လူငယ်တို့၊ ‘ကယ်တင်ခြင်းရဖို့ ဆက်ကြိုးစားနေကြပါ’
“ခင်ဗျားတို့ အမြဲနာခံခဲ့တယ်။ . . . အခုလည်း ကယ်တင်ခြင်းရဖို့ ကြောက်ရွံ့တုန်လှုပ်တဲ့စိတ်နဲ့ ဆက်ကြိုးစားနေကြပါ။”—ဖိ. ၂:၁၂။
၁။ နှစ်ခြင်းဟာ ဘာကြောင့် အရေးကြီးတဲ့ခြေလှမ်း ဖြစ်သလဲ။ (ဆောင်းပါးအစမှာပါတဲ့ ရုပ်ပုံကို ကြည့်ပါ။)
နှစ်တိုင်း ထောင်နဲ့ချီတဲ့ ကျမ်းစာသင်သားတွေ နှစ်ခြင်းခံကြတယ်။ ကလေးသူငယ်တွေ၊ ဆယ်ကျော်သက်တွေ များကြတယ်။ သူတို့ဟာ အမှန်တရားထဲမှာ ကြီးပြင်းလာသူတွေ ဖြစ်နိုင်တယ်။ အဲဒီထဲမှာ သင်ကော ပါသလား။ ပါတယ်ဆိုရင် ချီးမွမ်းပါတယ်။ နှစ်ခြင်းဟာ ခရစ်ယာန်တွေအတွက် တောင်းဆိုချက် ဖြစ်တယ်။ ကယ်တင်ခြင်း ရဖို့ မရှိမဖြစ် ခြေလှမ်းပဲ။—မ. ၂၈:၁၉၊ ၂၀။ ၁ ပေ. ၃:၂၁။
၂။ ဆက်ကပ်အပ်နှံခြင်းကို ဘာကြောင့် မကြောက်သင့်၊ မရှောင်သင့်သလဲ။
၂ နှစ်ခြင်းက ကောင်းချီးများစွာအတွက် လမ်းဖွင့်ပေးပေမဲ့ တာဝန်လည်း လိုက်ပါလာတယ်။ ဘယ်နည်းနဲ့လဲ။ “ယေရှုခရစ်ရဲ့ ပူဇော်သကာပေါ်အခြေပြုပြီး သင့်အပြစ်တွေကို နောင်တရကာ ယေဟောဝါရဲ့ အလိုတော် ဆောင်ဖို့ သင့်ကိုယ်ကို အပ်နှံပြီးပြီလား” ဆိုတဲ့မေးခွန်းကို အပ်နှံပြီးပါပြီလို့ နှစ်ခြင်းခံတဲ့နေ့မှာ ဖြေခဲ့ရတယ်။ နှစ်ခြင်းက ဆက်ကပ်အပ်နှံထားကြောင်း ဖော်ပြတယ်။ ယေဟောဝါကို ချစ်ဖို့၊ အလိုတော်ကို အရာရာထက် ဦးစားပေးဖို့ အလေးအနက် ကတိပြုတာဖြစ်တယ်။ ဒါဟာ ကြီးလေးတဲ့ ကတိကဝတ်ပါပဲ။ အဲဒီအတွက် နောင်တရသင့်သလား။ လုံးဝ မရသင့်ပါဘူး။ ကိုယ့်ကိုယ်ကိုယ် ယေဟောဝါရဲ့လက်ထဲ အပ်လိုက်တာ ဘယ်တော့မှ မမှားပါဘူး။ နောက်တစ်နည်း စဉ်းစားကြည့်ပါ။ ယေဟောဝါနဲ့ ကင်းကွာတဲ့သူဟာ စာတန့် အုပ်ချုပ်မှုအောက်မှာ ရှိတယ်။ သင့်ကယ်တင်ခြင်းကို မာရ်နတ် စိတ်မဝင်စားဘူး။ ယေဟောဝါရဲ့ အချုပ်အခြာအာဏာကို ငြင်းပယ်ပြီး စာတန့်ဘက် ပါလို့ ထာဝရအသက် ဆုံးရှုံးသွားရင် စာတန် ဝမ်းသာမယ်။
၃။ ယေဟောဝါဆီ ဆက်ကပ်အပ်နှံရင် ဘာကောင်းချီးတွေ ရမလဲ။
