ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၁၀ ၉/၁၅ စာ. ၁၂-၁၆
  • စည်းလုံးမှုက မှန်သော၀တ်ပြုရေးကို ခွဲခြားဖော်ပြ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • စည်းလုံးမှုက မှန်သော၀တ်ပြုရေးကို ခွဲခြားဖော်ပြ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၀
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • စစ်မှန်တဲ့ဝတ်ပြုရေးက လူတွေကို စည်းလုံးစေပုံ
  • ဘုရားသခင့်ညွှန်ကြားချက်ရနိုင်တဲ့ တစ်ခုတည်းသောလမ်းကြောင်း
  • မာနနဲ့ မနာလိုမှုကို အောင်မြင်နိုင်ပုံ
  • ခရစ်ယာန်ဘောင်မှာ စည်းလုံးမှုမရှိ
  • စစ်မှန်တဲ့ဝတ်ပြုရေးနဲ့ အမျိုးသားရေးစိတ်ဓာတ် မသက်ဆိုင်
  • ယေဟောဝါ၏မိသားစုသည် တန်ဖိုးရှိစည်းလုံးမှု၌ မွေ့လျော်လျက်ရှိ၏
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၆
  • ခရစ်ယာန်စည်းလုံးမှုက ဘုရားသခင်ကိုဂုဏ်တင်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၀
  • စစ်မှန်သောခရစ်ယာန်စည်းလုံးမှု—မည်သို့ရရှိသနည်း
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၃
  • ဤနောက်ဆုံးသောကာလအတွင်း၌ စည်းလုံးမှုကို ဆက်လက်ထိန်းသိမ်းခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၆
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၀
က၁၀ ၉/၁၅ စာ. ၁၂-၁၆

စည်းလုံးမှုက မှန်သော၀တ်ပြုရေးကို ခွဲခြားဖော်ပြ

‘သိုးခြံ၌သိုးများကဲ့သို့ သူတို့ကို ငါစု၍ထားမည်။’—မိ. ၂:၁၂။

၁။ ဖန်ဆင်းရာတွေက ဘုရားသခင့်ဉာဏ်ပညာကို ဘယ်လိုဖော်ပြသလဲ။

ဆာလံဆရာတစ်ဦး ဒီလိုပြောခဲ့တယ်– ‘အိုယေဟောဝါ၊ ကိုယ်တော်စီရင်ပြုပြင်တော်မူသောအရာတို့သည် အလွန်များပြားပါ၏။ ရှိရှိသမျှတို့ကို ပညာတော်အားဖြင့်ဖန်ဆင်းတော်မူ၏။ မြေကြီးသည် ဘဏ္ဍာတော်နှင့်ကြွယ်ဝပါ၏။’ (ဆာ. ၁၀၄:၂၄) မြေကြီးမှာရှိတဲ့ အံ့ဖွယ်ကောင်းပြီး အသေးစိတ်ကျလှတဲ့ အမျိုးအစားသန်းနဲ့ချီရှိတဲ့ အပင်တွေ၊ အင်းဆက်တွေ၊ တိရစ္ဆာန်တွေ၊ ဗက်တီးရီးယားတွေ အပြန်အလှန်အမှီသဟဲပြုနေတာတွေက ဘုရားသခင်ရဲ့ ဉာဏ်ပညာကို အထင်အရှားဖော်ပြတယ်။ ဒါ့အပြင် ကိုယ်ခန္ဓာမှာလည်း ကြီးတဲ့ကိုယ်အင်္ဂါအစိတ်အပိုင်းကစပြီး ဆဲလ်ထဲက သေးငယ်တဲ့မော်လီကျူးတွေအထိ ထောင်နဲ့ချီတဲ့ အစိတ်အပိုင်းတွေဟာ သင့်ကို ပြည့်စုံပြီး ကျန်းမာတဲ့ပုဂ္ဂိုလ်တစ်ဦးဖြစ်စေဖို့ အတူတကွ လုပ်ဆောင်နေကြတယ်။

၂။ စာမျက်နှာ ၁၃ မှာပါတဲ့ပုံအရ ခရစ်ယာန်တွေရဲ့စည်းလုံးမှုက ဘာကြောင့် အံ့ဖွယ်ရာတစ်ခုလို ဖြစ်နေတာလဲ။

