သားသမီးတွေကို သွန်သင်ပေးပါ
“မိုးကြိုးသား” တွေလို့ သူတို့အခေါ်ခံရ
မိုးလေထန်တဲ့ ရာသီဥတုမှာ မိုးကြိုးပစ်သံကို ကလေးတို့ ကြားဖူးကြမှာပါ။ အဲဒီအသံကို ကြားတော့ သားသားမီးမီးတို့ ကြောက်လန့်ဖူးလား။—a ကောင်းပြီ၊ အခု ယေရှုက တပည့်နှစ်ယောက်ကို “မိုးကြိုးသား” တွေလို့ အမည်ပေးလိုက်တယ်။ ဘာဖြစ်လို့ အဲဒီလိုအမည်ပေးလိုက်သလဲဆိုတာ ကြည့်ကြရအောင်။
အဲဒီတပည့်နှစ်ဦးက ယာကုပ်နဲ့ ယောဟန်တို့ပေါ့။ သူတို့က ညီအစ်ကိုအရင်းတွေ ဖြစ်ပြီး ဇေဗေဒဲနဲ့ ရှာလုံတို့ရဲ့ သားတွေလေ။ ရှာလုံဟာ ယေရှုရဲ့မိခင် မာရိနဲ့ ညီအစ်မ တော်နိုင်ပါတယ်။ ဒါကြောင့် ယေရှုက ယာကုပ်၊ ယောဟန်တို့နဲ့ ဝမ်းကွဲတွေအနေနဲ့ရော၊ သူငယ်ချင်းကောင်းတွေအနေနဲ့ပါ လည်ပင်းဖက် ကြီးပြင်းလာတာ ဖြစ်နိုင်တယ်။
အဖေဖြစ်တဲ့ ဇေဗေဒဲက တံငါသည်ဆိုတော့ ယာကုပ်နဲ့ ယောဟန်တို့လည်း တံငါသည်တွေပဲပေါ့။ ယေရှု ပထမဆုံးရွေးချယ်ခဲ့တဲ့ တပည့်တွေထဲမှာ သူတို့နှစ်ယောက်လည်း ပါတယ်။ ယေရှုရဲ့နောက်ကို လိုက်ဖို့ သူတို့ကိုခေါ်တဲ့အခါ တံငါလုပ်ငန်းကို ချက်ချင်း စွန့်ပြီး ယေရှုနောက်ကို လိုက်သွားကြတယ်လေ။ နောက်ပိုင်းမှာ၊ တပည့်တွေထဲက တမန်တော်အနေနဲ့ ၁၂ ယောက်ကို ယေရှု ရွေးချယ်လိုက်တယ်။ အဲဒီတမန်တော် ၁၂ ယောက်ထဲမှာ ယာကုပ်နဲ့ယောဟန်တို့လည်း ပါတယ်။
ယေရှု မသေခင် လအနည်းငယ်မှာ ရှမာရိတောင်တန်းဒေသကို တမန်တော်တွေနဲ့အတူ ဖြတ်လျှောက် သွားကြတဲ့အချိန်မှာပေါ့။ မိုးကလည်း တဖြည်းဖြည်း ချုပ်လာပြီ၊ သူတို့အားလုံးလည်း မောပန်းပြီး နားချင်နေကြပြီ။ ဒါပေမဲ့ ရှမာရိလူတွေက ယေရှုနဲ့ တမန်တော်တွေကို သူတို့မြို့မှာ မတည်းစေချင်ဘူး။ ဘာကြောင့် မတည်းစေချင်တာလဲဆိုတာ သားသားမီးမီးတို့ သိကြသလား။— ဆက်ဖတ်ကြည့်ကြရအောင်။
