တစ်ဆက်ကို ဦးဆောင်ခဲ့သူဖြစ်သည်။a “လူသည် နောက်ချေးကို အကုန်အစင် ကျုံးသွားသကဲ့သို့” ယေရောဗောင်၏မိသားစုကို တစ်ယောက်မကျန် ဖျက်ဆီးပစ်ရန် ယေဟောဝါဘုရားသခင် စီစဉ်ခဲ့၏။ (၃ ဓမ္မရာဇဝင် ၁၄:၁၀) သို့သော် ယေရောဗောင်၏ မိသားစုဝင်တစ်ဦးဖြစ်သော အလွန်အမင်း နာမကျန်းဖြစ်နေသူ အဘိယတစ်ဦးတည်းကိုသာ ကောင်းစွာသင်္ဂြိုဟ်ရန် ဘုရားသခင် မိန့်မှာခဲ့သည်။b အဘယ်ကြောင့်နည်း။ ဘုရားသခင် ဤသို့ရှင်းပြခဲ့သည်– ‘ယေရောဗောင်အမျိုးတွင် ထိုသူငယ်တစ်ယောက်သည် အစ္စရေးလူမျိုး၏ ဘုရားသခင် ယေဟောဝါနှင့်စပ်၍ ကောင်းသောသဘောထားရှိ၏။’ (၃ ဓမ္မရာဇဝင် ၁၄:၁၊ ၁၂၊ ၁၃၊ သမ္မာ) အဆိုပါစကားများက အဘိယနှင့်ပတ်သက်၍ အဘယ်အရာသင်ပေးသနည်း။
အဘိယသည် ဘုရားသခင်အား တည်ကြည်စွာ ဝတ်ပြုကိုးကွယ်သူဖြစ်ကြောင်း ကျမ်းစာတွင် မဖော်ပြထားချေ။ သို့တိုင် ကောင်းကွက်တစ်ခုခုကို သူ့တွင် တွေ့ရှိရ၏။ သူ၏ကောင်းကွက်သည် ယေဟောဝါဘုရားသခင်၏ ဝတ်ပြုကိုးကွယ်မှုနှင့် ပတ်သက်နေပေမည်။ အဘိယသည် ဂျေရုဆလင်မြို့ရှိ ဝတ်ပြုရာအိမ်တော်တွင် ကိုးကွယ်ရန် ခရီးထွက်ခဲ့ကြောင်း သို့မဟုတ် ဂျေရုဆလင်မြို့သို့ အစ္စရေးလူတို့မသွားစေရန် အစောင့်အကြပ်များ ထားရှိမှုကို ရုပ်သိမ်းလိုက်ကြောင်း ဂျူးဘာသာရေးနှင့်ဆိုင်သော စာရေးဆရာများက ဖော်ပြခဲ့သည်။
အဘိယ၏ကောင်းကွက်ကို ကျွန်ုပ်တို့ အတိအကျ မသိရှိရသော်လည်း မှတ်သားစရာအချက်များရှိသည်။ ပထမအချက်မှာ သူ၏ကောင်းကွက်သည် အစစ်အမှန်ဖြစ်၏။ ထို့ပြင် အဘိယ၏နှလုံးထဲမှ ထွက်ပေါ်လာသည့် ကောင်းသောသဘောထားလည်း ဖြစ်၏။ ဒုတိယအချက်မှာ သူ၏ကောင်းကွက်သည် တစ်မူထူးခြား၍ဖြစ်သည်။ အဘိယသည် “ယေရောဗောင်၏အမျိုး” ဖြစ်သော်လည်း ကောင်းကွက်ကို ပြသခဲ့သည်။ ကျမ်းပညာရှင်တစ်ဦးက ဤသို့ဆို၏– “မကောင်းသော၀န်းကျင်နှင့် မကောင်းသောမိသားစုတွင် နေထိုင်သော်လည်း မိမိတို့၏ကောင်းကွက်ကို ထိန်းထားနိုင်ကြသူတို့သည် အလွန်ချီးကျူးလောက်ပေသည်။” အဘိယ၏ကောင်းကွက်သည် “မည်းမှောင်နေသော