“ဆုတောင်းခြင်းအမှု၌ နိုးနိုးကြားကြား ရှိကြလော့”
“သမာသတိရှိကြလော့။ ဆုတောင်းခြင်းအမှု၌ နိုးနိုးကြားကြား ရှိကြလော့။”—၁ ပေ. ၄:၇။
၁၊ ၂။ (က) ‘ဆုတောင်းခြင်းအမှုမှာ နိုးနိုးကြားကြား ရှိ’ ဖို့ ဘာကြောင့် အရေးကြီးသလဲ။ (ခ) ဆုတောင်းခြင်းနဲ့ပတ်သက်တဲ့ ဘယ်မေးခွန်းတွေကို မေးသင့်သလဲ။
“ညမှာ နိုးနိုးကြားကြားရှိဖို့ အခက်ဆုံးအချိန်ကတော့ မိုးလင်းခါနီးပဲ” လို့ ညစောင့်လုပ်ခဲ့ဖူးတဲ့ သူတစ်ယောက်က ပြောတယ်။ တစ်ညလုံးမအိပ်ဘဲ နေခဲ့ရဖူးတဲ့ တခြားသူတွေလည်း သူပြောတာကို သဘောတူပါလိမ့်မယ်။ ဒီအချက်ကို ကျွန်ုပ်တို့အသက်ရှင်နေတဲ့အချိန်နဲ့ နှိုင်းယှဉ်နိုင်တယ်။ ဆိုးညစ်တဲ့စာတန့်စနစ် ကုန်ဆုံးဖို့ အရမ်းနီးနေပြီ။ ဒီအချိန်က ညရဲ့ အမှောင်မိုက်ဆုံးအချိန်နဲ့တူနေလို့ ခရစ်ယာန်တွေဟာ နိုးနိုးကြားကြားနေဖို့ ကြိုးစားရုန်းကန်နေရတဲ့အချိန်ပါပဲ။ (ရော. ၁၃:၁၂) ဒီလိုအချိန်မျိုးမှာ အိပ်ပျော်သွားတယ်ဆိုရင် အန္တရာယ်တွေနဲ့ ကြုံတွေ့ရနိုင်ပါတယ်။ “သမာသတိရှိ” ပြီး ‘ဆုတောင်းခြင်းအမှုမှာ နိုးနိုးကြားကြား ရှိ’ နေကြဖို့ အထူးလိုအပ်တယ်။—၁ ပေ. ၄:၇။
၂ စာတန့်စနစ်ရဲ့အဆုံးက သိပ်နီးနေပြီဖြစ်လို့ ကိုယ့်ကိုယ်ကို ဒီလိုမေးသင့်တယ်– ‘ဆုတောင်းခြင်းအမှုမှာ ငါ ဘယ်လောက် နိုးနိုးကြားကြား ရှိနေသလဲ။ ဆုတောင်းခြင်းအမျိုးမျိုးနဲ့ ငါ ဆက်ဆုတောင်းနေသလား။ တခြားသူတွေအတွက် ငါ ဆုတောင်းပေးလေ့ရှိသလား၊ ဒါမှမဟုတ် ငါလိုအပ်တာ၊ လိုချင်တာတွေပဲ တောင်းနေသလား။ ငါ့ရဲ့ကယ်တင်ခြင်းအတွက် ဆုတောင်းခြင်းက ဘယ်လောက်အရေးကြီးသလဲ။’
ဆုတောင်းခြင်းအမျိုးမျိုးနဲ့ ဆက်ဆုတောင်းပါ
၃။ ဆုတောင်းခြင်းပုံစံတချို့က ဘာတွေလဲ။
၃ ဧဖက်မြို့က ခရစ်ယာန်တွေကို ပေါလုစာရေးတဲ့အခါ ‘ဆုတောင်းခြင်းအမျိုးမျိုး’ အကြောင်း ဖော်ပြခဲ့တယ်။ (ဧ. ၆:၁၈) ကျွန်ုပ်တို့ ယေဟောဝါထံဆုတောင်းတဲ့အခါမှာ ကျွန်ုပ်တို့ လိုအပ်တာတွေ ပေးဖို့နဲ့ ကျွန်ုပ်တို့ရဲ့အခက်အခဲတွေကို ဖြေရှင်းပေးဖို့ အကူအညီ တောင်းလေ့ရှိတယ်။ ‘ဆုတောင်းစကားကို နားထောင်တဲ့အရှင်’ ဟာ ကျွန်ုပ်တို့ကို ချစ်တဲ့အတွက်ကြောင့် ကျွန်ုပ်တို့အကူအညီတောင်းတဲ့အခါ ကိုယ်တော် နားထောင်တယ်လို့ ကျမ်းစာမှာဖော်ပြတယ်။ (ဆာ. ၆၅:၂) ဒါပေမဲ့ ကိုယ်လိုအပ်တာတွေကိုပဲ မတောင်းသင့်ဘူး။ ယေဟောဝါကို ချီးမွမ်း၊ ကျေးဇူးတင်ပြီး တိုးလျှိုးအသနားခံသင့်တယ်။
