ငယ်ရွယ်စဉ်မှာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေချပါ
‘ငယ်ရွယ်တဲ့ယောက်ျားမိန်းမတို့ ယေဟောဝါရဲ့နာမည်ကို ချီးမွမ်းကြပါ။’—ဆာ. ၁၄၈:၁၂၊ ၁၃၊ ကဘ။
၁။ လူငယ်များစွာဟာ ဘယ်ကဏ္ဍတွေမှာ ပါဝင်လုပ်ဆောင်နေကြသလဲ။
ကျွန်ုပ်တို့ဟာ အလွန်အရေးကြီးတဲ့အချိန်မှာ အသက်ရှင်နေကြတယ်။ လူမျိုးပေါင်းစုံပါဝင်တဲ့ သန်းနဲ့ချီတဲ့သူတွေ ယေဟောဝါကို ဒီလိုမျိုး ဝတ်ပြုကိုးကွယ်လာကြတာ တစ်ခါမှ မကြုံဖူးဘူး။ (ဗျာ. ၇:၉၊ ၁၀) လူငယ်လူရွယ်များစွာဟာ “အသက်ရေကိုအခမဲ့ယူပါ” ဆိုပြီး တခြားသူတွေကို ဖိတ်ခေါ်ခြင်းကနေ တွေ့ကြုံမှုကောင်းတွေ ရရှိနေကြတယ်။ (ဗျာ. ၂၂:၁၇) ဒီလူငယ်တွေဟာ တခြားသူတွေ ကျမ်းစာလေ့လာပြီး ဘဝတိုးတက်လာဖို့ ကူညီပေးနေကြတယ်။ တချို့ဆိုရင် ဘာသာစကားတစ်မျိုးကို ကြိုးစားသင်ယူပြီး နိုင်ငံခြားဘာသာစကားပြော ရပ်ကွက်တွေမှာ သတင်းကောင်း ဟောပြောနေကြတယ်။ (ဆာ. ၁၁၀:၃; ဟေရှာ. ၅၂:၇) ပျော်ရွှင်မှု ခံစားရစေတဲ့ ဒီလုပ်ငန်းမှာ ပါဝင်နိုင်ဖို့ သင် ဘာလုပ်နိုင်သလဲ။
၂။ ယေဟောဝါက လူငယ်တွေကို တာဝန်တွေပေးချင်တယ်ဆိုတာ တိမောသေရဲ့ဖြစ်ရပ်ကနေ ဘယ်လိုသိရသလဲ။ (ဆောင်းပါးအစမှာပါတဲ့ ရုပ်ပုံကိုကြည့်ပါ။)
၂ အခုအချိန်မှာ သင် ချလိုက်တဲ့ဆုံးဖြတ်ချက်တွေက အနာဂတ်မှာ ယေဟောဝါရဲ့အမှုဆောင်ဖို့ အခွင့်အရေးတွေရရှိစေနိုင်တယ်။ ဥပမာ၊ တိမောသေဟာ ငယ်ငယ်ကတည်းက မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေချခဲ့လို့ အသက် ၂၀ ဝန်းကျင်မှာ သာသနာပြုတာဝန်ထမ်းဆောင်ဖို့ အရည်အချင်းပြည့်မီနေပြီ။ (တ. ၁၆:၁-၃) သက်သာလောနိတ်က ညီအစ်ကိုတွေ ပြင်းပြင်းထန်ထန်နှိပ်စက်ခံရပြီး လအနည်းငယ်အကြာမှာ ပေါလုက တိမောသေကို အဲဒီအသင်းတော်သစ်ကို သွားဖို့ပြောခဲ့တယ်။ ပေါလုဟာ သက်သာလောနိတ်ကနေ မဖြစ်မနေ ထွက်သွားခဲ့ရတယ်၊ ဒါပေမဲ့ အဲဒီက ညီအစ်ကိုတွေကို တိမောသေ အားပေးနိုင်မယ်လို့ ပေါလုယုံကြည်စိတ်ချခဲ့တယ်။ (တ. ၁၇:၅-၁၅; ၁ သက်. ၃:၁၊ ၂၊ ၆) အဲဒီတာဝန်ရတဲ့အချိန်မှာ တိမောသေ ဘယ်လောက်စိတ်လှုပ်ရှားနေမယ်ဆိုတာ မြင်ယောင်ကြည့်ပါ။
အရေးကြီးဆုံး ဆုံးဖြတ်ချက်
၃။ သင့်ဘဝမှာ ဘယ်အရေးကြီးဆုံး ဆုံးဖြတ်ချက်ကို ချရမလဲ၊ အဲဒီဆုံးဖြတ်ချက်ကို ဘယ်အချိန်မှာ ချသင့်သလဲ။
