ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၁၇ စက်တင်ဘာ စာ. ၂၈-၃၂
  • “ရဲစွမ်းသတ္တိရှိရှိနဲ့ လုပ်ငန်း စပေတော့”

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • “ရဲစွမ်းသတ္တိရှိရှိနဲ့ လုပ်ငန်း စပေတော့”
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၇
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ရဲစွမ်းသတ္တိဆိုင်ရာ ပုံနမူနာများ
  • သတ္တိရှိဖို့ လိုအပ်တဲ့ အခြေအနေများ
  • အသင်းတော်မှာ ရဲစွမ်းသတ္တိရှိခြင်း
  • ‘ယေဟောဝါ မင်းနဲ့အတူ ရှိတယ်’
  • ရဲစွမ်းသတ္တိရှိလေ!
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
  • သတ္တိရှိပြီး ခိုင်ခံ့မြဲမြံပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၂
  • ရဲစွမ်းသတ္တိ ရှိဖို့ မခက်ခဲလွန်း
    ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း​—လေ့ကျင့်ခန်းစာစောင်—၂၀၂၁
  • ရဲစွမ်းသတ္တိ ပေးသနားပါ
    ယေဟောဝါကို ‘ရွှင်လန်းစွာ တေးသီကျူးကြ’
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၇
က၁၇ စက်တင်ဘာ စာ. ၂၈-၃၂
အစ္စရေးသူလျှိုတွေနောက် လိုက်လာသူတွေကို ရာခပ် တလွဲလမ်းညွှန်

“ရဲစွမ်းသတ္တိရှိရှိနဲ့ လုပ်ငန်း စပေတော့”

“ရဲစွမ်းသတ္တိရှိရှိနဲ့ လုပ်ငန်း စပေတော့။ . . . ယေဟောဝါက မင်းနဲ့အတူ ရှိတဲ့အတွက် မကြောက်နဲ့။”—၁ ရာ. ၂၈:၂၀။

သီချင်း– ၃၈၊ ၃၄

သင် ဘယ်လို ဖြေမလဲ

  • လူငယ်တွေ၊ မိဘတွေ ရဲစွမ်းသတ္တိရှိကြောင်း ဘယ်လို တင်ပြနိုင်သလဲ။

  • အသက်ကြီးတဲ့ ညီအစ်မတွေ ဘယ်လို ရဲစွမ်းသတ္တိရှိဖို့ လိုအပ်နိုင်သလဲ။

  • နှစ်ခြင်းခံပြီးသား ညီအစ်ကိုတွေ ရဲစွမ်းသတ္တိရှိကြောင်း ဘယ်လို တင်ပြနိုင်သလဲ။

၁၊ ၂။ (က) ဘယ်အရေးကြီးတာဝန်ကို ရှောလမုန် ရရှိခဲ့သလဲ။ (ခ) ရှောလမုန်ကို ဒါဝိဒ် ဘာကြောင့် စိတ်ပူသလဲ။

ရှောလမုန်ဟာ အရေးကြီးဆုံး ဆောက်လုပ်ရေး စီမံကိန်းကို ကြီးကြပ်ရမယ်။ ဂျေရုဆလင် ဗိမာန်တော် ဆောက်လုပ်ရေးပါပဲ။ ဗိမာန်တော်ဟာ “သိပ်ကိုခမ်းနားထည်ဝါပြီး လှပတင့်တယ်ရမယ်။ ဒါမှ တိုင်းနိုင်ငံအသီးသီးမှာ အိမ်တော်ရဲ့ ဂုဏ်သတင်း ကျော်စောလိမ့်မယ်။” ပိုအရေးကြီးတာက “စစ်မှန်တဲ့ ဘုရားသခင် ယေဟောဝါရဲ့ အိမ်တော်” ဖြစ်လာမယ်။ ဒီစီမံကိန်းကို ကြီးကြပ်ဖို့ ရှောလမုန်ကို ယေဟောဝါ ညွှန်ကြားခဲ့တယ်။—၁ ရာ. ၂၂:၁၊ ၅၊ ၉-၁၁။

၂ ဘုရားသခင် ထောက်မပေးမယ်ဆိုတာ ဘုရင် ဒါဝိဒ် ယုံကြည်စိတ်ချပေမဲ့ ရှောလမုန်ဟာ “အသက်ကလည်း ငယ်၊ အတွေ့အကြုံလည်း မရှိ” ဘူး။ ဗိမာန်တော် ဆောက်လုပ်ရမယ့်တာဝန် ယူဖို့ သတ္တိရှိပါ့မလား။ ငယ်ရွယ်တာ၊ အတွေ့အကြုံ မရှိတာက အတားအဆီး ဖြစ်နေမလား။ အောင်မြင်ဖို့ သတ္တိရှိရှိနဲ့ လုပ်ငန်း စရတော့မယ်။

