ဘဝအတ္ထုပ္ပတ္တိ
အာတိတ်စက်ဝိုင်းအနီးမှာ အနှစ် ၅၀ ကြာ အချိန်ပြည့်အမှုဆောင်ခြင်း
“ရှင်ကတော့ ရှေ့ဆောင်လုပ်ဖို့ လွယ်တာပေါ့။ အဖေနဲ့အမေ နှစ်ယောက်စလုံးက အမှန်တရားမှာရှိပြီး ရှင့်ကို ထောက်ပံ့နိုင်တာကိုး” ဆိုပြီး ကျွန်မတို့က အချိန်ပြည့်အမှုဆောင်လုပ်ငန်းမှာ ပါဝင်နေတဲ့ ကျွန်မတို့ရဲ့ သူငယ်ချင်းကို ပြောခဲ့တယ်။ “ကျွန်မတို့အားလုံးရဲ့အဖေက တစ်ယောက်တည်းပါပဲ” လို့ သူက ပြန်ဖြေတယ်။ သူ့ရဲ့အဖြေမှာ တကယ်အရေးပါတဲ့ သင်ခန်းစာတစ်ခုပါတယ်– ကျွန်မတို့ရဲ့ကောင်းကင်ဖခင်ဟာ မိမိရဲ့ကျေးကျွန်တွေကို ဂရုစိုက်စောင့်ရှောက်ပြီး ခွန်အားပေးတယ်။ အမှန်ပါပဲ၊ ကျွန်မတို့ရဲ့ ဘဝအတွေ့အကြုံက အဲဒီအချက် မှန်တယ်ဆိုတာ အတည်ပြုခဲ့တယ်။
ကျွန်မတို့ကို ဖင်လန်နိုင်ငံ၊ အော်စထရိုဘော့ညာ မြောက်ပိုင်းက စိုက်ပျိုးမွေးမြူရေးခြံမှာ မွေးဖွားခဲ့ပြီး မောင်နှမ ဆယ်ယောက်ရှိတယ်။ ဒုတိယကမ္ဘာစစ်ဖြစ်နေချိန်မှာ ကျွန်မတို့က ကလေးပဲရှိသေးတယ်၊ ကျွန်မတို့နေတဲ့နေရာက ရှေ့တန်းစစ်မြေပြင်နဲ့ မိုင်ရာချီဝေးပေမဲ့ စစ်ကြောင့် လူအများကြီး ဒုက္ခရောက်ရတယ်ဆိုတာ ကျွန်မတို့သိတယ်။ အနီးအနားက အိုလူနဲ့ ကာလာဂျိုကီမြို့ကို ဗုံးကြဲတဲ့ညကဆိုရင် ကောင်းကင်ကြီးက နီရဲနေတာကို မြင်တွေ့ခဲ့ရတယ်။ စစ်လေယာဉ်တွေ ပျံဝဲနေပြီဆိုရင် အမြန်ပြေးပုန်းဖို့ ကျွန်မတို့မိဘတွေက သင်ထားပေးတယ်။ ဒါကြောင့် ကျွန်မတို့ရဲ့ အစ်ကိုအကြီးဆုံးဖြစ်တဲ့ တာအုနိုက မတရားမှုတွေမရှိတဲ့ မြေကြီးပရဒိသုအကြောင်း ပြောပြတဲ့အခါ ကျွန်မတို့ အရမ်းသဘောကျတယ်။
တာအုနိုဟာ အသက် ၁၄ နှစ်အရွယ်မှာ ကျမ်းစာအမှန်တရားကို ကျမ်းစာကျောင်းသားတွေရဲ့စာပေကတစ်ဆင့် သိရှိခဲ့တယ်။ ဒုတိယကမ္ဘာစစ်ဖြစ်တဲ့အခါ သူဟာ ကျမ်းစာနဲ့လေ့ကျင့်ထားတဲ့ သူ့ရဲ့သြတ္တပ္ပစိတ်ကြောင့် စစ်ထဲဝင်ဖို့ ငြင်းဆိုခဲ့လို့ ထောင်ကျသွားတယ်။ အဲဒီမှာ သူရက်ရက်စက်စက် ဆက်ဆံခံခဲ့ရတယ်။ အဲဒါက ယေဟောဝါအတွက် အမှုဆောင်မယ်ဆိုတဲ့ သူ့ရဲ့စိတ်ပိုင်းဖြတ်ချက်ကို ပိုခိုင်မာစေပြီး ထောင်ကလွတ်လာပြီးတဲ့နောက် အမှုဆောင်လုပ်ငန်းမှာ အရင်ကထက်ပိုပြီး ထက်ထက်သန်သန် ပါဝင်ခဲ့တယ်။ အစ်ကို့ရဲ့ ပုံသက်သေကောင်းက အနီးအနားရွာမှာပြုလုပ်တဲ့ သက်သေခံတွေရဲ့စည်းဝေးကို သွားတက်ဖို့ ကျွန်မတို့အတွက် အားပေးမှုဖြစ်စေခဲ့တယ်။ ကျွန်မတို့က အလုပ်လုပ်ပြီး ပိုက်ဆံတွေစုထားလို့ စည်းဝေးကြီးတွေကိုလည်း တက်နိုင်ခဲ့တယ်။ ကျွန်မတို့ အိမ်နီးချင်းတွေအတွက် အင်္ကျီတွေချုပ်တယ်၊ ကြက်သွန်စိုက်တယ်၊ ဘယ်ရီသီးခူးတယ်။ ခြံထဲမှာ လုပ်စရာအလုပ်တွေ အများကြီးရှိလို့ ကျွန်မတို့အားလုံး စည်းဝေးကြီးတွေကို အတူမတက်နိုင်ကြဘူး၊ ဒါကြောင့် အလှည့်ကျ တက်ကြတယ်။
ဘယ်ကနေ– ၁၉၃၅ ခုနှစ်က မက်တီ (အဖေ)၊ တာအုနို၊ စိုင်မီ၊ မာရီယာ အီမီလီယာ (အမေ)၊ ဗိုင်ယန်နို (ကလေး)၊ အိုင်လီနဲ့ အန်နီကီ
ယေဟောဝါနဲ့ ကိုယ်တော့်ရည်ရွယ်ချက်အကြောင်း အမှန်တရားတွေကို သိလာတဲ့အခါ ကျွန်မတို့ ကိုယ်တော့်ကို ပိုချစ်မြတ်နိုးလာပြီး ကျွန်မတို့ရဲ့အသက်တာကို ကိုယ်တော့်ထံအပ်နှံဖို့ ဆုံးဖြတ်ခဲ့ကြတယ်။ အန်နီကီက အသက် ၁၅ နှစ်၊ အိုင်လီက အသက် ၁၇ နှစ်ရှိနေပြီဖြစ်တဲ့ ၁၉၄၇ ခုနှစ်မှာ ကျွန်မတို့နှစ်ယောက်စလုံး ဆက်ကပ်အပ်နှံမှု အထိမ်းအမှတ်အဖြစ် နှစ်ခြင်းခံခဲ့ကြတယ်။ ကျွန်မတို့ရဲ့အမဖြစ်တဲ့ စိုင်မီလည်း အဲဒီနှစ်မှာပဲ နှစ်ခြင်းခံခဲ့တယ်။ အိမ်ထောင်သည်အမဖြစ်တဲ့ လင်နီအာကိုလည်း ကျွန်မတို့ ကျမ်းစာသင်ပေးခဲ့တယ်။ သူနဲ့ သူ့မိသားစုလည်း ယေဟောဝါသက်သေတွေဖြစ်လာတယ်။ နှစ်ခြင်းခံပြီးနောက်မှာ ကျွန်မတို့ဟာ အခါအားလျော်စွာ အားလပ် (အရန်) ရှေ့ဆောင်လုပ်မယ်လို့ ဆုံးဖြတ်ခဲ့ကြတယ်။
အချိန်ပြည့်အမှုဆောင်လုပ်ငန်းမှာ ပါဝင်ခြင်း
ဘယ်ကနေ– ၁၉၄၉ ခုနှစ်မှာ အယ်ဗာ ကယ်လီအို၊ စိုင်မီ မက်တီလာ-ဆာဂျာလာ၊ အိုင်လီ၊ အန်နီကီနဲ့ စာရာ နိုပိုနင်
