‘သာ၍အရေးကြီးသောအရာများကို သေချာစွာသိပါ’
‘သာ၍အရေးကြီးသောအရာများကို သေချာစွာသိပါ။’—ဖိ. ၁:၁၀။
၁၊ ၂။ နောက်ဆုံးကာလနဲ့ပတ်သက်တဲ့ ဘယ်ပရောဖက်ပြုချက်ကြောင့် ယေရှုရဲ့တပည့်တွေ ပိုစိတ်ဝင်စားသွားသလဲ၊ ဘာကြောင့်လဲ။
ယေရှုဟာ အစောပိုင်းတုန်းက ဗိမာန်တော်ဖျက်ဆီးခံရမယ့်အကြောင်း ပြောခဲ့တယ်။ ဒီစကားကြောင့် ပေတရု၊ ယာကုပ်၊ ယောဟန်နဲ့ အန္ဒြေတို့ စိတ်လေးသွားကြတယ်။ (မာ. ၁၃:၁-၄) ဒါကြောင့် သူတို့ချည်းပဲရှိနေတဲ့အချိန်မှာ ယေရှုကို ဒီလိုမေးလိုက်တယ်– “ထိုအမှုအရာတို့သည် မည်သည့်အချိန်တွင် ဖြစ်ပျက်မည်နည်း။ ကိုယ်တော်ရောက်ရှိနေခြင်းနှင့် ဤလောကစနစ်နိဂုံးပိုင်း၏နိမိတ်သည် အဘယ်နိမိတ်ဖြစ်မည်ကို အမိန့်ရှိတော်မူပါ။” (မ. ၂၄:၁-၃) ဒီမေးခွန်းကို ယေရှုဖြေတဲ့အခါမှာ ဂျေရုဆလင်မပျက်စီးခင်အချိန်လေးမှာ ဖြစ်ပျက်မယ့် အဖြစ်အပျက်တွေကိုသာမက စာတန့်လောကရဲ့နောက်ဆုံးနေ့ရက်တွေမှာ ဖြစ်ပျက်မယ့် အဖြစ်အပျက်တွေကိုပါ ဖော်ပြခဲ့တယ်။ အဲဒီထဲက အဖြစ်အပျက်တစ်ခုကြောင့် ယေရှုရဲ့တပည့်တွေ ပိုစိတ်ဝင်စားသွားမှာ သေချာတယ်။ ဘာဖြစ်လို့လည်းဆိုတော့ စစ်ပွဲတွေ၊ အစားအစာရှားပါးတာတွေ၊ မတရားမှုတိုးများတာတွေ စတဲ့ မကောင်းမှုတွေ ဖြစ်လာမယ်လို့ ပြောပြီးတဲ့အခါမှာ ကောင်းတာတစ်ခုကိုလည်း ယေရှု ဆက်ပြောတယ်။ အဲဒါကတော့ “လူမျိုးအပေါင်းတို့အတွက် သက်သေဖြစ်စေရန် နိုင်ငံတော်နှင့်ဆိုင်သော ဤသတင်းကောင်းကို လူနေရာမြေတစ်ပြင်လုံး၌ ဟောပြောရလိမ့်မည်။ သို့ပြီးမှ အဆုံးသည် ရောက်လိမ့်မည်။”—မ. ၂၄:၇-၁၄။
၂ တပည့်တွေဟာ ယေရှုနဲ့အတူ နိုင်ငံတော်သတင်းကောင်း ဟောပြောနေပြီဖြစ်တယ်။ (လု. ၈:၁; ၉:၁၊ ၂) “စပါးရိတ်စရာများစွာရှိ၏။ လုပ်သားတို့မူကား နည်းကြ၏။ ထို့ကြောင့် လုပ်သားများစေလွှတ်ပေးရန် စပါးရှင်ထံ တောင်းလျှောက်ကြလော့” လို့ ယေရှုပြောခဲ့တာကို သူတို့ ပြန်မှတ်မိကြမှာဖြစ်တယ်။ (လု. ၁၀:၂) ဒါပေမဲ့ သူတို့ဟာ “လူနေရာမြေတစ်ပြင်လုံး” မှာ “လူမျိုးအပေါင်းတို့အတွက် သက်သေဖြစ်စေ” ဖို့ ဘယ်လို ဟောမလဲလို့ စဉ်းစားမိကြမှာပဲ။ လုပ်သားတွေကို ဘယ်ကရမလဲ။ ယေရှုနဲ့အတူထိုင်နေတဲ့အချိန်မှာသာ တပည့်တွေ အနာဂတ်ကို ကြိုမြင်နိုင်စွမ်းရှိမယ်ဆိုရင် မဿဲ ၂၄:၁၄ မှာပါတဲ့စကားတွေရဲ့ ပြည့်စုံချက်ကိုမြင်ပြီး အရမ်းအံ့သြသွားမှာပဲ။
