အသက်ပြေးပွဲကို ခံနိုင်ရည်ရှိစွာ ပြေးကြစို့
“ငါတို့ရှေ့၌ရှိသော ပြေးပွဲကို ခံနိုင်ရည်ရှိစွာ ပြေးကြစို့။”—ဟေဗြဲ ၁၂:၁။
၁၊ ၂။ တမန်တော်ပေါလုက ခရစ်ယာန်အသက်တာကို ဘယ်အရာနဲ့ နှိုင်းယှဉ်ခဲ့သလဲ။
နိုင်ငံအတော်များများမှာ နှစ်စဉ် မာရသွန်ပြေးပွဲ ကျင်းပကြတယ်။ လက်ရွေးစင်အပြေးသမားတွေက ပြေးပွဲမှာ ဆုရ,ရမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ပြိုင်ပွဲဝင်ကြတယ်။ ပြေးပွဲမှာပါဝင်သူအများစုက သူတို့ဆုမရနိုင်ဘူးဆိုတာ သိထားကြတယ်။ သူတို့အတွက်ကတော့ ပန်းဝင်ဖို့က အရေးကြီးဆုံးပဲ။
၂ သမ္မာကျမ်းစာမှာ ခရစ်ယာန်အသက်တာကို ပြေးပွဲတစ်ခုနဲ့ နှိုင်းယှဉ်ထားတယ်။ တမန်တော်ပေါလုက ရှေးခေတ်ကောရိန္သုမှာရှိတဲ့ ခရစ်ယာန်တွေထံ ပထမစာရေးတဲ့အချိန်မှာ ဒီအချက်ကို ဖော်ပြခဲ့တယ်။ သူဒီလိုရေးခဲ့တယ်– “အပြေးပြိုင်သူတိုင်း ပြေးပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြသော်လည်း တစ်ဦးတည်းသာ ဆုရကြောင်း သင်တို့မသိကြသလော။ သို့ဖြစ်၍ ဆုရရန် ထိုနည်းအတိုင်း ပြေးကြလော့။”—၁ ကော. ၉:၂၄။
၃။ ပြိုင်ပွဲဝင်သူတွေထဲက တစ်ဦးတည်းသာ ဆုရမယ်လို့ ပေါလုပြောတဲ့အခါ ဘာကိုဆိုလိုသလဲ။
၃ ပြိုင်ပွဲဝင်သူတွေထဲက တစ်ဦးတည်းသာ ဆုရမယ်လို့ ပေါလုပြောတဲ့အခါ ခရစ်ယာန်တစ်ဦးတည်းပဲ အသက်ဆုရပြီး ကျန်တဲ့သူတွေက မရဘူးလို့ ဆိုလိုတာလား။ မဟုတ်တာသေချာတယ်။ ပြိုင်ပွဲဝင်အပြေးသမားတွေက ဆုရဖို့မျှော်လင့်ချက်နဲ့ အပြင်းအထန်လေ့ကျင့်ပြီး ပြေးပွဲမှာ အားကြိုးမာန်တက် ပါဝင်ယှဉ်ပြိုင်ကြတယ်။ ပေါလုက ခရစ်ယာန်တွေကို ထာဝရအသက်ရလိုစိတ်နဲ့ အဲဒီနည်းအတိုင်း ကြိုးစားစေလိုတယ်။ ဒီလိုကြိုးစားမယ်ဆိုရင် အသက်ဆုရနိုင်ပါတယ်။ ခရစ်ယာန်အသက်ပြေးပွဲမှာ ပန်းဝင်သူအားလုံးက အဲဒီဆုကို ရကြမှာသေချာတယ်။
၄။ ကျွန်ုပ်တို့ရှေ့မှာရှိတဲ့ ပြေးပွဲနဲ့ပတ်သက်ပြီး ဘယ်အချက်တွေကို စဉ်းစားသုံးသပ်ဖို့လိုသလဲ။
