သမ္မာကျမ်းစာခေတ်က နေထိုင်မှုဘဝပုံစံ—တေးဂီတပညာရှင်များနဲ့ သူတို့အသုံးပြုခဲ့ကြတဲ့ တူရိယာများ
“တံပိုးမှုတ်လျက် ဘုရားသခင်ကို ချီးမွမ်းကြလော့။ တယောနှင့် စောင်းကို တီးလျက် ချီးမွမ်းကြလော့။ ပတ်သာ [ချူတပ်ဗုံ] တီးလျက်၊ ကခုန်လျက်နှင့် ချီးမွမ်းကြလော့။ ကြိုးနှင့်ပြည့်စုံသော တူရိယာကို တီးလျက်၊ နှဲခရာ [ပလွေ] ကိုမှုတ်လျက် ချီးမွမ်းကြလော့။ အသံကျယ်သော သံလွင် [လင်းကွင်း] ကိုတီးလျက် ချီးမွမ်းကြလော့။ အကြီးဆုံးသော လင်းကွင်းကိုလည်း တီးလျက် ချီးမွမ်းကြလော့။”—ဆာလံ ၁၅၀:၃-၅။
ယေဟောဝါဘုရားသခင်ကို ဝတ်ပြုကိုးကွယ်တဲ့ အစီအစဉ်မှာ တေးဂီတနဲ့ တေးဂီတပညာရှင်တွေဟာ အရေးပါတဲ့ကဏ္ဍမှာ ပါဝင်ခဲ့ကြတာ ကနေ့အချိန်ထိပါပဲ။ ဥပမာ၊ ရှေးခေတ် အစ္စရေးလူတွေကို ပင်လယ်နီကနေ အံ့ဖွယ်နည်းနဲ့ ယေဟောဝါ ကယ်နုတ်ခဲ့ချိန်က မောရှေရဲ့အစ်မ မိရိအံဟာ အစ္စရေးအမျိုးသမီးတွေကို ဦးဆောင်ပြီး အောင်ပွဲခံသီချင်းတွေ သီဆို ကခုန်ခဲ့ကြတယ်။ ကခုန်နေတဲ့အချိန်မှာ ချူတပ်ဗုံတွေ တီးပြီး ကခုန်ခဲ့ကြတာ ဖြစ်တယ်။ သူတို့ဟာ အီဂျစ်စစ်တပ်ရဲ့ ရန်ကနေ လွတ်မြောက်ခါစပဲ ရှိသေးပေမဲ့ အမျိုးသမီးအတော်များများဟာ တူရိယာတွေ ကိုင်ထားကြပြီး တီးခတ်ဖို့ အသင့်ရှိနေခဲ့ကြတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် တေးဂီတဟာ အစ္စရေးလူတွေအတွက် ဘယ်လောက် အရေးပါတယ်ဆိုတာကို ဒီအဖြစ်အပျက်က ဖော်ပြနေပါတယ်။ (ထွက်မြောက်ရာ ၁၅:၂၀) နောက်ပိုင်းမှာ ရှေးခေတ်အစ္စရေးဘုရင် ဒါဝိဒ်ဟာ ဝတ်ပြုရာတဲတော် ဝတ်ပြုရေး အစီအစဉ်တစ်ရပ်အနေနဲ့ တူရိယာတွေ တီးမှုတ်ဖို့ ထောင်နဲ့ချီတဲ့ တေးဂီတပညာရှင်တွေကို ဖွဲ့စည်းပေးခဲ့ပါတယ်။ သားဖြစ်သူ ရှောလမုန်တည်ဆောက်ခဲ့တဲ့ ဝတ်ပြုရာအိမ်တော်မှာလည်း အဲဒီအစီအစဉ်အတိုင်း ဆက်သွားခဲ့ပါတယ်။—၅ ရာ. ၂၃:၅။
ရှေးခေတ်က တူရိယာတွေကို ဘာနဲ့ ပြုလုပ်ခဲ့ကြသလဲ။ ဘယ်လိုပုံစံတွေ ရှိခဲ့ပါသလဲ။ တီးခတ်တဲ့အခါ ဘယ်လိုအသံတွေ ထွက်လာသလဲ။ ဘယ်အချိန်တွေမှာ အသုံးပြုခဲ့ပါသလဲ။
တူရိယာအမျိုးအစားများ