၃ အရေးကြီးတဲ့ဆုံးဖြတ်ချက်တွေ ချရတဲ့အချိန်က သင်တို့ငယ်ရွယ်စဉ်အချိန်ပဲ။ သင်ချရမယ့် အရေးကြီးဆုံး ဆုံးဖြတ်ချက်တစ်ခုက ဘာလဲ။ ယေဟောဝါကို အမှုဆောင်ဖို့ဖြစ်တယ်။ ဒီဆုံးဖြတ်ချက်ကိုချနိုင်တဲ့ အကောင်းဆုံးအချိန်က ဘယ်အချိန်လဲ။ ယေဟောဝါက သင့်ရဲ့လူငယ်ဘဝမှာ သူ့ကို သတိရပါလို့ပြောတယ်။ (ဒေ. ၁၂:၁) ကိုယ်တော့်ကို သတိရနိုင်တဲ့ တစ်ခုတည်းသောနည်းလမ်းက ကိုယ်တော့်ကို စိတ်နှလုံးအကြွင်းမဲ့ အမှုဆောင်ခြင်းပဲ။ (တရား. ၁၀:၁၂) အဲဒါက သင်ချရမယ့်ဆုံးဖြတ်ချက်တွေထဲက အရေးကြီးဆုံး ဆုံးဖြတ်ချက်ဖြစ်တယ်။ အဲဒါက ကျန်တဲ့သင့်အသက်တာတစ်ခုလုံးအပေါ် အကျိုးသက်ရောက်ပါလိမ့်မယ်။—ဆာ. ၇၁:၅။
၄။ ဘယ်အရေးကြီးတဲ့ဆုံးဖြတ်ချက်တွေက သင့်အမှုဆောင်လုပ်ငန်းအပေါ် အကျိုးသက်ရောက်မှုရှိသလဲ။
၄ ယေဟောဝါရဲ့အမှုတော်ကို ထမ်းဆောင်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်တစ်ခုတည်းကပဲ သင့်အနာဂတ်အပေါ် အကျိုးသက်ရောက်တာ မဟုတ်ပါဘူး။ အိမ်ထောင်ပြုသင့် မပြုသင့်၊ ဘယ်သူနဲ့လက်ထပ်မယ်၊ ဘာအလုပ်လုပ်မယ်ဆိုတာတွေနဲ့ ပတ်သက်ပြီးတော့လည်း ဆုံးဖြတ်ရမှာဖြစ်တယ်။ အဲဒါတွေက အရေးကြီးတဲ့ဆုံးဖြတ်ချက်တွေ ဖြစ်တယ်။ ဒါပေမဲ့ သင်ဟာ အရင်ဆုံး ယေဟောဝါရဲ့အမှုတော်ကို စိတ်နှလုံးအကြွင်းမဲ့ထမ်းဆောင်ဖို့ ဆုံးဖြတ်ရမှာဖြစ်တယ်။ (တရား. ၃၀:၁၉၊ ၂၀) ဘာကြောင့်လဲ။ အကြောင်းကတော့ အဲဒီဆုံးဖြတ်ချက်တွေက တစ်ခုနဲ့ တစ်ခုချိတ်ဆက်နေတယ်။ အိမ်ထောင်၊ အလုပ်အကိုင်နဲ့ပတ်သက်တဲ့ သင့်ဆုံးဖြတ်ချက်က သင့်ရဲ့ မှုဆောင်လုပ်ငန်းအပေါ် အကျိုးသက်ရောက်ပါလိမ့်မယ်။ အဲဒီလိုပဲ ဘုရားသခင့်အမှုဆောင်လိုတဲ့ သင့်ဆန္ဒက အိမ်ထောင်၊ အလုပ်အကိုင်နဲ့ပတ်သက်တဲ့ သင့်ရွေးချယ်မှုတွေအပေါ် အကျိုးသက်ရောက်ပါလိမ့်မယ်။ (လုကာ ၁၄:၁၆-၂၀ နဲ့နှိုင်းယှဉ်ပါ။) ဒါကြောင့် သင့်ဘဝအတွက် အရေးကြီးဆုံးအရာကို ဆုံးဖြတ်ပါ။—ဖိ. ၁:၁၀။
ငယ်ရွယ်စဉ်မှာ သင် ဘာလုပ်မလဲ
၅၊ ၆။ မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေချတာက အနာဂတ်မှာ ယေဟောဝါကိုအမှုဆောင်ဖို့ အခွင့်အလမ်းတွေ ရရှိစေတယ်ဆိုတာ ယူအီချီရိုရဲ့ အတွေ့အကြုံက ဘယ်လိုဖော်ပြသလဲ။ (ဒီစာစောင်မှာပါတဲ့ “ကျွန်တော် ကလေးဘဝက ရွေးချယ်ခဲ့တဲ့အရာ” ဆောင်းပါးကိုလည်းကြည့်ပါ။)
၅ ယေဟောဝါအတွက် အမှုဆောင်ဖို့ဆုံးဖြတ်ရာမှာ ကိုယ်တော် သင့်ကို ဘာလုပ်စေချင်သလဲဆိုတာ သိအောင် အရင်လုပ်ပါ၊ ပြီးတဲ့နောက် သင် ဘယ်လိုအမှုဆောင်မယ်ဆိုတာ ဆုံးဖြတ်ပါ။ ဂျပန်ညီအစ်ကိုတစ်ယောက် ဒီလိုရေးတယ်– “ကျွန်တော်အသက် ၁၄ နှစ်တုန်းက အကြီးအကဲတစ်ယောက်နဲ့အတူ အမှုဆောင်သွားခဲ့တယ်၊ ကျွန်တော်အမှုဆောင်ထွက်ရတာ မပျော်ဘူးဆိုတာကို အဲဒီအကြီးအကဲက