၁၉၅၅ ခုနှစ်မှာ ကျွန်မတို့ဟာ မြောက်ဘက်အစွန်ပိုင်းကျတဲ့ ကီမီမြို့ကို ပြောင်းရွှေ့ခဲ့ကြတယ်။ ကျွန်မတို့နှစ်ယောက်စလုံးက အချိန်ပြည့်အလုပ်လုပ်ကြတယ်။ ကျွန်မတို့ဟာ ရှေ့ဆောင်လုပ်ချင်ပေမဲ့ ကိုယ့်ကိုယ်ကို မထောက်ပံ့နိုင်မှာ စိုးရိမ်ခဲ့ကြတယ်။ အရင်ဆုံး ပိုက်ဆံစုသင့်တယ်လို့ ကျွန်မတို့ ယူဆခဲ့ကြတယ်။ ဒါကြောင့် ကျွန်မတို့က အစပိုင်းမှာပြောခဲ့တဲ့ ရှေ့ဆောင်ညီအစ်မနဲ့ ဒီကိစ္စကို ဆွေးနွေးခဲ့ကြတယ်။ ယေဟောဝါကို အချိန်ပြည့်အမှုဆောင်ဖို့ဆိုတာ ကျွန်မတို့ရဲ့ကိုယ်ပိုင်ငွေကြေး ဒါမှမဟုတ် မိသားစုဝင်တွေရဲ့ ထောက်ပံ့မှုအပေါ် လုံးလုံး မမူတည်ဘူးဆိုတာကို အဲဒီကနေ သိခဲ့ရတယ်။ အရေးကြီးဆုံးက ကျွန်မတို့ရဲ့ကောင်းကင်ဖခင်ကို မှီခိုအားကိုးဖို့ပဲ။
၁၉၅၂ ခုနှစ်မှာ စည်းဝေးကြီးတက်ဖို့ ကူအိုပီအိုမြို့ကိုသွား။ ဘယ်ကနေ– အန်နီကီ၊ အိုင်လီ၊ အယ်ဗာ ကယ်လီအို
အဲဒီတုန်းက ကျွန်မတို့စုဆောင်းထားတဲ့ပိုက်ဆံက ရှေ့ဆောင်နှစ်လလုပ်ဖို့ လုံလောက်တယ်။ ဒါနဲ့ ၁၉၅၇၊ မေလမှာ ကျွန်မတို့ဟာ အာတိတ်စက်ဝိုင်းအထက် လပ်လန်းမြူနီစီပယ်အုပ်ချုပ်ရေးဒေသတစ်ခုဖြစ်တဲ့ ပယ်လ်အိုမှာ နှစ်လ ရှေ့ဆောင်လုပ်ဖို့ မရဲတရဲနဲ့ လျှောက်လွှာတင်လိုက်ကြတယ်။ နှစ်လပြီးတဲ့နောက်မှာ ကျွန်မတို့စုထားတဲ့ပိုက်ဆံအားလုံး ရှိနေသေးတယ်၊ ဒါနဲ့ နောက်ထပ် နှစ်လအတွက် လျှောက်လွှာတင်လိုက်ပြန်တယ်။ နောက်ထပ်နှစ်လကြာပြီးတဲ့နောက်မှာလည်း အဲဒီပိုက်ဆံတွေအားလုံး ရှိနေသေးတယ်၊ ကျွန်မတို့ကို ယေဟောဝါ ကြည့်ရှုစောင့်ရှောက်တယ်ဆိုတာ အခု သေချာသိသွားပြီ။ အခု အနှစ် ၅၀ ကြာ အမှုဆောင်ပြီးတဲ့နောက်မှာလည်း အဲဒီပိုက်ဆံတွေ ရှိနေသေးတယ်။ နောက်ကြောင်းကို ပြန်တွေးကြည့်လိုက်တဲ့အခါ ယေဟောဝါက ကျွန်မတို့လက်ကို ဆုပ်ကိုင်ပြီး “မကြောက်နဲ့၊ ငါကိုယ်တိုင် သင့်ကိုကူညီမယ်” လို့ပြောနေသလို ခံစားရတယ်။—ဟေရှာ. ၄၁:၁၃၊ ကဘ။