သမ္မာကျမ်းစာမှာ ဖော်ပြထားတဲ့ တူရိယာတွေကို တန်ဖိုးကြီးတဲ့ သစ်သား၊ တိရစ္ဆာန်သားရေ၊ သတ္တု၊ အရိုးတွေနဲ့ ပြုလုပ်ခဲ့ကြပါတယ်။ တူရိယာတချို့ကိုတော့ ဆင်စွယ်နဲ့ အလှဆင်ထားကြတယ်။ တူရိယာကြိုးတွေကို အပင်တွေကနေ ထုတ်ယူရရှိတဲ့ အမျှင်တွေ ဒါမှမဟုတ် တိရစ္ဆာန်တွေရဲ့ အူတွေနဲ့ ပြုလုပ်ထားတာ ဖြစ်တယ်။ ရှေးခေတ်တူရိယာတွေကို ကနေ့ခေတ်မှာ မတွေ့ရသလောက် ဖြစ်ပေမဲ့ အဲဒီတူရိယာတွေရဲ့ ရုပ်ပုံတွေကိုတော့ တွေ့ရှိရပါတယ်။
ကျမ်းစာခေတ်က အသုံးပြုခဲ့ကြတဲ့ တူရိယာတွေကို အခြေခံအားဖြင့် အမျိုးအစားသုံးမျိုး ပိုင်းခြားထားပါတယ်– (၁) စောင်း၊ (၂) ဗျပ်စောင်း လိုမျိုး ကြိုးတပ်တူရိယာများ၊ (၃) တံပိုး၊ (၄) ခရာ၊ (၅) ပလွေလိုမျိုး လေမှုတ်တူရိယာများ၊ (၆) ချူတပ်ဗုံ၊ (၇) လှုပ်ချူ၊ (၈) လင်းကွင်း၊ (၉) ခေါင်းလောင်းလိုမျိုး စည်းချက်တူရိယာများ ဖြစ်ပါတယ်။ တေးဂီတပညာရှင်တွေဟာ ကဗျာဆန်ဆန် သီကုံးထားတဲ့ သီချင်းတွေကို အဲဒီတူရိယာတွေနဲ့ တီးမှုတ်သီဆိုပြီး မြူးမြူးကြွကြွ ကခုန်ခဲ့ကြတယ်။ (၁ ရာ. ၁၈:၆၊ ၇) အဲဒါထက် ပိုအရေးကြီးတာက တေးဂီတကို ဆုကျေးဇူးအဖြစ် ပေးထားတဲ့ ဘုရားသခင်ကို ဝတ်ပြုရာမှာ တူရိယာတွေကို အသုံးပြုခဲ့ကြပါတယ်။ (၅ ရာ. ၁၅:၁၆) အခု တူရိယာအမျိုးအစား တစ်ခုချင်းစီကို ထပ်လေ့လာကြည့်ရအောင်။
ကြိုးတပ်တူရိယာများ စောင်းဆိုတာ သစ်သားဘောင်ပေါ် ကြိုးတွေ ဆန့်တန်းထားတဲ့ တူရိယာဖြစ်ပြီး ပေါ့ပေါ့ပါးပါးနဲ့ သယ်ရပြုရ လွယ်ကူတယ်။ ဒါဝိဒ်ဟာ ရှေးခေတ်အစ္စရေးဘုရင် ရှောလု စိတ်ငြိမ်သက်မှုရဖို့အတွက် စောင်းနဲ့ ဖျော်ဖြေပေးခဲ့တယ်။ (၁ ရာ. ၁၆:၂၃) ဘုရင်ရှောလမုန်ရဲ့ ဝတ်ပြုရာအိမ်တော် အပ်နှံပွဲကျင်းပခဲ့ချိန်က တီးမှုတ်ခဲ့တဲ့ သံစုံတီးဝိုင်းနဲ့ ရွှင်လန်းဖွယ် ပွဲခံချိန်တွေမှာ ကြိုးတပ်တူရိယာတွေကို အသုံးပြုခဲ့ကြပါတယ်။—၆ ရာ. ၅:၁၂; ၉:၁၁။
ဗျပ်စောင်းက စောင်းနဲ့တော့ ပုံစံချင်း မတူပါဘူး။ ဒါပေမယ့် ဗျပ်စောင်းကို တီးခတ်လိုက်တဲ့အခါ ထွက်ပေါ်လာတဲ့ အသံက ကနေ့ခေတ် ဂစ်တာသံလိုပဲ သာယာနာပျော်ဖွယ် ကောင်းလှပါတယ်။ စောင်းကြိုးတွေဟာ အပင်တွေကနေ ထုတ်ယူရရှိတဲ့ အမျှင်တွေ ဒါမှမဟုတ် တိရစ္ဆာန်တွေရဲ့ အူတွေကို ကျစ်ထားတဲ့အရာတွေ ဖြစ်ပါတယ်။
