ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၁၇ မတ် စာ. ၈-၁၂
  • ဂုဏ်တင်ထိုက်သူကို ဂုဏ်တင်ပါ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဂုဏ်တင်ထိုက်သူကို ဂုဏ်တင်ပါ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၇
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • တခြားသူများကို သင့်တင့်မျှတစွာ ဂုဏ်တင်ခြင်း
  • ဂုဏ်တင်ခံထိုက်တဲ့ တခြားသူများ
  • သင့်တင့်မျှတစွာ ဂုဏ်တင်ခြင်းရဲ့ အကျိုးကျေးဇူးများ
  • ခပ်သိမ်းသောသူတို့ကို ရိုသေကြလော့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
  • ယေဟောဝါအားဂုဏ်ပြုခြင်း—⁠အဘယ်ကြောင့်နည်း၊ အဘယ်သို့နည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
  • ယုံကြည်သူချင်းများကို ဂုဏ်တင်ရာတွင် သင်ဦးဆောင်သလော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၀
  • သူတစ်ပါးကို ဂုဏ်တင်ပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၉
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၇
က၁၇ မတ် စာ. ၈-၁၂
ဗျာဒိတ်ကျမ်းပါ အကြီးအကဲ ၂၄ ပါး ယေဟောဝါ့ပလ္လင်ရှေ့ ပျပ်ဝပ်နေကြစဉ်

ဂုဏ်တင်ထိုက်သူကို ဂုဏ်တင်ပါ

“ပလ္လင်တော်ပေါ်တွင် ထိုင်တော်မူသောအရှင်နှင့် သိုးသငယ်သည် ကောင်းချီးမင်္ဂလာ၊ ဂုဏ်အသရေ၊ ဘုန်းအသရေ၊ အစွမ်းခွန်အားတို့နှင့် အစဉ်ထာဝရ ပြည့်စုံတော်မူပါစေ။”—ဗျာ. ၅:၁၃။

သီချင်း– ၉၊ ၁၀၈

သင် ဘယ်လို ဖြေမလဲ

  • ယေဟောဝါနဲ့ ခရစ်တော်ကို ဘာကြောင့် ဂုဏ်တင်ထိုက်သလဲ။

  • ဘယ်လူသားတွေ ဂုဏ်တင်ခံထိုက်သလဲ။ ဘာကြောင့်လဲ။

  • ဂုဏ်တင်ထိုက်သူကို ဂုဏ်တင်ခြင်းကနေ ဘာအကျိုးတွေ ရရှိသလဲ။

၁။ လူတချို့ ဘာကြောင့် ဂုဏ်တင်ခံထိုက်သလဲ။ ဘာအကြောင်း ဆွေးနွေးကြမလဲ။

တစ်ယောက်ယောက်ကို ဂုဏ်တင်တယ်ဆိုတာ အထူးအရေးပေးတာ၊ လေးစားတာကို ဆိုလိုတယ်။ အရေးပေး၊ လေးစားခံထိုက်သူဟာ ဂုဏ်ပြုထိုက်တဲ့အရာ တစ်ခုခုကို လုပ်ဆောင်ခဲ့သူ၊ အထူးတာဝန် ရရှိထားသူ ဖြစ်ရပါမယ်။ ဒါဆိုရင် ဘယ်သူ့ကို ဂုဏ်တင်သင့်သလဲ၊ ဘာကြောင့် ဂုဏ်တင်ထိုက်သလဲ။

၂၊ ၃။ (က) အထူးသဖြင့် ယေဟောဝါဟာ ဘာကြောင့် ဂုဏ်တင်ခံထိုက်သလဲ။ (ဆောင်းပါးအစမှာပါတဲ့ ရုပ်ပုံကို ကြည့်ပါ။) (ခ) ဗျာဒိတ် ၅:၁၃ မှာပါတဲ့ သိုးသငယ်က ဘယ်သူလဲ။ ဘာကြောင့် ဂုဏ်တင်ခံထိုက်သလဲ။