၄။ ကျွန်ုပ်တို့ရဲ့ဆုတောင်းချက်တွေမှာ ယေဟောဝါကို ဘာကြောင့် မကြာခဏ ချီးမွမ်းသင့်သလဲ။
၄ ဆုတောင်းချက်တွေမှာ ယေဟောဝါကို ချီးမွမ်းသင့်တဲ့အကြောင်းတွေ အများကြီးရှိတယ်။ ဥပမာ၊ ကိုယ်တော့်ရဲ့ “ထူးဆန်းသောတန်ခိုးတော်များ” နဲ့ “အလွန်တရာ ကြီးမြတ်တော်မူခြင်း” အကြောင်း စဉ်းစားတဲ့အခါ ကိုယ်တော့်ကို ကျွန်ုပ်တို့ ချီးမွမ်းချင်ကြတယ်။ (ဆာလံ ၁၅၀:၁-၆ ကိုဖတ်ပါ။) ဆာလံ ၁၅၀ ကိုပဲ ဖတ်ကြည့်ပါ။ အခန်းငယ်ခြောက်ခုမှာပဲ ချီးမွမ်းဆိုတဲ့စကားလုံး ၁၁ ကြိမ် ပါတယ်။ ဆာလံဆရာ နောက်တစ်ယောက်က “ကိုယ်တော်ရဲ့ ဖြောင့်မတ်တဲ့တရားစီရင်ချက်တွေကြောင့် ကိုယ်တော့်ကို တစ်ရက်မှာ ခုနစ်ကြိမ်ချီးမွမ်းပါတယ်” လို့ စပ်ဆိုတဲ့အခါမှာ ယေဟောဝါကို သူ နက်နက်ရှိုင်းရှိုင်း ချစ်တဲ့အကြောင်း ဖော်ပြခဲ့တယ်။ (ဆာ. ၁၁၉:၁၆၄၊ ကဘ) ယေဟောဝါဟာ တကယ် ချီးမွမ်းခံထိုက်ပါတယ်။ ဒါကြောင့် ကျွန်ုပ်တို့ရဲ့ ဆုတောင်းချက်တွေမှာ ကိုယ်တော့်ကို “တစ်ရက်မှာ ခုနစ်ကြိမ်၊” ဆိုလိုတာက မကြာခဏ ချီးမွမ်းသင့်တယ်။
၅။ ဆုတောင်းချက်တွေမှာ ကျေးဇူးတော်ချီးမွမ်းတဲ့စကားတွေ ပါဝင်စေတာက ဘယ်လိုအကာအကွယ် ရသလဲ။
၅ ဆုတောင်းခြင်းနောက်တစ်မျိုးက ကျေးဇူးတော်ချီးမွမ်းခြင်း ဖြစ်တယ်။ ဖိလိပ္ပိမြို့က ခရစ်ယာန်တွေကိုရေးတဲ့စာမှာ ပေါလု ဒီလို တိုက်တွန်းခဲ့တယ်– “မည်သည့်အမှုကိုမျှ စိုးရိမ်ခြင်းမရှိဘဲ အရာရာတွင် ကျေးဇူးတော် ချီးမွမ်းခြင်းနှင့်တကွ ဆုတောင်းခြင်း၊ တိုးလျှိုးအသနားခံခြင်းအားဖြင့် သင်တို့အသနားခံလိုသောအရာများကို ဘုရားသခင်ထံ ကြားလျှောက်ကြလော့။” (ဖိ. ၄:၆) ကျွန်ုပ်တို့က “ကျေးဇူးကန်း” သူတွေရှိနေတဲ့ စာတန့်လောကရဲ့ နောက်ဆုံးအချိန်မှာ အသက်ရှင်နေရတာကြောင့် ယေဟောဝါပေးတဲ့ ကောင်းချီးအားလုံးအတွက် စိတ်နှလုံးထဲကနေ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ဖို့ အရေးကြီးတယ်၊ ဒါမှ လောကကလူတွေနဲ့ မတူမှာဖြစ်တယ်။ (၂ တိ. ၃:၁၊ ၂) လောကမှာတော့ ကျေးဇူးကန်းတဲ့စိတ်သဘောထား လွှမ်းမိုးနေတယ်။ ကျွန်ုပ်တို့ သတိမထားဘူးဆိုရင် အဲဒီသဘောထားကို အတုယူမိနိုင်တယ်။ ဒါပေမဲ့ ဆုတောင်းတဲ့အခါမှာ ကျေးဇူးတင်ကြောင်း