တစ်ဖက်သတ်အစွဲတွေ ဘယ်တော့ ပပျောက်မလဲ
အမေရိကန် ပြည်သူ့အခွင့်အရေးလှုပ်ရှားမှု ခေါင်းဆောင် မာတင်လူသာကင်း ဂျူနီယာဟာ ၁၉၆၃၊ ဩဂုတ်လ ၂၈ ရက်နေ့မှာ အကျော်ကြားဆုံး မိန့်ခွန်းတစ်ခု ပြောခဲ့ပါတယ်။ သူ့ရဲ့မိန့်ခွန်းထဲမှာ “ကျွန်တော် မျှော်လင့်တယ်” ဆိုတဲ့စကားကို ထပ်ခါတလဲလဲ ထည့်ပြောသွားတယ်။ တစ်နေ့ကျရင် လူတွေမှာ လူမျိုးရေးတစ်ဖက်သတ်အစွဲ ရှိတော့မှာမဟုတ်ဘူးဆိုတဲ့ သူ့ရဲ့ပြင်းပြတဲ့ ဆန္ဒတွေကို အမေရိကန် လူထုပရိသတ်ကို ထုတ်ဖော်ပြောဆိုသွားတယ်။ ဒါပေမဲ့သူ့မျှော်လင့်ချက်ကို နိုင်ငံအတော်များများကလည်း လက်ခံလာကြပါတယ်။
ပြည်သူ့အခွင့်အရေးအတွက် မိန့်ခွန်းပြောနေတဲ့ မာတင် လူသာကင်း ဂျူနီယာ
မာတင်လူသာကင်း မိန့်ခွန်းပြောပြီး သုံးလအကြာ ၁၉၆၃၊ နိုဝင်ဘာလ ၂၀ ရက်နေ့မှာ လူမျိုးရေးခွဲခြားမှုပုံစံအားလုံး ဖယ်ရှားခြင်းဆိုင်ရာ ကုလသမဂ္ဂ တရားဝင်ကြေညာချက်ကို နိုင်ငံပေါင်း ၁၀၀ ကျော်က သဘောတူလက်ခံခဲ့ကြတယ်။ အဲဒီနောက်ပိုင်း ဆယ်စုနှစ်များစွာအကြာမှာ တခြားထုတ်ပြန်ချက်တွေကိုလည်း သဘောတူလက်ခံခဲ့ကြတယ်။ အဲဒီလိုကြိုးပမ်းမှုတွေကြောင့် ဘာအကျိုးတွေများ ရရှိခဲ့ပြီလဲ။
ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ၂၀၁၂၊ မတ်လ ၂၁ ရက်နေ့မှာ ဒီလိုပြောခဲ့တယ်– “လူမျိုးရေးစိတ်ဓာတ်၊ လူမျိုးရေးခွဲခြားဆက်ဆံမှု၊ လူမျိုးခြားတွေကို ကြောက်ရွံ့မှုနဲ့ သဘောထားသေးမှုကို တားဆီးဖယ်ရှားဖို့ အရေးပါတဲ့ သဘောတူညီချက်တွေ၊ နည်းလမ်းတွေအပြင် ကမ္ဘာချီစီမံချက်တွေလည်း အများကြီးရှိတယ်။ ဒါပေမဲ့ လူမျိုးရေးစိတ်ဓာတ်ကြောင့် ကမ္ဘာတစ်ဝန်းမှာ လူသန်းနဲ့ချီပြီး ဒုက္ခရောက်နေရတုန်းပါပဲ။”