၂ ယေဟောဝါက လူသားအချင်းချင်း အပြန်အလှန်မှီခိုဖို့ ပုံစံပြုဖန်ဆင်းထားတယ်။ လူသားမျိုးနွယ်တွေမှာ ရုပ်ရူပကာအမျိုးမျိုး၊ စရိုက်အမျိုးမျိုး၊ စွမ်းရည်အမျိုးမျိုးရှိကြတယ်။ အဲဒီအပြင် ကိုယ်တော်က ကနဦးလူသားတွေကို ဘုရားသခင်မှာရှိတဲ့အရည်အသွေးတွေနဲ့ ဖန်ဆင်းထားတဲ့အတွက် သူတို့အချင်းချင်း ပူးပေါင်းလုပ်ဆောင်နိုင်ပြီး အပြန်အလှန်မှီခိုအားထားနိုင်စွမ်းရှိကြတယ်။ (က. ၁:၂၇; ၂:၁၈) ဒါပေမဲ့ ဒီနေ့လူသားတွေက ဘုရားသခင်နဲ့ကင်းကွာနေလို့ ကမ္ဘာချီစည်းလုံးဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ဘူး။ (၁ ယော. ၅:၁၉) ဒါကြောင့် ဧဖက်မြို့သားကျွန်တွေ၊ ထင်ရှားတဲ့ ဂရိအမျိုးသမီးတွေ၊ ပညာတတ် ဂျူးအမျိုးသားတွေ၊ အရင်က အယူမှားဝတ်ပြုရေးမှာ ပါဝင်ခဲ့တဲ့သူတွေနဲ့ ဖွဲ့စည်းထားတဲ့ ပထမရာစုခရစ်ယာန်အသင်းတော်ရဲ့ စည်းလုံးမှုက အံ့ဖွယ်ရာတစ်ခုလိုဖြစ်နေတယ်။—တ. ၁၃:၁; ၁၇:၄; ၁ သက်. ၁:၉; ၁ တိ. ၆:၁။

၃။ ခရစ်ယာန်စည်းလုံးမှုအကြောင်း သမ္မာကျမ်းစာက ဘယ်လိုဖော်ပြသလဲ၊ ဒီဆောင်းပါးမှာ ဘယ်အကြောင်းအရာတွေကို သုံးသပ်ကြမလဲ။

၃ ခန္ဓာကိုယ်အစိတ်အပိုင်းတွေ အလိုက်သင့် ညီညီညွတ်ညွတ်လုပ်ဆောင်ကြသလို စစ်မှန်တဲ့ဝတ်ပြုရေးက လူတွေကို ပူးပေါင်းလုပ်ဆောင်စေတယ်။ (၁ ကောရိန္သု ၁၂:၁၂၊ ၁၃ ကိုဖတ်ပါ။) ဒီဆောင်းပါးမှာ ဆွေးနွေးသုံးသပ်မယ့် အကြောင်းအရာတချို့ကတော့– စစ်မှန်တဲ့ဝတ်ပြုရေးက လူတွေကို ဘယ်လိုစည်းလုံးစေသလဲ။ ဘာကြောင့် ယေဟောဝါတစ်ပါးတည်းကသာ လူမျိုးအပေါင်းမှ သန်းနဲ့ချီတဲ့သူတွေကို စည်းလုံးစေနိုင်တာလဲ။ စည်းလုံးမှုကို ပြိုကွဲစေတဲ့ ဘယ်အတားအဆီးတွေကို ကျော်လွှားနိုင်ဖို့ ယေဟောဝါကူညီပေးသလဲ။ စည်းလုံးမှုနဲ့ပတ်သက်လို့ ခရစ်ယာန်စစ်နဲ့ ခရစ်ယာန်ဘောင် ဘယ်လိုကွာခြားသလဲ။

စစ်မှန်တဲ့ဝတ်ပြုရေးက လူတွေကို စည်းလုံးစေပုံ

၄။ စစ်မှန်တဲ့ဝတ်ပြုရေးက လူတွေကို ဘယ်လိုနည်းနဲ့ စည်းလုံးစေသလဲ။

၄ စစ်မှန်တဲ့ဝတ်ပြုရေးကို ကျင့်သုံးသူတွေက ယေဟောဝါဟာ အရာခပ်သိမ်းကို ဖန်ဆင်းတဲ့အရှင်ဖြစ်တဲ့အတွက် ကိုယ်တော်သာလျှင် အကြွင်းမဲ့ပိုင်သအုပ်စိုးမှုကို ရထိုက်ကြောင်း လက်ခံယုံကြည်ကြတယ်။ (ဗျာ. ၄:၁၁) ဒါကြောင့် ခရစ်ယာန်စစ်တွေဟာ လူ့အသိုင်းအဝိုင်းအမျိုးမျိုး၊ အခြေအနေအမျိုးမျိုးကြားမှာ နေထိုင်ကြပေမဲ့ ဘုရားသခင့်ပညတ်တစ်မျိုးတည်းကိုပဲ နာခံကြပြီး ကျမ်းစာမူတစ်မျိုးတည်းနဲ့အညီ အသက်ရှင်ကြတယ်။ စစ်မှန်တဲ့ဝတ်ပြုသူတွေဟာ ယေဟောဝါကို “အဖ” လို့တော်မှန်စွာ ခေါ်ဆိုကြတယ်။ (ဟေရှာ. ၆၄:၈; မ. ၆:၉) ဒါကြောင့် သူတို့ဟာ ယုံကြည်ချင်းတူတဲ့ ညီအစ်ကိုညီအစ်မတွေဖြစ်ကြပြီး ဆာလံဆရာရေးသားခဲ့တဲ့ ဒီနှစ်လို့ဖွယ်စည်းလုံးမှုမှာ ပျော်မွေ့နေကြတယ်– “ညီအစ်ကိုတို့သည် သဘောတူလျက် ပေါင်းဖော်ကြသည်အရာမှာ အလွန်ကောင်းပေ၏။ အလွန်တင့်တယ်လျောက်ပတ်ပေ၏။”—ဆာ. ၁၃၃:၁။