၂ ဗျာဒိတ် ၅:၁၃ မှာ ဖော်ပြထားတဲ့အတိုင်း “ပလ္လင်တော်ပေါ်တွင် ထိုင်တော်မူသောအရှင်နှင့် သိုးသငယ်” ဟာ တကယ်ပဲ ဂုဏ်တင်ခံထိုက်ပါတယ်။ ယေဟောဝါဟာ ဘာကြောင့် ဂုဏ်တင်ခံထိုက်မှန်း ဗျာဒိတ် အခန်းကြီး ၄ မှာ တွေ့ရတယ်။ “အစဉ်ထာဝရ အသက်ရှင်သောအရှင်” ယေဟောဝါကို ကောင်းကင်တမန်တွေ ချီးမွမ်းနေကြတယ်။ “ကျွန်ုပ်တို့၏ဘုရားသခင် ယေဟောဝါ၊ ကိုယ်တော်သည် အရာခပ်သိမ်းကို ဖန်ဆင်းတော်မူ၍ ကိုယ်တော်၏ အလိုတော်ကြောင့် ဖန်ဆင်းခံရပြီး တည်ရှိသည့်အတွက် ဘုန်းတော်၊ ဂုဏ်တော်၊ တန်ခိုးတော်ကို ရထိုက်တော်မူသည်” လို့ကြွေးကြော်ကြတယ်။—ဗျာ. ၄:၉-၁၁။

၃ သိုးသငယ်ဟာ “လောက၏အပြစ်ကို ဖယ်ရှားသော ဘုရားသခင်၏ သိုးသငယ်” ယေရှုခရစ် ဖြစ်တယ်။ (ယော. ၁:၂၉) လူသားဘုရင်အားလုံးထက် သာလွန်မြင့်မြတ်တယ်လို့ ကျမ်းစာမှာဖော်ပြတယ်။ “ဘုရင်တကာတို့၏ဘုရင်၊ သခင်တကာတို့၏သခင်ဖြစ်သော မင်းကြီးသည် . . . မချဉ်းကပ်နိုင်သော အလင်း၌ စံတော်မူ၍ မသေနိုင်သောအဖြစ်ကို တစ်ပါးတည်း ရထားသောသူ၊ မည်သူမျှ မမြင်ဖူး၊ မမြင်နိုင်သောသူ ဖြစ်တော်မူ၏” လို့ဆိုထားတယ်။ (၁ တိ. ၆:၁၄-၁၆) ကျွန်တော်တို့ရဲ့ အပြစ်တွေအတွက် ရွေးနုတ်ဖိုးအဖြစ် ဘယ်ဘုရင်ကများ လိုလိုလားလား အသေခံခဲ့ဖူးလို့လဲ။ ဒါကြောင့် “အသတ်ခံရသော သိုးသငယ်သည် တန်ခိုး၊ စည်းစိမ်၊ ဉာဏ်ပညာ၊ ခွန်အား၊ ဂုဏ်အသရေ၊ ဘုန်းအသရေနှင့် ကောင်းချီးမင်္ဂလာတို့ကို ခံထိုက်တော်မူ၏” လို့ကြွေးကြော်နေတဲ့ ကောင်းကင်တမန် အုပ်စုကြီးနဲ့ ပူးပေါင်းချင်စိတ် ဖြစ်လာမှာပဲ။—ဗျာ. ၅:၁၂။

၄။ ယေဟောဝါနဲ့ ခရစ်တော်ကို ဘာကြောင့် မဖြစ်မနေ ဂုဏ်တင်ရမလဲ။

၄ ယေဟောဝါနဲ့ ခရစ်တော်ကို မဖြစ်မနေ ဂုဏ်တင်ရပါမယ်။ ကျွန်တော်တို့ထာဝစဉ် အသက်ရှင်ရေးဟာ အဲဒီအပေါ် မူတည်နေတယ်။ ယောဟန် ၅:၂၂၊ ၂၃ မှာပါတဲ့ ယေရှုရဲ့ စကားတွေက အဲဒီအချက်ကို မြင်သာစေတယ်။ “ခမည်းတော်သည် မည်သူ့ကိုမျှ တရားစီရင်တော်မမူ။ တရားစီရင်ခြင်းအခွင့်ရှိသမျှကို သားတော်အား ပေးအပ်ထားတော်မူ၏။ လူအပေါင်းတို့သည် ခမည်းတော်ကို ဂုဏ်တင်ချီးမွမ်းသည့်နည်းတူ သားတော်ကို ဂုဏ်တင်ချီးမွမ်းမည်အကြောင်းတည်း။ သားတော်ကို ဂုဏ်မတင် မချီးမွမ်းသောသူသည် သားတော်ကို စေလွှတ်တော်မူသော ခမည်းတော်အား ဂုဏ်မတင် မချီးမွမ်းသောသူဖြစ်၏” လို့ပြောထားတယ်။—ဆာလံ ၂:၁၁၊ ၁၂ ကိုဖတ်ပါ။