၃ စာတန်ကို မထောက်ခံရင်တော့ ဆက်ကပ်အပ်နှံ၊ နှစ်ခြင်းခံပြီးသား ခရစ်ယာန်တစ်ယောက်အဖြစ် ရရှိမယ့် ကောင်းချီးတွေကို စဉ်းစားကြည့်ပါ။ ကိုယ့်အသက်တာကို ယေဟောဝါဆီ ပေးအပ်ပြီးပြီမို့ “ငါ့ဘက်မှာ ယေဟောဝါရှိတဲ့အတွက် ဘာကိုမှ မကြောက်ဘူး။ လူက ငါ့ကို ဘာလုပ်နိုင်မှာလဲ” လို့ ယုံကြည်စိတ်ချမှုအပြည့်နဲ့ ပြောနိုင်ပြီ။ (ဆာ. ၁၁၈:၆) ဘုရားသခင်ဘက် ရပ်တည်တာ၊ ဘုရားမျက်နှာသာ ရတာထက် ပိုကြီးမားတဲ့ အခွင့်ထူး မရှိနိုင်တော့ဘူး။
ကိုယ်ပိုင်တာဝန်
၄၊ ၅။ (က) ဆက်ကပ်အပ်နှံခြင်းဟာ ဘယ်နည်းနဲ့ ကိုယ်ပိုင် တာဝန် ဖြစ်သလဲ။ (ခ) လူငယ်တွေအတွက် ဘယ်အခက်အခဲတွေ မဆန်းသလဲ။
၄ နှစ်ခြင်းခံပြီးသား ခရစ်ယာန်တစ်ယောက်အနေနဲ့ ယေဟောဝါနဲ့ ဆက်ဆံရေးကို မိဘတွေ ပေးချေပေးတဲ့ တယ်လီဖုန်း ဝန်ဆောင်မှု ‘မိသားစုစီမံကိန်း’ လိုမျိုး သဘောမထားသင့်ဘူး။ မိဘနဲ့ တစ်မိုးတည်း အတူနေရင်တောင် ကိုယ့်ကယ်တင်ခြင်းအတွက် ကိုယ့်မှာပဲ တာဝန်ရှိတယ်။ ဒါကို သတိရဖို့ ဘာကြောင့် အရေးကြီးသလဲ။ အနာဂတ်မှာ ဘာအခက်အခဲတွေ ရင်ဆိုင်ရမယ်ဆိုတာ အမြဲ ကြိုမသိနိုင်လို့ပဲ။ ဥပမာ၊ နှစ်ခြင်းခံပြီးသား ကလေးသူငယ်တစ်ယောက်အနေနဲ့ ဆယ်ကျော်သက်အရွယ် ရောက်လာတဲ့အခါ ခံစားချက်သစ်တွေ၊ ဖိအားသစ်တွေ ကြုံလာရနိုင်တယ်။ ဆယ်ကျော်သက် မိန်းကလေးတစ်ယောက် ဒီလိုပြောတယ်– “ကျောင်းမှာ မွေးနေ့ကိတ် မစားရလို့ ယေဟောဝါသက်သေ ဖြစ်ရတာကို ကလေးတစ်ယောက် မကျေမနပ်ဖြစ်မှာ မဟုတ်ဘူး။ ဒါပေမဲ့ နှစ်အနည်းငယ် ကြာလို့ လိင်စိတ် ပြင်းပြလာတဲ့အခါမှာတော့ ယေဟောဝါရဲ့ ပညတ်တွေကို နာခံခြင်းဟာ အမြဲ အကောင်းဆုံး ဖြစ်ကြောင်း အခိုင်အမာ ယုံကြည်စိတ်ချဖို့ လိုတယ်။”
၅ လူငယ်တွေ အခက်အခဲသစ်တွေ ရင်ဆိုင်ရတာ မဆန်းပါဘူး။ လူကြီးအရွယ်မှာ နှစ်ခြင်းခံသူတွေတောင် မမျှော်လင့်ထားတဲ့ ယုံကြည်ခြင်း စမ်းသပ်မှုများစွာ ကြုံရတယ်။ အိမ်ထောင်ရေး၊ ကျန်းမာရေး၊ အလုပ်အကိုင်တွေနဲ့ ပတ်သက်နိုင်တယ်။ ဘယ်အရွယ်ဖြစ်ဖြစ် လူတိုင်း ယေဟောဝါအပေါ် သစ္စာရှိဖို့ လိုအပ်တဲ့ အခြေအနေတွေ ကြုံကြရမယ်။—ယာ. ၁:၁၂-၁၄။