၃။ လုကာ ၂၁:၃၄ မှာပါတဲ့စကားတွေက ယနေ့ကျွန်ုပ်တို့အတွက် ဘာကြောင့် အထူးသဖြင့် အရေးကြီးသလဲ။ ကိုယ့်ကိုယ်ကို ဘယ်လိုမေးသင့်သလဲ။
၃ ယေရှုရဲ့ပရောဖက်ပြုချက်က ကျွန်ုပ်တို့အချိန်မှာ ပြည့်စုံနေတယ်။ ကမ္ဘာတစ်ခွင်မှာ သန်းနဲ့ချီတဲ့သူတွေဟာ ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းကို ဟောပြောနေကြတယ်။ (ဟေရှာ. ၆၀:၂၂) ဒါပေမဲ့ တချို့သူတွေရဲ့အသက်တာမှာ ဟောပြောခြင်းလုပ်ငန်းကို ပထမနေရာမှာထားဖို့ ခက်မယ်လို့လည်း ယေရှု ပြောခဲ့တယ်။ သူတို့ဟာ တခြားနေရာတွေမှာ အလုပ်များနေပြီး “ပင်ပန်း” နေလိမ့်မယ်။ (လုကာ ၂၁:၃၄ ကိုဖတ်ပါ။) ယေရှုရဲ့စကားတွေက ယနေ့ ကျွန်ုပ်တို့အတွက် အထူးသဖြင့် အရေးကြီးတယ်၊ ဘာကြောင့်လဲဆိုတော့ ဘုရားသခင့်ကျေးကျွန်တချို့ဟာ သူတို့ရဲ့ဘဝမှာ အရေးကြီးဆုံးအရာတွေကို ပထမနေရာမှာ မထားကြဘူး။ ဒီအချက်ကို အလုပ်အကိုင်၊ အဆင့်မြင့်ပညာရေး၊ ပစ္စည်းဥစ္စာရှာဖွေခြင်းနဲ့ပတ်သက်တဲ့ သူတို့ရဲ့ဆုံးဖြတ်ချက်တွေမှာ တွေ့ရတယ်။ တချို့ကျတော့ အားကစား ဒါမှမဟုတ် အပန်းဖြေမှုတွေမှာ အချိန်အများကြီး အကုန်ခံကြတယ်။ တချို့ကျတော့ နေ့စဉ်ကြုံနေရတဲ့ ဖိစီးမှုတွေနဲ့ စိုးရိမ်ပူပန်မှုတွေကြောင့် ပင်ပန်းနွမ်းနယ်နေကြတယ်။ သင့်ကိုယ်သင် ဒီလိုမေးပါ– ‘ငါ ဘယ်လို လုပ်ဆောင်နေသလဲ။ ဘုရားသခင့်အလိုတော်ကို ငါ့ဘဝရဲ့ပထမနေရာမှာ ထားသလား။’
၄။ (က) ဖိလိပ္ပိကခရစ်ယာန်တွေအတွက် ပေါလု ဘာဆုတောင်းပေးခဲ့သလဲ။ အဲဒီလိုဆုတောင်းပေးဖို့ ဘာကြောင့်လိုအပ်ခဲ့သလဲ။ (ခ) ဒီဆောင်းပါးနဲ့ နောက်ဆောင်းပါးမှာ ဘာအကြောင်းတွေ ဆွေးနွေးကြမလဲ။ ဒီဆောင်းပါးတွေက ကျွန်ုပ်တို့ကို ဘယ်လို ကူညီပေးမလဲ။
၄ ပထမရာစုခရစ်ယာန်တွေဟာ ဘုရားသခင့်အမှုတော်ကို သူတို့ဘဝရဲ့ ပထမနေရာမှာထားဖို့ ကြိုးစားအားထုတ်ခဲ့ကြရတယ်။ ဒါကြောင့် ဖိလိပ္ပိအသင်းတော်မှာရှိတဲ့သူတွေ “သာ၍အရေးကြီးသောအရာများကို သေချာစွာသိ” ဖို့ တမန်တော်ပေါလု ဆုတောင်းပေးခဲ့တယ်။ (ဖိလိပ္ပိ ၁:၉-၁၁ ကိုဖတ်ပါ။) တမန်တော်ပေါလုလိုပဲ အဲဒီအချိန်က ခရစ်ယာန်အများစုဟာ “ဘုရားသခင်၏တရားစကားတော်ကို ကြောက်ရွံ့ခြင်းမရှိဘဲ သာ၍ရဲဝံ့စွာ ဟောပြော” ခဲ့ကြတယ်။ (ဖိ. ၁:၁၂-၁၄) အဲဒီလိုပဲ ယနေ့ ကျွန်ုပ်တို့အများစုလည်း