ယေရှုနဲ့တမန်တော်တွေက ဂျူးတွေလေ။ ဂျူးအများစုက ရှမာရိလူတွေကို အဖက် မလုပ်ကြဘူးကွဲ့။ ယေရှုကတော့ အဲဒီလိုမဟုတ်ပါဘူး။ သူတို့ကို ကြင်ကြင်နာနာနဲ့ ဆက်ဆံသလို ယာကုပ်နဲ့ ယောဟန်တို့လည်း အဲဒီလိုဆက်ဆံသင့်တာပေါ့။ ရှမာရိလူတွေက မကြိုဆိုတဲ့အတွက် ယာကုပ်နဲ့ ယောဟန်က ဒေါသူပုန်ထပါလေရော။ ဒါနဲ့ ‘ကောင်းကင်ကနေ မီးကျစေပြီး သူတို့ကို သတ်ပစ်ဖို့ အလိုတော်ရှိသလား’ လို့ ယေရှုကို သူတို့ တောင်းဆိုလိုက်ကြတယ်လေ။ ယေရှု ဘာပြောမယ်လို့ သားသားမီးမီးတို့ ထင်သလဲ။— အဲဒီလိုစိတ်လိုက်မာန်ပါ ပြောဆိုတာ မကောင်းဘူးလို့ သူတို့ကို ယေရှု ဆုံးမတာပေါ့။ ဒါကြောင့် ယာကုပ်နဲ့ ယောဟန်တို့ဟာ သနားကြင်နာခြင်းအကြောင်း သင်ယူဖို့လိုသေးတယ်ကွဲ့။
ယာကုပ်နဲ့ ယောဟန်တို့ရှာခဲ့တဲ့ နောက်ပြဿနာတစ်ခုကတော့ အရေးပါဆုံးနေရာ၊ အားလုံးရဲ့ ထိပ်ဆုံးနေရာကို လိုချင်ကြတာပဲကွဲ့။ ယေရှု မသေခင်လေးမှာ ယာကုပ်နဲ့ ယောဟန်တို့ဟာ သူတို့အမေကို ယေရှုဆီလွှတ်ပြီး ဒီလိုတောင်းဆိုခိုင်းတယ်– “ကိုယ်တော်၏နိုင်ငံတော်တွင် ကျွန်မ၏သားနှစ်ယောက်သည် လက်ယာတော်ဘက်၌တစ်ယောက်၊ လက်ဝဲဘက်၌တစ်ယောက် ထိုင်ခွင့်ရရန် အမိန့်ရှိတော်မူပါ။” ဒါကို တခြားတမန်တော် ဆယ်ယောက်ကလည်း ကြားရော ဒေါသူပုန်ထွက်ပါလေရော။ သားသားမီးမီးတို့လည်း သူတို့လို ဒေါသထွက်မှာလား။—
ဒေါသထွက်ရင်လည်း ထွက်စရာပါ။ တခြားသူတွေက ထိပ်ဆုံးနေရာ၊ အရေးပါဆုံးနေရာကို ရဖို့ ကြိုးစားတာကို တို့တွေ မကြိုက်ဘူးလေ။ နောက်ပိုင်းမှာ၊ ယာကုပ်နဲ့ ယောဟန်တို့က သူတို့ရဲ့ အပြုအမူတွေ မှားတယ်၊ အကြင်နာတရားမရှိဘူးဆိုတာ သဘောပေါက်လာပြီး ပြုပြင်ပြောင်းလဲလိုက်ကြတယ်။ ဒါနဲ့ သူတို့ဟာ ချစ်ခင်ကြင်နာတတ်တဲ့ တမန်တော်တွေ ဖြစ်လာကြတာပေါ့။ သူတို့အဖြစ်အပျက်ကနေ တို့တွေ ဘာသင်ခန်းစာ ယူနိုင်သလဲ။—
ယေရှုဆီကနေ တို့တွေ သင်ယူသင့်တဲ့ သင်ခန်းစာက တို့တွေအချင်းချင်းလည်း ကြင်ကြင်နာနာနဲ့ ဆက်ဆံသင့်တယ်ဆိုတာပါပဲ။ ယေရှုဟာ ယောက်ျား၊ မိန်းမ၊ ကလေး အားလုံးကို ကောင်းကောင်းမွန်မွန်၊ ကြင်ကြင်နာနာနဲ့ ဆက်ဆံခဲ့တယ်။ သားသားမီးမီးတို့လည်း ယေရှုရဲ့ စံနမူနာကို သတိရပြီး အဲဒီအတိုင်း လိုက်လုပ်ဖို့ အမြဲကြိုးစားနေမှာလား။—
သမ္မာကျမ်းစာထဲမှာ ဖတ်ကြည့်ပါ
a ကလေးနဲ့အတူ ဖတ်နေတယ်ဆိုရင် မျဉ်းရှည် (—) က ခေတ္တရပ်တန့်ပြီး ကလေးကို ဖြေဆိုစေပါဆိုတဲ့ သတိပေးချက်ဖြစ်ပါတယ်။