၆။ (က) ယေဟောဝါဆီ ဆက်ကပ်အပ်နှံခြင်းဟာ ဘယ်နည်းနဲ့ ခြွင်းချက်မရှိသလဲ။ (ခ) ဖိလိပ္ပိ ၄:၁၁-၁၃ ကနေ ဘာသင်ယူနိုင်သလဲ။
၆ ဘယ်အခြေအနေမှာမဆို သစ္စာရှိနေဖို့ ယေဟောဝါကို ပေးထားတဲ့ကတိဟာ ခြွင်းချက်မရှိကြောင်း ဘယ်တော့မှ မမေ့ပါနဲ့။ စကြဝဠာ အချုပ်အခြာအာဏာရှင်ကို မိတ်ဆွေတွေ၊ မိဘတွေ ဝတ်မပြုတော့ရင်တောင် သင်ကတော့ ဆက်ဝတ်ပြုမယ်လို့ ကတိပြုထားတယ်။ (ဆာ. ၂၇:၁၀) ဘယ်အခြေအနေမှာမဆို ဆက်ကပ်အပ်နှံမှုနဲ့အညီ အသက်ရှင်နိုင်အောင် ယေဟောဝါ ခွန်အားပေးနိုင်တယ်။—ဖိလိပ္ပိ ၄:၁၁-၁၃ ကိုဖတ်ပါ။
၇။ ကယ်တင်ခြင်းရဖို့ “ကြောက်ရွံ့တုန်လှုပ်တဲ့စိတ်နဲ့” ကြိုးစားခြင်းဆိုတာ ဘာကို ဆိုလိုသလဲ။
၇ ယေဟောဝါက သင်နဲ့ မိတ်ဆွေ ဖြစ်ချင်တယ်။ မိတ်ဆွေ ဖြစ်နေဖို့၊ ကယ်တင်ခြင်းရဖို့ ကြိုးစားအားထုတ်မှု လိုအပ်တယ်။ “ကယ်တင်ခြင်းရဖို့ ကြောက်ရွံ့တုန်လှုပ်တဲ့စိတ်နဲ့ ဆက်ကြိုးစားနေကြပါ” လို့ ဖိလိပ္ပိ ၂:၁၂ မှာ ပြောထားတယ်။ အဲဒီစကားတွေက ဘယ်အခက်အခဲတွေပဲ ရင်ဆိုင်ရပါစေ ယေဟောဝါနဲ့ မိတ်ဆွေ ဘယ်လို ဆက်ဖြစ်နိုင်မယ်၊ ဆက်သစ္စာရှိနိုင်မယ်ဆိုတာ စဉ်းစားဖို့ လိုကြောင်း ဖော်ပြတယ်။ ယုံကြည်စိတ်ချမှု မလွန်ကဲရဘူး။ ဘုရားသခင့် ဝါရင့်ကျေးကျွန်တချို့တောင် လမ်းလွဲခဲ့ကြတယ်။ ဒါကြောင့် ကယ်တင်ခြင်းရဖို့ ဘယ်လို ကြိုးစားနိုင်သလဲ။
ကျမ်းစာလေ့လာမှု အရေးကြီး
၈။ ကိုယ်ပိုင်လေ့လာမှုမှာ ဘာတွေ ပါဝင်သလဲ။ ဘာကြောင့် အရေးကြီးသလဲ။
၈ ယေဟောဝါနဲ့ မိတ်ဆွေဖြစ်ခြင်းမှာ နားထောင်ခြင်း၊ ပြောဆိုခြင်းဆိုတဲ့ နှစ်လမ်းသွားဆက်သွယ်ရေး ပါဝင်တယ်။ ကိုယ်ပိုင် ကျမ်းစာလေ့လာမှုက ယေဟောဝါ ပြောတာကို နားထောင်နိုင်တဲ့ အဓိကနည်း ဖြစ်တယ်။ ကျမ်းစာနဲ့ ကျမ်းစာအခြေပြု စာပေတွေ ဖတ်ရှုခြင်း၊ တွေးတောဆင်ခြင်ခြင်းကနေ အသိပညာ ရယူနေခြင်း ပါဝင်တယ်။ ကျမ်းစာ လေ့လာခြင်းဟာ ကျောင်းပညာရေး လေ့ကျင့်ခန်း လုပ်တာမျိုး မဟုတ်ကြောင်း သတိရပါ။ စာမေးပွဲ အောင်ဖို့ ကျက်မှတ်သလိုမျိုး မဖြစ်သင့်ဘူး။ အကျိုးရှိတဲ့ လေ့လာမှုက ယေဟောဝါရဲ့ ဂုဏ်ရည်တော်ကဏ္ဍသစ်တွေကို ရှာဖွေလေ့လာတာနဲ့ ပိုတူတယ်။ ဒါက ဘုရားသခင်နဲ့ ပိုရင်းနှီးစေပြီး ဘုရားသခင်လည်း သင်နဲ့ ရင်းနှီးလာပါလိမ့်မယ်။—ယာ. ၄:၈။