၅။ လူအားလုံးကို ဘာကြောင့် အထိုက်အလျောက် ဂုဏ်တင်လေးစားသင့်သလဲ။

၅ လူသားတွေဟာ “ဘုရားသခင်၏ ပုံသဏ္ဌာန်တော်နှင့်အညီ” ဖန်ဆင်းခံထားရတယ်။ (က. ၁:၂၇) ဒါကြောင့် အများစုက ဘုရားသခင့် အရည်အသွေးတွေကို အတိုင်းအတာအမျိုးမျိုးနဲ့ တင်ပြနေကြတယ်။ လူသားတွေမှာ အချင်းချင်း ချစ်ခင်၊ ကြင်နာ၊ စာနာနိုင်စွမ်း ရှိကြတယ်။ မွေးရာပါသိစိတ် ထည့်သွင်းဖန်ဆင်းခံရတဲ့အတွက် အမှားနဲ့ အမှန်၊ ရိုးသားမှုနဲ့ မရိုးသားမှု၊ သင့်တော်တာနဲ့ မသင့်တော်တာကို ခွဲခြားသိရှိကြတယ်။ (ရော. ၂:၁၄၊ ၁၅) သန့်ရှင်းလှပတာကို ကြိုက်နှစ်သက်ကြတယ်။ ငြိမ်းချမ်းသင့်မြတ်စွာ နေထိုင်ချင်ကြတယ်။ သိသိ မသိသိ ယေဟောဝါရဲ့ ဘုန်းတော်ကို အတိုင်းအတာတစ်ခုအထိ ထင်ဟပ်နေကြတယ်။ ဒါကြောင့် လူတွေကိုလည်း ဂုဏ်တင်လေးစားထိုက်ပါတယ်။—ဆာ. ၈:၅။

တခြားသူများကို သင့်တင့်မျှတစွာ ဂုဏ်တင်ခြင်း

၆၊ ၇။ လူသားတွေကို ဂုဏ်တင်ရာမှာ ယေဟောဝါသက်သေတွေဟာ တခြားသူတွေနဲ့ ဘယ်လို ကွာခြားသလဲ။

၆ လူတွေကို ဘယ်လို ဂုဏ်တင်သင့်တယ်၊ ဘယ်လောက် ဂုဏ်တင်သင့်တယ်ဆိုတာကို ပိုင်းဖြတ်ရာမှာ သင့်တင့်မျှတမှုရှိဖို့ လိုတယ်။ မစုံလင်တဲ့ လူသားအများစုဟာ စာတန့်လောကရဲ့ စိတ်ဓာတ် လွှမ်းမိုးခံထားရတယ်။ ဒါကြောင့် အမျိုးသား/သမီးတချို့ကို သင့်တင့်မျှတစွာ ဂုဏ်တင်လေးစားမယ့်အစား အမြတ်တနိုး ကိုးကွယ်ချင်ကြတယ်။ ဘာသာရေးခေါင်းဆောင်၊ နိုင်ငံရေးခေါင်းဆောင်၊ အားကစားသမား၊ သရုပ်ဆောင်၊ တခြားအကျော်အမော်တွေကို ဘုရားသဖွယ် ယူမှတ်ကြတယ်။ လူကြီးလူငယ်မရွေး သူတို့ကို စံထားပြီး ဝတ်စား ပြုမူပုံတွေကို အတုခိုးကြတယ်။

၇ ခရစ်ယာန်စစ်တွေကတော့ လူတွေကို ဂုဏ်တင်ခြင်းနဲ့ပတ်သက်တဲ့ အမြင်မှားကို ရှောင်ကြတယ်။ ပြည့်ဝစုံလင်တဲ့ စံပြပုဂ္ဂိုလ်အဖြစ် သတ်မှတ်နိုင်တဲ့ လူသားဟာ ခရစ်တော်တစ်ပါးတည်းပဲ။ (၁ ပေ. ၂:၂၁) လူသားတွေကို လိုတာထက် ပိုပြီးဂုဏ်တင်မယ်ဆိုရင် ဘုရားသခင် မနှစ်သက်ဘူး။ “လူအပေါင်းတို့သည် ပြစ်မှား၍ ဘုရားသခင်၏ ဘုန်းတော်ကို မမီကြ” ဆိုတဲ့ အခြေခံ အမှန်တရားကို အမှတ်ရဖို့ လိုတယ်။ (ရော. ၃:၂၃) ဘယ်လူသားကိုမှ အမြတ်တနိုး ကိုးကွယ်တဲ့အထိ ဂုဏ်မတင်သင့်ဘူး။