အနှစ် ၅၀ ကြာအမှုဆောင်ပြီးတဲ့နောက်မှာလည်း အဲဒီပိုက်ဆံတွေ ရှိနေသေးတယ်
ကိုင်စူ ရေကိုနဲ့ အိုင်လီတို့ အမှုဆောင်လယ်ကွင်းမှာ
၁၉၅၈ ခုနှစ်မှာ ကျွန်မတို့ရဲ့တိုက်နယ်ကြီးကြပ်မှူးက လပ်လန်းဒေသရဲ့ ဆိုဒန်ကူအယ်လာမြို့မှာ အထူးရှေ့ဆောင်အဖြစ် ပြောင်းရွှေ့အမှုဆောင်ဖို့ ထောက်ခံပေးခဲ့တယ်။ အဲဒီအချိန်တုန်းက အဲဒီနေရာမှာ သက်သေခံဆိုလို့ ညီအစ်မတစ်ယောက်ပဲရှိတယ်။ သူက စိတ်ဝင်စားစရာကောင်းတဲ့နည်းနဲ့ အမှန်တရားကို သိရှိခဲ့တယ်။ သူ့ရဲ့သားက ဖင်လန်နိုင်ငံရဲ့မြို့တော် ဟဲလ်စင်ကီကို ကျောင်းလေ့လာရေးခရီး သွားခဲ့တယ်။ သူတို့အုပ်စု မြို့ထဲမှာ လမ်းလျှောက်သွားနေတဲ့အချိန်မှာ အသက်ကြီးကြီး ညီအစ်မတစ်ယောက်က အုပ်စုထဲက ယောက်ျားလေးတစ်ယောက်ကို ကင်းမျှော်စင်တစ်စောင်ပေးပြီး အမေ့ကိုပေးလိုက်ပါလို့ ပြောတယ်။ အဲဒီယောက်ျားလေးကလည်း ပြောတဲ့အတိုင်းလုပ်ခဲ့တယ်၊ ဒါနဲ့ အမေဖြစ်သူက ဒါအမှန်တရားပဲဆိုတာ ချက်ချင်းသိခဲ့တယ်။
ကျွန်မတို့ဟာ သစ်စက်တစ်ခုရဲ့ အပေါ်ထပ်မှာရှိတဲ့ အခန်းတစ်ခန်းကို ငှားခဲ့ကြတယ်။ အဲဒီမှာ စည်းဝေးလုပ်ကြတယ်။ အစပိုင်းမှာတော့ စည်းဝေးတက်ရောက်သူက ကျွန်မတို့နှစ်ယောက်၊ ဒေသခံညီအစ်မနဲ့ သူ့သမီးပဲရှိတယ်။ ကျွန်မတို့ဟာ အပတ်တိုင်း လေ့လာရမယ့်အကြောင်းအရာတွေကို အတူဖတ်ကြတယ်။ နောက်ပိုင်းမှာ သက်သေခံတွေနဲ့ ကျမ်းစာလေ့လာခဲ့ဖူးတဲ့ လူတစ်ယောက် သစ်စက်မှာ အလုပ်လာလုပ်တယ်။ သူနဲ့ သူ့မိသားစုက ကျွန်မတို့အုပ်စုမှာ စပြီး စည်းဝေးတက်ခဲ့တယ်။ နောက်တော့ သူနဲ့သူ့ဇနီး နှစ်ခြင်းခံခဲ့ကြတယ်။ ဒီညီအစ်ကိုက စည်းဝေးတွေမှာ ဦးဆောင်တယ်။ ဒါ့အပြင် သစ်စက်မှာ အလုပ်လုပ်နေတဲ့ အမျိုးသားတချို့လည်း စည်းဝေးတွေစတက်လာပြီး အမှန်တရားကို လက်ခံခဲ့ကြတယ်။ သိပ်မကြာခင်မှာပဲ ကျွန်မတို့အုပ်စုဟာ အသင်းတော်တစ်ခု ဖြစ်လာခဲ့တယ်။
အခက်အခဲတွေကြုံတွေ့ရ