ယေဟောဝါနဲ့ သင် ဘယ်လောက် ကောင်းကောင်း ဆက်သွယ်နေသလဲ (အပိုဒ် ၈-၁၁ ကိုကြည့်ပါ)
၉။ ဘယ်ကိရိယာတွေက ကိုယ်ပိုင်လေ့လာမှုမှာ ကူညီပေးခဲ့ပြီလဲ။
၉ ယေဟောဝါရဲ့ အဖွဲ့အစည်းဟာ ထိရောက်စွာ လေ့လာနိုင်ဖို့ ကိရိယာများစွာ ပြင်ဆင်ပေးထားတယ်။ ဥပမာ၊ jw.org မှာပါတဲ့ “ဆယ်ကျော်သက်များ” အပိုင်းထဲက “ကျမ်းစာလေ့လာမှု ကဏ္ဍ” ဟာ ကျမ်းစာဖြစ်ရပ်တွေကနေ လက်တွေ့ကျ သင်ခန်းစာတွေ သင်ယူဖို့ ကူညီပေးနိုင်တယ်။ jw.org မှာပါတဲ့ “သမ္မာကျမ်းစာ သွန်သင်ရာက ဘာလဲ” လေ့လာမှုလမ်းညွှန်တွေကလည်း သင့်ယုံကြည်ခြင်းနဲ့ပတ်သက်တဲ့ ခံယူချက် ခိုင်မာစေနိုင်တယ်။ ယုံကြည်ချက်တွေအကြောင်း တခြားသူတွေကို ရှင်းပြဖို့ ကူညီပေးနိုင်တယ်။ လေ့လာမှုအတွက် တခြားအကြံဉာဏ်တွေကို ၂၀၀၉၊ ဧပြီလထုတ် နိုးလော့! “လူငယ်များအမေး . . . ကျမ်းစာဖတ်ရှုခြင်းကို ပျော်စရာဖြစ်အောင် ငါဘယ်လို လုပ်နိုင်မလဲ” ဆောင်းပါးမှာ တွေ့နိုင်တယ်။ ကယ်တင်ခြင်းရဖို့ ကြိုးစားရာမှာ လေ့လာခြင်း၊ တွေးတောဆင်ခြင်ခြင်း အရေးကြီးတယ်။—ဆာလံ ၁၁၉:၁၀၅ ကိုဖတ်ပါ။
ဆုတောင်းခြင်း အရေးကြီး
၁၀။ ဆုတောင်းခြင်းဟာ နှစ်ခြင်းခံပြီးသား ခရစ်ယာန်တစ်ယောက်အတွက် ဘာကြောင့် အရေးကြီးသလဲ။
၁၀ ကိုယ်ပိုင်လေ့လာမှုဟာ ယေဟောဝါရဲ့ စကားကို နားထောင်နိုင်တဲ့နည်း ဖြစ်ပြီး ဆုတောင်းခြင်းကတော့ ယေဟောဝါနဲ့ စကားပြောနိုင်တဲ့နည်း ဖြစ်တယ်။ ခရစ်ယာန်တစ်ယောက်ဟာ ဆုတောင်းခြင်းကို အဓိပ္ပာယ်မဲ့တဲ့ ထုံးစံအဖြစ်၊ အောင်မြင်မှု အခွင့်အလမ်း တိုးများစေတဲ့ ‘ကံကောင်းခြင်းဂါထာ’ အဖြစ် သဘောမထားသင့်ဘူး။ ဆုတောင်းခြင်းဟာ ဖန်ဆင်းရှင်နဲ့ တကယ်ဆက်သွယ်ခြင်း ဖြစ်တယ်။ ယေဟောဝါက သင်ပြောတာကို နားထောင်ချင်တယ်။ (ဖိလိပ္ပိ ၄:၆ ကိုဖတ်ပါ။) ဘယ်စိုးရိမ်ပူပန်မှုမျိုးကိုပဲ ရင်ဆိုင်ရပါစေ “ထမ်းထားရတဲ့ဝန်ကို ယေဟောဝါဆီ ပုံအပ်လိုက်” ဖို့ ကျမ်းစာမှာ အကြံပြုထားတယ်။ (ဆာ. ၅၅:၂၂) အဲဒါကို တကယ်ယုံကြည်သလား။ ယေဟောဝါဆီ ပုံအပ်ခြင်းက အကူအညီဖြစ်စေကြောင်း ပြောနိုင်တဲ့ ညီအစ်ကို/မများစွာ ရှိပါတယ်။ သင့်အတွက်လည်း အကူအညီ ဖြစ်စေနိုင်ပါတယ်။
