ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၁၈ အောက်တိုဘာ စာ. ၁၁-၁၆
  • အမှန်တရားကို သင်ပေးပါ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အမှန်တရားကို သင်ပေးပါ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၈
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကျွန်တော်တို့အကြောင်း မိတ်ဆက်ပေးတဲ့ ကိရိယာများ
  • စကားစမြည်စတင်စေတဲ့ ကိရိယာများ
  • စိတ်ဝင်စားမှု နှိုးဆွတဲ့ ကိရိယာများ
  • လှုံ့ဆော်မှုဖြစ်စေတဲ့ ကိရိယာများ
  • အမှန်တရား သွန်သင်ပေးတဲ့ ကိရိယာများ
  • သွန်သင်ခြင်းကိရိယာများ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၁၅
  • သွန်သင်ခြင်းကိရိယာတွေကို ကျွမ်းကျင်စွာ အသုံးပြုပါ
    ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း—လေ့ကျင့်ခန်းစာစောင်—၂၀၁၈
  • စကားစမြည် ပြောဆိုနိုင်ပုံ နမူနာ
    ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း—လေ့ကျင့်ခန်းစာစောင်—၂၀၂၃
  • စကားစမြည် ပြောဆိုနိုင်ပုံ နမူနာ
    ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း—လေ့ကျင့်ခန်းစာစောင်—၂၀၂၃
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၈
က၁၈ အောက်တိုဘာ စာ. ၁၁-၁၆
သွန်သင်ခြင်းကိရိယာများ ကဏ္ဍမှာပါတဲ့ စာပေတွေကို အမှုဆောင်မှာ ယေဟောဝါသက်သေတွေ သုံးနေ

အမှန်တရားကို သင်ပေးပါ

“အို ယေဟောဝါ၊ . . . နှုတ်တော်ထွက်စကားရဲ့ အနှစ်သာရဟာ အမှန်တရားပါ။” —ဆာ. ၁၁၉:၁၅၉၊ ၁၆၀။

သီချင်း– ၂၉၊ ၅၃

သင် ဘယ်လို ဖြေမလဲ

  • အမှုဆောင်လုပ်ငန်းမှာ ဘာကို အဓိကထားသင့်သလဲ။

  • သွန်သင်ခြင်းကိရိယာတွေကို ဘာကြောင့် ပြင်ဆင်ပေးထား တာလဲ။

  • ဘယ်ကိရိယာကို သင် ကျွမ်းကျင်စွာ သုံးတတ်ဖို့ လိုနေသလဲ။

၁၊ ၂။ (က) ဘယ်လုပ်ငန်းကို ယေရှု အဓိက အာရုံစိုက်ခဲ့သလဲ။ ဘာကြောင့်လဲ။ (ခ) “ဘုရားသခင်ရဲ့ လုပ်ဖော်ဆောင်ဖက်တွေ” အဖြစ် အောင်မြင်ချင်ရင် ဘာလုပ်ရမလဲ။

ယေရှုခရစ်ဟာ လက်သမား၊ သွန်သင်သူ ဆရာသမား ဖြစ်တယ်။ (မာ. ၆:၃။ ရော. ၁၅:၈) နှစ်ခုစလုံးကို ကျွမ်းကျင်စွာ တတ်မြောက်တယ်။ လက်သမားတစ်ယောက်အနေနဲ့ ကုန်ကြမ်းကနေ ကုန်ချောဖြစ်လာအောင် ကိရိယာတွေကို ဘယ်လို သုံးရမယ်ဆိုတာ သိတယ်။ သွန်သင်သူအနေနဲ့ မိမိရဲ့ ကျမ်းစာအသိပညာကို သုံးပြီး သာမန်လူတွေကို ကျမ်းစာအမှန်တရား နားလည်လာအောင် ကူညီပေးတယ်။ (မ. ၇:၂၈။ လု. ၂၄:၃၂၊ ၄၅) ယေရှုဟာ အသက် ၃၀ အရွယ်မှာ လက်သမားအလုပ်ကို ရပ်နားပြီး သွန်သင်သူ ဖြစ်လာတယ်။ ဒါဟာ အရေးကြီးဆုံးလုပ်ငန်း ဖြစ်မှန်း သိလို့ပဲ။ မြေကြီးပေါ်လာရတဲ့ အဓိကအကြောင်းရင်းဟာ နိုင်ငံတော်သတင်းကောင်း ဟောပြောဖို့ဖြစ်တယ်။ (မ. ၂၀:၂၈။ လု. ၃:၂၃။ ၄:၄၃) ဟောပြောခြင်းလုပ်ငန်းကို အဓိကအာရုံစိုက်ခဲ့သလို တခြားသူတွေကိုလည်း ဒီလုပ်ငန်းမှာ ပါဝင်စေချင်တယ်။—မ. ၉:၃၅-၃၈။