၈၊ ၉။ (က) အစိုးရအာဏာပိုင်တွေကို ယေဟောဝါသက်သေတွေ ဘယ်လို သဘောထားကြသလဲ။ (ခ) အာဏာပိုင်တွေကို ဘယ်အတိုင်းအတာအထိ ဂုဏ်တင်ထောက်မတာ သင့်လျော်သလဲ။

၈ လောကမှာ အခွင့်အာဏာရှိသူတချို့ ရှိတယ်။ အစိုးရအာဏာပိုင်တွေဟာ ငြိမ်ဝပ်ပိပြားမှု ရှိစေကြတယ်။၊ ပြည်သူ/သားတွေရဲ့ လိုအပ်ရာကို ဖြည့်ဆည်းပေးကြတယ်။ လူအားလုံးကို အကျိုးပြုကြတယ်။ ဒါကြောင့် သူတို့ကို “အထက်မင်းအာဏာစက်” အဖြစ် ယူမှတ်ပြီး လက်အောက်ခံဖို့ ခရစ်ယာန်တွေကို တမန်တော်ပေါလု တိုက်တွန်းခဲ့တယ်။ “လူအသီးသီးတို့အား ပေးဆောင်ထိုက်သည့်အတိုင်း ပေးဆောင်ကြလော့။ အခွန်ကို ခံထိုက်သူအား အခွန်ကို ပေးကြလော့။ . . . ရိုသေထိုက်သူကို ရိုသေကြလော့” လို့ပြောတယ်။—ရော. ၁၃:၁၊ ၇။

၉ ယေဟောဝါသက်သေတွေဟာ နိုင်ငံမှာ တောင်းဆိုထားတဲ့အတိုင်း၊ ထုံးစံရှိတဲ့အတိုင်း အစိုးရအာဏာပိုင်တွေကို လေးစားကြတယ်။ သူတို့နဲ့ ပူးပေါင်းဆောင်ရွက်ကြတယ်။ ဒါပေမဲ့ ကျမ်းစာမှာ ချမှတ်ထားတဲ့အတိုင်း အကန့်အသတ်နဲ့ပဲ ဂုဏ်တင်ထောက်မကြတယ်။ ဘုရားသခင်ကို မနာခံတဲ့အထိ၊ ခရစ်ယာန် ကြားနေမှုကို ချိုးဖောက်တဲ့အထိတော့ မလိုက်လျောကြဘူး။—၁ ပေတရု ၂:၁၃-၁၇ ကိုဖတ်ပါ။

၁၀။ ရှေးခေတ် ယေဟောဝါရဲ့ ကျေးကျွန်တွေဟာ အစိုးရအာဏာပိုင်တွေနဲ့ ဆက်ဆံရာမှာ ဘယ်လို ပုံသက်သေကောင်း ချမှတ်ခဲ့ကြသလဲ။

၁၀ ရှေးခေတ် ယေဟောဝါရဲ့ ကျေးကျွန်တွေဟာ အစိုးရအာဏာပိုင်တွေနဲ့ ဆက်ဆံရာမှာ ပုံသက်သေကောင်း ချမှတ်ခဲ့ကြတယ်။ ရောမအင်ပါယာက နာမည်စာရင်းသွင်းဖို့ တောင်းဆိုချိန်မှာ ယောသပ်နဲ့ မာရိ လိုက်နာခဲ့တယ်။ သားဦးကိုယ်ဝန်အရင့်အမာနဲ့တောင် ဘက်သလီဟင်မြို့ကို ခရီးသွားခဲ့တယ်။ (လု. ၂:၁-၅) နောက်ပိုင်း ပေါလု မတရားစွပ်စွဲခံရချိန်မှာ ယုဒဘုရင်ခံ ဟေရုဒ် အဂရိပ္ပမင်းနဲ့ ဖေတ္တုမင်းတို့ဆီမှာ လေးစားစွာ ချေပပြောဆိုပြီး သင့်တော်သလို ဂုဏ်တင်ခဲ့တယ်။—တ. ၂၅:၁-၁၂။ ၂၆:၁-၃။

၁၁၊ ၁၂။ (က) ဘာသာရေးခေါင်းဆောင်တွေကို ဘာကြောင့် အထူးဂုဏ်မတင်သင့်သလဲ။ (ခ) နိုင်ငံရေးသမားတစ်ယောက်ကို ဂုဏ်တင်ခဲ့တဲ့ ဩစတြီးယား သက်သေခံတစ်ယောက်ကြောင့် ဘာရလဒ်ကောင်း ရရှိခဲ့သလဲ။