လူမျိုးရေးတစ်ဖက်သတ်အစွဲနဲ့ တခြားအစွဲတွေကို တိုက်ဖျက်ရာမှာ အောင်မြင်မှုအနည်းငယ် ရရှိခဲ့တဲ့ နိုင်ငံတွေမှာတောင် မေးစရာတွေ ရှိနေတုန်းပါပဲ။ အဲဒီအောင်မြင်မှုတွေက လူတွေမှာ အမြစ်စွဲနေတဲ့ ခံစားချက်တွေကို အမြစ်ပါမကျန် ဖယ်ရှားပေးနိုင်ခဲ့ပြီလား။ ဒါမှမဟုတ် တစ်ဖက်သတ်အစွဲတွေ မပြသဖို့ လူတွေကို သွန်သင်ပေးနိုင်ခဲ့ပြီလား။ အောင်မြင်မှုတွေက ခွဲခြားဆက်ဆံမှုကိုပဲ ဟန့်တားနိုင်ပြီး တစ်ဖက်သတ်အစွဲကိုတော့ ဖယ်ရှားပေးနိုင်မှာမဟုတ်ဘူးလို့ တချို့က ယူဆကြပါတယ်။ ဘာကြောင့်လဲ။ ဘာကြောင့်လဲဆိုတော့ ခွဲခြားဆက်ဆံမှုက ထင်သာမြင်သာရှိတဲ့ လုပ်ရပ်တစ်ခုဖြစ်ပြီး ဥပဒေနဲ့ ထိန်းချုပ်လို့ရပေမဲ့ တစ်ဖက်သတ်အစွဲကတော့ လူ့အတွင်းသဘောတွေ၊ စိတ်ခံစားချက်တွေနဲ့ ဆက်စပ်နေတဲ့အတွက် အလွယ်တကူ ထိန်းချုပ်လို့ မရနိုင်ပါဘူး။
ဒါကြောင့် တစ်ဖက်သတ်အစွဲကို ဖယ်ရှားဖို့ ကြိုးစားတဲ့အခါ ခွဲခြားဆက်ဆံမှုတွေကို ရပ်တန်းကရပ်ရမယ့်အပြင် လူ့စိတ်ဓာတ်တွေနဲ့ ခံစားချက်တွေကိုပါ ပြုပြင်ပြောင်းလဲရမှာဖြစ်ပါတယ်။ ဒါကို တကယ်လုပ်ဆောင်နိုင်ပါ့မလား။ လုပ်ဆောင်နိုင်တယ်ဆိုရင် ဘယ်လိုနည်းနဲ့လဲ။ ပြုပြင်ပြောင်းလဲလို့ ရနိုင်တဲ့အပြင် ပြောင်းလဲအောင် တစ်ခုခုက ကူညီပေးနိုင်တယ်ဆိုတာ သိမြင်စေတဲ့ ဖြစ်ရပ်မှန်တချို့ကို သုံးသပ်ကြည့်ကြစို့။
လူမျိုးရေးတစ်ဖက်သတ်အစွဲကို ချိုးနှိမ်ဖို့ သူတို့ကို သမ္မာကျမ်းစာက ကူညီပေးခဲ့
“လူမျိုးရေးမုန်းတီးမှုကနေ ကျွန်မ လွတ်မြောက်သွားပြီလို့ ခံစားရတယ်။”—လင်ဒါ
လင်ဒါ– ကျွန်မက တောင်အာဖရိကနိုင်ငံဖွားပါ။ တောင်အာဖရိက လူမည်းတွေကို နိမ့်ကျသူ၊ စာမတတ်ပေမတတ်၊ ယုံကြည်လို့မရသူ၊ လူဖြူတွေရဲ့ ကျွန်တွေဆိုပြီး ကျွန်မ ရှုမြင်ခဲ့တယ်။ ကျွန်မဟာ လူမျိုးရေးမုန်းတီးမှုဆိုတဲ့ ပုံစံခွက်ထဲကနေ ရုန်းမထွက်နိုင်ခဲ့ဘူး။ အဲဒီလိုဖြစ်နေတာကို ကိုယ့်ကိုယ်ကိုယ်တောင် သတိမထားမိဘူး။ ဒါပေမဲ့ ကျွန်မ ကျမ်းစာစလေ့လာတဲ့အခါ အဲဒီသဘောထား