ဘုရားသခင့်တရားစကားတော်ကို ရဲစွမ်းသတ္တိရှိရှိ ဟောပြောနေကြပါတယ်။ ဒါပေမဲ့ မဿဲ ၂၄:၁၄ မှာပါတဲ့စကားတွေ ပြည့်စုံဖို့ အခုချိန်မှာ မိမိရဲ့အဖွဲ့အစည်းကို ယေဟောဝါ အသုံးပြုနေပုံအကြောင်း ဒီဆောင်းပါးမှာ ဆွေးနွေးထားတာက ကျွန်ုပ်တို့ကို အားရှိစေပါလိမ့်မယ်။ အဲဒါက ဟောပြောခြင်းလုပ်ငန်းမှာ ကျွန်ုပ်တို့ ပိုပြီးထက်ထက်သန်သန် ပါဝင်ဖို့ ကူညီပေးပါလိမ့်မယ်။ ယေဟောဝါရဲ့အဖွဲ့အစည်းဟာ ဘာကို အာရုံစိုက်လုပ်ဆောင်နေသလဲ၊ ဒီအချက်က ကျွန်ုပ်တို့နဲ့ ကျွန်ုပ်တို့ရဲ့မိသားစုကို ဘယ်လို လှုံ့ဆော်ပေးသလဲ။ နောက်ဆောင်းပါးမှာတော့ ဘုရားသခင့်အမှုတော်မှာ ခံနိုင်ရည်ရှိရှိပါဝင်ပြီး ယေဟောဝါအဖွဲ့အစည်းရဲ့ ဦးဆောင်မှုကို လိုက်နာဖို့ ဘာက ကူညီပေးမလဲဆိုတာ သုံးသပ်ကြပါမယ်။
ယေဟောဝါအဖွဲ့အစည်းရဲ့ ကောင်းကင်ဆိုင်ရာအပိုင်း
၅၊ ၆။ (က) ယေဟောဝါအဖွဲ့အစည်းရဲ့ ကောင်းကင်ဆိုင်ရာအပိုင်းနဲ့ပတ်သက်တဲ့ရူပါရုံကို ယေဟောဝါ ဘာကြောင့် ဖော်ပြခဲ့သလဲ။ (ခ) ရူပါရုံမှာ ယေဇကျေလ ဘာမြင်ခဲ့သလဲ။
၅ သမ္မာကျမ်းစာမှာ မဖော်ပြဖို့ ယေဟောဝါဆုံးဖြတ်တဲ့ အရာတွေ အများကြီးရှိတယ်။ ဥပမာ၊ လူ့ဦးနှောက်နဲ့ စကြဝဠာအကြောင်း အသေးစိတ်ကို ကျွန်ုပ်တို့သိအောင် မဖော်ပြထားဘူး။ အဲဒီအစား ယေဟောဝါက မိမိရဲ့ရည်ရွယ်ချက်တွေကိုနားလည်ပြီး အဲဒါတွေနဲ့အညီ ကျွန်ုပ်တို့အသက်ရှင်နိုင်ဖို့ လိုအပ်တဲ့ အချက်အလက်တွေကို ဖော်ပြပေးထားတယ်။ (၂ တိ. ၃:၁၆၊ ၁၇) စိတ်ဝင်စားစရာက ယေဟောဝါဟာ မိမိအဖွဲ့အစည်းရဲ့ မမြင်ရတဲ့အပိုင်းအကြောင်းကို ကျွန်ုပ်တို့ကို သိရှိစေတယ်ဆိုတဲ့အချက်ပဲ။ ဒီအကြောင်းတွေကို ဟေရှာယ၊ ယေဇကျေလ၊ ဒံယေလနဲ့ ဗျာဒိတ်ကျမ်းတွေမှာ ဖတ်ရတာ စိတ်လှုပ်ရှားစရာပါပဲ။ (ဟေရှာ. ၆:၁-၄; ယေဇ. ၁:၄-၁၄၊ ၂၂-၂၄; ဒံ. ၇:၉-၁၄; ဗျာ. ၄:၁-၁၁) ကောင်းကင်မှာဖြစ်ပျက်နေတဲ့ အကြောင်းအရာတချို့ကို ယေဟောဝါ ဘာကြောင့် ကျွန်ုပ်တို့ကို သိရှိစေတာလဲ။