၂ ကျွန်တော်တို့က လက်သမားတွေ မဟုတ်ပေမဲ့ သတင်းကောင်း သွန်သင်ပေးသူတွေ ဖြစ်တယ်။ ဒီလုပ်ငန်းမှာ ဘုရားသခင် ပါဝင်နေတဲ့အတွက် အရေးကြီးတယ်။ ကျွန်တော်တို့ဟာ “ဘုရားသခင်ရဲ့ လုပ်ဖော်ဆောင်ဖက်တွေ” ပါ။ (၁ ကော. ၃:၉။ ၂ ကော. ၆:၄) “နှုတ်တော်ထွက်စကားရဲ့ အနှစ်သာရဟာ အမှန်တရား” ဖြစ်မှန်း ကျွန်တော်တို့ သိတယ်။ (ဆာ. ၁၁၉:၁၅၉၊ ၁၆၀) ဒါကြောင့် “အမှန်တရားနဲ့ဆိုင်တဲ့ တရားစကားကို ပိုင်ပိုင်နိုင်နိုင် သွန်သင်ရှင်းပြ” ချင်ကြတယ်။ (၂ တိမောသေ ၂:၁၅ ကိုဖတ်ပါ။) အဲဒီလို ဖြစ်နိုင်ဖို့ ယေဟောဝါ၊ ယေရှု၊ နိုင်ငံတော်နဲ့ပတ်သက်တဲ့ အမှန်တရားတွေကို သွန်သင်ရာမှာ အဓိကကိရိယာဖြစ်တဲ့ ကျမ်းစာကို ကျွမ်းကျွမ်းကျင်ကျင် သုံးတတ်အောင် လေ့ကျင့်နေရမယ်။ အမှုဆောင်လုပ်ငန်းမှာ အောင်မြင်ချင်ရင် အဖွဲ့အစည်း ပြင်ဆင်ပေးထားတဲ့ တခြားကိရိယာတွေကိုလည်း သုံးတတ်အောင် သင်ယူဖို့ လိုတယ်။ အဲဒါတွေကို သွန်သင်ခြင်းကိရိယာများကဏ္ဍမှာ တွေ့နိုင်တယ်။

၃။ အမှုဆောင်လုပ်ငန်းမှာ ဘာကို အာရုံစိုက်သင့်သလဲ။ တမန်တော် ၁၃:၄၈ က ဘယ်လို ကူညီပေးသလဲ။

၃ ဟောပြောခြင်းကိရိယာလို့ မခေါ်ဘဲ သွန်သင်ခြင်းကိရိယာလို့ ဘာကြောင့် ခေါ်တာလဲ။ “ဟောပြော” တယ်ဆိုတာ သတင်းကောင်း ဟောပြောတာကို ဆိုလိုတယ်။ “သွန်သင်” တယ်ဆိုတာ ဟောတဲ့သတင်းတရား စိတ်နှလုံးထဲရောက်ပြီး ကျင့်သုံးလာဖို့ ရှင်းပြခြင်းကို ဆိုလိုတယ်။ ကျန်ရှိတဲ့အချိန်အတွင်း ကျမ်းစာသင်အံမှုစဖို့၊ အမှန်တရား သင်ပေးဖို့ ကျွန်တော်တို့ အဓိက အာရုံစိုက်သင့်တယ်။ ဒီနည်းအားဖြင့် “ထာဝရအသက်ရဖို့ စိတ်ရင်းမှန်” တဲ့သူတွေကို ရှာဖွေပြီး ယုံကြည်သူဖြစ်လာအောင် ကူညီပေးနိုင်မယ်။—တမန်တော် ၁၃:၄၄-၄၈ ကိုဖတ်ပါ။