ပြောင်းလဲသွားပါတယ်။ ဘုရားသခင်က မျက်နှာမလိုက်ဘူး၊ အသားရောင်နဲ့ ဘာသာစကားတွေထက် စိတ်နှလုံးက ပိုအရေးကြီးတယ်ဆိုတဲ့ အချက်တွေကို ကျွန်မ သိရှိခဲ့ရတယ်။ (တမန်တော် ၁၀:၃၄၊ ၃၅; သုတ္တံ ၁၇:၃) လူတိုင်းက ကိုယ့်ထက်သာတယ်လို့ ရှုမြင်ဖို့ ဖိလိပ္ပိ ၂:၃ ပါကျမ်းစကားတွေက ကျွန်မကို ကူညီပေးခဲ့တဲ့အတွက် လူမျိုးရေးမုန်းတီးမှုကို ချိုးနှိမ်နိုင်ခဲ့တယ်။ အဲဒီလိုကျမ်းစာမူတွေနဲ့အညီ နေထိုင်တဲ့အခါ တခြားသူတွေက ဘယ်လိုအသားရောင်ရှိနေပါစေ၊ သူတို့ကို စိတ်ဝင်စားလာတယ်။ အခု ကျွန်မ လူမျိုးရေးမုန်းတီးမှုကနေ လွတ်မြောက်သွားပြီလို့ ခံစားရတယ်။
“လူတွေကို ဘုရားသခင် ဘယ်လိုရှုမြင်တယ်ဆိုတာ သိလာတယ်။”—မိုက်ကယ်
မိုက်ကယ်– ကျွန်တော်က ဩစတြေးလျ လူဖြူအများစု နေထိုင်တဲ့ ရပ်ကွက်မှာ ကြီးပြင်းလာတာပါ။ အာရှသားတွေ၊ . . . ကို ကျွန်တော် အရမ်းမုန်းတယ်။ ကားမောင်းနေတုန်း လမ်းမှာ အာရှသားတစ်ယောက်ကို တွေ့ပြီဆိုရင် ကားမှန်ချပြီး “ဟေ့ကောင် အာရှသား၊ မင်းနိုင်ငံ မင်းပြန်တော့” လို့ ရိုင်းရိုင်းစိုင်းစိုင်း ပြောလိုက်တယ်။ ဒါပေမဲ့ ကျွန်တော် ကျမ်းစာစလေ့လာတဲ့အခါ လူတွေကို ဘုရားသခင် ဘယ်လိုရှုမြင်တယ်ဆိုတာ သိလာတယ်။ ဘယ်မှာပဲနေနေ၊ ဘယ်လိုပုံစံပဲရှိရှိ သူတို့ကို ဘုရားသခင် ချစ်မြတ်နိုးတယ်။ ဘုရားသခင်မှာရှိတဲ့ အဲဒီမေတ္တာကြောင့် ကျွန်တော် စိတ်ထိမိသွားတယ်။ ဒီလိုနဲ့ ကျွန်တော့်ရဲ့ မုန်းတီးစိတ်က မေတ္တာအသွင် ကူးပြောင်းသွားတယ်။ အဲဒီလိုပြောင်းလဲသွားတာ အံ့ဩစရာပဲ။ အခုဆိုရင် နိုင်ငံအသီးသီး၊ နောက်ခံအမျိုးမျိုးက လူတွေနဲ့ ပေါင်းသင်းဆက်ဆံရတာကို ကျွန်တော် နှစ်သက်လာပါပြီ။ အဲဒါက ကျွန်တော့်ကို အမြင်လည်း ကျယ်စေတယ်၊ ပျော်ရွှင်မှုလည်း ပေးပါတယ်။
“ကျွန်မရဲ့ စဉ်းစားတွေးခေါ်ပုံကို ပြောင်းလဲလိုက်တဲ့အတွက် စိတ်ငြိမ်သက်မှု ခံစား ရတယ်။”—စန်ဒရာ