ခရီးဝေးတာက ကျွန်မတို့ရဲ့ဟောပြောခြင်းလုပ်ငန်းအတွက် အခက်အခဲတစ်ခုပဲ။ နွေရာသီမှာဆိုရင် လူတွေဆီရောက်ဖို့ လမ်းလျှောက်တယ်၊ စက်ဘီးစီးတယ်၊ လှေနဲ့တောင်သွားရတယ်။ စက်ဘီးကတော့ ကျွန်မတို့အတွက် တကယ် အသုံးတည့်တယ်။ စည်းဝေးကြီးတွေ တက်တဲ့အခါ၊ မိုင်ရာနဲ့ချီဝေးတဲ့ မိဘတွေဆီသွားလည်တဲ့အခါမှာတွေလည်း စက်ဘီးနဲ့ပဲ သွားကြတယ်။ ဆောင်းတွင်းမှာတော့ ဟောမယ့်ရွာကိုသွားဖို့ မနက်အစောကြီးထပြီး ဘတ်စကားစီးတယ်၊ ပြီးတဲ့နောက် တစ်အိမ်ကနေတစ်အိမ်ကို လမ်းလျှောက်တယ်။ တစ်ရွာဟောလို့ပြီးပြီဆိုရင် နောက်တစ်ရွာကို လမ်းလျှောက်သွားတယ်။ တစ်ခါတလေ လမ်းတွေပေါ်မှာ နှင်းတွေက ပိတ်နေတယ်။ တစ်ယောက်ယောက်က ရှေ့ကသွားထားလို့ လမ်းကြောင်းပေါ်နေရင်တော့ ကျွန်မတို့ နောက်ကလိုက်ဖို့လွယ်တယ်။ ဒါပေမဲ့ နှင်းတွေ အဆက်မပြတ်ကျနေရင်တော့ လမ်းတွေကို မမြင်ရတော့ဘူး။ နွေဦးမှာဆိုရင် နှင်းတွေက သိပ်မခဲတော့ဘဲ စိုစိစိုစိ ဖြစ်နေလို့ လမ်းလျှောက်ရ အရမ်းခက်တယ်။
ချမ်းအေးတဲ့ဆောင်းနေ့တစ်နေ့မှာ အတူအမှုဆောင်ထွက်ကြ
အေးစိမ့်ပြီး နှင်းတွေခဲတဲ့အချိန်မှာတော့ ကျွန်မတို့ နွေးနွေးထွေးထွေး ဝတ်ကြရတယ်။ ကျွန်မတို့ဟာ သိုးမွေး အသားကပ်ဘောင်းဘီရှည်တွေဝတ်၊ ခြေအိတ်နှစ်ထပ်သုံးထပ်စွပ်ပြီး လည်ရှည်ဖိနပ်တွေ စီးကြတယ်။ ဒါတောင်မှ လမ်းလျှောက်ရင်းနဲ့ ကျွန်မတို့ရဲ့ဖိနပ်ထဲမှာ နှင်းတွေ ဝင်နေတတ်တယ်။ အိမ်တွေရဲ့လှေကားထစ်ရှေ့ရောက်တဲ့အခါ ဖိနပ်တွေချွတ်ပြီး နှင်းတွေကို ခါထုတ်ရတယ်။ နှင်းတောထဲ ဖြတ်လျှောက်တဲ့အခါမှာလည်း ကျွန်မတို့ရဲ့ ဆောင်းတွင်းဝတ် ကုတ်အင်္ကျီရှည်က ဆီးနှင်းခဲတွေအပေါ်မှာ တရွတ်တိုက်နေတော့ အင်္ကျီအနားတွေက စိုကုန်တယ်။ အိမ်ရှင်မတစ်ယောက်က “ဒီလောက်ဆိုးတဲ့ရာသီဥတုမျိုးမှာတောင် ရှင်တို့က အပြင်ထွက်တယ်ဆိုတော့ ရှင်တို့မှာ တကယ့်ယုံကြည်ခြင်းရှိတာ ဖြစ်ရမယ်” လို့ပြောခဲ့တယ်။ အဲဒီအိမ်ကိုရောက်ဖို့ ကျွန်မတို့ ခုနစ်မိုင်ကျော် (၁၁ ကီလိုမီတာ) လမ်းလျှောက်ခဲ့ရတယ်။