၅။ ဘယ်အရည်အသွေးက စစ်မှန်တဲ့ဝတ်ပြုသူတွေကို စည်းလုံးစေသလဲ။

၅ ခရစ်ယာန်စစ်တွေဟာ မစုံလင်ကြပေမဲ့ တစ်ယောက်ကိုတစ်ယောက်ချစ်ဖို့ သင်ယူခဲ့ကြလို့ ဝတ်ပြုရေးမှာ တစည်းတလုံးရှိကြတယ်။ တခြားသူတွေမတင်ပြနိုင်တဲ့ ချစ်ခြင်းမေတ္တာမျိုးနဲ့ချစ်ကြဖို့ သူတို့ကို ယေဟောဝါ သင်ပေးတယ်။ (၁ ယောဟန် ၄:၇၊ ၈ ကိုဖတ်ပါ။) သမ္မာကျမ်းစာမှာ ဒီလိုဖော်ပြတယ်– ‘သနားစာနာခြင်း၊ ကြင်နာခြင်း၊ စိတ်နှိမ့်ချခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ စိတ်ရှည်ခြင်းတို့ကို ဝတ်ဆင်ကြလော့။ တစ်ဦးနှင့်တစ်ဦး မကျေနပ်စရာအကြောင်းရှိလျှင် အချင်းချင်း ဆက်၍သည်းခံလျက် အကြွင်းမဲ့ခွင့်လွှတ်ကြလော့။ ယေဟောဝါသည် သင်တို့ကို အကြွင်းမဲ့ခွင့်လွှတ်တော်မူသကဲ့သို့ သင်တို့လည်း ထိုနည်းတူပြုကြလော့။ ထိုအရာများအပြင် ချစ်ခြင်းမေတ္တာကိုလည်း ဝတ်ဆင်ကြလော့။ အကြောင်းမူကား ချစ်ခြင်းမေတ္တာသည် စည်းလုံးခြင်းအတွက် ခိုင်မြဲသောနှောင်ကြိုးဖြစ်၏။’ (ကော. ၃:၁၂-၁၄) စည်းလုံးခြင်းအတွက် ခိုင်မြဲသောနှောင်ကြိုးဖြစ်တဲ့ မေတ္တာက ခရစ်ယာန်စစ်တွေကို အဓိကခွဲခြားဖော်ပြတဲ့ အရည်အသွေးတစ်ခုဖြစ်တယ်။ ဒီစည်းလုံးမှုက စစ်မှန်တဲ့ဝတ်ပြုရေးကို ခွဲခြားဖော်ပြတဲ့ အသွင်အပြင်တစ်ခုဖြစ်တယ်ဆိုတာ သင်ကိုယ်တိုင် ကြုံတွေ့ဖူးပါလိမ့်မယ်။—ယော. ၁၃:၃၅။

၆။ ဘုရားသခင့်နိုင်ငံတော်မျှော်လင့်ချက်က ကျွန်ုပ်တို့ကို ဘယ်လိုစည်းလုံးစေသလဲ။

၆ စစ်မှန်တဲ့ဝတ်ပြုသူတွေက ဘုရားသခင့်နိုင်ငံတော်ကို လူသားတွေအတွက် တစ်ခုတည်းသော မျှော်လင့်ချက်အဖြစ် မျှော်ကိုးကြတဲ့အတွက် စည်းလုံးမှုရှိကြတယ်။ ဘုရားသခင့်နိုင်ငံတော်ဟာ မကြာခင်မှာ လူ့အုပ်ချုပ်ရေးကို အစားထိုးပြီး နာခံတဲ့လူသားတွေကို စစ်မှန်တည်မြဲတဲ့ ငြိမ်းချမ်းမှုနဲ့ ကောင်းချီးပေးမယ်ဆိုတာ သူတို့သိကြတယ်။ (ဟေရှာ. ၁၁:၄-၉; ဒံ. ၂:၄၄၊ ၄၅) ဒါကြောင့် မိမိရဲ့နောက်လိုက်တွေနဲ့ပတ်သက်ပြီး ယေရှုပြောခဲ့တဲ့စကားကို ခရစ်ယာန်တွေ လိုက်နာကြတယ်– “ကျွန်ုပ်သည် ဤလောကနှင့်မသက်ဆိုင်သကဲ့သို့ သူတို့သည်လည်း လောကနှင့်မသက်ဆိုင်ကြပါ။” (ယော. ၁၇:၁၆) စစ်မှန်တဲ့ခရစ်ယာန်တွေဟာ လောကရဲ့ အငြင်းပွားမှုတွေမှာ ကြားနေကြတယ်၊ ဒါကြောင့် အချင်းချင်းတိုက်ခိုက်နေတဲ့လူတွေကြားထဲမှာ သူတို့တွေဟာ စည်းလုံးနေနိုင်ကြတယ်။

ဘုရားသခင့်ညွှန်ကြားချက်ရနိုင်တဲ့ တစ်ခုတည်းသောလမ်းကြောင်း

၇၊ ၈။ ကျမ်းစာအခြေပြုညွှန်ကြားချက်တွေက ဘယ်လိုနည်းနဲ့ ကျွန်ုပ်တို့ကိုစည်းလုံးစေသလဲ။

၇ ပထမရာစုခရစ်ယာန်အားလုံးဟာ လမ်းကြောင်းတစ်ခုတည်းကလာတဲ့ အားပေးမှုကိုရရှိကြလို့ စည်းလုံးကြတယ်။ ဂျေရုဆလင်မြို့မှာရှိတဲ့ တမန်တော်တွေ၊ အသက်ကြီးသူတွေနဲ့ဖွဲ့စည်းထားတဲ့ အုပ်ချုပ်ရေးအဖွဲ့ကတစ်ဆင့် အသင်းတော်ကို ယေရှု သွန်သင်လမ်းညွှန်နေတယ်ဆိုတာကို သူတို့သဘောပေါက်လက်ခံကြတယ်။ ဒီသစ္စာရှိအမျိုးသားတွေက ဘုရားသခင့်တရားစကားပေါ်အခြေပြုပြီး ဆုံးဖြတ်ကြတယ်။ သူတို့ရဲ့ညွှန်ကြားချက်တွေကို နယ်လှည့်ကြီးကြပ်မှူးတွေကတစ်ဆင့် အနယ်နယ်အရပ်ရပ်မှာရှိတဲ့ အသင်းတော်တွေကို အကြောင်းကြားတယ်။ နယ်လှည့်ကြီးကြပ်မှူးတချို့နဲ့ပတ်သက်ပြီး ကျမ်းစာမှာ ဒီလိုပြောထားတယ်– “သူတို့သည် မြို့များကိုဖြတ်၍သွားစဉ် ဂျေရုဆလင်မြို့ရှိ တမန်တော်တို့နှင့် အသက်ကြီးသူတို့၏ စီရင်ဆုံးဖြတ်ချက်တို့ကို ကျင့်စောင့်စေရန် ပေးအပ်ကြ၏။”—တ. ၁၅:၆၊ ၁၉-၂၂; ၁၆:၄။

၈ ယနေ့လည်းအလားတူပါပဲ၊ စွမ်းအားတော်ဖွားခရစ်ယာန်များနဲ့ ဖွဲ့စည်းထားတဲ့ အုပ်ချုပ်ရေးအဖွဲ့က ကမ္ဘာချီအသင်းတော်စည်းလုံးစေဖို့ ကူညီပေးတယ်။ အုပ်ချုပ်ရေးအဖွဲ့က ယုံကြည်ခြင်းခိုင်ခံ့စေတဲ့ ကျမ်းစာအခြေပြုစာပေတွေကို ဘာသာစကားများစွာနဲ့ ထုတ်ဝေပေးတယ်။ ဒါကြောင့် အဲဒီမှာပါတဲ့သွန်သင်ချက်တွေက လူတွေဆီကမဟုတ်ဘဲ ယေဟောဝါထံကဖြစ်တယ်။—ဟေရှာ. ၅၄:၁၃။

၉။ ဘုရားသခင်ပေးအပ်ထားတဲ့တာဝန်က ကျွန်ုပ်တို့ကို ဘယ်လိုစည်းလုံးစေသလဲ။

၉ ခရစ်ယာန်ကြီးကြပ်မှူးတွေက ဟောပြောခြင်းလုပ်ငန်းမှာ ဦးဆောင်ခြင်းအားဖြင့်လည်း စည်းလုံးမှုကို တိုးပွားစေတယ်။ ဘုရားသခင့်အမှုတော်ကို အတူလုပ်ဆောင်နေကြသူတွေကြားမှာရှိတဲ့ စည်းလုံးမှုက လူမှုရေးအရပေါင်းသင်းတဲ့ လောကမှာရှိတဲ့ တခြားသူတွေရဲ့စည်းလုံးမှုထက် ပိုခိုင်မြဲတယ်။ ခရစ်ယာန်အသင်းတော်ဟာ လူမှုရေးအသင်းအဖွဲ့တစ်ခုအနေနဲ့ ဖွဲ့စည်းထားတာမဟုတ်ဘဲ ယေဟောဝါကိုဂုဏ်တင်ဖို့၊ သတင်းကောင်းဟောပြောဖို့၊ တပည့်ဖြစ်စေဖို့နဲ့ အသင်းတော်တွေကို အားပေးတည်ဆောက်ဖို့ ဖွဲ့စည်းထားတာဖြစ်တယ်။ (ရော. ၁:၁၁၊ ၁၂; ၁ သက်. ၅:၁၁; ဟေဗြဲ ၁၀:၂၄၊ ၂၅) ဒါကြောင့် တမန်တော်ပေါလုက ခရစ်ယာန်တွေနဲ့ပတ်သက်ပြီး ဒီလိုပြောနိုင်ခဲ့တယ်– ‘သင်တို့သည် တစ်စိတ်တစ်သဘောတည်း အခိုင်အမာ ရပ်တည်၍ သတင်းကောင်းနှင့်ဆိုင်သော ယုံကြည်ခြင်းတရားအတွက် တညီတညွတ်တည်း ကြိုးပမ်းနေကြ၏။’—ဖိ. ၁:၂၇။