သတိထားမိတယ်။ သူက ကျွန်တော့်ကို ကြင်ကြင်နာနာနဲ့ ‘အိမ်ပြန်လိုက်ပါ၊ ယူအီချီရို။ မင်းရဲ့စာကြည့်စားပွဲမှာထိုင်ပြီး ယေဟောဝါ မင်းအတွက် လုပ်ပေးထားတာတွေကို သေသေချာချာ စဉ်းစားပါ’ လို့ပြောတယ်။ သူပြောတဲ့အတိုင်း ကျွန်တော် လုပ်ခဲ့တယ်။ ကျွန်တော်ဟာ ရက်နဲ့ချီပြီး သေချာစဉ်းစား၊ ဆုတောင်းခဲ့တယ်။ တဖြည်းဖြည်းနဲ့ ကျွန်တော့်သဘောထား ပြောင်းလဲသွားတယ်။ သိပ်မကြာခင်မှာ ကျွန်တော် ယေဟောဝါရဲ့အမှုဆောင်ရတာ ပျော်လာတယ်။ သာသနာပြုတွေအကြောင်းဖတ်ရတာကို ကြိုက်လာပြီး ဘုရားသခင်ကို ပိုအမှုဆောင်ဖို့ စ,စဉ်းစားလာတယ်။”
၆ ယူအီချီရိုဟာ မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေကို စပြီးချလာတယ်။ အဲဒါကြောင့် နောက်ပိုင်းမှာ သူဟာ တခြားနိုင်ငံတစ်ခုမှာ အမှုဆောင်နိုင်ခဲ့တယ်။ သူဒီလိုပြောတယ်– “ဥပမာအနေနဲ့ပြောပြရင် ကျွန်တော်က အင်္ဂလိပ်ဘာသာစကားကို လေ့လာဖို့ ရွေးချယ်လိုက်တယ်။ ကျွန်တော် အထက်တန်းကျောင်းပြီးသွားတဲ့နောက်မှာ ရှေ့ဆောင်လုပ်နိုင်ဖို့ အင်္ဂလိပ်စာသင်ပေးတဲ့အလုပ်ကို အချိန်ပိုင်းအလုပ်အဖြစ် ရွေးချယ်လိုက်တယ်။ ကျွန်တော် အသက် ၂၀ ရောက်တဲ့အခါ မွန်ဂိုလီယားဘာသာစကားကို စလေ့လာခဲ့ပြီး မွန်ဂိုလီယားကြေညာသူအုပ်စုဆီ သွားလည်ဖို့ အခွင့်အရေးရခဲ့တယ်။ နှစ်နှစ်ကြာပြီးတဲ့နောက် ၂၀၀၇ ခုနှစ်မှာ ကျွန်တော် မွန်ဂိုလီယားနိုင်ငံကို အလည်သွားခဲ့တယ်။ အဲဒီမှာရှိတဲ့ ရှေ့ဆောင်တချို့နဲ့ အမှုဆောင်ထွက်တဲ့အခါ အမှန်တရားကိုရှာဖွေနေသူ အများကြီးကို တွေ့ရတယ်။ ကျွန်တော် အဲဒီကို ပြောင်းရွှေ့ပြီး ကူညီပေးချင်ခဲ့တယ်။ ကျွန်တော် ဂျပန်ကိုပြန်ပြီး အစီအစဉ်တွေဆွဲတယ်။ ၂၀၀၈၊ ဧပြီလကစပြီး မွန်ဂိုလီယားနိုင်ငံမှာ ရှေ့ဆောင်လုပ်ခဲ့တယ်။ ဒီမှာနေရတာ လွယ်တော့မလွယ်ဘူး။ ဒါပေမဲ့ လူတွေက သတင်းကောင်းကို လက်ခံကြတယ်၊ သူတို့ကို ယေဟောဝါနဲ့ ရင်းနှီးတဲ့ဆက်ဆံရေးရှိလာအောင် ကျွန်တော် ကူညီပေးနိုင်တယ်။ ကျွန်တော်ရွေးချယ်လိုက်တာက အကောင်းဆုံးဘဝလမ်းစဉ်ပဲလို့ ခံစားရတယ်။”
၇။ သင် ဘယ်ဆုံးဖြတ်ချက်တွေ ချဖို့လိုသလဲ။ မောရှေဆီကနေ ဘာသင်ယူနိုင်သလဲ။