စန်ဒရာ– ကျွန်မရဲ့အမေက နိုင်ဂျီးရီးယားနိုင်ငံ၊ ဒယ်လ်တာပြည်နယ်က ယူမြူနဒီမြို့သူပါ။ အဖေ့မိသားစုကတော့ အီဒိုပြည်နယ်ကဖြစ်ပြီး အီစန်ဘာသာစကား ပြောကြတယ်။ နောက်ခံမတူတဲ့အတွက် အမေဟာ အဖေ့မိသားစုရဲ့ ခွဲခြားဆက်ဆံမှုကို သေတဲ့အထိ အလူးအလဲ ခံသွားခဲ့ရတယ်။ ဒါကြောင့် ကျွန်မလည်း အီစန်စကားပြောတဲ့သူတွေနဲ့ မပတ်သက်ဖို့၊ အီဒိုပြည်နယ်သားနဲ့ ဘယ်တော့မှ အိမ်ထောင်မပြုဖို့ ဆုံးဖြတ်ချက်ချလိုက်တယ်။ ကျွန်မ ကျမ်းစာလေ့လာတဲ့အခါမှာတော့ အမြင်ပြောင်းသွားပါတယ်။ ဘုရားသခင်က မျက်နှာမလိုက်ဘူး၊ မိမိကို ကြောက်ရွံ့တဲ့သူတိုင်းကို ကိုယ်တော် နှစ်သက်လက်ခံတယ်ဆိုပြီး ကျမ်းစာမှာ ဖော်ပြထားတယ်။ ဒါကြောင့် လူမျိုးမတူ၊ ဘာသာစကားမတူတဲ့သူတွေကို မုန်းတီးရအောင် ကျွန်မက ဘာမို့လို့လဲဆိုပြီး ကျွန်မရဲ့ စဉ်းစားတွေးခေါ်ပုံကို ပြောင်းလဲလိုက်တယ်။ အဲဒီနောက်ပိုင်း အဖေ့မိသားစုနဲ့ အဆင်ပြေလာတယ်။ ကျမ်းစာမူတွေကို ကျင့်သုံးတဲ့အတွက် ပျော်ရွှင်လာတယ်၊ စိတ်ငြိမ်သက်မှု ခံစားရတယ်။ ဘယ်လိုလူမျိုး၊ ဘယ်လိုနောက်ခံ၊ ဘယ်နိုင်ငံသားပဲဖြစ်ပါစေ အားလုံးနဲ့ သင့်သင့်မြတ်မြတ် နေတတ်လာတယ်။ ကျွန်မ ဘယ်သူနဲ့ အိမ်ထောင်ပြုလိုက်တယ်လို့ ထင်ပါသလဲ။ အီဒိုပြည်နယ်က အီစန်ဘာသာစကားပြောတဲ့သူနဲ့လေ။
အမြစ်စွဲနေတဲ့ မုန်းတီးမှုနဲ့ တစ်ဖက်သတ်အစွဲကို ချိုးနှိမ်ဖို့ လူအတော်များများကို သမ္မာကျမ်းစာက ဘာကြောင့် ကူညီပေးနိုင်ခဲ့တာလဲ။ အကြောင်းရင်းက သမ္မာကျမ်းစာဟာ ဘုရားသခင့်စကားတော် ဖြစ်နေလို့ပါပဲ။ တခြားသူတွေနဲ့ပတ်သက်ပြီး လူတစ်ယောက်ရဲ့ ရှုမြင်ခံစားပုံတွေကို သမ္မာကျမ်းစာက ပြောင်းလဲပေးနိုင်ပါတယ်။ ဒါ့အပြင် တစ်ဖက်သတ်အစွဲတွေကို ဖယ်ရှားဖို့ နောက်လိုအပ်ချက်တစ်ခုကိုလည်း သမ္မာကျမ်းစာမှာ ဖော်ပြထားပါသေးတယ်။