၁၀။ ဘုရားသခင့်လူမျိုးအနေနဲ့ ကျွန်ုပ်တို့ကို စည်းလုံးစေတဲ့အရာတချို့က ဘာလဲ။

၁၀ သိရှိခဲ့ပြီးဖြစ်တဲ့အတိုင်း ယေဟောဝါရဲ့လူမျိုးက ကိုယ်တော့်ရဲ့အကြွင်းမဲ့ပိုင်သအုပ်စိုးမှုကို လက်ခံတယ်၊ ညီအစ်ကို၊ ညီအစ်မတွေကိုချစ်တယ်၊ ဘုရားသခင့်နိုင်ငံတော်ကို မျှော်လင့်တယ်၊ ကျွန်ုပ်တို့ကိုဦးဆောင်ဖို့ ဘုရားသခင်အသုံးပြုတဲ့သူတွေကို လေးစားတဲ့အတွက်ကြောင့် စည်းလုံးကြတယ်။ ဒါ့အပြင် စည်းလုံးမှုကိုပြိုကွဲစေတဲ့ ကျွန်ုပ်တို့ရဲ့မစုံလင်မှုကြောင့်ဖြစ်ပေါ်လာတဲ့ တချို့သဘောထားတွေကို ချိုးနှိမ်ဖို့လည်း ယေဟောဝါ အကူအညီပေးတယ်။—ရော. ၁၂:၂။

မာနနဲ့ မနာလိုမှုကို အောင်မြင်နိုင်ပုံ

၁၁။ မာနက လူတွေရဲ့ စည်းလုံးမှုကို ဘာကြောင့် ပြိုကွဲစေတာလဲ၊ မာနကိုချိုးနှိမ်ဖို့ ယေဟောဝါ ဘယ်လိုကူညီပေးသလဲ။

၁၁ မာနက လူတွေရဲ့ စည်းလုံးမှုကို ပြိုကွဲစေတယ်။ မာနကြီးသူတစ်ဦးဟာ ကိုယ့်ကိုယ်ကိုယ် သူတစ်ပါးထက်သာတယ်လို့ယူဆပြီး ကြွားဝါတတ်လေ့ရှိတယ်။ ကြွားတာကို ကြားတဲ့သူက မနာလိုဖြစ်လာတဲ့အခါ စည်းလုံးမှုပြိုကွဲသွားတယ်။ တပည့်ဖြစ်သူယာကုပ်က “ထိုသို့သောဝါကြွားမှုရှိသမျှသည် ဆိုးညစ်၏” လို့ ပွင့်ပွင့်လင်းလင်းပြောတယ်။ (ယာ. ၄:၁၆) အခြားသူတွေကို နှိမ်ပြီးပြောဆိုတာက မေတ္တာမဲ့ရာကျတယ်။ မှတ်သားစရာကောင်းတာက ယေဟောဝါဟာ ကျွန်ုပ်တို့လို မစုံလင်တဲ့သူတွေနဲ့ဆက်ဆံရာမှာ နှိမ့်ချမှုပုံသက်သေ ပြခဲ့တယ်။ “ကိုယ်တော်၏နှိမ့်ချတော်မူခြင်းအားဖြင့် အကျွန်ုပ်သည် ချီးမြှောက်ခြင်းသို့ရောက်ပါ၏” လို့ ဒါဝိဒ်ရေးခဲ့တယ်။ (၂ ရာ. ၂၂:၃၆၊ ကဘ) သမ္မာကျမ်းစာက မှန်ကန်စွာတွေးခေါ်တတ်အောင် သွန်သင်ပေးခြင်းဖြင့် မာနကိုချိုးနှိမ်ဖို့ ကူညီပေးတယ်။ ပေါလုက စွမ်းအားတော်တိုက်တွန်းမှုနဲ့ ဒီလိုမေးခဲ့တယ်– “မည်သူသည် သင့်ကိုခြားနားစေသနည်း။ မခံယူဘဲ အဘယ်အရာကို သင်ပိုင်သနည်း။ ခံယူသည်မှန်လျှင် မခံယူသကဲ့သို့ အဘယ်ကြောင့် ဝါကြွားသနည်း။”—၁ ကော. ၄:၇။

၁၂၊ ၁၃။ (က) ဘာကြောင့် အလွယ်တကူ မနာလိုဖြစ်မိနိုင်သလဲ။ (ခ) တခြားသူတွေကို ယေဟောဝါရှုမြင်သလို ရှုမြင်ခြင်းက ဘယ်လိုအကျိုးရရှိစေသလဲ။

၁၂ မနာလိုခြင်းက စည်းလုံးမှုကိုပြိုကွဲစေတဲ့ နောက်ထပ်အချက်တစ်ချက်ဖြစ်တယ်။ အမွေခံထားရတဲ့ မစုံလင်မှုကြောင့် ကျွန်ုပ်တို့အားလုံးမှာ “ငြူစူစိတ်” ရှိကြတယ်။ သက်တမ်းကြာခရစ်ယာန်တွေတောင် အခြားသူတွေရဲ့အခြေအနေတွေ၊ ပိုင်ဆိုင်ရာတွေ၊ တာဝန်တွေ၊ စွမ်းရည်တွေကြောင့် မနာလိုဖြစ်မိတဲ့အချိန်တွေ ရှိနိုင်တယ်။ (ယာ. ၄:၅) ဥပမာ၊ မိသားစုရှိတဲ့ညီအစ်ကိုတစ်ဦးက အချိန်ပြည့်အမှုဆောင်တစ်ဦး ရရှိထားတဲ့တာဝန်တွေကို မနာလိုဖြစ်မိနိုင်တယ်၊ အချိန်ပြည့်အမှုဆောင်ကလည်း ကလေးရှိတဲ့အိမ်ထောင်သည်အမျိုးသားကို မနာလိုဖြစ်နေနိုင်တယ်။ စည်းလုံးမှုကို ပြိုကွဲစေတဲ့ အဲဒီမနာလိုစိတ်ကို ကျွန်ုပ်တို့ ဘယ်လိုချိုးနှိမ်နိုင်သလဲ။