၄ ဒီစကားတွေက အားရှိစရာဖြစ်ပေမဲ့ အသက်ပြေးပွဲမှာ ပါဝင်ပြေးနေတဲ့ ကျွန်ုပ်တို့အားလုံးကို မိမိတို့ရဲ့အသက်ရှင်နေထိုင်ပုံကို အလေးအနက်ပြန်ဆန်းစစ်စေပါတယ်။ အကြောင်းကတော့ ကျွန်ုပ်တို့ရရှိမယ့်အသက်ဆုက ကောင်းကင်မှာဖြစ်စေ၊ မြေကြီးမှာဖြစ်စေ ဒါက အလွန်ထူးမြတ်တဲ့ မျှော်လင့်ချက်ဖြစ်လို့ပဲ။ ဒါပေမဲ့ ဒီပြေးပွဲက ရှည်လျားပြီး အတားအဆီး၊ အနှောင့်အယှက်၊ အန္တရာယ်တွေနဲ့ ခက်ခဲကြမ်းတမ်းတယ်။ (မ. ၇:၁၃၊ ၁၄) ဝမ်းနည်းစရာက တချို့သူတွေဟာ အရှိန်လျှော့လိုက်ကြ၊ လက်လျှော့လိုက်ကြ ဒါမှမဟုတ် လမ်းတစ်ဝက်မှာပဲ လဲကျသွားကြတယ်။ အသက်ပြေးပွဲမှာ ဘယ်လိုထောင်ချောက်တွေ၊ အန္တရာယ်တွေရှိသလဲ။ ဒီအန္တရာယ်တွေကို သင်ဘယ်လိုရှောင်နိုင်သလဲ။ အသက်ပြေးပွဲမှာ ပန်းဝင်ပြီး အသက်ဆုရဖို့ သင်ဘာလုပ်နိုင်သလဲ။
ပန်းဝင်ဖို့ ခံနိုင်ရည်လို
၅။ ဟေဗြဲ ၁၂:၁ မှာ ပေါလု ဘာအကြောင်းရေးခဲ့သလဲ။
၅ ဂျေရုဆလင်နဲ့ယုဒနယ်မှာရှိတဲ့ ဟေဗြဲခရစ်ယာန်တွေထံ ရေးတဲ့စာမှာ ပေါလုက ပြေးပွဲအကြောင်း ထပ်ပြောပြန်တယ်။ (ဟေဗြဲ ၁၂:၁ ကိုဖတ်ပါ။) ပြေးပွဲမှာဝင်ပြေးရတဲ့အကြောင်းရင်းကိုသာမက ဆုရဖို့ ဘာလုပ်ရမယ်ဆိုတာကိုလည်း ဖော်ပြခဲ့တယ်။ ဟေဗြဲခရစ်ယာန်တွေထံရေးတဲ့ ပေါလုရဲ့စာမှာ ကျွန်ုပ်တို့အတွက် ဘာသင်ခန်းစာတွေပါသလဲဆိုတာ မသုံးသပ်ခင် သူ ဒီစာကိုရေးရတဲ့အကြောင်းရင်းနဲ့ ဒီစာကိုဖတ်တဲ့သူတွေကို ဘာလုပ်ဖို့ အားပေးခဲ့သလဲဆိုတာ သုံးသပ်ကြည့်ကြစို့။
၆။ ဂျူးဘာသာရေးခေါင်းဆောင်တွေက ခရစ်ယာန်တွေကို ဘာလုပ်ခဲ့သလဲ။
၆ ပထမရာစုခရစ်ယာန်တွေ၊ အထူးသဖြင့် ဂျေရုဆလင်နဲ့ယုဒနယ်မှာ နေထိုင်တဲ့ခရစ်ယာန်တွေက စမ်းသပ်မှုနဲ့ အခက်အခဲများစွာ ရင်ဆိုင်ခဲ့ရတယ်။ လူတွေအပေါ် ဩဇာလွှမ်းမိုးနေဆဲဖြစ်တဲ့ ဂျူးဘာသာရေးခေါင်းဆောင်တွေရဲ့ မတရားဖိနှိပ်မှုကို ခံနေရတယ်။ လွန်ခဲ့တဲ့အနှစ်သုံးဆယ်ခန့်က ဒီခေါင်းဆောင်တွေဟာ ယေရှုကို ပုန်ကန်သူ၊ သေထိုက်တဲ့ရာဇဝတ်သားအဖြစ် လူတွေယုံကြည်လာအောင် လုပ်နိုင်ခဲ့တယ်။ ဒါ့အပြင် ခရစ်ယာန်တွေကို ဆက်ပြီးနှိပ်စက်ညှဉ်းပန်းဖို့ စိတ်ပိုင်းဖြတ်ထားကြတယ်။ စီအီး ၃၃၊ ပင်တေကုတ္တေပွဲနေ့ကစပြီး ခရစ်ယာန်တွေအပေါ် သူတို့ ညှဉ်းပန်းနှိပ်စက်တဲ့မှတ်တမ်းတွေကို တမန်တော်ကျမ်းမှာ ကျွန်ုပ်တို့ဖတ်ရတယ်။ ဒါက သစ္စာရှိသူတွေအတွက် တကယ့်အခက်အခဲပဲ။—တ. ၄:၁-၃; ၅:၁၇၊ ၁၈; ၆:၈-၁၂; ၇:၅၉; ၈:၁၊ ၃။
၇။ ပေါလုစာရေးခဲ့တဲ့ ခရစ်ယာန်တွေ အသက်ရှင်တဲ့အချိန်က ဘာကြောင့်အလွန်ခက်ခဲခဲ့သလဲ။