၃။ ဖခင်ဆီကနေ ရဲစွမ်းသတ္တိအကြောင်း ရှောလမုန် ဘာသင်ယူနိုင်သလဲ။

၃ ဖခင်ဆီကနေ ရဲစွမ်းသတ္တိအကြောင်း ရှောလမုန် များစွာ သင်ယူခဲ့မှာပါ။ ဒါဝိဒ်ဟာ ငယ်ငယ်တုန်းက ဖခင်ရဲ့သိုးတွေ ထိန်းရင်း သားရဲတွေနဲ့ တိုက်ခိုက်ခဲ့ဖူးတယ်။ (၁ ရှ. ၁၇:၃၄၊ ၃၅) စစ်ရည်ဝနေတဲ့ လူထွားကြီးကို သတ္တိရှိရှိ ရင်ဆိုင်ခဲ့တယ်။ ဘုရားသခင့် အကူအညီကြောင့် ဂေါလျတ်ကို ကျောက်တစ်လုံးတည်းနဲ့ အနိုင်ယူခဲ့တယ်။—၁ ရှ. ၁၇:၄၅၊ ၄၉၊ ၅၀။

၄။ ရှောလမုန် ဘာကြောင့် သတ္တိရှိဖို့ လိုသလဲ။

၄ သတ္တိရှိရှိ ဗိမာန်တော် ဆောက်ဖို့ ရှောလမုန်ကို ဒါဝိဒ် တိုက်တွန်းတာ သင့်လျော်ပါတယ်။ (၁ ရာဇဝင်ချုပ် ၂၈:၂၀ ကိုဖတ်ပါ။) ရှောလမုန် သတ္တိမရှိရင် ကြောက်စိတ် လွှမ်းမိုးပြီး ဘာမှ မလုပ်နိုင် ဖြစ်သွားမယ်။

၅။ ကျွန်တော်တို့ ဘာကြောင့် ရဲစွမ်းသတ္တိရှိဖို့ လိုသလဲ။

၅ ရှောလမုန်လိုပဲ ကျွန်တော်တို့လည်း သတ္တိရှိဖို့၊ လုပ်ငန်း ပြီးစီးနိုင်ဖို့ ယေဟောဝါရဲ့ အကူအညီ လိုအပ်ကြတယ်။ ဒါကြောင့် ရှေးခေတ် ရဲစွမ်းသတ္တိဆိုင်ရာ ပုံနမူနာတချို့ကို သုံးသပ်ကြည့်ကြစို့။ သတ္တိရှိကြောင်း တင်ပြနိုင်ပုံ၊ အလုပ်ပြီးစီးနိုင်ပုံကိုလည်း စဉ်းစားသုံးသပ်သွားပါမယ်။

ရဲစွမ်းသတ္တိဆိုင်ရာ ပုံနမူနာများ

၆။ ယောသပ်ရဲ့ သတ္တိနဲ့ပတ်သက်ပြီး ဘယ်အချက်ကို သဘောကျသလဲ။

၆ လိင်အကျင့်ပျက်ဖို့ ပေါတိဖာရဲ့ ဇနီး သွေးဆောင်ချိန်မှာ ယောသပ် တင်ပြခဲ့တဲ့ သတ္တိအကြောင်း သုံးသပ်ကြည့်ပါ။ ငြင်းလိုက်ရင် ဆိုးရွားတဲ့အကျိုးဆက်တွေ ခံစားရမယ်ဆိုတာ ယောသပ် သိခဲ့မှာပဲ။ ဒါပေမဲ့ အလျှော့မပေးဘဲ သတ္တိရှိရှိ၊ ပြတ်ပြတ်သားသား လုပ်ဆောင်ခဲ့တယ်။—က. ၃၉:၁၀၊ ၁၂။

၇။ ရာခပ် တင်ပြခဲ့တဲ့ သတ္တိအကြောင်း ဖော်ပြပါ။ (ဆောင်းပါးအစမှာပါတဲ့ ရုပ်ပုံကို ကြည့်ပါ။)