ခရီးကဝေးလို့ ကျွန်မတို့ဟာ အများအားဖြင့် ရွာတွေက အိမ်တွေမှာ ညအိပ်ကြရတယ်။ သိပ်နောက်ကျနေပြီဆိုရင် တည်းစရာတစ်နေရာလောက်ပေးဖို့ ခွင့်တောင်းရတယ်။ အိမ်တွေက မခမ်းနားပေမဲ့ လူတွေက ဖော်ရွေပြီး ဧည့်ဝတ်ကျေကြတယ်။ အိပ်စရာနေရာသာမက စားစရာတွေပါ ပေးတယ်။ တစ်ခါတလေ ဒရယ်၊ ဆတ်၊ ဝက်ဝံတွေရဲ့ သားရေတွေပေါ် အိပ်ခဲ့ရတယ်။ ဇိမ်ကျကျအိပ်ရတဲ့အခါတွေလည်း ရှားရှားပါးပါး ကြုံတွေ့ရတယ်။ ဥပမာ၊ အမျိုးသမီးတစ်ယောက်က ကျွန်မတို့ကို သူ့အိမ်ကြီးရဲ့ အပေါ်ထပ်မှာရှိတဲ့ ဧည့်သည်အိပ်ခန်းတစ်ခန်းကို ခေါ်သွားတယ်၊ အဲဒီမှာ ဖြူဖွေးနေတဲ့ ဇာအိပ်ရာခင်းနဲ့ လှပတဲ့ကုတင်က ကျွန်မတို့ကို ဆီးကြိုနေတယ်။ အချိန်တော်တော်များများမှာတော့ ကျွန်မတို့ဟာ အိမ်ရှင်တွေနဲ့ ညဉ့်နက်တဲ့အထိ ကျမ်းစာဆွေးနွေးကြတယ်။ အိမ်တစ်အိမ်မှာဆိုရင် အိပ်ခန်းတစ်ခန်းထဲမှာပဲ အိမ်ရှင်လင်မယားနဲ့ ကျွန်မတို့ တစ်ဖက်စီမှာ အိပ်ကြတယ်။ အမှောင်ထဲမှာ ကျွန်မတို့ ကျမ်းစာဆွေးနွေးလိုက်ကြတာ နောက်တစ်မနက်အထိပဲ။ အိမ်ရှင်လင်မယားက ကျမ်းစာမေးခွန်းတွေ တစ်ခုပြီးတစ်ခု မေးတယ်။
အကျိုးဖြစ်ထွန်းတဲ့ အမှုဆောင်လုပ်ငန်း
လပ်လန်းဒေသဟာ စိုက်ပျိုးဖြစ်ထွန်းတဲ့ဒေသမဟုတ်ပေမဲ့ ရာသီဥတုအပြောင်းအလဲအလိုက် လှပတဲ့နေရာတစ်ခုဖြစ်တယ်။ ဒါပေမဲ့ ကျွန်မတို့အတွက်တော့ ယေဟောဝါကို ချစ်မြတ်နိုးတဲ့လူတွေက ပိုလှပါတယ်။ ကျွန်မတို့ဟောပြောခဲ့တဲ့ စိတ်နှလုံးရိုးဖြောင့်သူတွေထဲမှာ လပ်လန်းဒေသက သစ်ထုတ်လုပ်ရေးစခန်းတွေကိုလာတဲ့ သစ်ခုတ်သမားတွေပါတယ်။ တစ်ခါတလေ အမျိုးသားတွေအများကြီးရှိတဲ့တဲထဲကို ကျွန်မတို့ ညီအစ်မလေးနှစ်ယောက်ပဲ ဝင်သွားကြတယ်။ အဲဒီသန်မာထွားကြိုင်းတဲ့ အမျိုးသားကြီးတွေက ကျမ်းစာသတင်းတရားကို လိုလိုလားလား နားထောင်ပြီး စာပေတွေကို ဝမ်းမြောက်ဝမ်းသာ လက်ခံကြတယ်။