၁၁။ ယေဟောဝါကို ဘာကြောင့် အမြဲ ကျေးဇူးတင်သင့်သလဲ။
၁၁ ဆုတောင်းခြင်းဟာ ယေဟောဝါဆီ အကူအညီတောင်းရုံထက်မက အခွင့်အရေး ရစေတယ်။ “ကျေးဇူးသိတတ်ကြပါ” လို့ ကျမ်းစာမှာ ပြောတယ်။ (ကော. ၃:၁၅) တစ်ခါတလေ ပြဿနာတွေ များလွန်းလို့ ကောင်းချီးများစွာကို လျစ်လျူရှုမိနိုင်တယ်။ နေ့တိုင်း ကျေးဇူးတင်စရာ အနည်းဆုံး သုံးခုကို စဉ်းစားကြည့်ဖို့ ဆုံးဖြတ်ထားပါ။ ပြီးတော့ အဲဒီကောင်းချီးတွေအတွက် ယေဟောဝါကို ကျေးဇူးတင်ဆုတောင်းပါ။ အသက် ၁၂ နှစ်မှာ နှစ်ခြင်းခံခဲ့တဲ့ အဘိဂဲ ဒီလိုပြောတယ်– “စကြဝဠာမှာ ယေဟောဝါဟာ ဘယ်သူထက်မဆို ကျွန်မတို့ရဲ့ ကျေးဇူးတင်မှုကို အရထိုက်ဆုံးပါ။ ဆုလက်ဆောင်တွေအတွက် အခွင့်အရေးရတိုင်း ကျေးဇူးတင်သင့်တယ်။ ‘ဒီနေ့ ကျေးဇူးတင်ခဲ့တဲ့အရာတွေကိုပဲ မနက်ဖြန် နိုးထလာတဲ့အခါ ရမယ်ဆိုရင် ငါဘာရမလဲ’ ဆိုတဲ့ အလွန်ကောင်းတဲ့ သတိပေးချက်ကို ကြားဖူးတယ်။”a
ကိုယ်ပိုင်အတွေ့အကြုံရဲ့ တန်ဖိုး
၁၂၊ ၁၃။ ယေဟောဝါရဲ့ ကောင်းမြတ်မှုကို ကိုယ်တိုင် မြည်းစမ်းခဲ့ပုံကို စဉ်းစားဖို့ ဘာကြောင့် အရေးကြီးသလဲ။
၁၂ စမ်းသပ်မှုများစွာ ကြုံခဲ့ရတဲ့ ရှေးခေတ် ဘုရင်ဒါဝိဒ်က “ယေဟောဝါ ဘယ်လောက် ကောင်းမြတ်သလဲဆိုတာ မြည်းစမ်းပြီး ကိုယ်တိုင် ခံစားကြည့်ပါ။ ဘုရားကို ခိုလှုံသူဟာ ပျော်ရွှင်ချမ်းမြေ့တယ်” လို့ စပ်ဆိုခဲ့တယ်။ (ဆာ. ၃၄:၈) အဲဒီကျမ်းပိုဒ်က ကိုယ်ပိုင်အတွေ့အကြုံရဲ့ တန်ဖိုးကို ပေါ်လွင်စေတယ်။ ကျမ်းစာနဲ့ ကျမ်းစာအခြေပြု စာပေတွေ ဖတ်တဲ့အခါ၊ ခရစ်ယာန် အစည်းအဝေးတွေ တက်ရောက်တဲ့အခါ တခြားသူတွေကို သစ္စာရှိနေအောင် ဘုရားသခင် ဘယ်လို ကူညီတဲ့အကြောင်း အားရှိစရာ တွေ့ကြုံမှုတွေ ကြားရတယ်။ ဒါပေမဲ့ သင်ကိုယ်တိုင် ယေဟောဝါရဲ့ လက်တော် ကူညီထောက်မမှုကို မြင်တွေ့ခံစားရဖို့ လိုတယ်။ ယေဟောဝါရဲ့ ကောင်းမြတ်မှုကို ကိုယ်တိုင် ဘယ်လို မြည်းစမ်းခဲ့ပြီလဲ။