၇ ဒီခရစ်ယာန်တွေက ဂျူးစနစ်ကုန်ဆုံးခါနီးအချိန်မှာလည်း အသက်ရှင်ခဲ့ကြရတယ်။ ဂျေရုဆလင်အပေါ် ကျရောက်မယ့် ဖျက်ဆီးခြင်းအကြောင်း ယေရှု သူတို့ကို ပြောပြခဲ့တယ်။ အဲဒီဖျက်ဆီးခြင်းဘေးမရောက်ခင် ဖြစ်ပျက်မယ့် အဖြစ်အပျက်တွေနဲ့ အသက်ရှင်လွတ်မြောက်ဖို့ ဘာလုပ်ရမယ်ဆိုတာကိုလည်း မိမိရဲ့နောက်လိုက်တွေကို အတိအကျ ပြောပြခဲ့တယ်။ (လုကာ ၂၁:၂၀-၂၂ ကိုဖတ်ပါ။) ယေရှု ဒီလိုပြောခဲ့တယ်– “သင်တို့သည် အစားအသောက်လွန်ကြူးခြင်းနှင့် ဘဝ၏စိုးရိမ်ပူပန်ခြင်းတို့ဖြင့် စိတ်နှလုံးပင်ပန်းလျက်နေစဉ်တွင် ထိုနေ့ရက်သည် ရုတ်တရက် သင်တို့အပေါ်သို့ မကျရောက်စေရန် ကိုယ့်ကိုယ်ကိုယ် သတိပြုကြလော့။”—လု. ၂၁:၃၄။
၈။ ခရစ်ယာန်တချို့ ဘုရားသခင်ကိုဝတ်ပြုခြင်းမှာ အားလျော့သွားစေ၊ ရပ်တန့်သွားစေတဲ့အရာတွေက ဘာတွေဖြစ်နိုင်သလဲ။
၈ ဒီစကားတွေကိုယေရှုပြောပြီး အနှစ် ၃၀ လောက်မှာ ပေါလုက ဟေဗြဲခရစ်ယာန်တွေကို စာရေးခဲ့တာဖြစ်တယ်။ ဒီနှစ်တွေအတွင်း ခရစ်ယာန်တွေရဲ့ အခြေအနေဘယ်လိုရှိခဲ့သလဲ။ အခက်အခဲတွေ၊ နေ့စဉ်လိုအပ်ရာတွေအတွက် စိုးရိမ်လာလို့ တချို့သူတွေက ယေဟောဝါအကြောင်း ဆက်မလေ့လာတော့၊ ကိုယ်တော်နဲ့ ရင်းနှီးတဲ့ဆက်ဆံရေးခိုင်မြဲအောင် ဆက်မလုပ်ဆောင်ကြတော့ဘူး။ (ဟေဗြဲ ၅:၁၁-၁၄) တချို့ခရစ်ယာန်တွေက ဂျူးတွေလိုအသက်ရှင်နေထိုင်တာက ပိုလွယ်ကူတယ်လို့ တွေးမိခဲ့ကြတာ ဖြစ်နိုင်တယ်။ ဂျူးတွေက ဘုရားသခင်ကို ယုံကြည်နေဆဲဖြစ်ပြီး မောရှေပညတ်အများစုကို လိုက်နာနေကြဆဲဖြစ်တယ်။ အသင်းတော်ထဲကတချို့သူတွေကလည်း မောရှေပညတ်နဲ့ ဂျူးထုံးစံတွေကိုလိုက်ဖို့ တခြားသူတွေကို ဖိအားပေးနေကြတယ်။ ခရစ်ယာန်တချို့က သူတို့ပြောတာကို ယုံကြည်ကြပြီး တချို့ကျတော့ သူတို့ကိုကြောက်တဲ့အတွက် သူတို့စကားနားထောင်ခဲ့ကြတယ်။ ခရစ်ယာန်ဘဝပုံစံအတိုင်း ဆက်နေထိုင်ဖို့နဲ့ ယေဟောဝါကို ဆက်တည်ကြည်ဖို့ ခရစ်ယာန်ညီအစ်ကိုတွေကို ပေါလု ဘယ်လိုအားပေးခဲ့သလဲ။
၉၊ ၁၀။ (က) ဟေဗြဲ အခန်းကြီး ၁၀ အဆုံးပိုင်းမှာ ပေါလုက ဟေဗြဲခရစ်ယာန်တွေ ဘာလုပ်ဖို့လိုတယ်လို့ ပြောခဲ့သလဲ။ (ခ) ရှေးအချိန်က ယေဟောဝါအပေါ်တည်ကြည်ခဲ့သူတွေရဲ့လုပ်ရပ်ကို ပေါလု ဘာကြောင့် ရေးခဲ့သလဲ။