၇ ရဲစွမ်းသတ္တိဆိုင်ရာ နောက်ထပ်ပုံနမူနာကတော့ ရာခပ်ပါပဲ။ ယေရိခေါမြို့က အိမ်ကို အစ္စရေးသူလျှိုတွေ ရောက်လာတဲ့အခါ ကြောက်ကြောက်နဲ့ မောင်းထုတ်လိုက်နိုင်တယ်။ ဒါပေမဲ့ ယေဟောဝါကို ယုံကြည်စိတ်ချမှုအပြည့်နဲ့ သူလျှိုနှစ်ယောက်ကို ဝှက်ထားပြီး ဘေးကင်းစွာ ပြန်နိုင်အောင် ကူညီပေးခဲ့တယ်။ (ယောရှု ၂:၄၊ ၅၊ ၉၊ ၁၂-၁၆) ယေဟောဝါကို စစ်မှန်တဲ့ဘုရားအဖြစ် လက်ခံခဲ့တယ်။ ပြည်ကို အစ္စရေးတွေလက်ထဲ တစ်နည်းနည်းနဲ့ အပ်မှာဖြစ်ကြောင်း ယုံကြည်ခဲ့တယ်။ ယေရိခေါဘုရင်နဲ့ သူ့လူတွေအပါအဝင် တခြားသူတွေကို မကြောက်ခဲ့ဘူး။ ကိုယ်တိုင်နဲ့ မိသားစု ကယ်တင်ခံရဖို့ လုပ်ဆောင်ခဲ့တယ်။—ယောရှု ၆:၂၂၊ ၂၃။

၈။ ယေရှုရဲ့ သတ္တိက တမန်တော်တွေအပေါ် ဘယ်လို သက်ရောက်ခဲ့သလဲ။

၈ ယေရှုရဲ့ သစ္စာရှိ တမန်တော်တွေလည်း ရဲစွမ်းသတ္တိနဲ့ပတ်သက်ပြီး ပုံနမူနာကောင်း ချမှတ်ခဲ့ကြတယ်။ ယေရှုရဲ့ သတ္တိကို သူတို့မြင်တွေ့ခဲ့ကြတယ်။ (မ. ၈:၂၈-၃၂။ ယော. ၂:၁၃-၁၇။ ၁၈:၃-၅) အဲဒါက သတ္တိရှိအောင် ကူညီပေးတယ်။ ဇဒ္ဒုကဲတွေ ဆန့်ကျင်ပေမဲ့ တမန်တော်တွေက ယေရှုရဲ့ နာမည်ကို အမှီပြုပြီး ဆက်သွန်သင်ခဲ့ကြတယ်။—တ. ၅:၁၇၊ ၁၈၊ ၂၇-၂၉။

၉။ သတ္တိရဲ့ ရင်းမြစ်ကို ၂ တိမောသေ ၁:၇ မှာ ဘယ်လို ဖော်ပြထားသလဲ။

၉ ယောသပ်၊ ရာခပ်၊ ယေရှု၊ တမန်တော်တွေရဲ့ ရဲစွမ်းသတ္တိက ကောင်းမွန်ရာတွေ လုပ်ဆောင်ဖို့ လှုံ့ဆော်ပေးခဲ့တယ်။ သူတို့ရဲ့ သတ္တိက ယုံကြည်စိတ်ချလွန်းခြင်း မဟုတ်ပါဘူး။ ယေဟောဝါကို အားကိုးခြင်းကနေ ရရှိလာတာပါ။ ကျွန်တော်တို့လည်း သတ္တိရှိဖို့ လိုအပ်တဲ့ အခြေအနေတွေ ကြုံနေရတယ်။ ကိုယ့်ကိုယ်ကိုယ် အားကိုးမယ့်အစား ယေဟောဝါကို အားကိုးကြရမယ်။ (၂ တိမောသေ ၁:၇ ကိုဖတ်ပါ။) ဘဝကဏ္ဍနှစ်ခုဖြစ်တဲ့ မိသားစုနဲ့ အသင်းတော်မှာ သတ္တိရှိဖို့ လိုအပ်ကြောင်း သုံးသပ်ကြည့်ကြစို့။

သတ္တိရှိဖို့ လိုအပ်တဲ့ အခြေအနေများ

၁၀။ ခရစ်ယာန်လူငယ်တွေ သတ္တိရှိဖို့ ဘာကြောင့် လိုအပ်သလဲ။

၁၀ ယေဟောဝါကို ဝတ်ပြုဖို့ ရဲစွမ်းသတ္တိ လိုအပ်တဲ့ အခြေအနေများစွာကို ခရစ်ယာန်လူငယ်တွေ ကြုံနေရတယ်။ ဗိမာန်တော် ဆောက်လုပ်ရေး ပြီးစီးဖို့ သတ္တိရှိရှိ၊ ပညာရှိရှိ ဆုံးဖြတ်လုပ်ဆောင်ခဲ့တဲ့ ရှောလမုန်ရဲ့ ပုံသက်သေကို ခရစ်ယာန်လူငယ်တွေ သင်ယူလိုက်လျှောက်နိုင်ပါတယ်။ မိဘတွေဆီကနေ လမ်းညွှန်ချက် ရနိုင်ပေမဲ့၊ ရသင့်ပေမဲ့ ကိုယ်တိုင် ဆုံးဖြတ်ကြရမယ်။ (ပညာ. ၂၇:၁၁) အပေါင်းအသင်းကောင်း၊ ဖျော်ဖြေမှုကောင်း၊ သန့်ရှင်းတဲ့ စာရိတ္တ၊ နှစ်ခြင်းနဲ့ပတ်သက်ပြီး ပညာရှိရှိ ဆုံးဖြတ်နိုင်အောင် သတ္တိလိုတယ်။ ဘုရားသခင်ကို ကဲ့ရဲ့နေတဲ့ စာတန့်ဆန္ဒကို ဆန့်ကျင်နေရလို့ပါပဲ။