၁၃ ယေဟောဝါရဲ့ ကောင်းမြတ်မှုကို ခရစ်ယာန်အားလုံး မြည်းစမ်းနိုင်တဲ့နည်းတစ်နည်း ရှိတယ်။ ဘုရားသခင်၊ သားတော်နဲ့ ရင်းနှီးအောင်လုပ်ဖို့ ဖိတ်ခေါ်ခံရခြင်းပါပဲ။ “ကျွန်တော့်ကို စေလွှတ်တဲ့အရှင်သာ မဆွဲဆောင်ရင် ဘယ်သူမှ ကျွန်တော့်ဆီ မလာနိုင်ဘူး” လို့ ယေရှု ပြောတယ်။ (ယော. ၆:၄၄) အဲဒီစကားတွေ သင်နဲ့ သက်ဆိုင်တယ်လို့ ခံစားရပါသလား။ ‘ငါ့မိဘတွေကို ယေဟောဝါ ဆွဲဆောင်လို့ ငါလည်း ပါသွားတာ’ လို့ လူငယ်တစ်ယောက် တွေးမိနိုင်တယ်။ ဒါပေမဲ့ သင် ယေဟောဝါဆီ ဆက်ကပ်အပ်နှံ၊ နှစ်ခြင်းခံတဲ့အခါ ဘုရားသခင်နဲ့ အခွင့်ထူးခံဆက်ဆံရေး ရှိထားကြောင်း ဖော်ပြတယ်။ အခု သင့်ကို ဘုရားသခင် တကယ် သိနေပြီ။ ‘ဘုရားသခင်ကို ချစ်တဲ့သူဖြစ်ရင် အဲဒီလူကို ဘုရားသခင် သိတယ်’ လို့ ကျမ်းစာမှာ အာမခံထားတယ်။ (၁ ကော. ၈:၃) ယေဟောဝါရဲ့ အဖွဲ့အစည်းမှာ ကိုယ့်နေရာကို တန်ဖိုးထားလေးမြတ်ဖို့ အမြဲ ကြိုးစားပါ။
၁၄၊ ၁၅။ အမှုဆောင်လုပ်ငန်းက ယုံကြည်ခြင်း ခိုင်မာလာအောင် ဘယ်လို ကူညီပေးနိုင်သလဲ။
၁၄ ယေဟောဝါရဲ့ ကောင်းမြတ်မှုကို မြည်းစမ်းနိုင်တဲ့ နောက်တစ်နည်းကတော့ ယုံကြည်ချက်အကြောင်း တခြားသူတွေကို ဝေမျှတဲ့အခါ ဘုရားသခင့် ထောက်မမှု ခံစားရခြင်းပါပဲ။ အမှုဆောင်မှာ၊ ကျောင်းမှာ အဲဒီလို မြည်းစမ်းနိုင်တယ်။ ကျောင်းမှာ ရွယ်တူချင်းတွေကို ဟောပြောဖို့ တချို့ အခက်တွေ့ကြတယ်။ ဘာကြောင့်လဲဆိုတာ သင်နားလည်မှာပါ။ သူတို့ ဘယ်လို တုံ့ပြန်မယ်ဆိုတာ မသိနိုင်ဘူး။ အထူးသဖြင့် အတန်းဖော်ကို တစ်ယောက်ချင်း ပြောရတာထက် အုပ်စုရှေ့မှာ ပြောရတဲ့အခါ ပိုခက်နိုင်တယ်။ ဘာက ကူညီပေးနိုင်သလဲ။