၉ ဟေဗြဲခရစ်ယာန်တွေကို အားပေးစာရေးဖို့ ယေဟောဝါက ပေါလုကို စွမ်းအားတော်နဲ့ တိုက်တွန်းခဲ့တယ်။ အခန်းကြီး ၁၀ အစပိုင်းမှာ မောရှေပညတ်က ‘နောင်လာမည့် ကောင်းမြတ်သောအရာများ၏ ပုံရိပ်’ ဖြစ်ကြောင်း၊ ယေရှုရဲ့ပူဇော်ရာယဇ်အားဖြင့်သာ သူတို့ရဲ့အပြစ်တွေ ခွင့်လွှတ်ခံရမှာဖြစ်ကြောင်း ရှင်းပြခဲ့တယ်။ အခန်းကြီး ၁၀ အဆုံးပိုင်းမှာတော့ ဒီပူဇော်ရာယဇ်ကနေ အကျိုးခံစားရဖို့ ခံနိုင်ရည်ရှိရမယ်လို့ ပေါလု ပြောခဲ့တယ်။ သူဒီလိုဆိုတယ်– “သင်တို့သည် ဘုရားသခင်၏အလိုတော်ကို ဆောင်ရွက်ပြီးနောက် ကတိထားရာများကို ရရှိနိုင်မည်အကြောင်း ခံနိုင်ရည်ရှိရန်လို၏။ အကြောင်းမူကား ‘မကြာမီအချိန်တွင်’ ‘ကြွလာမည့်အရှင် ရောက်လာလိမ့်မည်။ နှောင့်နှေးမည်မဟုတ်။’”—ဟေဗြဲ ၁၀:၁၊ ၃၆၊ ၃၇။
၁၀ ဟေဗြဲ အခန်းကြီး ၁၁ မှာ ပေါလုက ဘုရားသခင်ကိုယုံကြည်ခြင်းအကြောင်း လှလှပပပုံဖော်ရှင်းပြထားတာကို တွေ့ရတယ်။ တကယ်အသက်ရှင်ခဲ့တဲ့ ယုံကြည်ခြင်းရှိသူ အမျိုးသား၊ အမျိုးသမီးတွေအကြောင်း ဖော်ပြထားတယ်။ ဒါက မလိုအပ်ဘဲ အကြောင်းအရာကို ပြောင်းလိုက်တာလား။ မဟုတ်ပါဘူး။ ယုံကြည်ခြင်းမှာ ရဲစွမ်းသတ္တိနဲ့ ခံနိုင်ရည်ရှိဖို့လိုကြောင်း ယုံကြည်သူချင်းတွေ သိဖို့လိုတယ်ဆိုတာ တမန်တော် သိခဲ့တယ်။ ရှေးအချိန်က ယေဟောဝါရဲ့တည်ကြည်တဲ့ကျေးကျွန်တွေပြခဲ့တဲ့ ပုံသက်သေကောင်းက ဟေဗြဲခရစ်ယာန်တွေကို အခက်အခဲတွေ၊ စမ်းသပ်မှုတွေကို ခံရပ်နိုင်ဖို့ ကူညီပေးပါလိမ့်မယ်။ အတိတ်ကတည်ကြည်သူတွေရဲ့ ယုံကြည်ခြင်းလုပ်ရပ်ကို ဖော်ပြပြီးတဲ့နောက် ပေါလု ဒီလိုပြောခဲ့တယ်– “ငါတို့ပတ်လည်၌ အလွန်ကြီးမားသော သက်သေအုပ်စုကြီး ဝိုင်းရံနေသည်ဖြစ်၍ ဝန်ရှိသမျှနှင့် ငါတို့ကို အလွယ်တကူကျော့မိစေတတ်သော အပြစ်ကို ဖယ်ရှားကြစို့။ ထို့နောက် ငါတို့ရှေ့၌ရှိသော ပြေးပွဲကို ခံနိုင်ရည်ရှိစွာ ပြေးကြစို့။”—ဟေဗြဲ ၁၂:၁။
“သက်သေအုပ်စုကြီး”
၁၁။ “အလွန်ကြီးမားသော သက်သေအုပ်စုကြီး” ရဲ့ပုံသက်သေကို ကျွန်ုပ်တို့စဉ်းစားတဲ့အခါ ဘာကို သတိရသင့်သလဲ။