၁၃ ကျမ်းစာက အသင်းတော်မှာရှိတဲ့ စွမ်းအားတော်ဖွားခရစ်ယာန်တွေကို လူ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေနဲ့ နှိုင်းယှဉ်ထားတယ်ဆိုတာ သတိရမယ်ဆိုရင် မနာလိုစိတ်ကိုချိုးနှိမ်နိုင်မယ်။ (၁ ကောရိန္သု ၁၂:၁၄-၁၈ ကိုဖတ်ပါ။) ဥပမာ၊ သင့်မျက်လုံးက နှလုံးထက်ပိုမြင်သာပေမဲ့ နှစ်မျိုးစလုံးက သင့်အတွက်အဖိုးတန်တယ်မဟုတ်လား။ အလားတူပဲ တချို့သူတွေက အချိန်ကာလတစ်ခုအတွင်းမှာ ပိုပြီးထင်ပေါ်နေနိုင်ပေမဲ့ အသင်းတော်မှာရှိသူအားလုံးကို ယေဟောဝါ တန်ဖိုးထားတယ်။ ဒါကြောင့် ကျွန်ုပ်တို့ရဲ့ညီအစ်ကိုညီအစ်မတွေကို ဘုရားသခင်ရှုမြင်သလို ရှုမြင်ကြစို့။ တခြားသူတွေကို မနာလိုဖြစ်မယ့်အစား သူတို့ကိုဂရုစိုက်ပြီး စိတ်ဝင်စားမှုတင်ပြနိုင်တယ်။ ဒီလိုလုပ်ခြင်းအားဖြင့် ကျွန်ုပ်တို့က ခရစ်ယာန်စစ်တွေနဲ့ ခရစ်ယာန်ဘောင်ချာ့ချ်တွေ ကွာခြားကြောင်း ဖော်ပြရာရောက်တယ်။

ခရစ်ယာန်ဘောင်မှာ စည်းလုံးမှုမရှိ

၁၄၊ ၁၅။ အယူဖောက်ပြန်တဲ့ ခရစ်ယာန်အယူဝါဒ ဘယ်လိုကွဲပြားလာခဲ့သလဲ။

၁၄ စစ်မှန်တဲ့ခရစ်ယာန်တွေရဲ့စည်းလုံးမှုက ခရစ်ယာန်ဘောင်ချာ့ချ်အတွင်းမှာရှိတဲ့ ကွဲပြားမှုတွေနဲ့ လားလားကြီးဆန့်ကျင်တယ်။ အယူဖောက်ပြန်တဲ့ ခရစ်ယာန်ဘာသာဟာ လေးရာစုရောက်တဲ့အထိ ပျံ့နှံ့ခဲ့ပြီး ရောမအင်ပါယာက အဲဒါကိုကြိုးကိုင်ခဲ့တဲ့အခါ ပိုပြီးပြန့်ပွားလာခဲ့တယ်။ အဲဒီနောက် ရောမကနေ နိုင်ငံတစ်ခုပြီးတစ်ခု ခွဲထွက်လာပြီး ကိုယ်ပိုင်နိုင်ငံတော်ဘာသာတွေ တည်ထောင်ခဲ့ကြတယ်။

၁၅ အဲဒီခွဲထွက်လာတဲ့နိုင်ငံတွေဟာ ရာစုနှစ်နဲ့ချီ အချင်းချင်း တိုက်ခိုက်ခဲ့ကြတယ်။ ၁၇ နဲ့ ၁၈ ရာစုအတွင်း ဗြိတိန်၊ ပြင်သစ်နဲ့ အမေရိကန်တို့မှာရှိတဲ့သူတွေက သူတို့ရဲ့နိုင်ငံကို ပိုပြီးအလေးထားလာကြတယ်။ ဒါ့ကြောင့် အမျိုးသားရေးစိတ်ဓာတ်က ဝတ်ပြုရေးတစ်ခုလိုဖြစ်လာတယ်။ ၁၉ နဲ့ ၂၀ ရာစုအတွင်းမှာ အမျိုးသားရေးစိတ်ဓာတ်က လူအများစုရဲ့ အတွေးအခေါ်ကို စတင်လွှမ်းမိုးခဲ့တယ်။ နောက်ဆုံး ခရစ်ယာန်ဘောင်ချာ့ချ်တွေဟာ ဂိုဏ်းခွဲများစွာအဖြစ် ကွဲပြားသွားပြီး အများစုက အမျိုးသားရေးစိတ်ဓာတ်ကို လက်ခံခဲ့ကြတယ်။ ချာ့ချ်အသင်းသားတွေဟာ တခြားနိုင်ငံမှာရှိတဲ့ ယုံကြည်သူချင်းတွေကို တိုက်ခိုက်ဖို့ စစ်ပွဲမှာပါဝင်လာကြတယ်။ ဒီနေ့လည်း ခရစ်ယာန်ဘောင်ဟာ ကွဲပြားတဲ့ယုံကြည်ချက်အမျိုးမျိုးနဲ့ အမျိုးသားရေးစိတ်ဓာတ်ကြောင့် စည်းလုံးမှုပြိုကွဲနေတယ်။