၆ ကျွန်ုပ်တို့က စကြဝဠာအဖွဲ့အစည်းအဝင်ဖြစ်တယ်ဆိုတာကို ယေဟောဝါ ကျွန်ုပ်တို့ကို အမြဲသတိရနေစေချင်တယ်။ ယေဟောဝါအဖွဲ့အစည်းရဲ့ ကောင်းကင်ဆိုင်ရာအပိုင်းက ယေဟောဝါရဲ့ရည်ရွယ်ချက်တွေ ပြည့်စုံဖို့ ထောက်ကူရာမှာ ကျွန်ုပ်တို့မြင်နိုင်တာထက် ပိုပြီး လုပ်ဆောင်နေတယ်။ ဥပမာ၊ ယေဇကျေလဟာ ယေဟောဝါအဖွဲ့အစည်းရဲ့ ကောင်းကင်ဆိုင်ရာအပိုင်းကို ပုံဆောင်တဲ့ ကောင်းကင်ရထားကြီးကို ရူပါရုံမှာ မြင်တွေ့ခဲ့ရတယ်။ ဒီရထားကြီးက အရမ်းမြန်ပြီး ဘယ်ဘက်ကိုမဆို ချက်ချင်း လမ်းကြောင်းပြောင်းနိုင်တယ်။ (ယေဇ. ၁:၁၅-၂၁) ရထားစီးတဲ့သူကိုလည်း သူမြင်တွေ့ခဲ့ရတယ်။ ယေဇကျေလ ဒီလိုပြောတယ်– ‘မီးတွေဖြာထွက်နေတဲ့ အီလက်ထရမ်လို တလက်လက်တောက်နေတာကို ငါတွေ့တယ်။ မီးနဲ့တူတဲ့အရာကို ငါတွေ့တယ်။ လင်းလက်တောက်ပနေတဲ့အရာက ယေဟောဝါရဲ့ဂုဏ်ကျက်သရေနဲ့ တူတယ်။’ (ယေဇ. ၁:၂၅-၂၈၊ ကဘ) ဒီရူပါရုံကိုမြင်တွေ့တဲ့အခါ ယေဇကျေလ အရမ်းအံ့သြသွားမှာပဲ။ ယေဟောဝါဟာ မိမိရဲ့အဖွဲ့အစည်းကို အပြည့်အဝ ထိန်းချုပ်ထားပြီး မိမိရဲ့သန့်ရှင်းသောစွမ်းအားတော်နဲ့ လမ်းညွှန်နေတယ်ဆိုတာကို သူမြင်တွေ့ခဲ့တယ်။ ရူပါရုံမှာပါတဲ့ ရွေ့ရှားနေတဲ့ရထားက ယေဟောဝါအဖွဲ့အစည်းရဲ့ ကောင်းကင်ဆိုင်ရာအပိုင်း အလုပ်လုပ်ပုံကို ဖော်ပြတယ်။
၇။ ဒံယေလရဲ့ရူပါရုံက ယေဟောဝါနဲ့ ယေရှုအပေါ် ဘယ်လိုနည်းနဲ့ ယုံကြည်စိတ်ချမှု ရှိစေသလဲ။
၇ ဒံယေလမြင်တွေ့ခဲ့တဲ့ ရူပါရုံကလည်း ကျွန်ုပ်တို့ကို ယေဟောဝါနဲ့ ယေရှုအပေါ် ယုံကြည်စိတ်ချမှုရှိစေတယ်။ ဒံယေလဟာ မီးလျှံဖြစ်တဲ့ပလ္လင်တော်ပေါ်မှာ “အသက်ကြီးသောသူတစ်ဦး” ထိုင်နေတာကို မြင်တွေ့ခွင့်ရခဲ့တယ်။ အဲဒီအသက်ကြီးသောသူက ယေဟောဝါကို ပုံဆောင်တယ်။ ပလ္လင်က ဘီးတွေပေါ်မှာ တည်ရှိတယ်။ (ဒံ. ၇:၉) မိမိရဲ့ရည်ရွယ်ချက် ပြည့်စုံစေဖို့ မိမိရဲ့အဖွဲ့အစည်း လှုပ်ရှားနေတယ်ဆိုတာ ဒံယေလကို ယေဟောဝါ မြင်တွေ့စေချင်တယ်။ ဒံယေလဟာ “လူသားနှင့်တူသောသူ” ဖြစ်တဲ့ ယေရှုကိုလည်း မြင်တွေ့ခဲ့တယ်၊ ယေရှုဟာ ယေဟောဝါအဖွဲ့အစည်းရဲ့ မြေကြီးဆိုင်ရာအပိုင်းကို ကြီးကြပ်ဖို့ အခွင့်အာဏာ လွှဲအပ်ခံရတယ်။ ယေရှုရဲ့အုပ်ချုပ်မှုက နှစ်အနည်းငယ်လောက်ပဲ တည်ရှိမှာမဟုတ်ဘူး။ သူ့ရဲ့အုပ်ချုပ်ခွင့်အာဏာဟာ “ကွယ်ပျောက်သွားမှာမဟုတ်ဘဲ ကာလအစဉ်အဆက် တည်လိမ့်မယ်။ သူ့နိုင်ငံက ပျက်စီးသွားမှာ မဟုတ်ဘူး။” (ဒံ. ၇:၁၃၊ ၁၄၊ ကဘ) ဒီရူပါရုံက ယေဟောဝါကို ယုံကြည်စိတ်ချဖို့ ကျွန်ုပ်တို့ကို လှုံ့ဆော်ပေးတယ်၊ ကိုယ်တော်လုပ်ဆောင်နေတာတွေကို နားလည်ဖို့လည်း ကူညီပေးတယ်။ ယေရှုဟာ ယေဟောဝါအပ်နှင်းတဲ့ အခွင့်အာဏာကို ရရှိထားတဲ့အတွက်ကြောင့် ဒီရူပါရုံက ယေရှုကို ကျွန်ုပ်တို့ရဲ့ခေါင်းဆောင်အဖြစ် ယုံကြည်ဖို့လည်း လှုံ့ဆော်ပေးပါတယ်။