၁၁ ခရစ်ယာန်ခေတ်မတိုင်မီ အသက်ရှင်ခဲ့တဲ့ ယေဟောဝါအပေါ်တည်ကြည်တဲ့ကျေးကျွန်တွေကို ပေါလုက “ငါတို့ပတ်လည်၌ အလွန်ကြီးမားသော သက်သေအုပ်စုကြီး” လို့ ပြောခဲ့တယ်။ သူတို့က အသက်ပြေးပွဲမှာ အဆုံးအထိ တည်ကြည်စွာပြေးခဲ့သူတွေဖြစ်လို့ ခရစ်ယာန်တွေလည်း အလွန်ခက်ခဲတဲ့အခြေအနေတွေမှာတောင် ယေဟောဝါအပေါ် ဆက်တည်ကြည်နိုင်တယ်ဆိုတာ သူတို့ရဲ့ပုံသက်သေတွေက ဖော်ပြတယ်။ “သက်သေအုပ်စုကြီး” က ပြေးပွဲကို ပန်းဝင်တဲ့အထိပြေးခဲ့တဲ့ အပြေးသမားတွေနဲ့တူတယ်။ သူတို့ရဲ့ပုံသက်သေက တခြားသူတွေကိုလည်း ပြေးပွဲမှာ ဆက်ပြေးဖို့ အားပေးမှုဖြစ်စေပါလိမ့်မယ်။ အကယ်၍ ကျွန်ုပ်တို့က ပြိုင်ပွဲမှာပါဝင်နေတယ်၊ တကယ်တော်တဲ့ အပြေးသမားတွေက ပြေးပွဲကိုကြည့်နေပြီး အားပေးနေတယ်ဆိုတာသိရင် ကျွန်ုပ်တို့က ပြေးပွဲမှာပန်းဝင်ဖို့ အားသွန်ခွန်စိုက် ဆက်ပြေးနေပါလိမ့်မယ်။ ဒါကြောင့် ဟေဗြဲခရစ်ယာန်တွေက ယေဟောဝါရဲ့အတိတ်က ကျေးကျွန်တွေရဲ့ ပုံသက်သေကိုစဉ်းစားဖို့လိုတယ်။ သူတို့ရဲ့ပုံသက်သေက အားပေးမှုဖြစ်စေပြီး “ခံနိုင်ရည်ရှိစွာပြေး” နေစေပါလိမ့်မယ်။ ကျွန်ုပ်တို့အပေါ်လည်း အလားတူ အကျိုးသက်ရောက်ပါလိမ့်မယ်။
၁၂။ ပေါလုဖော်ပြခဲ့တဲ့ တည်ကြည်သူတွေထံကနေ ကျွန်ုပ်တို့ ဘာသင်ယူနိုင်သလဲ။
၁၂ ယုံကြည်ခြင်းတင်ပြခဲ့သူတွေအဖြစ် ပေါလုဖော်ပြခဲ့တဲ့သူတွေရဲ့အခြေအနေနဲ့ ကျွန်ုပ်တို့ရဲ့အခြေအနေက ဆင်တူတယ်။ ဥပမာ၊ နောဧက ရေလွှမ်းမိုးဘေးမတိုင်ခင်မှာ အသက်ရှင်ခဲ့တယ်။ ကျွန်ုပ်တို့က လက်ရှိလောကစနစ် အဆုံးမတိုင်မီအချိန်မှာ အသက်ရှင်နေကြရတယ်။ အာဗြဟံနဲ့စာရာဟာ ယေဟောဝါကိုဝတ်ပြုမယ့်လူမျိုးတစ်မျိုး မိမိတို့ထံကပေါ်ထွန်းမယ်ဆိုတဲ့ ကတိတော်ပြည့်စုံမှာကို မျှော်လင့်ပြီး မိမိတို့ရဲ့နေရင်းပြည်ကို စွန့်ခွာခဲ့ကြတယ်။ ကျွန်ုပ်တို့က ယေဟောဝါရဲ့မျက်နှာသာရဖို့နဲ့ ကျွန်ုပ်တို့ရှေ့မှာရှိတဲ့ ကောင်းချီးတွေခံစားရဖို့ ကိုယ့်ကိုယ်ကိုယ် ငြင်းပယ်ကြရတယ်။ မောရှေက ကြမ်းတမ်းတဲ့တောကန္တာရကိုဖြတ်ပြီး ကတိထားရာပြည်ကို သွားခဲ့တယ်။ ကျွန်ုပ်တို့က ဆိုးညစ်တဲ့လောကမှာ အသက်ရှင်နေကြရပြီး ကတိထားရာကမ္ဘာသစ်ကိုဝင်စားဖို့ စောင့်မျှော်နေကြတယ်။ ဒါကြောင့် ဒီတည်ကြည်သူတွေရဲ့ အသက်တာအကြောင်း တွေးတောဆင်ခြင်ဖို့ အလွန်ပဲအရေးကြီးပါတယ်။ သူတို့ရဲ့အောင်မြင်မှု၊ ကျရှုံးမှု၊ အားနည်းချက်၊ အားသာချက်တွေကို လေ့လာပြီး သင်ယူနိုင်ကြပါတယ်။—ရော. ၁၅:၄; ၁ ကော. ၁၀:၁၁။
သူတို့ဘာကြောင့်အောင်မြင်ခဲ့