၁၆။ ဘယ်အကြောင်းအရာတွေက ခရစ်ယာန်ဘောင်အသင်းသားတွေကို ကွဲပြားစေသလဲ။

၁၆ ၂၀ ရာစုအတွင်းမှာ ရာနဲ့ချီတဲ့ ခရစ်ယာန်ဘောင် ဂိုဏ်းဂဏတွေထဲကတချို့ဟာ စည်းလုံးမှုအတွက် စတင်လှုပ်ရှားခဲ့ကြတယ်။ ဆယ်စုနှစ်များစွာ ကြိုးစားအားထုတ်ပြီးတဲ့နောက် ချာ့ချ်အနည်းငယ်ကသာ ပေါင်းစည်းခဲ့ကြပြီး ချာ့ချ်အသင်းသားတွေကတော့ ဆင့်ကဲဖြစ်စဉ်၊ ကိုယ်ဝန်ဖျက်ချခြင်း၊ လိင်တူမေထုန်နဲ့ အမျိုးသမီးဓမ္မဆရာ စတဲ့အကြောင်းအရာတွေကြောင့် ဆက်ပြီးကွဲပြားနေတုန်းပဲ။ တချို့ခရစ်ဘောင်နိုင်ငံတွေမှာ ချာ့ချ်ခေါင်းဆောင်တွေဟာ အရင်ကကွဲပြားစေခဲ့တဲ့ အယူဝါဒတွေကို ဘေးချိတ်ခဲ့ပြီး ဂိုဏ်းခွဲတွေကို စုစည်းဖို့ကြိုးစားခဲ့ကြတယ်။ ဒါပေမဲ့ အယူဝါဒတွေကို ဘေးချိတ်ခဲ့တဲ့အတွက် လူတွေရဲ့ယုံကြည်ခြင်းအားနည်းလာပြီး ကွဲပြားနေတဲ့ချာ့ချ်တွေကိုလည်း မစုစည်းနိုင်ခဲ့ကြဘူး။

စစ်မှန်တဲ့ဝတ်ပြုရေးနဲ့ အမျိုးသားရေးစိတ်ဓာတ် မသက်ဆိုင်

၁၇။ “နောက်ဆုံးသောကာလ” မှာ စစ်မှန်တဲ့ဝတ်ပြုရေးက လူတွေကိုစည်းလုံးစေမယ်လို့ ဘယ်လိုကြိုဟောခဲ့သလဲ။

၁၇ လူသားထုဟာ တစ်ခါနဲ့မှမတူအောင် အလွန်ကွဲပြားနေကြပေမဲ့ စည်းလုံးမှုက စစ်မှန်တဲ့ဝတ်ပြုရေးကို ခွဲခြားသိမြင်စေတယ်။ ဘုရားသခင့်ပရောဖက် မိက္ခာက “ကျက်စားရာအရပ်ထဲမှာ သိုးစုကဲ့သို့ သူတို့ကို ငါစု၍ထားမည်” လို့ ကြိုပြောခဲ့တယ်။ မှားယွင်းတဲ့ဝတ်ပြုရေးပဲဖြစ်ပါစေ၊ နိုင်ငံကို ဘုရားသခင်အနေနဲ့ ဝတ်ပြုတာပဲဖြစ်ပါစေ အဲဒီဝတ်ပြုမှုပုံစံအားလုံးရဲ့အထက်မှာ စစ်မှန်တဲ့ဝတ်ပြုရေး မြှင့်တင်ခံရမယ်လို့ မိက္ခာကကြိုဟောခဲ့တယ်။ သူဒီလိုရေးခဲ့တယ်– ‘နောက်ဆုံးသောကာလ၌ ယေဟောဝါ၏ အိမ်တော်တည်သောတောင်သည် တောင်ကြီးတောင်ငယ်တို့၏ထိပ်ပေါ်မှာ ချီးမြှောက်၍တည်လိမ့်မည်။ ခပ်သိမ်းသောလူစုတို့သည် ထိုတောင်သို့ စည်းဝေးကြလိမ့်မည်။ လူမျိုးအပေါင်းတို့သည် ကိုယ်ဆိုင်သောဘုရားသခင်၏နာမကိုခိုလှုံလျက် ကျင့်နေတတ်ကြ၏။ ငါတို့မူကား ကိုယ်ဆိုင်သောဘုရားသခင် ယေဟောဝါ၏နာမတော်ကို ကာလအစဉ်အမြဲ ခိုလှုံလျက်ကျင့်နေကြမည်။’—မိ. ၄:၁၊ ၅။