၄။ “ထာဝရအသက်ရဖို့ စိတ်ရင်းမှန်” သူတွေကို ဘယ်လို ရှာမလဲ။

၄ “ထာဝရအသက်ရဖို့ စိတ်ရင်းမှန်” သူတွေကို ဘယ်လို သိနိုင်မလဲ။ သိနိုင်တဲ့ တစ်ခုတည်းသောနည်းကတော့ ပထမရာစုတုန်းကလို သက်သေခံခြင်းပါပဲ။ “မြို့တစ်မြို့၊ ရွာတစ်ရွာထဲ ဝင်တဲ့အခါ ထိုက်တန်သူကို ရှာ” ပါဆိုပြီး ယေရှုမိန့်မှာတဲ့အတိုင်း လုပ်ဆောင်သင့်တယ်။ (မ. ၁၀:၁၁) စိတ်ရင်းမမှန်သူ၊ မာနကြီးသူ၊ ဘုရားကို ဂရုမစိုက်သူတွေ သတင်းကောင်းကို လက်ခံလာမယ်လို့ ကျွန်တော်တို့ မမျှော်လင့်ဘူး။ စိတ်ရင်းမှန်သူ၊ နှိမ့်ချသူ၊ အမှန်တရား ဆာငတ်သူတွေကိုပဲ ရှာကြတယ်။ ကျွန်တော်တို့ရဲ့ လုပ်ငန်းကို ယေရှု လုပ်ခဲ့တဲ့ လက်သမားအလုပ်နဲ့ နှိုင်းယှဉ်နိုင်တယ်။ ပရိဘောဂ၊ တံခါး၊ ထမ်းပိုး စတာတွေ လုပ်ဖို့ ဘယ်သစ်အမျိုးအစား သုံးမယ်ဆိုတာ ရွေးရတယ်။ ပြီးနောက် လိုအပ်တဲ့ ကိရိယာနဲ့ ကျွမ်းကျင်မှုကို သုံးပြီး အဲဒါတွေ လုပ်တယ်။ စိတ်ရင်းမှန်သူတွေကို တပည့်ဖြစ်စေရာမှာလည်း အလားတူ လုပ်ဆောင်ရမယ်။—မ. ၂၈:၁၉၊ ၂၀။

၅။ သွန်သင်ခြင်းကိရိယာများ ကဏ္ဍထဲက ကိရိယာတွေအကြောင်း ဘာသိရသလဲ။ ဥပမာပေးပါ။ (ဆောင်းပါးအစမှာပါတဲ့ ပုံကို ကြည့်ပါ။)

၅ ကိရိယာတစ်ခုစီဟာ တစ်မျိုးစီ အသုံးဝင်တယ်။ ဥပမာ၊ ယေရှု သုံးခဲ့တဲ့ လက်သမားကိရိယာတွေကို စဉ်းစားကြည့်ပါ။a သစ်သားတွေကို တိုင်းတာဖို့၊ အမှတ်အသား လုပ်ဖို့၊ ဖြတ်ဖို့၊ ဖောက်ဖို့၊ ပုံဖော်ဖို့၊ ချိန်ညှိဖို့ ကိရိယာတွေ လိုတယ်။ အဲဒီလိုပဲ သွန်သင်ခြင်းကိရိယာတွေထဲက ကိရိယာတစ်ခုစီဟာ သူ့နေရာနဲ့သူ အသုံးဝင်တယ်။ အဲဒီကိရိယာတွေ အသုံးပြုပုံကို ကြည့်ကြစို့။

ကျွန်တော်တို့အကြောင်း မိတ်ဆက်ပေးတဲ့ ကိရိယာများ

လိပ်စာကတ်

၆၊ ၇။ (က) လိပ်စာကတ်တွေကို ဘယ်လို သုံးသလဲ။ (ခ) အစည်းအဝေးဖိတ်စာတွေကို ဘာအတွက် သုံးကြသလဲ။

၆ လိပ်စာကတ်များ။ ဒီကတ်တွေဟာ သေးငယ်ပေမဲ့ ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်ဖို့၊ jw.org ဝက်ဘ်ဆိုက်ကို ညွှန်ပြဖို့ သုံးနိုင်တဲ့ ထိရောက်တဲ့ကိရိယာ ဖြစ်တယ်။ လူတွေဟာ ဝက်ဘ်ဆိုက်ကတစ်ဆင့် ကျွန်တော်တို့အကြောင်း ပိုသိလာပြီး ကျမ်းစာသင်အံမှု တောင်းခံလာနိုင်တယ်။ ဝက်ဘ်ဆိုက်ကနေ ကျမ်းစာသင်အံမှု ၄၀၀,၀၀၀ ကျော် တောင်းခံထားတယ်။ နေ့စဉ် ရာနဲ့ချီ တောင်းခံနေကြတယ်။ အဲဒီကတ်တွေကို အမြဲဆောင်ထားပြီး အခွင့်အရေးရတဲ့အခါ သက်သေခံနိုင်ပါတယ်။