၁၃။ နောဧ ဘယ်အခက်အခဲတွေနဲ့ ကြုံတွေ့ခဲ့ရသလဲ၊ ဒါတွေကို အောင်မြင်ဖို့ ဘာက သူ့ကိုကူညီပေးခဲ့သလဲ။
၁၃ ယေဟောဝါရဲ့ဒီကျေးကျွန်တွေ ခံနိုင်ရည်ရှိရှိ အဆုံးအထိပြေးနိုင်ဖို့ ဘာက ကူညီပေးခဲ့တာလဲ။ နောဧနဲ့ပတ်သက်ပြီး ပေါလုပြောတာကို သတိပြုပါ။ (ဟေဗြဲ ၁၁:၇ ကိုဖတ်ပါ။) “အသက်ရှင်သောသတ္တဝါအပေါင်းတို့ကို ကောင်းကင်အောက်မှ ငါကိုယ်တိုင်ပယ်ရှင်းခြင်းငှာ မြေကြီးကိုရေလွှမ်းမိုးစေ” မယ်ဆိုတာက နောဧအတွက် “မမြင်ရသေးသောအရာ” ဖြစ်တယ်။ (က. ၆:၁၇) ဒါက တစ်ခါမှမဖြစ်ဖူးသေးတဲ့အရာ၊ လုံးလုံး ခန့်မှန်းလို့မရတဲ့အရာ ဖြစ်တယ်။ ဒါပေမဲ့ ရေလွှမ်းမိုးဘေးမဖြစ်နိုင်ဘူးလို့ နောဧ မစဉ်းစားခဲ့ဘူး။ အကြောင်းကတော့ ယေဟောဝါက မိန့်တော်မူသမျှအတိုင်းလုပ်ဆောင်မယ်ဆိုတာ သူယုံကြည်တဲ့အတွက်ဖြစ်တယ်။ သူ့ကိုခိုင်းတဲ့အလုပ်က ခက်လွန်းလို့ မတတ်နိုင်ဘူးလို့လည်း မစဉ်းစားခဲ့ဘူး။ အဲဒီအစား “မှာထားတော်မူ” တဲ့အတိုင်း သူလုပ်ဆောင်ခဲ့တယ်။ (က. ၆:၂၂) နောဧလုပ်ဆောင်ခဲ့တဲ့အရာတွေဖြစ်တဲ့ သင်္ဘောဆောက်ခြင်း၊ တိရစ္ဆာန်တွေစုသိမ်းခြင်း၊ လူနဲ့တိရစ္ဆာန်တွေအတွက် အစားအစာစုဆောင်းခြင်း၊ သတိပေးသတင်း ဟောပြောခြင်း၊ မိသားစုဝင်တွေ ယေဟောဝါအပေါ် ခိုင်ခံ့တဲ့ယုံကြည်မှုရှိအောင်လုပ်ခြင်းဆိုတာ လွယ်ကူတဲ့အလုပ်တာဝန်တွေတော့ မဟုတ်ဘူး။ နောဧက ယေဟောဝါကိုယုံကြည်ပြီး ခံနိုင်ရည်တင်ပြခဲ့တဲ့အတွက် ယေဟောဝါက သူနဲ့သူ့မိသားစုကို ကယ်တင်ခဲ့ပြီး ကောင်းချီးများစွာ သွန်းလောင်းခဲ့တယ်။
၁၄။ ဘယ်လိုအခြေအနေတွေမှာ အာဗြဟံနဲ့စာရာ ယုံကြည်ခြင်းတင်ပြခဲ့ကြသလဲ၊ သူတို့ထံကနေ ကျွန်ုပ်တို့ ဘာသင်ခန်းစာယူနိုင်သလဲ။
၁၄ ‘ငါတို့ပတ်လည်၌ရှိသော သက်သေအုပ်စုကြီး’ ထဲမှာ အာဗြဟံနဲ့စာရာကို ပေါလု ထည့်သွင်းဖော်ပြခဲ့တယ်။ သူတို့ဟာ အနာဂတ်မှာ ဘာတွေကြုံတွေ့ရမယ်ဆိုတာမသိဘဲ သူတို့အခြေကျနေတဲ့ နေရင်းပြည်ဥရမြို့ကနေ အပြီးအပိုင်ထွက်လာခဲ့ကြတယ်။ သူတို့ဟာ ခက်ခဲတဲ့အချိန်တွေမှာတောင် မယိမ်းယိုင်တဲ့ယုံကြည်ခြင်းနဲ့ နာခံမှုတင်ပြခဲ့ကြတယ်။ အာဗြဟံက စစ်မှန်တဲ့ဝတ်ပြုရေးအတွက် ကိုယ်ကျိုးစွန့်တဲ့အတွက် သူ့ကို “ယုံကြည်သူအပေါင်းတို့၏အဖ” လို့ ခေါ်ဆိုထိုက်တယ်။ (ရော. ၄:၁၁) ဟေဗြဲခရစ်ယာန်တွေက