၁၁၊ ၁၂။ (က) မောရှေဟာ ရဲစွမ်းသတ္တိနဲ့ပတ်သက်ပြီး ဘယ်လို ပုံသက်သေကောင်း ချမှတ်ခဲ့သလဲ။ (ခ) မောရှေရဲ့ ပုံသက်သေကို လူငယ်တွေ ဘယ်လို တုပနိုင်သလဲ။

၁၁ လူငယ်တွေ ချရတဲ့ အရေးကြီး ဆုံးဖြတ်ချက်တစ်ခုကတော့ ပန်းတိုင်တွေနဲ့ပတ်သက်တယ်။ နိုင်ငံတချို့မှာ အဆင့်မြင့် ပညာရေး၊ လခကောင်းတဲ့ အလုပ်ကို အခြေခံတဲ့ပန်းတိုင်တွေ ချဖို့ လူငယ်တွေ ဖိအားပေးခံနေရတယ်။ နိုင်ငံတချို့မှာတော့ စီးပွားရေးအခြေအနေကြောင့် မိသားစုကို ငွေကြေး ထောက်ပံ့ရမယ်လို့ ခံစားနေကြတယ်။ အလားတူ အခြေအနေမျိုး ကြုံနေရတယ်ဆိုရင် မောရှေရဲ့ ပုံသက်သေကို စဉ်းစားကြည့်ပါ။ ဖာရောသမီးတော် မွေးစားတဲ့အတွက် မောရှေဟာ ထင်ပေါ်ကျော်ကြားဖို့၊ စီးပွားရေး တောင့်တင်းဖို့ ပန်းတိုင်ထားနိုင်တယ်။ အီဂျစ်မိသားစု၊ ဆရာတွေ၊ အကြံပေးပုဂ္ဂိုလ်တွေရဲ့ ဖိအားပေးမှုလည်း ခံခဲ့ရမှာပဲ။ ဒါပေမဲ့ မောရှေ အလျှော့မပေးဘဲ စစ်မှန်တဲ့ ဝတ်ပြုရေးဘက် သတ္တိရှိရှိ ရပ်တည်ခဲ့တယ်။ အီဂျစ်ပြည်ရဲ့ စည်းစိမ်ကို စွန့်ပြီးနောက် ယေဟောဝါကို မောရှေ ယုံကြည်ကိုးစားခဲ့တယ်။ (ဟီ. ၁၁:၂၄-၂၆) ဒါကြောင့် အဲဒီတုန်းက ယေဟောဝါရဲ့ ကောင်းချီးတွေ ရရှိခဲ့သလို အနာဂတ်မှာလည်း ပိုများတဲ့ကောင်းချီးတွေ စောင့်ကြိုနေပါတယ်။

၁၂ အလားတူပဲ သတ္တိရှိရှိ ဘုရားရေးရာ ပန်းတိုင်တွေ ချမှတ်နေတဲ့၊ ဘုရားနိုင်ငံတော်ကို ဘဝမှာ ဦးစားပေးနေတဲ့ လူငယ်တွေကို ယေဟောဝါ ကောင်းချီးပေးပါလိမ့်မယ်။ မိသားစုတွေရဲ့ လိုအပ်ရာတွေကို ထောက်ပံ့ပေးပါလိမ့်မယ်။ ပထမရာစုတုန်းက လူငယ် တိမောသေလိုပဲ သင်လည်း ဘုရားရေးရာ ပန်းတိုင်တွေကို အာရုံစိုက်နိုင်ပါတယ်။a—ဖိလိပ္ပိ ၂:၁၉-၂၂ ကိုဖတ်ပါ။

ညီအစ်ကိုတစ်ယောက် အလုပ်ရှင်နဲ့ စကားပြောနေ။ ညီအစ်မတွေ ဆောက်လုပ်ရေးလုပ်ငန်းမှာ ပါဝင်နေ။ ညီအစ်မတစ်ယောက် သတင်းကောင်း ဟောပြောသူများသင်တန်း တက်နေ

ဘဝကဏ္ဍတိုင်းမှာ သတ္တိရှိဖို့ စိတ်ပိုင်းဖြတ်ထားသလား (အပိုဒ် ၁၃-၁၇ ကိုကြည့်ပါ)