၈။ ယေဟောဝါရဲ့အဖွဲ့အစည်းနဲ့ပတ်သက်တဲ့ ရူပါရုံတွေက ယေဇကျေလနဲ့ ဟေရှာယကို ဘယ်လို ခံစားရစေသလဲ။ ကျွန်ုပ်တို့လည်း ဘယ်လို ခံစားရသင့်သလဲ။
၈ ယေဟောဝါရဲ့အဖွဲ့အစည်းနဲ့ပတ်သက်တဲ့ ဒီရူပါရုံတွေက ကျွန်ုပ်တို့ကို ဘယ်လိုခံစားရစေသင့်သလဲ။ ယေဇကျေလလိုပဲ ကျွန်ုပ်တို့လည်း ယေဟောဝါလုပ်ဆောင်နေတာတွေကိုကြည့်ရင်း အံ့သြမိန်းမောပြီး နှိမ့်ချကျိုးနွံစိတ်ဝင်လာတယ်။ (ယေဇ. ၁:၂၈) ပရောဖက်ဟေရှာယကလည်း ကောင်းကင်မှာ ဖြစ်ပျက်နေတဲ့အရာတွေကို ရူပါရုံတစ်ခုမှာ မြင်တွေ့ခဲ့ရတယ်။ တခြားသူတွေကို ယေဟောဝါလုပ်ဆောင်နေတဲ့အရာတွေအကြောင်း ပြောပြဖို့ ဖိတ်ခေါ်ခံရတဲ့အခါ ဟေရှာယဟာ ဖိတ်ခေါ်ချက်ကို ချက်ချင်းလက်ခံခဲ့တယ်။ (ဟေရှာယ ၆:၅၊ ၈ ကိုဖတ်ပါ။) ဟေရှာယက မိမိကို ယေဟောဝါ ကူညီထောက်မပေးလို့ ဘယ်လိုအခက်အခဲမျိုးကိုမဆို ကျော်လွှားနိုင်မယ်ဆိုတာ သိတယ်။ ဟေရှာယလိုပဲ ကျွန်ုပ်တို့လည်း ဘုရားသခင့်အမှုတော်ကို ပိုလုပ်ဆောင်ခြင်းအားဖြင့် ယေဟောဝါရဲ့အဖွဲ့အစည်းကို ထောက်မဖို့ လှုံ့ဆော်ခံရကြတယ်။ ယေဟောဝါရဲ့ရည်ရွယ်ချက်တွေ ပြည့်စုံဖို့တစ်ခုတည်းကိုပဲ အာရုံစိုက်ပြီး ရွေ့ရှားနေတဲ့ အဖွဲ့အစည်းအကြောင်း စဉ်းစားတွေးတောတာက အရမ်းအားရှိစရာကောင်းပါတယ်။
ယေဟောဝါအဖွဲ့အစည်းရဲ့ မြေကြီးဆိုင်ရာအပိုင်း
၉၊ ၁၀။ ယေဟောဝါရဲ့အဖွဲ့အစည်းမှာ ဘာကြောင့် မြေကြီးဆိုင်ရာအပိုင်း လိုအပ်သလဲ။
၉ ယေဟောဝါဟာ မိမိရဲ့သားတော်ကတစ်ဆင့် ကိုယ်တော့်အဖွဲ့အစည်းရဲ့ မြေကြီးဆိုင်ရာအပိုင်းကို ဖွဲ့စည်းခဲ့ပြီး ကောင်းကင်ဆိုင်ရာအပိုင်းနဲ့ ပူးပေါင်းလုပ်ဆောင်စေခဲ့တယ်။ မဿဲ ၂၄:၁၄ မှာ ကြိုတင်ဟောထားတဲ့လုပ်ငန်း ပြီးမြောက်ဖို့ မြေကြီးဆိုင်ရာအပိုင်း ဘာကြောင့်လိုအပ်သလဲ။ အကြောင်းရင်းသုံးခုကို လေ့လာသုံးသပ်ကြည့်ကြစို့။
၁၀ ပထမအကြောင်းရင်းအနေနဲ့ မိမိရဲ့တပည့်တွေဟာ ဒီဟောပြောခြင်းလုပ်ငန်းကို “မြေကြီးစွန်းတိုင်အောင်” လုပ်ဆောင်ကြလိမ့်မယ်လို့ ယေရှု ပြောခဲ့တယ်။ (တ. ၁:၈) ဒုတိယအကြောင်းရင်းက အချိန်တန်အစာပြင်ဆင်ပေးဖို့နဲ့ ဟောပြောခြင်းလုပ်ငန်းမှာ ပါဝင်သူတွေကို ဂရုစိုက်ကြည့်ရှုဖို့ စီစဉ်ဖွဲ့စည်းမှုတွေ လိုအပ်မှာဖြစ်တယ်။ (ယော. ၂၁:၁၅-၁၇) တတိယအကြောင်းရင်းက သတင်းကောင်းဟောပြောသူတွေ အတူစုဝေးပြီး ယေဟောဝါကို ဝတ်ပြုဖို့နဲ့ ဘယ်လိုဟောပြောရမယ်ဆိုတာ သင်ယူဖို့ အစည်းအဝေးတွေလိုတယ်။ (ဟေဗြဲ ၁၀:၂၄၊ ၂၅) ဒါတွေအားလုံးကို ယေရှုရဲ့တပည့်တွေ လုပ်ဆောင်ဖို့ဆိုတာ စနစ်တကျ စီစဉ်ဖွဲ့စည်းမှုရှိဖို့ လိုမှာဖြစ်တယ်။
၁၁။ ယေဟောဝါရဲ့အဖွဲ့အစည်းကို ကျွန်ုပ်တို့ ဘယ်လိုထောက်မနိုင်သလဲ။
၁၁ ယေဟောဝါရဲ့အဖွဲ့အစည်းကို ကျွန်ုပ်တို့ ဘယ်လို ထောက်မကူညီနိုင်သလဲ။ အရေးပါတဲ့နည်းလမ်းတစ်ခုကတော့ ဟောပြောခြင်းလုပ်ငန်းကို ဦးဆောင်ဖို့ ယေဟောဝါနဲ့ယေရှု ယုံကြည်စိတ်ချစွာ အပ်နှင်းထားတဲ့ ညီအစ်ကိုတွေကို ယုံကြည်စိတ်ချကြောင်း တင်ပြခြင်းဖြစ်တယ်။ ဒီညီအစ်ကိုတွေဟာ ဒီလောကရဲ့ပြဿနာတွေကို ဖြေရှင်းရာမှာ သူတို့ရဲ့ အချိန်နဲ့ခွန်အားတွေကို သုံးနိုင်ပါတယ်။ ဒါပေမဲ့ သူတို့ အဲဒီလိုမလုပ်ကြဘူး။ ယေဟောဝါအဖွဲ့အစည်းရဲ့ မြေကြီးဆိုင်ရာအပိုင်း တစိုက်မတ်မတ် လုပ်ဆောင်ခဲ့တာတွေကို ဆွေးနွေးကြည့်ကြစို့။
“သာ၍အရေးကြီးသောအရာများကို” သူတို့အာရုံစိုက်
၁၂၊ ၁၃။ ခရစ်ယာန်အကြီးအကဲတွေဟာ သူတို့ရဲ့တာဝန်ကို ဘယ်လို လုပ်ဆောင်ကြသလဲ။ အဲဒါက သင့်ကို ဘာကြောင့် အားရှိစေသလဲ။
၁၂ ကမ္ဘာတစ်ဝန်းမှာရှိတဲ့ အတွေ့အကြုံရှိ အကြီးအကဲတွေဟာ သူတို့အမှုဆောင်နေတဲ့နိုင်ငံတွေမှာ ဟောပြောခြင်းလုပ်ငန်းကို စီစဉ်ဖွဲ့စည်းပြီး ဦးဆောင်ဖို့ တာဝန်ပေးအပ်ခံကြရတယ်။ ဒီညီအစ်ကိုတွေဟာ ဆုံးဖြတ်ချက်တွေချတဲ့အခါ သမ္မာကျမ်းစာကနေ လမ်းညွှန်မှုရှာယူကြတယ်။ ဒီနည်းအားဖြင့် သမ္မာကျမ်းစာဟာ ‘သူတို့ခြေရှေ့မှာ မီးခွက်ဖြစ်ပြီး လမ်းခရီးကိုလင်းစေ’ တယ်။ သူတို့ဟာ ယေဟောဝါရဲ့လမ်းပြမှုရဖို့လည်း ထက်ထက်သန်သန် ဆုတောင်းကြတယ်။—ဆာ. ၁၁၉:၁၀၅; မ. ၇:၇၊ ၈။
၁၃ ပထမရာစုက ခရစ်ယာန်အကြီးအကဲတွေလိုပဲ ဒီနေ့ ဟောပြောခြင်းလုပ်ငန်းကို ကြီးကြပ်နေတဲ့ ခရစ်ယာန်အကြီးအကဲတွေဟာ “ဘုရားသခင့်တရားစကားတော် သွန်သင်ခြင်း” လုပ်ငန်းကို ပထမနေရာမှာထားကြတယ်။ (တ. ၆:၄) သူတို့ရဲ့နိုင်ငံနဲ့ ကမ္ဘာတစ်ခုလုံးမှာ ဟောပြောခြင်းလုပ်ငန်းတိုးတက်တာကို မြင်တွေ့ရတဲ့အခါ သူတို့ အရမ်းဝမ်းသာကြတယ်။ (တ. ၂၁:၁၉၊ ၂၀) သူတို့တွေဟာ စည်းကမ်းတွေ၊ လုပ်ထုံးလုပ်နည်းတွေ အများကြီး မထုတ်ဘူး။ အဲဒီအစား ဟောပြောခြင်းလုပ်ငန်းတိုးတက်ဖို့ လိုအပ်တဲ့အစီအစဉ်တွေ ဆွဲရာမှာ သမ္မာကျမ်းစာနဲ့ ဘုရားသခင့် သန့်ရှင်းသောစွမ်းအားတော် လမ်းညွှန်မှုကို လိုက်ကြတယ်။ (တမန်တော် ၁၅:၂၈ ကိုဖတ်ပါ။) ဒီနည်းအားဖြင့် ဒီညီအစ်ကိုတွေဟာ ဒေသခံအသင်းတော်မှာရှိတဲ့ လူတွေအားလုံးအတွက် တကယ့်ပုံသက်သေကောင်း ပြသကြတယ်။—ဧ. ၄:၁၁၊ ၁၂။
၁၄၊ ၁၅။ (က) ကမ္ဘာတစ်ဝန်းမှာ ဟောပြောနိုင်ဖို့ ဘာတွေက ကျွန်ုပ်တို့ကို ကူညီပေးနေသလဲ။ (ခ) ဟောပြောခြင်းလုပ်ငန်းကို ထောက်မပေးတဲ့ကဏ္ဍမှာ သင်ပါဝင်နေရတဲ့အတွက် ဘယ်လိုခံစားရသလဲ။
၁၄ ကျွန်ုပ်တို့ရဲ့ညီအစ်ကိုများစွာဟာ စာပေတွေ၊ အစည်းအဝေးတွေနဲ့ စည်းဝေးကြီးတွေအတွက် ပြင်ဆင်ရာမှာ နေ့တိုင်း အလုပ်လုပ်နေကြတယ်။ ဥပမာ၊ ထောင်နဲ့ချီတဲ့ စေတနာ့ဝန်ထမ်းတွေဟာ ဘာသာစကား ၆၀၀ ကျော်နဲ့ ဘာသာပြန်နေကြတယ်။ အကျိုးကျေးဇူးကတော့ လူများစွာဟာ “ဘုရားသခင်၏အံ့ဖွယ်အမှုများအကြောင်းကို” သူတို့ရဲ့ကိုယ်ပိုင်ဘာသာစကားနဲ့ လေ့လာနိုင်ကြတယ်။ (တ. ၂:၇-၁၁) လူငယ်ညီအစ်ကိုညီအစ်မတွေက စာပေတွေ ပုံနှိပ်တဲ့နေရာမှာ၊ ချုပ်လုပ်တဲ့နေရာမှာ အလုပ်လုပ်နေကြတယ်။ အဲဒီနောက် စာပေတွေကို ဝေးလံတဲ့ဒေသတွေမှာရှိတဲ့ အသင်းတော်တွေအထိ ပို့ပေးတယ်။
၁၅ ကျွန်ုပ်တို့ရဲ့ဒေသမှာလည်း သတင်းကောင်းဟောပြောခြင်းလုပ်ငန်းကို အဓိကအာရုံစိုက် လုပ်ဆောင်နိုင်ဖို့ အစီအစဉ်တွေ အများကြီးရှိပါတယ်။ ဥပမာ၊ ထောင်နဲ့ချီနဲ့ စေတနာ့ဝန်ထမ်းတွေဟာ နိုင်ငံတော်ခန်းမနဲ့ စည်းဝေးပွဲခန်းမအသစ်တွေ ဆောက်လုပ်တဲ့နေရာမှာ ပါဝင်လုပ်ဆောင်နေကြတယ်။ တချို့ကျတော့ သဘာဝဘေးအန္တရာယ် ကြုံတွေ့ရသူတွေ၊ အရေးပေါ် ဆေးကုသမှုလိုအပ်သူတွေကို ကူညီပေးကြတယ်။ တချို့က စည်းဝေးပွဲတွေ၊ စည်းဝေးကြီးတွေကို စီစဉ်ဖွဲ့စည်းကြပြီး တခြားသူတွေကျတော့ ဟောပြောသွန်သင်ခြင်းသင်တန်းတွေမှာ ပို့ချကြတယ်။ ဒါတွေအားလုံးရဲ့ရည်ရွယ်ချက်က ဘာဖြစ်မလဲ။ ကျွန်ုပ်တို့အားလုံး သတင်းကောင်းဟောပြောခြင်းမှာ ပါဝင်နိုင်ဖို့၊ အမှန်တရားမှာ တိုးတက်ဖို့နဲ့ ယေဟောဝါကို ဝတ်ပြုသူတွေ တိုးများလာစေဖို့ဖြစ်တယ်။ ယေဟောဝါအဖွဲ့အစည်းရဲ့ မြေကြီးဆိုင်ရာအပိုင်းက သာ၍အရေးကြီးတဲ့အရာကို အဓိက အာရုံစိုက်နေပါတယ်။