၁၅ အရင်ဆုံး သင့်ယုံကြည်ချက်တွေကို ဘာကြောင့် ယုံကြည်စိတ်ချသလဲဆိုတာ စဉ်းစားပါ။ jw.org မှာ လေ့လာမှုလမ်းညွှန်တွေကို သင့်ဘာသာစကားနဲ့ ရရှိနိုင်သလား။ မသေချာရင် အချိန်ယူပြီး ရှာကြည့်ပါ။ ဘာကို ယုံကြည်တယ်၊ ဘာကြောင့် ယုံကြည်တယ်၊ ယုံကြည်ချက်တွေအကြောင်း တခြားသူတွေကို ဘယ်လို ရှင်းပြနိုင်တယ်ဆိုတာ ကူညီပေးဖို့ ရည်ရွယ်ထားတယ်။ ခံယူချက် ခိုင်မာပြီး ကောင်းကောင်း ပြင်ဆင်ထားမယ်ဆိုရင် ယေဟောဝါရဲ့ နာမတော်အတွက် သက်သေခံဖို့ လှုံ့ဆော်ခံရပါလိမ့်မယ်။—ယေ. ၂၀:၈၊ ၉။
၁၆။ ယုံကြည်ချက်တွေအကြောင်း ပြောဖို့ တွန့်ဆုတ်တတ်တာကို ဘယ်လို ဖြေရှင်းနိုင်သလဲ။
၁၆ ကြိုတင်ပြင်ဆင်ထားရင်တောင် ယုံကြည်ချက်တွေအကြောင်း ပြောဖို့ တွန့်ဆုတ်နေနိုင်တယ်။ အသက် ၁၃ နှစ်မှာ နှစ်ခြင်းခံခဲ့တဲ့ ၁၈ နှစ်အရွယ် ညီအစ်မက “ကိုယ့်ယုံကြည်ချက်ကို သိပါတယ်။ ဒါပေမဲ့ တစ်ခါတလေ ထုတ်ပြောဖို့ ခက်တယ်” လို့ ဝန်ခံတယ်။ အဲဒီအခက်အခဲကို ဘယ်လို ဖြေရှင်းသလဲ။ “ပုံမှန်အတိုင်း ပြောဖို့ ကြိုးစားတယ်။ အတန်းဖော်တွေက သူတို့ လုပ်တာတွေကို လွတ်လွတ်လပ်လပ် ပြောကြတယ်။ ကျွန်မလည်း အဲဒီလိုပဲ ဖြစ်သင့်တယ်။ ဒါကြောင့် စကားပြောဟန်လွဲနဲ့ ‘ဟိုနေ့က ကျမ်းစာအကြောင်း သင်ပေးနေတုန်း . . . ’ လို့ ပြောလိုက်တယ်။ ပြီးတော့ ပြောချင်တာကို ဆက်ပြောတယ်။ အဓိကပြောနေတာ ကျမ်းစာအကြောင်း မဟုတ်ပေမဲ့ ကျမ်းစာ သင်ရင်း ဘာလုပ်သလဲဆိုတာ တခြားသူတွေ စပ်စုလာတတ်ကြတယ်။ တစ်ခါတလေ မေးခွန်းတွေ မေးကြတယ်။ ဒီနည်းကို ပိုသုံးလေ ပိုလွယ်လေပဲ။ ပြီးရင်တော့ အမြဲကျေနပ်အားရနေတတ်တယ်။”
၁၇။ ကိုယ့်ယုံကြည်ချက်အပေါ် ရှုမြင်ပုံက တခြားသူတွေကို ပြောပြဖို့ ဘယ်လို ကူညီပေးနိုင်သလဲ။
၁၇ တခြားသူတွေကို လေးစားပြီး စိတ်ဝင်စားမှု ပြတဲ့အခါ သူတို့လည်း ကောင်းကောင်း တုံ့ပြန်လာနိုင်တယ်။ “ကျမ်းစာအကြောင်း စကားထဲ ထည့်ပြောရင် တစ်ယူသန်အဖြစ် လူတွေ မြင်မှာကို အမြဲစိုးရိမ်နေတတ်တယ်” လို့ လူငယ်လေးဘဝမှာ နှစ်ခြင်းခံခဲ့တဲ့ အသက် ၁၇ နှစ်အရွယ် အိုလီဗီယာက ပြောတယ်။ အဲဒီတော့ နောက်တစ်မျိုး တွေးကြည့်တယ်။ ကြောက်တာကိုပဲ တွေးနေမယ့်အစား အိုလီဗီယာ ဒီလိုဆင်ခြင်တယ်– “လူငယ် အတော်များများက ယေဟောဝါသက်သေတွေအကြောင်း ဘာမှ မသိကြဘူး။ သူတို့ ထိတွေ့နေတဲ့ သက်သေခံတွေဆိုလို့ ငါတို့ပဲ ရှိတာ။ ငါတို့ရဲ့ လုပ်ရပ်က သူတို့ရဲ့ တုံ့ပြန်ပုံအပေါ် အကျိုးသက်ရောက်နိုင်တယ်။ ယုံကြည်ချက်အကြောင်း ပြောဖို့ ရှက်ကြောက်နေမယ်၊ တွန့်ဆုတ်နေမယ်ဆိုရင် ဘယ်ဖြစ်မလဲ။ ကိုယ်ဘယ်သူဘယ်ဝါ ဖြစ်နေတာကို ဂုဏ်မယူတဲ့သူတွေလို့ သူတို့ မြင်သွားနိုင်တယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု မရှိလို့ ကောင်းကောင်း တုံ့ပြန်မခံရတာမျိုးတောင် ဖြစ်နိုင်တယ်။ ဒါပေမဲ့ ကိုယ်ယုံကြည်တာကို အေးအေးဆေးဆေး၊ ယုံကြည်စိတ်ချမှုအပြည့်နဲ့ ပြောမယ်၊ စကားစမြည်ပြောတဲ့အခါ ထည့်ပြောမယ်ဆိုရင် သူတို့ ပိုလေးစားလာနိုင်တယ်။”
ကယ်တင်ခြင်းရဖို့ ဆက်ကြိုးစားနေကြပါ
၁၈။ ကယ်တင်ခြင်းရဖို့ ကြိုးစားခြင်းမှာ ဘာတွေ ပါဝင်သလဲ။
၁၈ လေ့လာခဲ့တဲ့အတိုင်း ကယ်တင်ခြင်းရဖို့ ကြိုးစားခြင်းက ကြီးလေးတဲ့တာဝန် ဖြစ်တယ်။ အဲဒီထဲမှာ ကျမ်းစာ ဖတ်ရှုတွေးတောဆင်ခြင်ခြင်း၊ ယေဟောဝါဆီ ဆုတောင်းခြင်း၊ ယေဟောဝါ ကောင်းချီးပေးပုံတွေကို စဉ်းစားခြင်းတို့ ပါဝင်တယ်။ အဲဒါတွေကို လုပ်ဆောင်ခြင်းက ယေဟောဝါနဲ့ မိတ်ဆွေဖြစ်ရတဲ့ အခွင့်ထူးကို ပိုယုံကြည်စိတ်ချစေမယ်။ အဲဒါက ကိုယ့်ယုံကြည်ချက်တွေအကြောင်း ပြောဖို့ လှုံ့ဆော်ပေးပါလိမ့်မယ်။—ဆာလံ ၇၃:၂၈ ကိုဖတ်ပါ။
၁၉။ ဘာကြောင့် ကယ်တင်ခြင်းရဖို့ ကြိုးစားရကျိုး နပ်သလဲ။
၁၉ “ကျွန်တော့်နောက်လိုက် ဖြစ်ချင်သူတိုင်း ကိုယ့်ကိုယ်ကိုယ် ငြင်းပယ်ရမယ်။ ဒုက္ခသစ်တိုင်ကို ထမ်းပြီး ကျွန်တော့်နောက်ကို အမြဲလိုက်ရမယ်” လို့ ယေရှု ပြောတယ်။ (မ. ၁၆:၂၄) ဆက်ကပ်အပ်နှံခြင်း၊ နှစ်ခြင်းအပါအဝင် တပည့်ဖြစ်ခြင်းဆိုတာ ခရစ်ယာန်တစ်ယောက်အဖြစ် သင့်တာဝန်ဖြစ်တယ်။ ဒါက လောလောဆယ် ကောင်းချီးများစွာ ရရှိစေပြီး ဘုရားသခင့် ကမ္ဘာသစ်မှာ ထာဝရအသက် ရရှိစေမယ်။ ဒါကြောင့် ကယ်တင်ခြင်းရဖို့ ဆက်ကြိုးစားသင့်တဲ့ အကြောင်းရင်းများစွာ ရှိပါတယ်။
a ထပ်သိချင်ရင် jw.org ထဲက “လူငယ်များအမေး—ဘာကြောင့် ဆုတောင်းရမလဲ” နဲ့ ပူးတွဲပါ လေ့ကျင့်ခန်းစာရွက်မှာ ကြည့်ပါ။