လေမှုတ်တူရိယာများ လေမှုတ်တူရိယာတွေကို ကျမ်းစာမှာ ဖော်ပြတတ်ပါတယ်။ အလွန်ရှေးကျတဲ့ တူရိယာတွေထဲမှာ တစ်ခုကတော့ ရှေးခေတ်ဂျူးတွေ အသုံးပြုခဲ့ကြတဲ့ တံပိုးဖြစ်တယ်။ သိုးထီးရဲ့ ချိုကို အခေါင်းပေါက်အဖြစ် ထွင်းထားတဲ့ တံပိုးကို မှုတ်လိုက်ရင် ကျယ်လောင်စူးရှတဲ့အသံ ထွက်လာတယ်။ ရှေးခေတ်အစ္စရေးလူတွေဟာ တိုက်ပွဲဆင်နွှဲဖို့ စစ်တပ်ကို စုရုံးတဲ့အခါ၊ အရေးတယူ လုပ်ဆောင်ဖို့ ညွှန်ကြားတဲ့အခါ တံပိုးမှုတ်ကြတယ်။—တရားသူကြီး ၃:၂၇; ၇:၂၂။
လေမှုတ်တူရိယာ နောက်တစ်မျိုးကတော့ သတ္တုနဲ့လုပ်ထားတဲ့ ပြွန်ပုံစံ ခရာ (ထရမ်းပက်) ဖြစ်ပါတယ်။ တေးဂီတပညာရှင်တွေဟာ အံဩစရာကောင်းလောက်အောင် ခရာတွေနဲ့ အသံအနိမ့်အမြင့်အမျိုးမျိုး တီးမှုတ်ဖျော်ဖြေနိုင်ကြတယ် ဆိုပြီး ပင်လယ်သေကျမ်းလိပ်တွေထဲက မှတ်တမ်းတစ်ခုမှာ ဖော်ပြထားတယ်။ ဝတ်ပြုရာတဲတော်မှာ အသုံးပြုဖို့အတွက် ငွေခရာနှစ်ခုပြုလုပ်ဖို့ မောရှေကို ယေဟောဝါ ညွှန်ကြားခဲ့တယ်။ (တောလည်ရာ ၁၀:၂-၇) နောက်ပိုင်းမှာ ဘုရင်ရှောလမုန်ရဲ့ ဝတ်ပြုရာအိမ်တော် ဖွင့်ပွဲမှာ တီးမှုတ်ဖျော်ဖြေတဲ့အခါ ခရာမှုတ်သူ ၁၂၀ လည်း ပါတဲ့အတွက် ဖျော်ဖြေသံက ကျယ်လောင်စွာ ထွက်ပေါ်လာတယ်။ (၆ ရာ. ၅:၁၂၊ ၁၃) လက်မှုပညာသည်တွေဟာ ခရာကို အရွယ်အစားအမျိုးမျိုး ပြုလုပ်ခဲ့ကြတယ်။ တချို့ခရာတွေဆိုရင် အရှည်က အနည်းဆုံး သုံးပေရှိတယ်။
ရှေးခေတ်အစ္စရေးလူတွေ အနှစ်သက်ဆုံး လေမှုတ်တူရိယာကတော့ ပလွေပဲဖြစ်ပါတယ်။ မြူးကြွပြီး သာယာနာပျော်ဖွယ်ကောင်းတဲ့ ပလွေမှုတ်သံက မိသားစု စုဆုံပွဲ၊ စားသောက်ပွဲနဲ့ မင်္ဂလာဆောင်ပွဲတွေမှာ တက်ရောက်တဲ့သူတွေကို စိတ်ကြည်နူး တက်ကြွစေတယ်။ (၃ ရာ. ၁:၄၀; ဟေရှာယ ၃၀:၂၉) ဆွေးဆွေးမြည့်မြည့်နဲ့ မှုတ်တဲ့ ပလွေသံကို အသုဘအခမ်းအနားတွေမှာလည်း ကြားရတတ်ပါတယ်။ အဲဒီလို အခါသမယမျိုးမှာ ပလွေမှုတ်သမားတွေဟာ ဝမ်းနည်းပူဆွေးတဲ့အနေနဲ့ မှုတ်ပေးရပါတယ် (စာမျက်နှာ ၁၄ ကိုကြည့်ပါ)။—မဿဲ ၉:၂၃။
စည်းချက်တူရိယာများ ရှေးခေတ်အစ္စရေးလူတွေဟာ ပွဲခံတဲ့အချိန်မှာ စည်းချက်တူရိယာ အမျိုးမျိုးကို အသုံးပြုခဲ့ကြပါတယ်။ စည်းချက်သံတွေဟာ လူတွေရဲ့ ခံစားချက်တွေကို ပိုမိုပြင်းထန်စေတယ်။ ချူတပ်ဗုံဆိုတာ သစ်သားဘောင်အဝိုင်းမှာ တိရစ္ဆာန်သားရေနဲ့ တင်းကျပ်စွာ ဖုံးအုပ်ထားတဲ့ တူရိယာဖြစ်ပါတယ်။ ဂီတပညာရှင် ဒါမှမဟုတ် ကချေသည်က အဲဒီတူရိယာကို တီးလိုက်တဲ့အခါ ဗုံသံလိုမျိုး မြည်လာတယ်။ ချူတပ်ဗုံကို လှုပ်ခါလိုက်တဲ့အခါ ဗုံအနား ပတ်ပတ်လည်မှာ တွဲလောင်းချိတ်ဆွဲထားတဲ့ ချူလေးတွေက စည်းချက်ညီညီနဲ့ တချွင်ချွင်မြည်လာတယ်။