၇ သင့်ဘဝမှာ ယေဟောဝါအတွက် ဘယ်လိုအမှုဆောင်မယ်ဆိုတာကို သင်ကိုယ်တိုင် ဆုံးဖြတ်ရမှာဖြစ်တယ်။ (ယောရှု ၂၄:၁၅) သင် အိမ်ထောင်ပြုသင့်သလား မပြုသင့်ဘူးလား၊ ဘယ်သူနဲ့အိမ်ထောင်ပြုသင့်တယ်၊ ဘယ်လိုအလုပ်အကိုင်မျိုး ရွေးချယ်သင့်တယ်ဆိုတာတွေကို တခြားသူက ပြောပေးလို့မရဘူး။ သင်တန်းနည်းနည်းပဲ တက်ဖို့လိုတဲ့အလုပ်မျိုး လုပ်မလား။ သင်တို့ထဲက တချို့သူတွေဟာ ဆင်းရဲတဲ့တောရွာတွေမှာနေပြီး တချို့သူတွေက ချမ်းသာတဲ့မြို့ကြီးတွေမှာ နေကြတယ်။ သင်တို့မှာ မတူညီတဲ့ ကိုယ်ရည်ကိုယ်သွေးတွေ၊ အတတ်ပညာတွေ၊ လေ့ကျင့်မှုတွေ၊ စိတ်ဝင်စားရာတွေနဲ့ အမှုဆောင်လုပ်ငန်းပန်းတိုင်တွေ ရှိကြတယ်။ ရှေးအချိန်က ယေဟောဝါကို အမှုဆောင်ခဲ့တဲ့လူငယ်တွေလည်း ဘဝနောက်ခံအမျိုးမျိုး ရှိကြတယ်။ ဥပမာ၊ အီဂျစ်ပြည်မှာ ကြီးပြင်းခဲ့တဲ့မောရှေက ချမ်းသာပေမဲ့ တခြားဟေဗြဲလူငယ်တွေက ကျွန်တွေဖြစ်ကြတယ်။ (ထွ. ၁:၁၃၊ ၁၄; တ. ၇:၂၁၊ ၂၂) သင်တို့လိုပဲ သူတို့လည်း အရေးကြီးတဲ့ဆုံးဖြတ်ချက်တွေ ချရမယ့်အချိန်တွေမှာ အသက်ရှင်ခဲ့ကြတယ်။ (ထွ. ၁၉:၄-၆) ဒါပေမဲ့ ကိုယ့်ဘဝမှာ ဘာလုပ်မယ်ဆိုတာကိုတော့ ကိုယ့်ဘာသာကိုယ် ဆုံးဖြတ်ရမှာဖြစ်တယ်။ မောရှေကတော့ ယေဟောဝါရဲ့အလိုတော်ကို လုပ်ဆောင်ဖို့ မှန်ကန်တဲ့ဆုံးဖြတ်ချက်ချခဲ့တယ်။—ဟေဗြဲ ၁၁:၂၄-၂၇ ကိုဖတ်ပါ။
၈။ မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေချဖို့ ဘယ်ကနေ အကူအညီရနိုင်သလဲ။
၈ မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေ ချနိုင်ဖို့အတွက် ယေဟောဝါ သင့်ကို အကြံဉာဏ်ပေးပါတယ်။ ဘယ်လို ပေးသလဲ။ သင့်အခြေအနေ ဘယ်လိုပဲရှိပါစေ သင့်အတွက် အသုံးဝင်တဲ့ ကျမ်းစာလမ်းညွှန်ချက်တွေ သင်ပေးတယ်။ (ဆာ. ၃၂:၈) အဲဒီလမ်းညွှန်ချက်တွေကို ဘယ်လို ကျင့်သုံးရမယ်ဆိုတာ မသိဘူးဆိုရင် သင့်မိဘတွေ ဒါမှမဟုတ် အကြီးအကဲတွေဆီမှာ အကူအညီတောင်းနိုင်ပါတယ်။ (သု. ၁:၈၊ ၉) မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေချရာမှာ သင့်အတွက် အထောက်အကူဖြစ်စေမယ့် ကျမ်းစာလမ်းညွှန်ချက်သုံးခုကို လေ့လာကြည့်ကြစို့။
အကူအညီဖြစ်စေတဲ့ ကျမ်းစာလမ်းညွှန်ချက်သုံးခု
၉။ (က) လွတ်လွတ်လပ်လပ် ဆုံးဖြတ်ချက်ချဖို့ ခွင့်ပြုခြင်းအားဖြင့် ယေဟောဝါ ကျွန်ုပ်တို့ကို ဘယ်လိုဂုဏ်တင်သလဲ။ (ခ) နိုင်ငံတော်ကို ဦးစွာရှာမယ်ဆိုရင် သင် ဘယ်အခွင့်အရေး ရရှိမလဲ။
၉ ဘုရားသခင့်နိုင်ငံတော်နဲ့ ကိုယ်တော့်ဖြောင့်မတ်ခြင်းကို ဦးစွာရှာပါ။ (မဿဲ ၆:၁၉-၂၁၊ ၂၄-၂၆၊ ၃၁-၃၄ ကိုဖတ်ပါ။) သင့်အချိန်ကို ဘယ်လိုအသုံးပြုမယ်ဆိုတာနဲ့ ပတ်သက်ပြီး လွတ်လွတ်လပ်လပ် ဆုံးဖြတ်ခွင့်ပေးထားခြင်းအားဖြင့် ယေဟောဝါ သင့်ကို ဂုဏ်တင်တယ်။ သင့်အချိန်အားလုံးကို ဟောပြောခြင်းလုပ်ငန်းမှာ အသုံးပြုရမယ်လို့ ကိုယ်တော် မတောင်းဆိုပါဘူး။ ဒါပေမဲ့ နိုင်ငံတော်ကို ဦးစွာရှာဖို့အရေးကြီးကြောင်း ကျွန်ုပ်တို့ကို ယေရှု သင်ပေးတယ်။ နိုင်ငံတော်ကို သင် ဦးစွာရှာတဲ့အခါ တခြားလုပ်ဆောင်စရာ အခွင့်အလမ်းအများကြီး ပွင့်လာမယ်။ ဥပမာ၊ ယေဟောဝါနဲ့ လူတွေကိုချစ်ကြောင်း၊ ထာဝရအသက် မျှော်လင့်ချက်အတွက် ကျေးဇူးတင်ကြောင်း ဖော်ပြဖို့ သင် အခွင့်အရေးများစွာ ရရှိလာပါလိမ့်မယ်။ အိမ်ထောင်၊ အလုပ်အကိုင်နဲ့ပတ်သက်တဲ့ ဆုံးဖြတ်ချက်တွေချတဲ့အခါ အဲဒီဆုံးဖြတ်ချက်တွေက သင့်ကို ဥစ္စာပစ္စည်းအတွက် စိုးရိမ်ပူပန်မှု ပိုဖြစ်စေမလား၊ ဒါမှမဟုတ် နိုင်ငံတော်နဲ့ ကိုယ်တော့်ဖြောင့်မတ်ခြင်းအတွက် ထက်သန်ကြောင်း ဖော်ပြရာရောက်မလားဆိုတာ စဉ်းစားသုံးသပ်ပါ။
၁၀။ ဘာက ယေရှုကို ပျော်ရွှင်စေသလဲ၊ ပျော်ရွှင်မှုခံစားရဖို့ သင် ဘာလုပ်ရမလဲ။
၁၀ တခြားသူတွေရဲ့အကျိုးကို လုပ်ဆောင်ခြင်းကနေ ပျော်ရွှင်မှုခံစားပါ။ (တမန်တော် ၂၀:၂၀၊ ၂၁၊ ၂၄၊ ၃၅ ကိုဖတ်ပါ။) ဘဝအတွက် အဲဒီအခြေခံလမ်းညွှန်ချက်ကို ယေရှု သင်ပေးခဲ့တယ်။ သူဟာ သူ့ဆန္ဒထက် ခမည်းတော်ရဲ့အလိုတော်ကို လုပ်ဆောင်ခဲ့လို့ ပျော်ရွှင်ခဲ့တယ်။ သူဟောပြောတဲ့သတင်းကောင်းကို နှိမ့်ချသူတွေ နားထောင်လို့ ပျော်ရွှင်ခဲ့တယ်။ (လု. ၁၀:၂၁; ယော. ၄:၃၄) သင်လည်း တခြားသူတွေအကျိုးအတွက် လုပ်ဆောင်ခဲ့လို့ ပျော်ရွှင်မှု ခံစားခဲ့ရတာဖြစ်နိုင်တယ်။ ဒါကြောင့် ယေရှုသင်ပေးတဲ့ လမ်းညွှန်ချက်တွေအပေါ် အခြေခံပြီး ဆုံးဖြတ်ချက်ချပါ။ အဲဒီလိုလုပ်ဆောင်တာက သင့်ကို ပျော်ရွှင်စေမှာဖြစ်ပြီး ယေဟောဝါကိုလည်း ပျော်ရွှင်စေပါလိမ့်မယ်။—သု. ၂၇:၁၁။
၁၁။ ဗာရုတ်ရဲ့ပျော်ရွှင်မှု ဘာကြောင့် ပျောက်ဆုံးသွားသလဲ၊ ယေဟောဝါ သူ့ကို ဘာသွန်သင်ချက်ပေးခဲ့သလဲ။
၁၁ ယေဟောဝါအတွက် အမှုဆောင်ခြင်းက အကြီးမားဆုံးပျော်ရွှင်မှု ခံစားရစေတယ်။ (သု. ၁၆:၂၀) ယေရမိရဲ့စာရေး ဗာရုတ်ဟာ သူ့ဘဝရဲ့တစ်ချိန်ချိန်မှာ ပျော်ရွှင်မှုပျောက်ဆုံးခဲ့ပုံရတယ်။ ဗာရုတ်ဟာ ယေဟောဝါအလိုရှိတာထက် သူလိုချင်တာကို စတင်စဉ်းစားလာတယ်။ ဒါကို ယေဟောဝါသိမြင်ပြီး “ကြီးစွာသောအရာ” တွေကို ဆက်မရှာနဲ့တော့လို့ သူ့ကို ပြောခဲ့တယ်။ တကယ်လို့ သူနားထောင်တယ်ဆိုရင် ဂျေရုဆလင်ပျက်စီးတဲ့အခါ ကယ်တင်ခံရပါလိမ့်မယ်။ (ယေ. ၄၅:၃၊ ၅) ဘာက ဗာရုတ်ကို ပျော်ရွှင်စေမလဲ။ သူကြိုက်တာကိုလုပ်ပြီး ဖျက်ဆီးခံရတာကလား၊ ဒါမှမဟုတ် ယေဟောဝါကြိုက်တာကိုလုပ်ပြီး ဂျေရုဆလင်ပျက်စီးတဲ့အခါ ကယ်တင်ခံရတာကလား။—ယာ. ၁:၁၂။