၁၁ ယေဟောဝါသက်သေတွေဟာ ဘာသာရေး ခေါင်းဆောင်တွေ တောင်းဆိုရင်တောင် အထူးဂုဏ်တင်တာမျိုး မလုပ်ကြဘူး။ မှားယွင်းတဲ့ဘာသာက ဘုရားသခင်ကို အထင်မှားအောင် လုပ်ထားပြီး ကျမ်းစာနဲ့ မညီတာတွေ သွန်သင်ကြတယ်။ ဒါကြောင့် ဘာသာရေး ခေါင်းဆောင်တွေကို သာမန်လူသားတွေအဖြစ်ပဲ ကျွန်တော်တို့ ဆက်ဆံပြီး အထူးဂုဏ်တင်တာမျိုး မလုပ်ဘူး။ မိမိခေတ်မှာရှိတဲ့ ဘာသာရေး ခေါင်းဆောင်တွေကို ကြောင်သူတော်တွေ၊ မျက်ကန်းလမ်းပြတွေဆိုပြီး ယေရှု ရှုတ်ချခဲ့တယ်။ (မ. ၂၃:၂၃၊ ၂၄) ဒါပေမဲ့ အစိုးရအာဏာပိုင်တွေကို သင့်တော်သလို လေးစားဂုဏ်တင်မယ်ဆိုရင် မမျှော်လင့်တဲ့ ရလဒ်ကောင်းတွေ ရစေနိုင်တယ်။

၁၂ ဩစတြီးယားနိုင်ငံက သက်သေခံ လေယိုပိုလ် အင်ဂျလစ်တ်နာကို နာဇီတွေ ဖမ်းပြီး ဘူခန်ဝေါ ချွေးတပ်စခန်းကို ရထားနဲ့ ပို့ကြတယ်။ ရထားပေါ်မှာ အကျဉ်းသား ဒေါက်တာ ဟိုင်းရစ်ခ် ဂလစ္စနာ ပါလာတယ်။ သူဟာ နိုင်ငံရေးသမား ဖြစ်တယ်။ သူ့ကို နာဇီတွေ မကြိုက်ကြတော့ဘူး။ ချွေးတပ်စခန်းကို သွားတဲ့ခရီးမှာ ညီအစ်ကို အင်ဂျလစ်တ်နာက မိမိယုံကြည်ချက်အကြောင်း လေးစားစွာ ရှင်းပြတဲ့အခါ ဂလစ္စနာ ဂရုတစိုက် နားထောင်တယ်။ ဒုတိယကမ္ဘာစစ် ပြီးနောက် ဂလစ္စနာဟာ မိမိရဲ့ဩဇာအာဏာကို သုံးပြီး ဩစတြီးယားမှာရှိတဲ့ ယေဟောဝါသက်သေတွေကို ကူညီပေးခဲ့တယ်။ ကျမ်းစာ မိန့်မှာထားတဲ့အတိုင်း အစိုးရအာဏာပိုင်တွေကို သင့်လျော်စွာ ဂုဏ်တင်လေးစားခြင်းကနေ ရရှိခဲ့တဲ့ ရလဒ်ကောင်းတွေကို သင်သိပါလိမ့်မယ်။

ဂုဏ်တင်ခံထိုက်တဲ့ တခြားသူများ

၁၃။ အထူးသဖြင့် ဘယ်သူတွေကို ဂုဏ်တင်သင့်သလဲ။ ဘာကြောင့်လဲ။

၁၃ ယုံကြည်သူချင်းတွေကို ဂုဏ်တင်လေးစားထိုက်ပါတယ်။ အထူးသဖြင့် ဦးဆောင်နေတဲ့ အကြီးအကဲတွေကိုပါပဲ။ (၁ တိမောသေ ၅:၁၇ ကိုဖတ်ပါ။) သူတို့ရဲ့ လူမျိုးရေး၊ ပညာရေး၊ လူမှုရေး၊ ငွေရေးကြေးရေး အခြေအနေ ဘယ်လိုပဲ ရှိပါစေ ကျွန်တော်တို့ ဂုဏ်တင်ကြတယ်။ သူတို့ကို “လူ့အသွင်ဆုများ” လို့ ကျမ်းစာမှာ ခေါ်ဆိုထားတယ်။ မိမိလူမျိုးရဲ့ လိုအပ်ရာတွေကို ဂရုစိုက်ပေးတဲ့ ဘုရားသခင့် အစီအစဉ်မှာ အဓိကကျသူတွေ ဖြစ်တယ်။ (ဧ. ၄:၈) အသင်းတော် အကြီးအကဲ၊ တိုက်နယ်ကြီးကြပ်မှူး၊ ဌာနခွဲ ကော်မတီဝင်၊ အုပ်ချုပ်ရေး အဖွဲ့ဝင်တွေအကြောင်း စဉ်းစားကြည့်ပါ။ ပထမရာစု ညီအစ်ကို/မတွေဟာ ဦးဆောင်ဖို့ ခန့်အပ်ခံရသူတွေကို အလွန်လေးစားခဲ့ကြတယ်။ ကျွန်တော်တို့လည်း အလားတူပါပဲ။ ခရစ်ယာန်အသင်းတော်ရဲ့ ထင်ပေါ်တဲ့ ကိုယ်စားလှယ်တွေကို အမြတ်တနိုး မကိုးကွယ်ဘူး။ ကောင်းကင်တမန်တစ်ပါးလို မဆက်ဆံဘူး။ ဒါပေမဲ့ သူတို့ရဲ့ အလုပ်ကြိုးစားမှုနဲ့ နှိမ့်ချမှုအတွက် လေးစားဂုဏ်တင်ကြပါတယ်။—၂ ကောရိန္သု ၁:၂၄ နဲ့ ဗျာဒိတ် ၁၉:၁၀ တို့ကို ဖတ်ပါ။