ဖော်ပြတယ်ဆိုရင် ကျွန်ုပ်တို့ဟာ ပျော်ရွှင်သူတွေဖြစ်ပြီး ကိုယ့်ဘဝအခြေအနေကို မကျေမနပ်ဖြစ်မှာ မဟုတ်တော့ဘူး။ (ယု. ၁၆) အိမ်ထောင်ဦးစီးတွေ မိသားစုနဲ့အတူ ဆုတောင်းတဲ့အခါ ကျေးဇူးတော်ချီးမွမ်းတဲ့စကားတွေ ပါဝင်စေတယ်ဆိုရင် သူတို့ရဲ့ဇနီးနဲ့ ကလေးတွေက ကျေးဇူးသိတတ်သူတွေဖြစ်လာဖို့ အားပေးရာရောက်ပါလိမ့်မယ်။
၆၊ ၇။ တိုးလျှိုးအသနားခံခြင်းဆိုတာ ဘာလဲ။ ယေဟောဝါထံ ဘာတွေ တိုးလျှိုးအသနားခံနိုင်သလဲ။
၆ တိုးလျှိုးအသနားခံခြင်းဆိုတာ ပြင်းပြတဲ့စိတ်ခံစားချက်နဲ့ ထက်ထက်သန်သန် ဆုတောင်းခြင်းဖြစ်တယ်။ ယေဟောဝါထံ ကျွန်ုပ်တို့ ဘာတွေ တိုးလျှိုးအသနားခံနိုင်သလဲ။ ကျွန်ုပ်တို့ နှိပ်စက်ညှဉ်းပန်းခံရတဲ့အခါ၊ သေလောက်တဲ့ရောဂါဖြစ်တဲ့အခါမှာ ယေဟောဝါထံ တိုးလျှိုးအသနားခံနိုင်ပါတယ်။ အဲဒီလိုအချိန်မျိုးမှာ ကျွန်ုပ်တို့ကို ကူညီပေးဖို့ ယေဟောဝါထံ အသနားခံမယ်ဆိုတာ နားလည်နိုင်ပါတယ်။ ဒါဆိုရင် နှိပ်စက်ညှဉ်းပန်းခံရမှ၊ ဖျားနာတဲ့အခါမှ တိုးလျှိုးအသနားခံ ဆုတောင်းသင့်တာလား။
၇ ဒီမေးခွန်းကို ဖြေဆိုဖို့အတွက် ဘုရားသခင့်နာမည်၊ နိုင်ငံတော်နဲ့ ဘုရားသခင့်အလိုတော်အကြောင်း ပါဝင်တဲ့ ယေရှုရဲ့ နမူနာဆုတောင်းချက်ကို လေ့လာကြည့်ကြစို့။ (မဿဲ ၆:၉၊ ၁၀ ကိုဖတ်ပါ။) ဒီလောကမှာ ဆိုးသွမ်းမှုတွေ သိပ်များနေတယ်၊ အာဏာပိုင်တွေဟာ လူတွေရဲ့အခြေခံလိုအပ်ရာတွေကိုတောင် မဖြည့်ဆည်းပေးနိုင်ဘူး။ ဒါကြောင့် ဘုရားသခင့်နာမည် သန့်ရှင်းမြင့်မြတ်ဖို့နဲ့ စာတန့်အုပ်ချုပ်မှုကို ဖယ်ရှားမယ့် ကိုယ်တော့်နိုင်ငံတော်အတွက် ကျွန်ုပ်တို့ တိုးလျှိုးအသနားသင့်တယ်။ ဒီအချိန်က ကောင်းကင်မှာ ဘုရားသခင့်အလိုတော် ပြည့်စုံနေသလို မြေကြီးပေါ်မှာလည်း ပြည့်စုံဖို့ ဆုတောင်းအသနားခံရမယ့်အချိန်လည်းဖြစ်တယ်။ ဒါကြောင့် ကျွန်ုပ်တို့ဟာ နိုးနိုးကြားကြားရှိနေပြီး ဆုတောင်းခြင်းအမျိုးမျိုးနဲ့ ဆုတောင်းသင့်တယ်။
“မပြတ်ဆုတောင်းလျက် နေကြလော့”
၈၊ ၉။ ပေတရုနဲ့ တမန်တော်တွေ ဂေသရှေမန်ဥယျာဉ်မှာ အိပ်ပျော်သွားတာကို ကျွန်ုပ်တို့ ဘာကြောင့် အပြစ်မတင်သင့်သလဲ။