တစ်ဖက်သတ်အစွဲတွေကို ဘုရားသခင့်နိုင်ငံတော် ဖယ်ရှား
တစ်ဖက်သတ်အစွဲတွေကို ထိန်းချုပ်ဖယ်ရှားဖို့ ကျမ်းစာအသိပညာက အထောက်အကူပေးနိုင်ပေမဲ့ အဲဒီအစွဲတွေကို အပြီးအပိုင် မဖယ်ရှားခင် ကိုင်တွယ်ဖြေရှင်းရမယ့် အကြောင်းရင်းနှစ်ခု ရှိပါတယ်။ ပထမအကြောင်းရင်းက အပြစ်နဲ့ လူ့မစုံလင်မှုဖြစ်တယ်။ သမ္မာကျမ်းစာမှာ ဒီလိုရှင်းရှင်းလင်းလင်း ဖော်ပြထားပါတယ်– “မပြစ်မှားတတ်သောလူ တစ်ယောက်မျှမရှိ။” (၃ ဓမ္မရာဇဝင် ၈:၄၆) ဒါကြောင့် ကျွန်ုပ်တို့ ဘယ်လောက်ပဲ ကြိုးစားပါစေ၊ တမန်တော်ပေါလုလိုပဲ ကျွန်ုပ်တို့လည်း အတွင်းစိတ်သဘောကို တွန်းလှန်နေရပါတယ်။ ပေါလုက ဒီလိုပြောခဲ့တယ်– “ငါသည် အကျင့်ကောင်းကို ကျင့်လိုသောအခါ အကျင့်ဆိုးကို ကျင့်မိတတ်၏။” (ရောမ ၇:၂၁) ကျွန်ုပ်တို့ရဲ့ မစုံလင်တဲ့နှလုံးဟာ မကြာခဏဆိုသလို ‘မကောင်းကြံစည်’ တတ်ကြပြီး အဲဒါက မုန်းတီးမှုကို ဖြစ်စေနိုင်ပါတယ်။—မာကု ၇:၂၁။
ဒုတိယအကြောင်းရင်းက စာတန်မာရ်နတ်ရဲ့ ဩဇာလွှမ်းမိုးမှု ရှိနေလို့ဖြစ်တယ်။ သမ္မာကျမ်းစာမှာ သူ့ကို “လူ့အသက်ကို သတ်သောသူ၊” “မြေတစ်ပြင်လုံးကို လှည့်စား” သူလို့ ဖော်ပြထားတယ်။ (ယောဟန် ၈:၄၄; ဗျာဒိတ် ၁၂:၉) အဲဒါက တစ်ဖက်သတ်အစွဲ ပျံ့နှံ့နေရတဲ့ အကြောင်းရင်းနဲ့ တစ်ယူသန်မှု၊ ခွဲခြားဆက်ဆံမှု၊ မျိုးဖြုတ်သတ်ဖြတ်မှု၊ လူမျိုးရေး၊ ဘာသာရေးနဲ့ လူမှုရေးဆိုင်ရာ မုန်းတီးမှုတွေကို လူသားတွေ ဖယ်ရှားဖို့ မဖြစ်နိုင်ရတဲ့ အကြောင်းရင်းတွေကို ရှင်းပြပေးပါတယ်။
ဒါကြောင့် တစ်ဖက်သတ်အစွဲကို အပြီးအပိုင် မဖယ်ရှားခင် အပြစ်၊ မစုံလင်မှုနဲ့ စာတန့်သြဇာလွှမ်းမိုးမှုကို အရင် ဖယ်ရှားရမှာဖြစ်တယ်။ ဒီကိစ္စကို ဘုရားသခင့်နိုင်ငံတော်က ဆောင်ရွက်လိမ့်မယ်ဆိုပြီး သမ္မာကျမ်းစာမှာ ဖော်ပြထားတယ်။