၁၄၊ ၁၅။ စစ်မှန်တဲ့ ခရစ်ယာန် သိုးထိန်းတွေနဲ့ အတုအယောင်တွေကို ခွဲခြားဖော်ပြပါ။

၁၄ အကြီးအကဲတွေဟာ နှိမ့်ချတဲ့ သိုးထိန်းတွေအဖြစ် အသိအမှတ်ပြုခံရတယ်။ အကျော်အမော်တွေလို ဆက်ဆံမခံကြတာက နှိမ့်ချမှုရှိကြောင်း အထောက်အထားပါပဲ။ ဒီနည်းအားဖြင့် ခေတ်သစ်နဲ့ ပထမရာစု ဘာသာရေး ခေါင်းဆောင်တွေနဲ့ ကွာခြားကြတယ်။ သူတို့နဲ့ပတ်သက်ပြီး ယေရှု ဒီလိုပြောခဲ့တယ်– “ပွဲသဘင်များတွင် အထင်ပေါ်ဆုံးနေရာ၊ တရားဇရပ်များတွင် ရှေ့ဆုံးနေရာများကို နှစ်သက်ကြ၏။ ဈေးတွင် ရိုသေစွာ နှုတ်ဆက်ခြင်း . . . ကို ခံလိုကြ၏။”—မ. ၂၃:၆၊ ၇။

၁၅ စစ်မှန်တဲ့ ခရစ်ယာန် သိုးထိန်းတွေဟာ ယေရှုရဲ့ ဒီစကားတွေကို နှိမ့်ချစွာ နာခံကြတယ်– “သင်တို့မူကား ရဗ္ဗိဟု အခေါ်မခံကြနှင့်။ အကြောင်းမှာ သင်တို့၌ ဆရာတစ်ပါးတည်းရှိ၍ သင်တို့အပေါင်းသည် ညီအစ်ကိုများ ဖြစ်ကြ၏။ ထို့ပြင် မြေကြီးပေါ်ရှိ မည်သူ့ကိုမျှ အဖဟူ၍ မခေါ်ကြနှင့်။ သင်တို့၌ ကောင်းကင်ဘုံရှင်အဖ တစ်ပါးတည်း ရှိတော်မူ၏။ ‘ခေါင်းဆောင်’ ဟူ၍လည်း အခေါ်မခံကြနှင့်။ ခရစ်တော်တည်းဟူသော သင်တို့၏ခေါင်းဆောင် တစ်ပါးတည်းရှိ၏။ သင်တို့၌ အကြီးမြတ်ဆုံးသောသူသည် သင်တို့၏အစေကို ခံရမည်။ ကိုယ့်ကိုယ်ကိုယ် ချီးမြှောက်သူသည် နှိမ့်ချခြင်းကို ခံရလိမ့်မည်။ ကိုယ့်ကိုယ်ကိုယ် နှိမ့်ချသူသည် ချီးမြှောက်ခြင်းကို ခံရလိမ့်မည်။” (မ. ၂၃:၈-၁၂) ကမ္ဘာတစ်ဝန်းမှာရှိတဲ့ အသင်းတော် အကြီးအကဲတွေကို သက်သေခံချင်းတွေ ဘာကြောင့် ချစ်ခင်လေးစားဂုဏ်တင်ကြမှန်း သဘောပေါက်နိုင်ပါတယ်။