ညီအစ်မတစ်ယောက်ဟာ အမျိုးသမီးတစ်ယောက်ကို အသင်းတော် အစည်းအဝေး ဖိတ်စာ ဝေငှနေ

၇ ဖိတ်စာများ။ အစည်းအဝေးဖိတ်စာမှာ “သင့်ကို ဖိတ်ခေါ်ပါတယ်။ ယေဟောဝါသက်သေတွေနဲ့ ကျမ်းစာလေ့လာကြည့်ပါ၊” “အစည်းအဝေးတွေ” မှာ ဖြစ်စေ၊ “ယေဟောဝါသက်သေတစ်ယောက်” နဲ့ဖြစ်စေ လေ့လာနိုင်တယ်လို့ ရေးထားတယ်။ ဒီဖိတ်စာက ကျွန်တော်တို့အကြောင်း သိစေသလို “ဘုရားသခင်ကို မှီခိုဖို့ လိုအပ်မှန်း သိမြင်သူတွေ” ကို ကျမ်းစာလေ့လာဖို့လည်း ဖိတ်ခေါ်ထားတယ်။ (မ. ၅:၃) လူတွေဟာ ကျမ်းစာသင်အံမှု လက်ခံသည်ဖြစ်စေ၊ လက်မခံသည်ဖြစ်စေ အစည်းအဝေး လာတက်နိုင်တယ်။ လာတက်တဲ့အခါ ကျမ်းစာအကြောင်း ဘယ်လောက် သိလာနိုင်မှန်း သဘောပေါက်လာပါလိမ့်မယ်။

၈။ တစ်ခါလောက် အစည်းအဝေးလာတက်ဖို့ ဘာကြောင့် အရေးကြီးသလဲ။ ဥပမာပေးပါ။

၈ အစည်းအဝေးကို တစ်ခါလောက် လာတက်ကြည့်ပါလို့ လူတွေကို ဖိတ်ခေါ်သင့်တယ်။ ဘာကြောင့်လဲ။ အစည်းအဝေးတွေမှာ ယေဟောဝါသက်သေတွေရဲ့ ဘုရားရေးရာဘက် ကြွယ်ဝမှုနဲ့ မှားယွင်းတဲ့ဘာသာရဲ့ ဘုရားရေးရာဘက် ငတ်ပြတ်မှုကို မြင်လာပါလိမ့်မယ်။ (ဟေရှာ. ၆၅:၁၃) လွန်ခဲ့တဲ့နှစ်အနည်းငယ်မှာ အမေရိကန်နိုင်ငံက ရေးနဲ့ လင်ဒါဆိုတဲ့ မောင်နှံတစ်စုံ အဲဒါကို သတိပြုမိတယ်။ သူတို့ဟာ ဘုရားကိုယုံပြီး ဘုရားရေးရာ လိုအပ်ချက်ကို သိတဲ့အတွက် မြို့ထဲမှာရှိတဲ့ ချာ့ချ်အားလုံးကို လိုက်တက်တယ်။ ချာ့ချ်တွေ၊ အသင်းတွေ အများကြီးရှိတယ်။ ချာ့ချ်တစ်ခုနဲ့ ပူးပေါင်းဖို့ အချက်နှစ်ခု ရှိရမယ်လို့ အစကတည်းက သူတို့ ဆုံးဖြတ်ထားတယ်။ ပထမ၊ ဘုရားကျောင်းတက်ချိန်မှာ တစ်ခုခု သင်ယူနိုင်ရမယ်။ ဒုတိယ၊ အသင်းသားတွေဟာ ဘုရားကို ကိုယ်စားပြုသူတွေ ပီသရမယ်။ နှစ်တွေကြာသွားပေမဲ့ စိတ်ပျက်ခဲ့ရတယ်။ ဘာမှ မသိလာဘူး။ အသင်းသားတွေရဲ့ အသွင်အပြင်ကလည်း လေးစားစရာ မကောင်းဘူး။ နောက်ဆုံးချာ့ချ်ကနေ ထွက်လာပြီးနောက် လင်ဒါက အလုပ်သွားပြီး ရေးက အိမ်ပြန်လာတယ်။ အိမ်ပြန်လမ်းမှာ နိုင်ငံတော်ခန်းမရှေ့ ဖြတ်သွားရင်း ဒီကိုလည်း ဝင်ကြည့်ဦးမယ်လို့ တွေးမိတယ်။ အကောင်းဆုံး အတွေ့အကြုံပါပဲ။ လူတိုင်း ဖော်ရွေပြီး သပ်သပ်ရပ်ရပ် ဝတ်ထားကြတယ်။ ရှေ့ဆုံးတန်းမှာ ရေး ဝင်ထိုင်လိုက်တယ်။ သိလာတာတွေကို သိပ်ကြိုက်သွားတယ်။ “ခင်ဗျားတို့နဲ့အတူ ဘုရားသခင် တကယ်ရှိတာပဲ” လို့ ဦးဆုံးအကြိမ် အစည်းအဝေးတက်သူ ပြောသလိုပါပဲ။ (၁ ကော. ၁၄:၂၃-၂၅) အဲဒီအချိန်ကစပြီး တနင်္ဂနွေနေ့တိုင်း အစည်းအဝေးတက်ပြီး နောက်ပိုင်း ကြားရက်အစည်းအဝေးတွေကို ပုံမှန်တက်တယ်။ လင်ဒါလည်း လိုက်တက်တယ်။ အသက် ၇၀ ဝန်းကျင်ဖြစ်ပေမဲ့ ကျမ်းစာလေ့လာပြီး နှစ်ခြင်းခံခဲ့ကြတယ်။