၈ ပေတရုက ခရစ်ယာန်တွေကို ‘ဆုတောင်းခြင်းအမှုမှာ နိုးနိုးကြားကြား ရှိကြ’ ဖို့ တိုက်တွန်းခဲ့တယ်၊ ဒါပေမဲ့ သူကိုယ်တိုင် အနည်းဆုံးတစ်ကြိမ်တော့ အဲဒီလိုလုပ်ဖို့ ပျက်ကွက်ခဲ့တယ်။ ဂေသရှေမန်ဥယျာဉ်မှာ ယေရှု ဆုတောင်းနေတုန်း အိပ်ပျော်သွားတဲ့တပည့်တွေထဲမှာ ပေတရုလည်းပါတယ်။ ယေရှုက သူတို့ကို “စောင့်နေ၍ မပြတ်ဆုတောင်းလျက်နေကြလော့” လို့ပြောပေမဲ့ သူတို့ အိပ်ပျော်သွားကြတယ်။—မဿဲ ၂၆:၄၀-၄၅ ကိုဖတ်ပါ။
၉ ပေတရုနဲ့ တခြားတမန်တော်တွေ အိပ်ပျော်သွားတာကို ကျွန်ုပ်တို့ အပြစ်တင်မယ့်အစား သူတို့ တစ်နေ့တာလုပ်ဆောင်ခဲ့တာတွေကြောင့် ပင်ပန်းနေကြတယ်ဆိုတဲ့အချက်ကို သတိရသင့်တယ်။ အဲဒီညနေမှာ သူတို့ ပသခါပွဲအတွက် ပြင်ဆင်ပြီး ပွဲ ကျင်းပခဲ့ကြရတယ်။ အဲဒီနောက် ယေရှုက သခင့်ညစာစားပွဲကို အစပြု ကျင်းပခဲ့ပြီး ကိုယ်တော့် သေခြင်းအောက်မေ့ရာပွဲကို ဘယ်လို ကျင်းပသင့်တယ်ဆိုတာ သူတို့ကို ပြခဲ့တယ်။ (၁ ကော. ၁၁:၂၃-၂၅) “ထို့နောက် ချီးမွမ်းသီချင်းဆိုကြပြီးလျှင် သံလွင်တောင်သို့ ထွက်သွားကြ” တယ်လို့ ကျမ်းစာမှာဖော်ပြထားတယ်။ သံလွင်တောင်ကို ရောက်ဖို့ဆိုရင် ဂျေရုဆလင်မြို့ထဲက လမ်းတွေကိုဖြတ်ပြီး အတော်အတန် လျှောက်ရမှာဖြစ်တယ်။ (မ. ၂၆:၃၀၊ ၃၆) အဲဒီကိုရောက်တဲ့အချိန်ဆိုရင် အတော်လေး ညဉ့်နက်နေလောက်ပြီ။ အဲဒီညမှာ ကျွန်ုပ်တို့သာ ဂေသရှေမန်ဥယျာဉ်ထဲမှာ ရှိနေတယ်ဆိုရင် ကျွန်ုပ်တို့လည်း အိပ်ပျော်သွားမှာပဲ။ ပင်ပန်းနေတဲ့ တမန်တော်တွေကို ယေရှု အပြစ်မတင်ခဲ့ဘူး။ အဲဒီအစား ‘စိတ်ဆန္ဒရှိပေမဲ့ ခန္ဓာကိုယ်က အားနည်း’ တယ်လို့ အသိအမှတ်ပြုခဲ့တယ်။
ပေတရု အမှားတစ်ခုလုပ်ခဲ့ပေမဲ့ ‘ဆုတောင်းခြင်းမှာ နိုးကြား’ ဖို့ သူသင်ယူခဲ့ (အပိုဒ် ၁၀၊ ၁၁ ကိုကြည့်ပါ)
၁၀၊ ၁၁။ (က) ပေတရုဟာ ဂေသရှေမန်ဥယျာဉ်မှာ ဘယ်သင်ခန်းစာကို ကိုယ်တွေ့ရရှိခဲ့သလဲ။ (ခ) ပေတရုရဲ့ တွေ့ကြုံမှုကနေ သင် ဘာသိရှိရသလဲ။
၁၀ ပေတရုဟာ ဂေသရှေမန်ဥယျာဉ်မှာ အိပ်ပျော်သွားတဲ့အတွက်ကြောင့် အဖိုးတန်သင်ခန်းစာတစ်ခုကို ကိုယ်တွေ့ရရှိခဲ့တယ်။ အဲဒီမတိုင်ခင်တုန်းက ယေရှုက “ဤညတွင် သင်တို့ရှိသမျှသည် ငါ့ကို စွန့်ကြလိမ့်မည်” လို့ ပြောခဲ့တယ်။ ဒါပေမဲ့ ပေတရုက “အခြားသူအပေါင်းတို့သည် ကိုယ်တော်ကို စွန့်ကြမည်ဖြစ်သော်လည်း ကျွန်ုပ်မူကား လုံးဝမစွန့်ပါ” လို့ ပြန်ပြောခဲ့တယ်။ အဲဒီအခါမှာ ယေရှုက ပေတရု သူ့ကို သုံးကြိမ်တိတိ ငြင်းပယ်လိမ့်မယ်လို့ ပြောခဲ့တယ်။ အဲဒါကိုမယုံဘဲ ပေတရုက “ကိုယ်တော်နှင့်အတူ သေရလျှင်ပင် ကျွန်ုပ်သည် ကိုယ်တော်ကို လုံးဝငြင်းပယ်မည်မဟုတ်” လို့ ဆက်ပြောခဲ့တယ်။ (မ. ၂၆:၃၁-၃၅) ဒါပေမဲ့ ပေတရုဟာ ယေရှု ပြောခဲ့သလိုပဲ ငြင်းပယ်ခဲ့တယ်။ ပေတရုဟာ သူဘာလုပ်ခဲ့သလဲဆိုတာ သိသွားတဲ့အခါ အရမ်းဝမ်းနည်းသွားပြီး “ချုံးပွဲချငိုကြွေး” ခဲ့တယ်။—လု. ၂၂:၆၀-၆၂။
၁၁ ပေတရုဟာ ဒီအဖြစ်အပျက်ကနေ ကိုယ့်ကိုယ်ကို ယုံကြည်စိတ်ချမှု မလွန်ကဲရဘူးဆိုတဲ့ သင်ခန်းစာကို ရရှိခဲ့တယ်။ ဒီကိစ္စမှာ ဆုတောင်းခြင်းက ပေတရုကို ကူညီပေးခဲ့တယ်။ အဲဒါကို ကျွန်ုပ်တို့ ဘယ်လိုသိရသလဲ။ ဘာကြောင့်လဲဆိုတော့ ‘ဆုတောင်းခြင်းအမှုမှာ နိုးနိုးကြားကြားရှိ’ သင့်တယ်လို့ ပေတရု ရေးခဲ့လို့ပဲ။ ဒီ ကျမ်းစာအကြံပြုချက်ကို ကျွန်ုပ်တို့ နားထောင်သလား။ ကျွန်ုပ်တို့က ယေဟောဝါကို ယုံကြည်ကိုးစားတယ်ဆိုတာ မပြတ်ဆုတောင်းခြင်းအားဖြင့် ဖော်ပြသလား။ (ဆာ. ၈၅:၈) “မိမိတည်ကြည်နေသည်ဟု ထင်မှတ်သောသူသည် မလဲကျရန် သတိပြုစေ” ဆိုတဲ့ပေါလုရဲ့ အကြံပြုချက်ကိုလည်း ကျွန်ုပ်တို့ လက်တွေ့ကျင့်သုံးသင့်တယ်။—၁ ကော. ၁၀:၁၂။
နေဟမိရဲ့ဆုတောင်းချက်တွေ ဖြေကြားခံရ
၁၂။ နေဟမိဟာ ဘာကြောင့် ကျွန်ုပ်တို့အတွက် စံနမူနာကောင်းဖြစ်သလဲ။
၁၂ ဘီစီ ၄၅၀ လောက်တုန်းက ဘုရင် အာတဇေရဇ်ရဲ့ ဖလားတော်ဝန်ဖြစ်ခဲ့တဲ့ နေဟမိအကြောင်းကိုလည်း စဉ်းစားကြည့်ပါ။ နေဟမိဟာ စိတ်နှလုံးအပြည့်နဲ့ ယေဟောဝါထံဆုတောင်းတဲ့ နေရာမှာ စံနမူနာကောင်းပြခဲ့တယ်။ ဂျေရုဆလင်မှာရှိတဲ့ဂျူးတွေ ဒုက္ခရောက်နေတာကို သူကြားတဲ့အခါ ရက်ပေါင်းများစွာ အစာရှောင်၊ ဆုတောင်းတယ်လို့ ကျမ်းစာမှာဖော်ပြထားတယ်။ (နေ. ၁:၄) အာတဇေရဇ်က နေဟမိကို ဘာကြောင့် ဝမ်းနည်းတဲ့ပုံပေါက်နေတာလဲလို့ မေးတဲ့အခါ နေဟမိက ချက်ချင်းပဲ ‘ကောင်းကင်ဘုံ၏အရှင် ဘုရားသခင်ထံဆုတောင်း’ လိုက်တယ်။ (နေ. ၂:၂-၅) ဘာအကျိုးရခဲ့သလဲ။ ယေဟောဝါဟာ မိမိလူမျိုးကို ကူညီပေးခြင်းအားဖြင့် နေဟမိရဲ့ဆုတောင်းချက်တွေကို အဖြေပေးခဲ့တယ်။ (နေ. ၂:၅၊ ၆) ဒီအတွေ့အကြုံကြောင့် နေဟမိရဲ့ယုံကြည်ခြင်း ပိုခိုင်ခံ့လာမှာဖြစ်တယ်။
၁၃၊ ၁၄။ ယုံကြည်ခြင်းခိုင်ခံ့နေဖို့နဲ့ ကျွန်ုပ်တို့ စိတ်ဓာတ်ကျအောင် စာတန့်ကြိုးစားမှုကို တွန်းလှန်ဖို့ ဘာလုပ်သင့်သလဲ။