ကောင်းကင်ယံတွင် ကြယ်များ လင်းလက်တောက်ပနေသကဲ့သို့၊ အရွက်ကင်းမဲ့နေသော သစ်ပင်များအကြားတွင် စီဒါထင်းရှူးပင်များ စိမ်းလန်းစိုပြေနေသကဲ့သို့ . . . သိသာထင်ရှားလှ၏” ဟု ကျမ်းပညာရှင်နောက်တစ်ဦးက ဆိုသည်။
အရေးကြီးဆုံးအချက်မှာ ၃ ဓမ္မရာဇဝင် ၁၄:၁၃ ပါစကားများသည် ယေဟောဝါဘုရားသခင်အကြောင်း၊ ကျွန်ုပ်တို့တွင် ကိုယ်တော်ရှာဖွေနေသောအရာနှင့်ပတ်သက်၍ နှစ်လို့ဖွယ်ကောင်းသောအရာတစ်ခုအကြောင်း ကျွန်ုပ်တို့အား သင်ပေးနေခြင်းဖြစ်သည်။ အဘိယတွင် ကောင်းသောအရာတစ်ခုခု ရှိခဲ့ကြောင်း သတိရပါ။ ယေဟောဝါဘုရားသခင်သည် အဘိယ၏နှလုံးထဲတွင် ကောင်းကွက်ကိုတွေ့သည်အထိ မရမကရှာဖွေခဲ့သည်မှာ ထင်ရှား၏။ အဘိယ၏မိသားစုနှင့်နှိုင်းယှဉ်လျှင် သူသည် “ကျောက်စရစ်ပုံထဲမှ” ပုလဲလုံးလေးတစ်လုံးနှင့်တူ၏ဟု ကျမ်းပညာရှင်တစ်ဦးက ရေးသားခဲ့သည်။ ယေဟောဝါဘုရားသခင်သည် ဆိုးသွမ်းသော မိသားစုထဲမှဖြစ်သော အဘိယ၏ကောင်းကွက်ကို တန်ဖိုးထားကာ ဆုချသည့်အနေနှင့် သနားကြင်နာမှု အထိုက်အလျောက်ပေးခဲ့သည်။
ကျွန်ုပ်တို့ မစုံလင်သော်ငြားလည်း ကျွန်ုပ်တို့၏ကောင်းကွက်ကို ယေဟောဝါဘုရားသခင် ရှာဖွေပြီး တန်ဖိုးထားကြောင်း သိရှိရခြင်းမှာ အားရှိစရာပင်။ (ဆာလံ ၁၃၀:၃) ထို့ကြောင့် ကျွန်ုပ်တို့၏နှလုံးထဲတွင် အသေးငယ်ဆုံး ကောင်းကွက်ရှိနေပါစေ ယင်းကို တွေ့သည်အထိ အသေအချာစစ်ဆေး ရှာဖွေနေသော ယေဟောဝါဘုရားသခင်ထံ ပို၍ချဉ်းကပ်လိုစိတ် ဖြစ်သင့်သည်မဟုတ်လော။
[အောက်ခြေမှတ်ချက်]
a ယေရောဗောင်သည် မြောက်ပိုင်းအစ္စရေးဆယ်နွယ်နိုင်ငံမှ လူတို့ကို ဂျေရုဆလင်မြို့ရှိ ဝတ်ပြုရာအိမ်တော်သို့သွား၍ ယေဟောဝါဘုရားသခင်အား ၀တ်မပြုစေရန် နွားရုပ်တုကို ပြုလုပ်ကာ ကိုးကွယ်စေခဲ့သည်။
b သမ္မာကျမ်းစာခေတ်တွင် ကောင်းစွာသင်္ဂြိုဟ်မခံရခြင်းက ဘုရားသခင့်နှစ်သက်လက်ခံမှု မရရှိခြင်းကို ဖော်ပြသည်။—ယေရမိ ၂၅:၃၂၊ ၃၃။