၁၃။ ညီအစ်မငယ်တစ်ယောက် ပန်းတိုင်ရောက်ဖို့ ရဲစွမ်းသတ္တိက ဘယ်လို ကူညီပေးသလဲ။

၁၃ အမေရိကန်နိုင်ငံ၊ အဲလဘာမာက ညီအစ်မတစ်ယောက်ဟာ ဘုရားရေးရာပန်းတိုင်တွေ ချမှတ်ဖို့ သတ္တိမွေးခဲ့ရတယ်။ “ကျွန်မက အရှက်အကြောက် ကြီးတယ်။ နိုင်ငံတော် ခန်းမမှာ လူတွေကို စကားမပြောရဲဘူး။ သူစိမ်းတွေကို တံခါးဝမှာ စကားပြောဖို့ဆိုရင် ပိုဆိုးတာပေါ့” လို့ပြောတယ်။ ဒါပေမဲ့ မိဘတွေနဲ့ အသင်းတော်က တခြားသူတွေရဲ့ အကူအညီကြောင့် မှန်မှန်ရှေ့ဆောင် ပန်းတိုင်ကို တက်လှမ်းနိုင်ခဲ့တယ်။ “စာတန့်လောက,က အဆင့်မြင့် ပညာရေး၊ ကျော်ကြားမှု၊ ငွေ၊ ပစ္စည်းဥစ္စာတွေကို အဓိကထားတယ်။ အများအားဖြင့် အဲဒီပန်းတိုင်တွေကို မမီနိုင်လို့ ဖိစီးမှုတွေ၊ ရင်နာစရာတွေပဲ ကြုံရကြတယ်။ ကျွန်မကတော့ ယေဟောဝါကို ဝတ်ပြုလို့ အကြီးမားဆုံး ပျော်ရွှင်မှုနဲ့ အောင်မြင်ပြီးမြောက်မှု ခံစားနေရတယ်။”

၁၄။ ခရစ်ယာန်မိဘတွေ ရဲစွမ်းသတ္တိရှိဖို့ လိုအပ်တဲ့ အခြေအနေတချို့က ဘာတွေလဲ။

၁၄ ခရစ်ယာန်မိဘတွေလည်း သတ္တိရှိဖို့ လိုအပ်တယ်။ ဥပမာ၊ အလုပ်ရှင်က ညနေပိုင်းတွေ၊ စနေ၊ တနင်္ဂနွေနေ့တွေမှာ အချိန်ပိုဆင်းဖို့ အမြဲတောင်းဆိုနိုင်တယ်။ အဲဒီအချိန်ဟာ မိသားစု ဝတ်ပြုမှု၊ အမှုဆောင်လုပ်ငန်း၊ ခရစ်ယာန် အစည်းအဝေးတွေမှာ ပါဝင်ရမယ့်အချိန် ဖြစ်တယ်။ အလုပ်ရှင်ရဲ့ တောင်းဆိုမှုကို ငြင်းဖို့၊ သားသမီးတွေအတွက် ပုံသက်သေကောင်း ပြဖို့ ရဲစွမ်းသတ္တိ လိုအပ်တယ်။ ကိုယ်လုပ်ခွင့်မပြုတာတွေကို အသင်းတော်မှာရှိတဲ့ မိဘတချို့က သူတို့သားသမီးတွေကို လုပ်ခွင့်ပေးနေတာမျိုး ရှိနိုင်တယ်။ ဘာကြောင့် ပေးမလုပ်တာလဲလို့ သူတို့ မေးလာနိုင်တယ်။ အကြောင်းရင်းကို သတ္တိရှိရှိ ပါးနပ်စွာ ရှင်းပြနိုင်မလား။