၁၃ ကျွန်ုပ်တို့က နေဟမိလို မပြတ် ဆုတောင်းမယ်ဆိုရင် ခိုင်ခံ့တဲ့ယုံကြည်ခြင်း ရှိလာဖို့ အကူအညီရမှာဖြစ်တယ်။ စာတန်မှာ သနားကြင်နာမှုဆိုတာ မရှိဘူး၊ ကျွန်ုပ်တို့အားနည်းနေတဲ့အချိန်မှာ တိုက်ခိုက်လေ့ရှိတယ်။ ဥပမာ၊ ကျွန်ုပ်တို့ အသည်းအသန်ဖျားနေတယ်၊ ဒါမှမဟုတ် အရမ်းစိတ်ဓာတ်ကျနေတယ်ဆိုရင် ဟောပြောခြင်းလုပ်ငန်းမှာ ကျွန်ုပ်တို့ လစဉ်ပါဝင်နေတဲ့အချိန်တွေကို ဘုရားသခင် တန်ဖိုးမထားဘူးလို့ စတင် ခံစားရနိုင်တယ်။ တချို့ကျတော့ အရင်က ကြုံတွေ့ခဲ့ရတာတွေကြောင့် စိတ်အနှောင့်အယှက်ဖြစ်နေနိုင်တယ်။ ကျွန်ုပ်တို့ဟာ တန်ဖိုးမရှိသူတွေဖြစ်တယ်လို့ စာတန် ယုံကြည်စေချင်တယ်။ စာတန်ဟာ ဒီအပျက်သဘောထား ခံစားချက်တွေကို သုံးပြီး ကျွန်ုပ်တို့ရဲ့ယုံကြည်ခြင်းကို အားနည်းအောင်လုပ်ဖို့ ကြိုးစားတယ်။ ဒါပေမဲ့ ‘ဆုတောင်းခြင်းမှာ နိုးနိုးကြားကြားရှိ’ တယ်ဆိုရင် ကျွန်ုပ်တို့မှာ ခိုင်ခံ့တဲ့ယုံကြည်ခြင်း ရှိနိုင်ပါတယ်။ ကျွန်ုပ်တို့ရဲ့ယုံကြည်ခြင်းက ‘ဆိုးညစ်သူပစ်ခတ်တဲ့ မီးမြားလက်နက်မှန်သမျှကို ကာသတ်နိုင်’ တဲ့ဒိုင်းလွှားကြီးနဲ့ တူတယ်လို့ ကျမ်းစာမှာ ဖော်ပြထားတယ်။—ဧ. ၆:၁၆။
‘ဆုတောင်းခြင်းမှာ နိုးကြား’ နေတာက ပြဿနာအမျိုးမျိုးကို ရင်ဆိုင်ဖြေရှင်းစေနိုင် (အပိုဒ် ၁၃၊ ၁၄ ကိုကြည့်ပါ)
၁၄ ကျွန်ုပ်တို့က ‘ဆုတောင်းခြင်းမှာ နိုးနိုးကြားကြား’ ရှိတယ်ဆိုရင် စမ်းသပ်မှုကြုံရတဲ့အခါ အငိုက်မိမှာမဟုတ်ဘူး၊ ယေဟောဝါကို သစ္စာဖောက်မှာ မဟုတ်ဘူး။ စမ်းသပ်မှုတွေ၊ အခက်အခဲတွေနဲ့ ရင်ဆိုင်ရတဲ့အခါ နေဟမိရဲ့ပုံနမူနာကို သတိရပြီး ချက်ချင်း ဘုရားသခင်ဆီ ဆုတောင်းသင့်တယ်ဆိုတာ သတိရကြစို့။ ယေဟောဝါရဲ့ အကူအညီရမှသာ သွေးဆောင်မှုတွေကို တွန်းလှန်နိုင်ပြီး ယုံကြည်ခြင်းစမ်းသပ်မှုတွေကို ခံရပ်နိုင်မှာဖြစ်တယ်။
တခြားသူတွေအတွက် ဆုတောင်းပါ
၁၅။ တခြားသူတွေအတွက် ဆုတောင်းပေးတာနဲ့ပတ်သက်ပြီး ကိုယ့်ကိုယ်ကို ဘယ်မေးခွန်းတွေ မေးသင့်သလဲ။