အာဗြဟံနဲ့သူ့မိသားစုအကြောင်း ကောင်းကောင်းသိထားလို့ ပေါလုက သူတို့ရဲ့ယုံကြည်ခြင်းလုပ်ရပ်အနည်းငယ်ကိုသာ စာထဲမှာ ဖော်ပြခဲ့တယ်။ ဒါပေမဲ့ ဒီလုပ်ရပ်အနည်းငယ်က သူတို့ရဲ့ယုံကြည်ခြင်း ဘယ်လောက်ခိုင်ခံ့တယ်ဆိုတာ ဖော်ပြတယ်။ သူတို့နဲ့ပတ်သက်ပြီး ပေါလု ဒီလိုပြောခဲ့တယ်– “ထိုသူအပေါင်းတို့သည် ကတိထားရာများကို မရခဲ့ကြသော်လည်း အဝေးမှမြော်မြင်လျက်၊ ဝမ်းသာစွာကြိုဆိုလျက် ယုံကြည်ခြင်းအားဖြင့် သေလွန်ကြ၏။ မိမိတို့သည် ထိုပြည်တွင် သူစိမ်းများ၊ ခေတ္တနေထိုင်သူများဖြစ်ကြောင်း ဝန်ခံကြ၏။” (ဟေဗြဲ ၁၁:၁၃) ဘုရားသခင်အပေါ် သူတို့ရဲ့ယုံကြည်ခြင်း၊ ဘုရားသခင်နဲ့ သူတို့ရဲ့ဆက်ဆံရေးကြောင့် ခံနိုင်ရည်ရှိရှိ ပြေးနိုင်ခဲ့ကြတယ်။
၁၅။ ဘယ်အရာက မောရှေကို သူရွေးချယ်ခဲ့တဲ့အသက်တာအတိုင်းနေဖို့ လှုံ့ဆော်ပေးခဲ့သလဲ။
၁၅ “သက်သေအုပ်စု” ထဲမှာပါဝင်တဲ့ ယေဟောဝါရဲ့နောက်ကျေးကျွန်တစ်ဦးကတော့ မောရှေဖြစ်တယ်။ မောရှေက ကြွယ်ဝချမ်းသာ၊ ဂုဏ်ရှိတဲ့အသက်တာကို စွန့်လွှတ်ပြီး “ဘုရားသခင်၏လူတို့နှင့်အတူ ညှဉ်းဆဲခံရန်ရွေးချယ်” ခဲ့တယ်။ ဒီလိုရွေးချယ်ဖို့ သူ့ကို ဘာကလှုံ့ဆော်ပေးတာလဲ။ အဖြေကို ပေါလု ဒီလိုဖော်ပြတယ်– “ရရှိမည့်ဆုကျေးဇူးကို စေ့စေ့ကြည့်ရှုသောကြောင့်ဖြစ်၏။ . . . မမြင်ရသောအရှင်ကို မြင်ရသကဲ့သို့ တည်ကြည်လျက်နေ၏။” (ဟေဗြဲ ၁၁:၂၄-၂၇ ကိုဖတ်ပါ။) “အပြစ်နှင့်ဆိုင်သောပျော်မွေ့ခြင်းကို ခဏခံစားခြင်း” အားဖြင့် သူ အာရုံမထွေပြားခဲ့ဘူး။ ဘုရားသခင်၊ ကိုယ်တော့်ကတိတော်တွေက မောရှေအတွက် စစ်မှန်တဲ့အရာတွေဖြစ်လို့ ထူးခြားတဲ့ရဲစွမ်းသတ္တိနဲ့ ခံနိုင်ရည်ကို သူတင်ပြနိုင်ခဲ့တယ်။ အစ္စရေးလူမျိုးကို အီဂျစ်ပြည်ကနေခေါ်ထုတ်ပြီး ကတိထားရာပြည်ကို ဦးဆောင်ခေါ်သွားရာမှာ မညည်းမညူလုပ်ဆောင်ခဲ့တယ်။
၁၆။ ကတိထားရာပြည်ထဲဝင်ခွင့်မရလို့ မောရှေ မကျေမနပ်ဖြစ်ခဲ့သလား။
၁၆ အာဗြဟံလိုပဲ မောရှေလည်း အသက်ရှင်ချိန်မှာ ဘုရားသခင့်ကတိတော်ပြည့်စုံတာကို မတွေ့ခဲ့ရဘူး။ အစ္စရေးလူမျိုးတွေ ကတိထားရာပြည်ကိုမဝင်ခင်လေးမှာ ဘုရားသခင်က မောရှေကို ဒီလိုပြောခဲ့တယ်– ‘အစ္စရေးအမျိုးသားတို့အား ငါပေးသောပြည်ကို သင်သည် ကိုယ်မျက်စိနှင့်မြင်ရသော်လည်း ထိုပြည်သို့မဝင်စားရ။’ အကြောင်းကတော့ အစောပိုင်းတုန်းက မောရှေနဲ့အာရုန်ဟာ လူတွေရဲ့ပုန်ကန်မှုကြောင့် ဒေါသထွက်ပြီး ‘အစ္စရေးအမျိုးသားတို့ရှေ့မှာ ဘုရားသခင်ကို မရိုမသေပြု၍ ပြစ်မှား’ ခဲ့ကြလို့ပဲ။ (တရား. ၃၂:၅၁၊ ၅၂) ဒီအတွက်ကြောင့် မောရှေ မကျေမနပ်ဖြစ်ပြီး နာကြည်းခဲ့သလား။ မဖြစ်ခဲ့ဘူး။ ဒီအချက်ကို အစ္စရေးလူတွေကိုပြောတဲ့ ဒီစကားတွေအရ သိရတယ်– ‘အို အစ္စရေးအမျိုး၊ သင်သည်မင်္ဂလာရှိ၏။ ယေဟောဝါ ကယ်တင်တော်မူသောအမျိုး၊ သင်နှင့်အဘယ်သူတူသနည်း။ ထိုဘုရားသခင်သည် သင့်ကိုကွယ်ကာသောဒိုင်းလွှား၊ သင့်ကိုချီးမြှောက်သောဓားလက်နက်ဖြစ်တော်မူ၏။’—တရား. ၃၃:၂၉။
ကျွန်ုပ်တို့အတွက် သင်ခန်းစာ
၁၇၊ ၁၈။ (က) “သက်သေအုပ်စု” ထံကနေ ကျွန်ုပ်တို့ ဘာသင်ယူနိုင်သလဲ။ (ခ) နောက်ဆောင်းပါးမှာ ဘာအကြောင်းဆွေးနွေးကြမလဲ။
၁၇ ‘ငါတို့ပတ်လည်၌ရှိသော သက်သေအုပ်စု’ ထဲမှာပါဝင်သူအချို့အကြောင်း သုံးသပ်ခြင်းကနေ အသက်ပြေးပွဲမှာ အဆုံးအထိပြေးနိုင်ဖို့ ဘုရားသခင်နဲ့ ကိုယ်တော့်ကတိတော်တွေကို အကြွင်းမဲ့ယုံကြည်ရမယ်ဆိုတာ သိရတယ်။ (ဟေဗြဲ ၁၁:၆) ဒီယုံကြည်ခြင်းက ကျွန်ုပ်တို့ရဲ့ လက်ရှိအသက်ရှင်နေထိုင်ပုံအပေါ် အကျိုးသက်ရောက်သင့်တယ်။ ယေဟောဝါရဲ့ကျေးကျွန်တွေက ယုံကြည်ခြင်းမရှိသူတွေလိုမဟုတ်ဘဲ လက်ရှိအခြေအနေထက် ကျော်မြင်နိုင်ကြတယ်။ ကျွန်ုပ်တို့က “မမြင်ရသောအရှင်” ကို မြင်နိုင်လို့ အသက်ပြေးပွဲကို ခံနိုင်ရည်ရှိရှိ ပြေးနိုင်ကြတယ်။—၂ ကော. ၅:၇။
၁၈ ခရစ်ယာန်တွေရဲ့ ပြေးပွဲက မလွယ်ပါဘူး။ ဒါပေမဲ့ ပြေးပွဲကို ပန်းဝင်တဲ့အထိပြေးနိုင်ပါတယ်။ နောက်ဆောင်းပါးမှာ ကျွန်ုပ်တို့အတွက် အကူအညီဖြစ်စေမယ့် ထပ်ဆင့်အချက်အလက်တွေကို ဆွေးနွေးပါမယ်။
သင် ရှင်းပြနိုင်သလား
• အတိတ်က သက်သေတွေရဲ့ယုံကြည်ခြင်းလုပ်ရပ်ကို ပေါလု ဘာကြောင့်ရေးခဲ့တာလဲ။
• ‘ငါတို့ပတ်လည်၌ရှိသော သက်သေအုပ်စု’ ရဲ့ ပုံသက်သေက ခံနိုင်ရည်ရှိရှိပြေးနိုင်ဖို့ ကျွန်ုပ်တို့ကို ဘယ်လိုထောက်ကူပေးမလဲ။
• နောဧ၊ အာဗြဟံ၊ စာရာနဲ့ မောရှေတို့ရဲ့ပုံသက်သေကနေ ကျွန်ုပ်တို့ ဘာသင်ယူနိုင်သလဲ။
[စာမျက်နှာ ၁၉ ပါ ရုပ်ပုံ]
အာဗြဟံနဲ့စာရာဟာ ဥရမြို့ကစည်းစိမ်ချမ်းသာတွေကိုထားခဲ့ဖို့ တလိုတလားရှိခဲ့