ကျွန်မတို့မှာ စိတ်လှုပ်ရှားစရာ တွေ့ကြုံမှုတွေလည်း အများကြီးရှိတယ်။ တစ်နေ့ ဘတ်စကားဂိတ်က နာရီက ငါးမိနစ်မြန်နေလို့ ကျွန်မတို့ရောက်တော့ ဘတ်စကားထွက်သွားပြီ။ ဒါနဲ့ ကျွန်မတို့က တခြားဘတ်စကားနဲ့ နောက်တစ်ရွာကိုသွားဖို့ ဆုံးဖြတ်လိုက်တယ်။ ကျွန်မတို့ အရင်က အဲဒီရွာမှာ မဟောဖူးဘူး။ ပထမဆုံးအိမ်မှာပဲ “ရှင်တို့ကို မျှော်နေတာ” လို့ပြောတဲ့ အမျိုးသမီးငယ်လေးတစ်ယောက်နဲ့ တွေ့တယ်။ ကျွန်မတို့က သူ့အမနဲ့ ကျမ်းစာသင်နေတယ်။ ဒီအမျိုးသမီးငယ်လေးက အဲဒီနေ့မှာပဲ သူ့ဆီ ကျွန်မတို့လာဖို့ပြောပေးပါလို့ သူ့အမကို မှာထားခဲ့တာဖြစ်တယ်။ ဒါပေမဲ့ ကျွန်မတို့ အဲဒါကို မသိခဲ့ဘူး။ ကျွန်မတို့ဟာ သူနဲ့ သူ့အိမ်နားမှာနေတဲ့ သူ့ဆွေမျိုးတွေကို ကျမ်းစာ စသင်ပေးတယ်။ သိပ်မကြာခင်မှာပဲ ကျွန်မတို့က အဲဒီကျမ်းစာသင်အံမှုတွေကို တစ်ခုတည်းပေါင်းလိုက်တယ်၊ သင်အံမှုမှာ လူဆယ့်နှစ်ယောက်လောက် လာနားထောင်ကြတယ်။ အဲဒီအချိန်ကစပြီး အဲဒီမိသားစုထဲက အတော်များများဟာ ယေဟောဝါသက်သေတွေ ဖြစ်လာကြတယ်။
၁၉၆၅ ခုနှစ်မှာ ကျွန်မတို့ဟာ အာတိတ်စက်ဝိုင်း အောက်နားလေးမှာရှိတဲ့ ကျွန်မတို့ရဲ့မူလအသင်းတော် ကူဆာမိုမှာ ပြန်တာဝန် ခန့်အပ်ခံရတယ်။ အဲဒီအချိန်တုန်းက အသင်းတော်မှာ ကြေညာသူနည်းနည်းလေးပဲရှိတယ်။ အစပိုင်းမှာတော့ ဒီဒေသမှာဟောပြောဖို့ ခက်ခဲတယ်။ လူတွေဟာ တကယ့်ကို ဘာသာရေးအစွဲကြီးပြီး ကျွန်မတို့ အပေါ်မှာလည်း တစ်ဖက်သတ် အမြင်စောင်းနေကြတယ်။ ဒါပေမဲ့ သမ္မာကျမ်းစာကိုလေးစားတဲ့ လူတွေလည်း အများကြီးရှိပါတယ်။ ဒါကြောင့် ကျွန်မတို့ဟာ လူတွေနဲ့ ရင်းနှီးအောင်လုပ်တယ်၊ နှစ်နှစ်လောက်အကြာမှာ ကျမ်းစာသင်အံမှုတွေစဖို့ လွယ်သွားတယ်။
အမှုဆောင်လုပ်ငန်းမှာ တက်ကြွနေဆဲ
ကျွန်မတို့ ကျမ်းစာသင်ပေးခဲ့သူတချို့