၁၅။ ဆာလံ ၃၇:၂၅ နဲ့ ဟီဘရူး ၁၃:၅ က မိဘတွေကို ဘယ်လို ကူညီပေးနိုင်သလဲ။

၁၅ ဘုရားရေးရာ ပန်းတိုင်တွေကို သားသမီးတွေ ချမှတ်နိုင်အောင်၊ အရောက်လှမ်းနိုင်အောင် ကူညီပေးဖို့ သတ္တိ လိုအပ်တယ်။ ဥပမာ၊ မိဘတချို့ဟာ သားသမီးတွေကို ရှေ့ဆောင်လုပ်ခိုင်းဖို့၊ ပိုလိုအပ်တဲ့ဒေသမှာဖြစ်စေ၊ ဗေသလမှာဖြစ်စေ၊ ဆောက်လုပ်ရေးမှာဖြစ်စေ အမှုဆောင်ခိုင်းဖို့ တွန့်ဆုတ်နိုင်တယ်။ ကိုယ်အသက်ကြီးတဲ့အခါ သားသမီးတွေ မထောက်ပံ့နိုင်မှာကို စိုးရိမ်ကြတယ်။ ပညာရှိတဲ့ မိဘတွေကတော့ ယေဟောဝါရဲ့ ကတိတွေကို သတ္တိရှိရှိ ယုံကြည်ကိုးစားကြတယ်။ (ဆာလံ ၃၇:၂၅ နဲ့ ဟီဘရူး ၁၃:၅ တို့ကိုဖတ်ပါ။) အလားတူ ယုံကြည်ကိုးစားဖို့ သားသမီးတွေကို ကူညီပေးခြင်းအားဖြင့် ယေဟောဝါကို အားကိုးကြောင်း၊ သတ္တိရှိကြောင်း တင်ပြနိုင်ပါတယ်။—၁ ရှ. ၁:၂၇၊ ၂၈။ ၂ တိ. ၃:၁၄၊ ၁၅။

၁၆။ သားသမီးတွေ ဘုရားရေးရာ ပန်းတိုင်တွေ ချမှတ်နိုင်အောင် မိဘတချို့ ဘယ်လို ကူညီပေးကြသလဲ။ အဲဒါက ဘယ်လို အကျိုးရှိသလဲ။

၁၆ အမေရိကန်နိုင်ငံက မောင်နှံတစ်စုံဟာ ဘုရားရေးရာ ပန်းတိုင်တွေ ချဖို့ သားသမီးတွေကို ကူညီပေးကြတယ်။ “သားသမီးတွေ လမ်းမလျှောက်တတ်ခင်၊ စကားမပြောတတ်ခင်ကတည်းက ရှေ့ဆောင်လုပ်ခြင်း၊ အသင်းတော်မှာ အမှုဆောင်ခြင်းကြောင့် ရရှိတဲ့ ပျော်ရွှင်မှုအကြောင်း ပြောပြလေ့ရှိတယ်။ အခု အဲဒါတွေကို သူတို့ ပန်းတိုင်ထားလာကြပြီ။ ဘုရားရေးရာ ပန်းတိုင်တွေ ထားရှိခြင်း၊ အရောက်လှမ်းခြင်းက စာတန့်စနစ်ရဲ့ ဖိအားတွေကို တိုက်ဖျက်နိုင်စေပြီး တကယ်ရှိတဲ့ ယေဟောဝါကို အာရုံစိုက်စေနိုင်တယ်” လို့ ဖခင်ဖြစ်သူ ပြောတယ်။ သားသမီးနှစ်ယောက်ရှိတဲ့ ညီအစ်ကိုလည်း အခုလို ရေးတယ်– “မိဘများစွာဟာ အားကစား၊ အပန်းဖြေခြင်း၊ ပညာရေးစတဲ့ ကဏ္ဍတွေမှာ သားသမီးတွေအတွက် ငွေကြေး၊ ခွန်အားများစွာ စိုက်ထုတ်နေကြတယ်။ ဒါပေမဲ့ ယေဟောဝါနဲ့ ဆက်ဆံရေးကောင်း ရှိစေနိုင်မယ့် ပန်းတိုင်တွေ ချမှတ်နိုင်ဖို့ ငွေကြေး၊ ခွန်အားတွေ သုံးတာက ပိုအဓိပ္ပာယ် ရှိတယ်။ သားသမီးတွေ ဘုရားရေးရာ ပန်းတိုင်တွေ ချမှတ်တာကို မြင်ရတာ၊ သူတို့နဲ့အတူ လုပ်ဆောင်ရတာ တကယ်ကျေနပ်စရာပါပဲ။” ဘုရားရေးရာ ပန်းတိုင်တွေ ချမှတ်ပြီး အရောက်လှမ်းနိုင်အောင် သားသမီးတွေကို ကူညီပေးနေတဲ့ မိဘတွေကို ဘုရားသခင် ကောင်းချီးပေးမယ်ဆိုတာ စိတ်ချနိုင်ပါတယ်။