အကြီးအကဲတစ်ယောက် ဟောပြောချက် ပေးတာကို ပရိသတ်တွေ နားထောင်နေစဉ်၊ ဝတ်ပြုတဲ့နေရာကို အကြီးအကဲ သန့်ရှင်းရေး လုပ်နေစဉ်

နှိမ့်ချတဲ့ အကြီးအကဲ တွေကို ချစ်ခင်၊ လေးစား၊ ဂုဏ်တင်ကြ (အပိုဒ် ၁၃-၁၅ ကိုကြည့်ပါ)

၁၆။ ဂုဏ်တင်ခြင်းအကြောင်း ကျမ်းစာ ဖော်ပြချက်ကို နားလည်၊ ကျင့်သုံးဖို့ ဘာကြောင့် ဆက်ကြိုးစားရမလဲ။

၁၆ ဘယ်သူ့ကို ဘယ်လို ဂုဏ်တင်ရမယ်ဆိုတာနဲ့ပတ်သက်ပြီး သင့်တင့်မျှတမှုရှိဖို့ အချိန်ယူရပါမယ်။ အစောပိုင်း ခရစ်ယာန်တွေလည်း အလားတူပါပဲ။ (တ. ၁၀:၂၂-၂၆။ ၃ ယော. ၉၊ ၁၀) ဒါပေမဲ့ ဂုဏ်တင်ခြင်းအကြောင်း ကျမ်းစာဖော်ပြချက်ကို ကျင့်ကြံအားထုတ်ရကျိုးနပ်ပါတယ်။ သင့်တင့်မျှတမယ်ဆိုရင် အကျိုးများစွာ ခံစားရပါမယ်။

သင့်တင့်မျှတစွာ ဂုဏ်တင်ခြင်းရဲ့ အကျိုးကျေးဇူးများ

၁၇။ အခွင့်အာဏာရှိသူတွေကို ဂုဏ်တင်ခြင်းကနေ ရရှိတဲ့ အကျိုးကျေးဇူးတချို့ကို ဖော်ပြပါ။

၁၇ အစိုးရ အာဏာပိုင်တွေကို လေးစားဂုဏ်တင်မယ်ဆိုရင် အနှောင့်အယှက် မရှိဘဲ ဟောပြောခွင့် ရရှိနိုင်ပါတယ်။ ရလဒ်အနေနဲ့ ကျွန်တော်တို့ရဲ့ လုပ်ငန်းကို အကောင်းမြင်လာနိုင်တယ်။ လွန်ခဲ့တဲ့နှစ်အတော်များများက ဂျာမနီနိုင်ငံရှိ ရှေ့ဆောင် ဘီဂစ်က သမီးရဲ့ ကျောင်းဆင်းပွဲ တက်ရောက်ခဲ့တယ်။ နှစ်တွေတစ်လျှောက် သက်သေခံကလေးတွေကို စာသင်ရတာ ပျော်ပါတယ်၊ ကျောင်းမှာ သက်သေခံကလေးတွေ ရှိတာ ဂုဏ်ယူစရာပဲလို့ ဘီဂစ်ကို ဆရာမတွေ ပြောတယ်။ “အမူအကျင့်နဲ့ဆိုင်တဲ့ ဘုရားသခင့် စံနှုန်းတွေကို လိုက်နာဖို့ သားသမီးတွေကို ကျွန်မတို့ သင်ပေးတယ်။ အဲဒီထဲမှာ ဆရာ/မတွေကို လေးစားဂုဏ်တင်ဖို့လည်း ပါတယ်” လို့ ဘီဂစ် ရှင်းပြလိုက်တယ်။ “ကလေးအားလုံးသာ ရှင်တို့ရဲ့ ကလေးတွေလို ဖြစ်မယ်ဆိုရင် စာသင်ရတာ သိပ်ကောင်းမှာပဲ” လို့ ဆရာမတစ်ယောက် ပြောတယ်။ သီတင်းပတ်အနည်းငယ် ကြာပြီးတဲ့နောက် လိုက်ဇစ်မြို့၊ ခရိုင်အစည်းအဝေးကို ဆရာမတစ်ယောက် တက်ရောက်ခဲ့တယ်။