၁၂။ ဘယ်ဆုံးဖြတ်ချက်က ရာမီရိုကို ပိုပျော်ရွှင်စေခဲ့သလဲ။
၁၂ တခြားသူတွေရဲ့အကျိုးကို လုပ်ဆောင်ခြင်းကနေ ပျော်ရွှင်မှုခံစားရတဲ့ ညီအစ်ကိုတစ်ယောက်ကတော့ ရာမီရိုပါပဲ။ သူ ဒီလိုပြောတယ်– “ကျွန်တော်ဟာ အင်ဒီးစ်တောင်တန်းတွေပေါ်က ရွာတစ်ရွာမှာနေတဲ့ ဆင်းရဲတဲ့မိသားစုရဲ့ မိသားစုဝင်တစ်ယောက်ဖြစ်တယ်။ ဒါကြောင့် ကျွန်တော့်အစ်ကိုက ကျွန်တော်တက္ကသိုလ်တက်ဖို့ ထောက်ပံ့ပေးမယ်လို့ပြောတဲ့အခါ အဲဒါက တကယ့်အခွင့်ထူးတစ်ခုဖြစ်ခဲ့တယ်။ ဒါပေမဲ့ ကျွန်တော်က ယေဟောဝါသက်သေတစ်ယောက်အဖြစ် နှစ်ခြင်းခံပြီးတာ မကြာသေးဘူး၊ ပြီးတော့ ရှေ့ဆောင်တစ်ယောက်က သူနဲ့အတူ မြို့ငယ်လေးတစ်မြို့မှာ ဟောပြောဖို့ ကျွန်တော့်ကို ဖိတ်ခေါ်ထားတယ်။ ကျွန်တော် အဲဒီကိုသွားပြီး ဆံပင်ညှပ်သင်တယ်၊ ပြီးတော့ ကိုယ့်ကိုယ်ကို ထောက်ပံ့ဖို့ ဆံသဆိုင်တစ်ဆိုင် ဖွင့်လိုက်တယ်။” အဲဒီမြို့က လူများစွာဟာ ကျမ်းစာသင်အံမှုတွေ လက်ခံကြတယ်။ နောက်ပိုင်း အဲဒီမှာ ဒေသခံဘာသာစကားနဲ့ အသင်းတော်သစ်တစ်ခု စတင်ဖွဲ့စည်းခဲ့တယ်။ ဒါကြောင့် အဲဒီအသင်းတော်နဲ့ ပူးပေါင်းဖို့ ရာမီရို ဆုံးဖြတ်လိုက်တယ်၊ အခုဆိုရင် အဲဒီမှာ အမှုဆောင်နေတာ ဆယ်နှစ်ရှိပြီ။ လူတွေကို သူတို့ရဲ့ဘာသာစကားနဲ့ ကျမ်းစာအမှန်တရားအကြောင်း သင်ပေးရတာက သူ့အတွက် အပျော်ရွှင်ဆုံးပဲလို့ ရာမီရိုက ပြောတယ်။
ရာမီရိုဟာ ငယ်ရွယ်စဉ်ကတည်းက ယေဟောဝါရဲ့အမှုဆောင်ရတာကို ပျော်မွေ့ခဲ့ (အပိုဒ် ၁၂ ကိုကြည့်ပါ)
၁၃။ ယေဟောဝါကို စိတ်နှလုံးအကြွင်းမဲ့ အမှုဆောင်ဖို့ အကောင်းဆုံးအချိန်က ဘာကြောင့် အခုအချိန်ဖြစ်သလဲ။
၁၃ ငယ်ရွယ်စဉ် ယေဟောဝါရဲ့အမှုဆောင်ခြင်းမှာ ပျော်မွေ့ပါ။ (ဒေသနာ ၁၂:၁ ကိုဖတ်ပါ။) ရှေ့ဆောင်မလုပ်ခင် အရင်ဆုံး အလုပ်ကောင်းကောင်း တစ်ခုရှိရမယ်လို့ မယူဆပါနဲ့။ ယေဟောဝါရဲ့အမှုတော်ကို သင် စိတ်နှလုံးအကြွင်းမဲ့ စလုပ်ဆောင်ဖို့ အကောင်းဆုံးအချိန်က မိသားစုတာဝန်တွေမရှိသေးတဲ့ အခုအချိန်ပဲ။ ခက်ခဲတဲ့တာဝန်တွေကို လုပ်ဆောင်ဖို့ သင် ကျန်းမာရေးကောင်းတယ်၊ ခွန်အားရှိတယ်။ ယေဟောဝါအတွက် သင် ဘာလုပ်ချင်သလဲ။ သင့်ပန်းတိုင်က ရှေ့ဆောင်လုပ်ဖို့ဖြစ်နိုင်တယ် ဒါမှမဟုတ် တခြားဘာသာစကားတစ်ခုနဲ့ လူတွေကို ဟောပြောဖို့ ဖြစ်နိုင်တယ်။ သင့်အသင်းတော်မှာ ပိုအမှုဆောင်ဖို့ ဖြစ်နိုင်တယ်။ သင့်ပန်းတိုင်က ဘာပဲဖြစ်နေပါစေ သင် ဝင်ငွေရှိဖို့လိုတယ်။ သင့်ကိုသင် ဒီလိုမေးပါ– ‘ငါ ဘယ်လိုအလုပ်မျိုး လုပ်မလဲ၊ အဲဒီအလုပ်အတွက် ငါ ဘယ်လောက်ကြာကြာ လေ့လာသင်ယူရမလဲ။’
မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေချဖို့ ကျမ်းစာလမ်းညွှန်ချက်တွေ သုံးပါ
၁၄။ အလုပ်အကိုင်ရှာဖွေတဲ့အခါ ဘာကို သတိပြုဖို့လိုသလဲ။
၁၄ ဘယ်အလုပ်အကိုင်က သင့်အတွက် သင့်တော်တယ်ဆိုတာ ဆုံးဖြတ်ရာမှာ အထောက်အကူပြုမယ့် ကျမ်းစာလမ်းညွှန်ချက်သုံးခုကို ကျွန်ုပ်တို့ ဆွေးနွေးခဲ့ကြတယ်။ သင့်ရဲ့ဆရာတွေနဲ့ အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီတွေက သင့်ဒေသမှာ ဒါမှမဟုတ် သင်အမှုဆောင်ဖို့ ရည်ရွယ်ထားတဲ့ဒေသမှာ ဘယ်လိုအလုပ်အကိုင်တွေ ရနိုင်တယ်ဆိုတာ သိမှာဖြစ်တယ်။ အဲဒီလူတွေဆီက အကူအညီတွေရနိုင်ပေမဲ့ သတိထားဖို့တော့လိုတယ်။ ယေဟောဝါကို မချစ်တဲ့သူတွေက သင့်စိတ်ထဲမှာ လောကကိုချစ်လာအောင် လုပ်ကြမှာဖြစ်တယ်။ (၁ ယော. ၂:၁၅-၁၇) လောကမှာရနိုင်တဲ့အရာတွေကို သင်ကြည့်တဲ့အခါ အဲဒါတွေက သင့်ကို အလွယ်တကူ လမ်းလွဲစေနိုင်တယ်ဆိုတာ သတိရပါ။—သုတ္တံ ၁၄:၁၅ ကိုဖတ်ပါ; ယေ. ၁၇:၉။
၁၅၊ ၁၆။ အလုပ်အကိုင်နဲ့ပတ်သက်ပြီး ဘယ်သူက သင့်ကို အကြံဉာဏ်ကောင်း ပေးနိုင်သလဲ။
၁၅ သင် ဘယ်လိုအလုပ်အကိုင်မျိုး ရနိုင်တယ်ဆိုတာ သိရပြီးတဲ့နောက်မှာလည်း အကြံပြုချက်လိုအပ်တယ်။ (သု. ၁:၅) သင့်ရဲ့အလုပ်အကိုင်ရွေးချယ်မှုကို ကျမ်းစာလမ်းညွှန်ချက်နဲ့ ဝေဖန်အကဲဖြတ်ရာမှာ ဘယ်သူတွေက သင့်ကို ကူညီပေးနိုင်သလဲ။ ယေဟောဝါကို ချစ်တဲ့သူ၊ သင့်ကိုချစ်တဲ့သူ၊ သင်နဲ့ သင့်အခြေအနေကို ကောင်းကောင်းသိတဲ့သူတွေရဲ့စကားကို နားထောင်ပါ။ သင်ဘာလုပ်နိုင်သလဲ၊ သင် ဘာလုပ်ချင်သလဲဆိုတာ သင့်ကိုသင် အမှန်အတိုင်း အကဲဖြတ်နိုင်အောင် သူတို့က ကူညီပေးပါလိမ့်မယ်။ သူတို့ပြောတာတွေက သင့်ရဲ့ပန်းတိုင်တွေကို ပြန်စဉ်းစားသုံးသပ်ဖို့ အထောက်အကူပြုပါလိမ့်မယ်။ သင့်မိဘတွေက ယေဟောဝါကိုချစ်တယ်ဆိုရင် သင့်အတွက် အများကြီးအထောက်အကူ ရနိုင်ပါတယ်။ သင့်အသင်းတော်က အကြီးအကဲတွေကလည်း သင့်ကို အကြံဉာဏ်ကောင်းတွေ ပေးပါလိမ့်မယ်။ ရှေ့ဆောင်တွေ၊ နယ်လှည့်ကြီးကြပ်မှူးတွေကို သူတို့ ဘာကြောင့် ယေဟောဝါရဲ့အမှုတော်ကို အချိန်ပြည့်လုပ်ဆောင်ဖို့ ဆုံးဖြတ်ခဲ့သလဲဆိုတာ မေးကြည့်ပါ။ သူတို့ ဘယ်လို ရှေ့ဆောင်စလုပ်ခဲ့ကြသလဲ။ ကိုယ့်ကိုယ်ကို ဘယ်လို ထောက်ပံ့ခဲ့ကြသလဲ။ သူတို့ ဘာကောင်းချီးတွေ ခံစားခဲ့ကြရသလဲ။—သု. ၁၅:၂၂။