အခု အချိန်မှာတော့ ကျွန်မတို့ဟာ လယ်ကွင်းလုပ်ငန်းမှာ တစ်နေကုန် မပါဝင်နိုင်တော့ဘူး၊ ဒါပေမဲ့ နေ့တိုင်းလိုလို အမှုဆောင်ထွက်နေတုန်းပဲ။ အခုတော့ အိုင်လီက ကားမောင်းတတ်သွားလို့ ကျယ်ပြန့်တဲ့နယ်မြေမှာ ဟောပြောဖို့ လွယ်သွားပြီ။ ကျွန်မတို့ရဲ့တူက အိုင်လီကို ကားမောင်းသင်ဖို့ တိုက်တွန်းခဲ့တယ်။ ၁၉၈၇ ခုနှစ်၊ အိုင်လီ အသက် ၅၆ နှစ်မှာ ယာဉ်မောင်းလိုင်စင်ရခဲ့တယ်။ ဒါ့အပြင် ခန်းမအသစ်နဲ့တွဲနေတဲ့ လူနေခန်းမှာလည်း ကျွန်မတို့ ပြောင်းရွှေ့နေထိုင်ခွင့်ရခဲ့တယ်။
ဖင်လန်နိုင်ငံမြောက်ပိုင်းမှာ အမှန်တရားကိုလက်ခံသူ အများကြီးရှိလို့ ကျွန်မတို့ အရမ်းပျော်တယ်။ အဲဒီမှာ ကျွန်မတို့ စအမှုဆောင်ခဲ့တုန်းက ဒီကျယ်ပြန့်တဲ့နယ်မြေတစ်ကြောမှာ ကြေညာသူ အနည်းစုလေးပဲ ပြန့်ကျဲနေတယ်။ အခုဆိုရင် အသင်းတော်အများကြီးပါတဲ့ တိုက်နယ်တစ်ခု ဖြစ်နေပြီ။ စည်းဝေးပွဲတွေနဲ့ စည်းဝေးကြီးတွေမှာဆိုရင် တစ်ယောက်ယောက်က ကျွန်မတို့အနားလာ မိတ်ဆက်ပြီး မှတ်မိသလားလို့ မေးတတ်တယ်။ တချို့ကျတော့ ကျွန်မတို့ သူတို့အိမ်မှာ ကျမ်းစာသွားသင်ပေးတုန်းက ကလေးပဲရှိသေးတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ကြဲခဲ့တဲ့မျိုးစေ့ဟာ အသီးတွေ သီးနေပြီ။—၁ ကော. ၃:၆။
မိုးရွာတဲ့နေ့တွေမှာတောင် ကျွန်မတို့ အမှုဆောင်ထွက်ကြ
၂၀၀၈ ခုနှစ်မှာ ကျွန်မတို့ရဲ့ အထူးရှေ့ဆောင်သက်တမ်း အနှစ် ၅၀ ပြည့်ခဲ့တယ်။ မြင့်မြတ်တဲ့ဒီလုပ်ငန်းမှာ ခံနိုင်ရည်ရှိရှိ ဆက်ပါဝင်နိုင်ဖို့ ကျွန်မတို့တစ်ယောက်ကိုတစ်ယောက် အားပေးနိုင်ခဲ့လို့ ယေဟောဝါကို ကျေးဇူးတင်တယ်။ ကျွန်မတို့ဘဝက ရိုးရှင်းပေမဲ့ ကျွန်မတို့ ဘယ်တုန်းကမှ မချို့တဲ့ခဲ့ဘူး။ (ဆာ. ၂၃:၁) အစပိုင်းတုန်းက ကျွန်မတို့ စိုးရိမ်ခဲ့တာတွေက အပိုပဲ။ ဒီနှစ်တွေတစ်လျှောက်မှာ ယေဟောဝါဟာ မိမိရဲ့ကတိတော်နဲ့အညီ ကျွန်မတို့ကို ခွန်အားပေးခဲ့တယ်၊ ဟေရှာယ ၄၁: ၁၀ (ကဘ) မှာ ကိုယ်တော် ဒီလိုကတိပေးထားတယ်– “သင့်ကို ငါခိုင်ခံ့စေမယ်။ သင့်ကို ငါတကယ်ကူညီပေးမယ်။ ဖြောင့်မတ်တဲ့ ငါ့ရဲ့ညာလက်နဲ့ သင့်ကို ငါမြဲမြဲဆုပ်ကိုင်ထားမယ်။”