၁၅ ယေရှုက ပေတရုရဲ့ယုံကြည်ခြင်း မပျောက်သွားစေဖို့ အသနားခံဆုတောင်းပေးခဲ့တယ်။ (လု. ၂၂:၃၂) ဧပဖြလို့ခေါ်တဲ့ ပထမရာစုက ခရစ်ယာန်တစ်ယောက်ဟာ ယေရှုရဲ့ပုံနမူနာကို တုပခဲ့တယ်။ ဧပဖြဟာ ကောလောသဲအသင်းတော်က သူ့ရဲ့ညီအစ်ကိုတွေအတွက် ကြိုးကြိုးစားစား ဆုတောင်းခဲ့တယ်။ ပေါလုဟာ ကောလောသဲက ညီအစ်ကိုတွေကို ဒီလို စာရေးခဲ့တယ်– “သင်တို့သည် ဘုရားသခင်၏အလိုတော်ရှိသမျှတွင် အခိုင်အမာ ယုံကြည်စိတ်ချလျက် အဆုံးတွင် ပြည့်ဝစုံလင်စွာ ရပ်တည်နိုင်မည်အကြောင်း သူသည် သင်တို့အတွက် အမြဲအားထုတ်၍ ဆုတောင်းလျက်ရှိ၏။” (ကော. ၄:၁၂) ကျွန်ုပ်တို့ ကိုယ့်ကိုယ်ကို ဒီလိုမေးသင့်တယ်– ‘ကမ္ဘာတစ်ဝန်းမှာရှိတဲ့ ငါ့ညီအစ်ကိုညီအစ်မတွေအတွက် ငါ ကြိုးစားအားထုတ်ပြီး ဆုတောင်းပေးသလား။ သဘာဝဘေးကြောင့် ဒုက္ခရောက်နေတဲ့ ငါ့ညီအစ်ကိုညီအစ်မတွေအတွက် ငါဘယ်နှစ်ကြိမ် ဆုတောင်းပေးသလဲ။ ယေဟောဝါရဲ့အဖွဲ့အစည်းမှာ တာဝန်ကြီးတွေရထားတဲ့သူတွေအတွက် ငါ ကြိုးစားအားထုတ်ပြီး ဆုတောင်းပေးခဲ့တဲ့ နောက်ဆုံးအချိန်က ဘယ်အချိန်လဲ။ အသင်းတော်က အခက်အခဲတွေ့နေတဲ့ တစ်ယောက်ယောက်အတွက် မကြာသေးခင်က ငါ ဆုတောင်းပေးခဲ့သလား။’
၁၆။ ညီအစ်ကိုညီအစ်မတွေအတွက် ဆုတောင်းပေးဖို့ တကယ်လိုအပ်သလား။ ဘာကြောင့်လဲဆိုတာကို ရှင်းပြပါ။
၁၆ ညီအစ်ကိုညီအစ်မတွေအတွက် ယေဟောဝါထံ ဆုတောင်းပေးတာက တကယ် အကူအညီဖြစ်နိုင်ပါတယ်။ (၂ ကောရိန္သု ၁:၁၁ ကိုဖတ်ပါ။) မိမိကို ၀တ်ပြုနေတဲ့သူ အများကြီးက တစ်စုံတစ်ခုအတွက် ထပ်တလဲလဲ ဆုတောင်းနေလို့သာ ယေဟောဝါက လုပ်ပေးတာမဟုတ်ပါဘူး။ သူတို့တွေ တစ်ယောက်ကိုတစ်ယောက် တကယ်စိတ်ဝင်စားမှုပြပြီး ဆုတောင်းပေးတာကို ယေဟောဝါ နှစ်သက်လို့ သူတို့ရဲ့ဆုတောင်းချက်ကို နားထောင်ပေးတာဖြစ်တယ်။ ဒါကြောင့် ကျွန်ုပ်တို့ဟာ တခြားသူတွေအတွက် ဆုတောင်းပေးရတဲ့အခွင့်ထူးနဲ့ တာဝန်ကို အလေးအနက်ထားသင့်တယ်။ ကျွန်ုပ်တို့ဟာ ဧပဖြကိုတုပပြီး ညီအစ်ကိုညီအစ်မတွေအတွက် ကြိုးစားအားထုတ်ပြီး ဆုတောင်းပေးခြင်းအားဖြင့် မေတ္တာပြသင့်တယ်။ ကျွန်ုပ်တို့ အဲဒီလိုလုပ်တယ်ဆိုရင် ပျော်ရွှင်ရပါလိမ့်မယ်၊ ဘာကြောင့်လဲဆိုတာ့ ‘ခံယူခြင်းထက် ပေးကမ်းခြင်းက ပိုပျော်ရွှင်’ စေလို့ပဲ။—တ. ၂၀:၃၅။
‘ကယ်တင်ခြင်းသည် နီးနေပြီ’
၁၇၊ ၁၈။ ‘ဆုတောင်းခြင်းအမှုမှာ နိုးနိုးကြားကြား ရှိ’ နေခြင်းက ကျွန်ုပ်တို့ကို ဘယ်လို ကူညီပေးမလဲ။