၁၆ သင့်အကြောင်း ကောင်းကောင်းသိတဲ့သူတွေက သင့်ကို အကြံဉာဏ်ကောင်းတွေ ပေးနိုင်ပါတယ်။ ဥပမာ၊ သင် အထက်တန်းကျောင်းပြီးအောင်မတက်ဘဲ ရှေ့ဆောင်လုပ်ချင်တာက စာမကျက်ချင်လို့လား။ သင့်ကိုချစ်တဲ့သူတစ်ယောက်ဟာ သင်ဘာကြောင့် ကျောင်းထွက်ချင်သလဲဆိုတာကို အသေအချာ သိနေနိုင်တယ်။ ကျောင်းစာကို ကြိုးကြိုးစားစား သင်ယူတာက အလွယ်တကူ လက်မလျှော့တတ်ဖို့ ထောက်ကူပေးနိုင်တယ်ဆိုတာ သင်နားလည်လာအောင် သူကူညီပေးနိုင်တယ်။ ယေဟောဝါကို သင် ထာဝစဉ်အမှုဆောင်ချင်တယ်ဆိုရင် အလွယ်တကူလက်မလျှော့တတ်တဲ့ အရည်အသွေးလိုအပ်တယ်။—ဆာ. ၁၄၁:၅; သု. ၆:၆-၁၀။
၁၇။ ဘယ်အလုပ်အကိုင်မျိုးကို မရွေးချယ်သင့်သလဲ။
၁၇ ယေဟောဝါကို အမှုဆောင်သူတိုင်းဟာ သူတို့ရဲ့ယုံကြည်ခြင်းကို အားနည်းသွားစေပြီး ယေဟောဝါနဲ့ ဝေးကွာသွားစေနိုင်တဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်ရမှာဖြစ်တယ်။ (၁ ကော. ၁၅:၃၃; ကော. ၂:၈) တချို့အလုပ်အကိုင်တွေက သင့်ယုံကြည်ခြင်းအတွက် ပိုအန္တရာယ်ရှိနိုင်ပါတယ်။ တချို့သူတွေ အလုပ်အကိုင်တစ်ခုကို ရွေးချယ်ပြီးတဲ့နောက်မှာ ယုံကြည်ခြင်းပျောက်ဆုံးသွားတာကို သင် သတိထားမိပါလိမ့်မယ်။ (၁ တိ. ၁:၁၉) ယေဟောဝါနဲ့ သင့်ဆက်ဆံရေးကို ပျက်စီးစေနိုင်တဲ့ အလုပ်အကိုင်မျိုးကို မရွေးတာက ပညာရှိရာကျပါတယ်။—သု. ၂၂:၃။
ခရစ်ယာန်လူငယ်တစ်ယောက်ဖြစ်ရတာကို ပျော်ရွှင်ပါ
၁၈၊ ၁၉။ အခုအချိန်မှာ သင် ရှေ့ဆောင်လုပ်ချင်တဲ့ဆန္ဒ မရှိသေးဘူးဆိုရင် ဘာလုပ်နိုင်သလဲ။
၁၈ ယေဟောဝါရဲ့အမှုတော်ကို သင် တကယ်ဆောင်လိုတဲ့ ဆန္ဒရှိတယ်ဆိုရင် ငယ်ရွယ်စဉ်မှာ ရရှိတဲ့အခွင့်အရေးတွေကို အသုံးပြုပါ။ ယေဟောဝါရဲ့အမှုတော်မှာ ပါဝင်စေနိုင်တဲ့ ဆုံးဖြတ်ချက်တွေ ချရမယ့်အချိန်က အခုအချိန်ပါပဲ။—ဆာ. ၁၄၈:၁၂၊ ၁၃။
၁၉ ဒါပေမဲ့ သင့်မှာ ယေဟောဝါရဲ့အမှုတော်ကို လုပ်ဆောင်လိုတဲ့ဆန္ဒ မရှိသေးဘူးဆိုရင် ဘာလုပ်သင့်သလဲ။ ယေဟောဝါအပေါ် ခိုင်ခံ့တဲ့ယုံကြည်ခြင်းရှိလာအောင် လုပ်ဆောင်ရာမှာ လက်မလျှော့ပါနဲ့။ ပေါလုက ယေဟောဝါရဲ့ကောင်းချီးခံစားရဖို့ သူဘာလုပ်ခဲ့တယ်ဆိုတာ ပြောပြတယ်။ “အခြားစိတ်သဘောထားမျိုးရှိနေလျှင် သဘောထားမှန်ကို ဘုရားသခင်ဖော်ပြပေးပါလိမ့်မည်။ မည်သို့ပင်ဖြစ်စေ ငါတို့သည် တိုးတက်နိုင်သမျှ တိုးတက်ရန် တစ်ပုံစံတည်းဖြင့် စနစ်တကျ လျှောက်လှမ်းနေကြစို့” လို့ သူပြောခဲ့တယ်။ (ဖိ. ၃:၁၅၊ ၁၆) ယေဟောဝါ သင့်ကိုချစ်တယ်ဆိုတာ သတိရပါ။ ကိုယ်တော့်အကြံဉာဏ်က အကောင်းဆုံးပါပဲ။ သင် ငယ်ရွယ်ချိန်မှာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေချနိုင်အောင် ယေဟောဝါ သင့်ကို ကူညီပေးပါလိမ့်မယ်။