အသင်းတော်မှာ ရဲစွမ်းသတ္တိရှိခြင်း

၁၇။ ခရစ်ယာန် အသင်းတော်မှာ ရဲစွမ်းသတ္တိရှိဖို့ လိုအပ်တဲ့ အခြေအနေတွေကို ဖော်ပြပါ။

၁၇ အသင်းတော်မှာလည်း ရဲစွမ်းသတ္တိရှိဖို့ လိုအပ်တယ်။ ဥပမာ၊ တရားရေးကိစ္စတွေ ကိုင်တွယ်တဲ့အခါ၊ အရေးပေါ် ကျန်းမာရေးကိစ္စ ကြုံနေရသူတွေကို ကူညီပေးတဲ့အခါ အကြီးအကဲတွေ သတ္တိရှိဖို့ လိုတယ်။ အကြီးအကဲတချို့ဟာ အကျဉ်းသားတွေကို ဘုရားရေးရာဘက်မှာ ကူညီပေးဖို့ အကျဉ်းထောင်တွေကို သွားကြရတယ်။ တစ်ကိုယ်ရေ ညီအစ်မတွေကော။ ရှေ့ဆောင်လုပ်ခြင်း၊ ပိုလိုအပ်တဲ့ဒေသကို ပြောင်းရွှေ့ခြင်း၊ ဒေသခံ ဒီဇိုင်း/ဆောက်လုပ်ရေးမှာ လုပ်ဆောင်ခြင်း၊ သတင်းကောင်း ဟောပြောသူများအတွက် သင်တန်းတက်ဖို့ လျှောက်ထားခြင်းအားဖြင့် အမှုဆောင်လုပ်ငန်း တိုးချဲ့ဖို့ အခွင့်အရေးများစွာ ရရှိထားကြတယ်။ တချို့လည်း ဂိလဒ်သင်တန်းတောင် တက်ရနိုင်တယ်။

၁၈။ အသက်ကြီးတဲ့ ညီအစ်မတွေ ရဲစွမ်းသတ္တိရှိကြောင်း ဘယ်လို ပြနိုင်သလဲ။

၁၈ အသက်ကြီးတဲ့ ညီအစ်မတွေဟာ အသင်းတော်အတွက် ကောင်းချီးတစ်ရပ်ပါပဲ။ သူတို့ကို ကျွန်တော်တို့ အလွန်ချစ်မြတ်နိုးကြတယ်။ တချို့က ဘုရားအမှုတော်မှာ အရင်ကလောက် မလုပ်ဆောင်နိုင်တော့ပေမဲ့ သတ္တိရှိရှိ လုပ်ဆောင်နိုင်တုန်းပါပဲ။ (တိတု ၂:၃-၅ ကိုဖတ်ပါ။) ဥပမာ၊ ဣန္ဒြေရှိတဲ့ အဝတ်အစားအကြောင်း ညီအစ်မငယ်တစ်ယောက်ကို ပြောပြဖို့ တောင်းဆိုခံရတဲ့အခါ အသက်ကြီးတဲ့ ညီအစ်မ သတ္တိရှိဖို့ လိုတယ်။ ညီအစ်မငယ်ရဲ့ အဝတ်အစား ရွေးချယ်မှုကို ဆူမှာမဟုတ်ဘဲ အဝတ်အစားက တခြားသူတွေကို ဘယ်လို အကျိုးသက်ရောက်နိုင်ကြောင်း စဉ်းစားတတ်အောင် အားပေးနိုင်တယ်။ (၁ တိ. ၂:၉၊ ၁၀) ဒီလိုမေတ္တာပါ စိုးရိမ်ပူပန်မှုက ကောင်းကျိုး ဖြစ်စေနိုင်တယ်။

၁၉။ (က) နှစ်ခြင်းခံပြီးသား ညီအစ်ကိုတွေ ဘယ်လို သတ္တိရှိနိုင်သလဲ။ (ခ) ဖိလိပ္ပိ ၂:၁၃ နဲ့ ၄:၁၃ က သတ္တိမွေးဖို့ ညီအစ်ကိုတွေကို ဘယ်လို ကူညီပေးနိုင်သလဲ။