၁၈၊ ၁၉။ အကြီးအကဲတွေကို ဂုဏ်တင်တဲ့အခါ ဘာကို သတိရသင့်သလဲ။

၁၈ အသင်းတော် အကြီးအကဲတွေကို သင့်တင့်မျှတစွာ ဂုဏ်တင်ခြင်းနဲ့ပတ်သက်တဲ့ ပညာရှိမူတွေကို ကျမ်းစာမှာ တွေ့ရတယ်။ (ဟေဗြဲ ၁၃:၇၊ ၁၇ ကိုဖတ်ပါ။) အကြီးအကဲတွေရဲ့ အလုပ်ကြိုးစားမှုအတွက် ချီးမွမ်းနိုင်တယ်၊ ချီးမွမ်းသင့်တယ်။ သူတို့ရဲ့ ညွှန်ကြားချက်တွေအတိုင်း ပူးပေါင်းဆောင်ရွက်သင့်တယ်။ အဲဒါက မိမိတို့ရဲ့ တာဝန်ကို ပျော်ရွှင်စွာ ထမ်းဆောင်ဖို့ ကူညီပေးနိုင်တယ်။ ဒါပေမဲ့ “ထင်ပေါ်တဲ့” အကြီးအကဲတွေရဲ့ ဝတ်စားဖြီးလိမ်းပုံ၊ ဟောပြောပုံ၊ စကားပြောဆိုပုံတို့ကို တစ်ထေရာတည်း အတုခိုးရမယ်လို့ မဆိုလိုဘူး။ အတုခိုးမယ်ဆိုရင် လူနောက်လိုက်ရာ ကျသွားပါလိမ့်မယ်။ အကြီးအကဲတွေဟာ မစုံလင်သူတွေ ဖြစ်မှန်း မမေ့သင့်ဘူး။ ကျွန်တော်တို့ လိုက်နာတုပရမယ့် စံနမူနာရှင်ကတော့ ခရစ်တော်ပါပဲ။

၁၉ အကြီးအကဲတွေကို အကျော်အမော်တွေလို မဆက်ဆံဘဲ သင့်လျော်စွာ ဂုဏ်တင်လေးစားခြင်းအားဖြင့် ကူညီပေးနိုင်ပါတယ်။ ဒီနည်းအားဖြင့် မာနမကြီးအောင်၊ တခြားသူတွေထက် သာလွန်တယ်၊ ကိုယ်ပဲ ဖြောင့်မတ်တယ်ဆိုတဲ့ ခံစားချက်မျိုး မဝင်လာအောင် ကူညီပေးနိုင်ပါလိမ့်မယ်။

၂၀။ အခြားသူတွေကို ဂုဏ်တင်ခြင်းက ကျွန်တော်တို့ကို ဘယ်လို ကူညီပေးသလဲ။

၂၀ ဂုဏ်တင်ထိုက်သူကို ဂုဏ်တင်ခြင်းက တစ်ကိုယ်ကောင်း မဆန်ဖို့၊ နှိမ့်ချနေဖို့ ကူညီပေးတယ်။ ယုံကြည်သူဖြစ်စေ၊ မယုံကြည်သူဖြစ်စေ လူသားတွေကို အလွန်အကျွံ ဂုဏ်မတင်တဲ့ ယေဟောဝါရဲ့ အဖွဲ့အစည်းနဲ့လည်း စည်းလုံးနေစေတယ်။ အဲဒီအပြင် ကိုယ်ဂုဏ်တင်တဲ့လူတချို့ကြောင့် စိတ်ထိခိုက်ရတဲ့အခါမျိုးမှာ တိုက်မိမလဲအောင် ကူညီပေးတယ်။

၂၁။ ဂုဏ်တင်ထိုက်သူတွေကို ဂုဏ်တင်ခြင်းရဲ့ အကြီးမားဆုံး အကျိုးကျေးဇူးက ဘာလဲ။

၂၁ ဂုဏ်တင်ထိုက်သူတွေကို သင့်လျော်စွာ ဂုဏ်တင်ခြင်းရဲ့ အကြီးမားဆုံး အကျိုးကတော့ ဘုရားသခင့် နှစ်သက်မှု ရရှိခြင်းပါပဲ။ ဘုရားအလိုတော်အတိုင်း လုပ်ဆောင်ရာ၊ သစ္စာစောင့်သိရာလည်း ရောက်ပါလိမ့်မယ်။ ကဲ့ရဲ့သူစာတန်ကို ပြန်ချေပခွင့် ရရှိစေနိုင်တယ်။ (သု. ၂၇:၁၁) လောကမှာ လူအများစုဟာ ဂုဏ်တင်ခြင်းနဲ့ပတ်သက်ပြီး အမြင်မှားနေကြတယ်။ ယေဟောဝါရဲ့ နည်းလမ်းအတိုင်း ဘယ်လို ဂုဏ်တင်ရမလဲဆိုတာ သိခွင့်ရလို့ ကျေးဇူးတင်စရာပါပဲ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