စည်းချက်တူရိယာ နောက်တစ်မျိုးကတော့ လှုပ်ချူဖြစ်တယ်။ အဲဒီတူရိယာမှာ ဘဲဥပုံစံ သတ္တုဘောင်ရှိပြီး လက်ကိုင်ပါတဲ့အပြင် သတ္တုပြားအဝိုင်းလေးတွေ ခပ်ကျဲကျဲ တပ်ဆင်ထားတဲ့ ကန့်လန့်တန်းတွေ ပါရှိတယ်။ လှုပ်ချူကို ရှေ့နောက် မြန်မြန် လှုပ်ခါလိုက်တဲ့အခါ တချွင်ချွင်မြည်သံ ခပ်ပြင်းပြင်း ထွက်ပေါ်လာတယ်။
ကြေးညိုလင်းကွင်းတွေကို ရိုက်ခတ်လိုက်ရင် အသံကို ပိုပြီးတော့တောင် စူးရှစေတယ်။ လင်းကွင်းတွေဟာ အရွယ်အစားတူတဲ့ ချပ်ပြားဝိုင်းနှစ်ခု ဖြစ်ပါတယ်။ ကြီးမားတဲ့ လင်းကွင်းနှစ်ခုကို ပြင်းပြင်းရိုက်ခတ်လိုက်ရင် အသံကျယ်လောင်စွာ ထွက်ပေါ်လာပါတယ်။ သေးငယ်တဲ့ လင်းကွင်းနှစ်ခုကို လက်ချောင်း နှစ်ချောင်းကြားညှပ်ပြီး တီးခတ်လိုက်ရင် သာယာနာပျော်ဖွယ်အသံလေး ထွက်ပေါ်လာတယ်။ အဲဒီလင်းကွင်းနှစ်မျိုးစလုံးက အသံထွက်ပေါ်လာပေမဲ့ ပြင်းအားချင်းတော့ မတူကြပါဘူး။—ဆာလံ ၁၅၀:၅၊ သမ္မာ။
အရင်ပုံစံအတိုင်း လိုက်ခြင်း
မျက်မှောက်ခေတ် ယေဟောဝါသက်သေ ခရစ်ယာန်တွေဟာ ဝတ်ပြုရာအစည်းအဝေးတွေကို သီချင်းသီဆိုခြင်းနဲ့ အဖွင့်အပိတ် လုပ်ကြပါတယ်။ ဝတ်ပြုစည်းဝေးကြီးတွေမှာဆိုရင် ခေတ်မီ ကြိုးတပ်တူရိယာ၊ လေမှုတ်တူရိယာနဲ့ စည်းချက်တူရိယာတွေပါတဲ့ သံစုံတီးဝိုင်းနဲ့ တီးခတ်ထားတဲ့ တေးသံသာတွေကို ဖွင့်ပေးတတ်ပါတယ်။
ဝတ်ပြုရေးတွေမှာ တေးသီချင်းတွေ အသုံးပြုခြင်းအားဖြင့် ယေဟောဝါသက်သေ ခရစ်ယာန်တွေဟာ ရှေးခေတ်က အစ္စရေးလူတွေနဲ့ ပထမရာစုက ခရစ်ယာန်တွေ လုပ်ခဲ့တဲ့အတိုင်း လုပ်ဆောင်နေပါတယ်။ (ဧဖက် ၅:၁၉) သမ္မာကျမ်းစာခေတ်က ယေဟောဝါကို ဝတ်ပြုတဲ့သူတွေလိုပဲ မျက်မှောက်ခေတ် ယေဟောဝါသက်သေ ခရစ်ယာန်တွေဟာ ဘုရားသခင်ကို ချီးမွမ်းဖို့ ကဗျာဆန်ဆန် တေးသားတွေကို သာယာနာပျော်ဖွယ်ဖြစ်အောင် သီဆိုနေကြပါတယ်။
[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]
(တူရိယာတွေက ပကတိအရွယ်အစား မဟုတ်ပါ)
(စာစောင်တွင် ကြည့်ပါ)