၁၇ ပေါလုက “ညအချိန်ကုန်လု၍ နေ့အချိန်ရောက်လုပြီ” လို့ မရေးခင်မှာ “သင်တို့သည် အိပ်ပျော်ရာမှ နိုးချိန်တန်သော ယခုအချိန်ကာလကို သိသောကြောင့် ထိုသို့ပြုနေကြလော့။ အကြောင်းမူကား ကယ်တင်ခြင်းသည် ငါတို့ယုံကြည်သူများ ဖြစ်လာချိန်ကထက် ယခု သာ၍နီးနေပြီ” လို့ ရေးခဲ့တယ်။ (ရော. ၁၃:၁၁၊ ၁၂) ဘုရားသခင်ကတိပေးထားတဲ့ ကမ္ဘာသစ်ရောက်ဖို့ နီးနေပြီ၊ ကျွန်ုပ်တို့ရဲ့ ကယ်တင်ခြင်းက ထင်ထားတာထက်ကို ပိုနီးနေပြီ။ အခုအချိန်က အိပ်ပျော်နေရမယ့်အချိန် မဟုတ်တော့ဘူး။ လောကရဲ့ အာရုံပျံ့လွင့်စရာတွေကြောင့် တစ်ကိုယ်တည်းဆုတောင်းဖို့အချိန် မရှိတာမျိုး ဘယ်တော့မှ မဖြစ်သင့်ဘူး။ အဲဒီအစား ‘ဆုတောင်းခြင်းအမှုမှာ နိုးနိုးကြားကြားရှိ’ နေကြစို့။ အဲဒီလိုလုပ်နေတာက ယေဟောဝါရဲ့နေ့ကို ကျွန်ုပ်တို့ စောင့်မျှော်နေစဉ်မှာ ကျွန်ုပ်တို့ဟာ “သန့်ရှင်းသောအမူအကျင့်များ ကျင့်၍ ဘုရားတရား ဆည်းကပ်သူများဖြစ်” ဖို့ အထောက်အကူပြုပါလိမ့်မယ်။ (၂ ပေ. ၃:၁၁၊ ၁၂) ကျွန်ုပ်တို့ နိုးနိုးကြားကြားရှိနေသလား၊ ဒီစနစ်ဆိုးရဲ့အဆုံး နီးနေပြီဆိုတာကို ယုံကြည်သလားဆိုတာ ကျွန်ုပ်တို့ရဲ့ အသက်ရှင်နေထိုင်ပုံက ဖော်ပြမှာဖြစ်တယ်။ ဒါကြောင့် “မခြားမလပ် ဆုတောင်းကြ” စို့။ (၁ သက်. ၅:၁၇) ကျွန်ုပ်တို့ဟာ ယေရှုကို တုပပြီး ယေဟောဝါထံ တစ်ယောက်တည်းဆုတောင်းဖို့ နေရာရှာသင့်တယ်။ ယေဟောဝါထံ ဆုတောင်းဖို့ ကျွန်ုပ်တို့ အချိန်အလုံအလောက်ယူတယ်ဆိုရင် ကိုယ်တော်နဲ့ ပိုရင်းနှီးလာပါလိမ့်မယ်။ (ယာ. ၄:၇၊ ၈) အဲဒါက တကယ့်ကောင်းချီးတစ်ခုပါပဲ။
၁၈ “ခရစ်တော်သည် လူသားတစ်ဦးဖြစ်စဉ်က မိမိကို သေခြင်းမှကယ်တင်ပေးနိုင်သောအရှင်အား အော်ဟစ်ကြွေးကြော်၍ မျက်ရည်ကျလျက် တိုးလျှိုးအသနားခံ ဆုတောင်းသောအခါ ဘုရားသခင်ကို ကြောက်ရွံ့သောသဘောရှိသောကြောင့် နားညောင်းခံရတော်မူ၏” လို့ကျမ်းစာမှာ ပြောတယ်။ (ဟေဗြဲ ၅:၇) ယေရှုဟာ ယေဟောဝါထံ တိုးလျှိုးအသနားခံ၊ ဆုတောင်းခဲ့တယ်၊ သူ့ရဲ့မြေကြီးအသက်တာ ကုန်ဆုံးတဲ့အထိ ဘုရားသခင်ကို သစ္စာစောင့်သိခဲ့တယ်။ ယေရှုရဲ့ သစ္စာရှိမှုကြောင့် ယေဟောဝါဟာ သားတော်ကို အသက်ပြန်ရှင်စေခဲ့ပြီး ကောင်းကင်မှာ မသေနိုင်တဲ့အသက်ကို ပေးခဲ့တယ်။ ကျွန်ုပ်တို့လည်း အနာဂတ်မှာ ဘယ်လို သွေးဆောင်မှုတွေ၊ စမ်းသပ်မှုတွေပဲ ကြုံရပါစေ ကောင်းကင်ဖခင်အပေါ် ဆက်ပြီး သစ္စာရှိနိုင်ပါတယ်။ ကျွန်ုပ်တို့က ‘ဆုတောင်းခြင်းအမှုမှာ နိုးနိုးကြားကြား ရှိ’ နေတယ်ဆိုရင် ထာဝရအသက်ဆု ရရှိနိုင်ပါတယ်။