ယေဟောဝါအဖွဲ့အစည်းရဲ့ စံနမူနာကို လိုက်လျှောက်ပါ
၁၆။ မိသားစုဝတ်ပြုမှုနဲ့ ကိုယ်ပိုင်လေ့လာမှုမှာ သင် ဘာကို ရှာဖွေလေ့လာနိုင်သလဲ။
၁၆ ယေဟောဝါရဲ့အဖွဲ့အစည်းလုပ်ဆောင်နေတဲ့အရာတွေကို သင် အခါအားလျော်စွာ အချိန်ယူ စဉ်းစားသလား။ မိသားစုဝတ်ပြုမှု ဒါမှမဟုတ် ကိုယ်ပိုင်လေ့လာမှု ပြုလုပ်တဲ့အချိန်မှာ အဖွဲ့အစည်းအကြောင်း ရှာဖွေလေ့လာပြီး သင် လေ့လာခဲ့တာတွေကို ပြန်တွေးတောဆင်ခြင်နိုင်ပါတယ်။ ဟေရှာယ၊ ယေဇကျေလ၊ ဒံယေလနဲ့ ယောဟန်တို့ရခဲ့တဲ့ ရူပါရုံတွေကို လေ့လာရတာက စိတ်လှုပ်ရှားစရာကောင်းပါတယ်။ ယေဟောဝါသက်သေများ—ဘုရားသခင့်နိုင်ငံတော်ကြွေးကြော်သူများစာအုပ်နဲ့ တခြားစာအုပ်တွေ ဒါမှမဟုတ် ဒီဗီဒီတွေမှာလည်း ဘုရားသခင့်အဖွဲ့အစည်းနဲ့ပတ်သက်တဲ့ စိတ်ဝင်စားစရာအချက်တွေ အများကြီး ပါရှိတယ်။
၁၇၊ ၁၈။ (က) ဒီဆောင်းပါးမှာဆွေးနွေးခဲ့တဲ့အချက်တွေက သင့်အတွက် ဘယ်လိုအကျိုးရှိသလဲ။ (ခ) သင့်ကိုသင် ဘယ်မေးခွန်းတွေ မေးနိုင်သလဲ။
၁၇ မိမိရဲ့အဖွဲ့အစည်းကတစ်ဆင့် ယေဟောဝါလုပ်ဆောင်ပြီးမြောက်ရာတွေကို ပြန်စဉ်းစားတွေးတောတာ ကောင်းပါတယ်။ ဒီကောင်းမြတ်တဲ့အဖွဲ့အစည်းနဲ့အတူ ကျွန်ုပ်တို့လည်း သာ၍အရေးကြီးတဲ့အရာတွေကို ဦးစားထားကြစို့။ အဲဒီလိုလုပ်မယ်ဆိုရင် ပေါလုလိုပဲ ကျွန်ုပ်တို့ ခံစားရပါလိမ့်မယ်၊ သူ ဒီလိုရေးခဲ့တယ်– “ငါတို့ခံစားရသော သနားကြင်နာမှုနှင့်အညီ ဤအမှုတော်ကို ဆောင်ရွက်ရသောကြောင့် ငါတို့သည် အရှုံးမပေးကြ။” (၂ ကော. ၄:၁) ပေါလုက မိမိရဲ့ ညီအစ်ကိုတွေကိုလည်း ဒီလိုအားပေးခဲ့တယ်– “ငါတို့သည် လက်မလျှော့ဘဲ ကောင်းသောအမှုကို ပြုနေကြစို့။ အကြောင်းမူကား နွမ်းလျခြင်းမရှိဘဲနေလျှင် အချိန်တန်သော် ရိတ်သိမ်းကြရလိမ့်မည်။”—ဂလ. ၆:၉။
၁၈ သင်နဲ့ သင့်မိသားစုရဲ့ နေ့စဉ်ဘဝအသက်တာမှာ သာ၍အရေးကြီးတဲ့အရာတွေကို ဦးစားထားနိုင်အောင် ပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်ဖို့ လိုနေသလား။ ဟောပြောခြင်းလုပ်ငန်းမှာ ပိုပါဝင်နိုင်အောင် သင်တို့ရဲ့အသက်တာကို ရိုးရှင်းအောင်လုပ်ဖို့ လိုနေသလား။ ယေဟောဝါရဲ့အဖွဲ့အစည်းနဲ့ အမီလိုက်ပြီး ကိုယ်တော့်အမှုတော်မှာ ထက်ထက်သန်သန်ပါဝင်နေဖို့ ကျွန်ုပ်တို့ကို ကူညီပေးမယ့် အချက်ငါးချက်ကို နောက်ဆောင်းပါးမှာ ဆွေးနွေးပါမယ်။