၁၈။ စစ်မှန်တဲ့ဝတ်ပြုရေးက ဘယ်အပြောင်းအလဲတွေလုပ်ဖို့ ကူညီပေးသလဲ။

၁၈ စစ်မှန်တဲ့ဝတ်ပြုရေးက အရင်က ရန်သူဖြစ်ခဲ့တဲ့သူတွေကိုတောင် စည်းလုံးစေမယ်လို့ မိက္ခာက ဖော်ပြခဲ့တယ်– ‘များပြားသောလူမျိုးတို့ [မှလူတို့] ကလည်း လာကြလော့။ ယေဟောဝါ၏တောင်တော်၊ ယာကုပ်အမျိုး၏ဘုရားသခင့်အိမ်တော်သို့ တက်သွားကြကုန်အံ့။ လမ်းခရီးတော်တို့ကို ပြသသွန်သင်တော်မူ၍ ငါတို့သည် ခြေတော်ရာသို့လိုက်သွားကြမည်ဟု ခရီးသွားလျက်ပြောဆိုကြလိမ့်မည်။ သူတို့ဓားလက်နက်များကို ထွန်သွားဖြစ်စေခြင်းငှာလည်းကောင်း၊ လှံများကို တံစဉ်ဖြစ်စေခြင်းငှာလည်းကောင်း ထုလုပ်ကြလိမ့်မည်။ တစ်ပြည်ကိုတစ်ပြည်စစ်မတိုက်၊ စစ်အတတ်ကိုလည်း နောက်တစ်ဖန်မသင်ရကြ။’ (မိ. ၄:၂၊ ၃) အယူမှားဝတ်ပြုရေး ဒါမှမဟုတ် အမျိုးသားရေးစိတ်ဓာတ်ကိုစွန့်ပြီး ယေဟောဝါကိုဝတ်ပြုတဲ့သူတွေဟာ ကမ္ဘာချီစည်းလုံးမှုမှာ ပျော်မွေ့ကြတယ်။ ဘုရားသခင်က သူတို့ကို မေတ္တာလမ်းစဉ် သွန်သင်ပေးတယ်။

၁၉။ သန်းနဲ့ချီတဲ့သူတွေ စစ်မှန်တဲ့ဝတ်ပြုရေးမှာ စည်းလုံးနေကြတာက ဘာကိုဖော်ပြသလဲ။

၁၉ ယနေ့ စစ်မှန်တဲ့ခရစ်ယာန်တွေရဲ့ ကမ္ဘာချီစည်းလုံးမှုက ထူးခြားပြီး ယေဟောဝါဟာ ကိုယ်တော့်လူမျိုးကို စွမ်းအားတော်နဲ့ ဆက်လမ်းညွှန်နေတယ်ဆိုတာ ထင်ရှားတယ်။ လူမျိုးအပေါင်းမှလူတွေဟာ လူ့သမိုင်းမှာ တစ်ခါမျှမတွေ့ဖူးတဲ့ အတိုင်းအတာနဲ့ စည်းလုံးနေကြတယ်။ ဒါက ဗျာ. ၇:၉၊ ၁၄ ရဲ့ထူးခြားတဲ့ပြည့်စုံမှုဖြစ်ပြီး မကြာခင် ဘုရားသခင့်ကောင်းကင်တမန်တွေက လက်ရှိဆိုးယုတ်တဲ့စနစ်ကို ဖျက်ဆီးဖို့ “လေ” ကိုလွှတ်တော့မယ်ဆိုတာ ဖော်ပြတယ်။ (ဗျာ. ၇:၁-၄၊ ၉၊ ၁၀၊ ၁၄ ကိုဖတ်ပါ။) ကမ္ဘာချီညီအစ်ကိုအသင်းအပင်းမှာ စည်းစည်းလုံးလုံး ပါဝင်ခွင့်ရခြင်းက အခွင့်ထူးမဟုတ်ပါလား။ စည်းလုံးမှုတိုးပွားအောင် ကျွန်ုပ်တို့တစ်ဦးစီ ဘယ်လိုလုပ်ဆောင်နိုင်သလဲ။ နောက်ဆောင်းပါးမှာ ဆွေးနွေးပါလိမ့်မယ်။

သင် ဘယ်လိုဖြေဆိုမလဲ

• စစ်မှန်တဲ့ဝတ်ပြုရေးက လူတွေကို ဘယ်လိုစည်းလုံးစေသလဲ။

• ကျွန်ုပ်တို့ရဲ့စည်းလုံးမှုကို ပြိုကွဲစေတဲ့ မနာလိုခြင်းကို ဘယ်လိုတားဆီးကြမလဲ။

• စစ်မှန်တဲ့၀တ်ပြုသူတွေကို အမျိုးသားရေးစိတ်ဓာတ်က ဘာကြောင့်မကွဲပြားစေနိုင်တာလဲ။

[စာမျက်နှာ ၁၃ ပါရုပ်ပုံ]

ပထမရာစုခရစ်ယာန်တွေက နောက်ခံအမျိုးမျိုးရှိကြ

[စာမျက်နှာ ၁၅ ပါရုပ်ပုံ]

ခန်းမဆောက်လုပ်ရေးစီမံကိန်းတွေမှာ သင်ပါဝင်ခြင်းက စည်းလုံးမှုကို ဘယ်လိုဖြစ်စေသလဲ

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