ဘုရားသခင်ဆီ ဒီလိုဆုတောင်းဖို့ နောက်လိုက်တွေကို ယေရှုခရစ် သင်ပေးခဲ့တယ်– “နိုင်ငံတော် လာပါစေ။ အလိုတော်သည် ကောင်းကင်ဘုံ၌ ပြည့်စုံသကဲ့သို့ မြေကြီးပေါ်၌လည်း ပြည့်စုံပါစေ။” (မဿဲ ၆:၁၀) သဘောထားသေးမှုနဲ့ တစ်ဖက်သတ်အစွဲ အမျိုးမျိုးတို့အပြင် မတရားမှုမှန်သမျှကို ဖယ်ရှားပေးနိုင်တဲ့အရာက ဘုရားသခင့်နိုင်ငံတော်ပဲဖြစ်တယ်။
ဘုရားသခင့်နိုင်ငံတော် ရောက်လာပြီး ကမ္ဘာ့အရေးကိစ္စတွေကို ကိုင်တွယ်တဲ့အခါ စာတန်ကို “ချည်နှောင်” ထားမှာဖြစ်တယ်။ ဒါမှသာ သူဟာ “လူမျိုးတို့ကို နောက်တစ်ဖန် မလှည့်ဖြားနိုင်” မှာဖြစ်တယ်။ (ဗျာဒိတ် ၂၀:၂၊ ၃) အဲဒီနောက် “မြေကြီးသစ်” ဖြစ်တဲ့ လူ့အဖွဲ့အစည်းအသစ်မှာ “ဖြောင့်မတ်ခြင်း” လွှမ်းမိုးသွားပါလိမ့်မယ်။a—၂ ပေတရု ၃:၁၃။
ဖြောင့်မတ်တဲ့ လူ့အဖွဲ့အစည်းမှာ နေထိုင်တဲ့သူတွေဟာ အပြစ်ကနေ ကင်းလွတ်ပြီး စုံလင်လာကြပါလိမ့်မယ်။ (ရောမ ၈:၂၁) ဘုရားသခင့်နိုင်ငံတော်ရဲ့ လက်အောက်ခံ ပြည်သားတွေအနေနဲ့ သူတို့ဟာ “အဆိုးကိုမပြု၊ ဖျက်ဆီးခြင်းကိုလည်း ပြုကြ” မှာမဟုတ်တော့ဘူး။ ဘာဖြစ်လို့လဲ။ ကမ္ဘာတစ်ခုလုံးမှာ “ထာဝရဘုရားကို သိကျွမ်းခြင်းပညာ” ပျံ့နှံ့သွားမှာ ဖြစ်လို့ပါပဲ။ (ဟေရှာယ ၁၁:၉၊ သမ္မာ) အဲဒီအချိန်ရောက်တဲ့အခါ လူသားအားလုံးဟာ ယေဟောဝါဘုရားသခင်ရဲ့ နည်းလမ်းတော်တွေကို သင်ယူပြီး ကိုယ်တော်ရဲ့ အရည်အသွေးတွေကို တုပကြမှာဖြစ်တယ်။ အဲဒီလိုနည်းနဲ့ တစ်ဖက်သတ်အစွဲတွေ ပပျောက်သွားမှာဖြစ်တယ်။ ဘာကြောင့်လဲဆိုတော့ ဘုရားသခင်က “မျက်နှာလိုက်တော်မူခြင်းမရှိ” လို့ပါပဲ။—ရောမ ၂:၁၁။
a ဘုရားသခင့်နိုင်ငံတော်နဲ့ အဲဒီနိုင်ငံတော်က မကြာခင် ဘာတွေ လုပ်ဆောင်ပေးတော့မယ် ဆိုတာကို ထပ်သိချင်တယ်ဆိုရင် ယေဟောဝါသက်သေတွေ ထုတ်ဝေတဲ့ သမ္မာကျမ်းစာ အမှန်တကယ်သွန်သင်ရာမှာ အဘယ်နည်း စာအုပ်ရဲ့ အခန်း ၃၊ ၈ နဲ့ ၉ ကိုဖတ်ကြည့်ပါ။