၁၉ ရဲစွမ်းသတ္တိရှိရှိ လုပ်ဆောင်ရမယ့် တခြားသူတွေကတော့ နှစ်ခြင်းခံပြီးသား ညီအစ်ကိုတွေပါပဲ။ ထပ်ဆင့်တာဝန်တွေ လက်ခံချင်တဲ့၊ ရဲစွမ်းသတ္တိရှိတဲ့ အမျိုးသားတွေဟာ အသင်းတော်အတွက် ကောင်းချီးတစ်ရပ်ပဲ။ (၁ တိ. ၃:၁) ဒါပေမဲ့ တချို့က တက်လှမ်းဖို့ တွန့်ဆုတ်နေနိုင်တယ်။ ညီအစ်ကိုတစ်ယောက်ဟာ အရင်က အမှားတွေ ကျူးလွန်ခဲ့မိလို့ အသင်းတော် အမှုထမ်းအဖြစ်၊ အကြီးအကဲအဖြစ် ထမ်းဆောင်ဖို့ မထိုက်တန်ဘူးလို့ ခံစားရနိုင်တယ်။ နောက်ညီအစ်ကိုတစ်ယောက်ကတော့ တာဝန်ထမ်းဆောင်နိုင်တဲ့ အရည်အချင်း မရှိဘူးလို့ ခံစားရနိုင်တယ်။ အဲဒီလို ခံစားနေရတယ်ဆိုရင် သတ္တိရှိလာအောင် ယေဟောဝါ ကူညီပေးနိုင်တယ်။ (ဖိလိပ္ပိ ၂:၁၃၊ ၄:၁၃ တို့ကို ဖတ်ပါ။) တစ်ချိန်တုန်းက မောရှေလည်း အရည်အချင်း မပြည့်မီဘူးလို့ ခံစားခဲ့ရကြောင်း သတိရပါ။ (ထွ. ၃:၁၁) ဒါပေမဲ့ ယေဟောဝါ ကူညီပေးတဲ့အတွက် အချိန်တန်တဲ့အခါ တာဝန်ထမ်းဆောင်ဖို့ သတ္တိရှိလာတယ်။ နှစ်ခြင်းခံပြီးသား ညီအစ်ကိုဟာ ဘုရားသခင့် အကူအညီရဖို့ စိတ်ထက်သန်စွာ ဆုတောင်းခြင်း၊ နေ့စဉ် ကျမ်းစာ ဖတ်ရှုခြင်းအားဖြင့် အလားတူသတ္တိမျိုး မွေးမြူနိုင်ပါတယ်။ ရဲစွမ်းသတ္တိတင်ပြခဲ့တဲ့ မှတ်တမ်းတွေကို တွေးတောဆင်ခြင်ခြင်းကလည်း ကူညီပေးနိုင်တယ်။ လေ့ကျင့်ပေးဖို့ အကြီးအကဲတွေကို နှိမ့်ချစွာ တောင်းဆိုနိုင်တယ်။ လိုအပ်တဲ့ ဘယ်ကဏ္ဍမှာမဆို ကူညီပေးဖို့ အသင့်ဖြစ်နေရမယ်။ သတ္တိရှိရှိ လုပ်ငန်းစဖို့ နှစ်ခြင်းခံပြီးသား ညီအစ်ကိုအားလုံးကို တိုက်တွန်းပါတယ်။

‘ယေဟောဝါ မင်းနဲ့အတူ ရှိတယ်’

၂၀၊ ၂၁။ (က) ရှောလမုန်ကို ဒါဝိဒ် ဘယ်လို အာမခံခဲ့သလဲ။ (ခ) ဘာကို စိတ်ချနိုင်သလဲ။

၂၀ ဗိမာန်တော် ဆောက်လုပ်ရေး ပြီးစီးတဲ့အထိ ယေဟောဝါ အတူရှိမယ်လို့ ရှောလမုန်ကို ဘုရင်ဒါဝိဒ် အာမခံခဲ့တယ်။ (၁ ရာ. ၂၈:၂၀) ရှောလမုန်ဟာ ဖခင်ရဲ့ စကားကို မှတ်ထားပြီး ငယ်ရွယ်တာ၊ အတွေ့အကြုံ မရှိတာကို အတားအဆီး မဖြစ်စေခဲ့ဘူး။ သတ္တိရှိရှိ လုပ်ငန်းစခဲ့တယ်။ ကြီးကျယ်ခမ်းနားတဲ့ ဗိမာန်တော်ကို ယေဟောဝါရဲ့ အကူအညီနဲ့ ခုနစ်နှစ်ခွဲအတွင်း ဆောက်လုပ်ပြီးစီးခဲ့တယ်။

၂၁ ရှောလမုန်ကို ယေဟောဝါ ကူညီပေးခဲ့သလို ကျွန်တော်တို့ကိုလည်း မိသားစုမှာ၊ အသင်းတော်မှာ ရဲစွမ်းသတ္တိရှိဖို့၊ အလုပ်ပြီးစီးဖို့ ကူညီပေးနိုင်ပါတယ်။ (ဟေရှာ. ၄၁:၁၀၊ ၁၃) ယေဟောဝါကို သတ္တိရှိရှိ ဝတ်ပြုမယ်ဆိုရင် အခုရော အနာဂတ်မှာပါ ကောင်းချီးခံစားရမှာ စိတ်ချနိုင်ပါတယ်။ ဒါကြောင့် “ရဲစွမ်းသတ္တိရှိရှိနဲ့ လုပ်ငန်း စပေတော့။”

a ၂၀၀၄၊ ဇူလိုင် ၁၅ ရက်ထုတ် ကင်းမျှော်စင် ပါ “သင့်ဖန်ဆင်းရှင်၏ ဘုန်းတော်ကို ထင်ရှားစေရန် ဝိညာဉ်ရေးပန်းတိုင်များ အသုံးပြုလော့” ဆောင်းပါးမှာ ဘုရားရေးရာ ပန်းတိုင်တွေ ချမှတ်ဖို့ လက်တွေ့ကျ အဆင့်တွေကို ဖော်ပြထားတယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