စကားစမြည်စတင်စေတဲ့ ကိရိယာများ

မောင်နှံတစ်စုံဟာ လူတစ်ယောက်ကို ဝေစာ ဝေငှနေ

၉၊ ၁၀။ (က) ဝေစာတွေကို သုံးဖို့ ဘာကြောင့် လွယ်သလဲ။ (ခ) ဘုရားသခင့် နိုင်ငံတော်ဆိုတာ ဘာလဲ ဝေစာကို ဘယ်လို သုံးမလဲ။

၉ ဝေစာများ။ စကားစမြည်စဖို့ ကူညီပေးတဲ့ ဝေစာရှစ်မျိုး ရှိတယ်။ အဲဒါတွေကို ၂၀၁၃ မှာ စတင်ထုတ်ဝေပြီး သန်းငါးထောင်လောက် ပုံနှိပ်ခဲ့ပြီ။ ဝေစာအားလုံး ပုံစံတူတဲ့အတွက် တစ်ခုကို သုံးတတ်ရင် အားလုံးကို သုံးနိုင်မယ်။ ဘယ်လို သုံးနိုင်မလဲ။

၁၀ ဘုရားသခင့် နိုင်ငံတော်ဆိုတာ ဘာလဲ ဝေစာကို သုံးရင် ဝေစာအရှေ့မှာပါတဲ့ “ဘယ်လို ထင်သလဲ” ဆိုတဲ့ မေးခွန်းကို မေးပါ။ ပြီးတော့ အဖြေသုံးခုထဲက တစ်ခုကို ရွေးခိုင်းပါ။ အမှားအမှန်ကို မပြောဘဲ အတွင်းဘက်မှာပါတဲ့ “ကျမ်းစာအဆို” ကို ဖွင့်ပြီး ဒံယေလ ၂:၄၄၊ ဟေရှာယ ၉:၆ တို့ကို ဖတ်ပြပါ။ နောက်ဆုံး၊ ဝေစာနောက်ကျောမှာပါတဲ့ “စဉ်းစားကြည့်ပါ” ခေါင်းစဉ်အောက်က “ဘုရားသခင့်နိုင်ငံတော် အုပ်ချုပ်မှုအောက်မှာ ဘယ်လို အသက်ရှင်ရမလဲ” ဆိုတဲ့ မေးခွန်းကို ဖတ်ပြပါ။ ဒါက နောက်တစ်ကြိမ် ဆွေးနွေးမှုအတွက် လမ်းခင်းပေးတာပဲ။ နောက်တစ်ကြိမ် တွေ့တဲ့အခါ သတင်းကောင်း ဘရိုရှာ အခန်း ၇ ကို ဆွေးနွေးနိုင်တယ်။ အဲဒီဘရိုရှာဟာ ကျမ်းစာသင်အံမှု စဖို့ ကူညီပေးတဲ့ ကိရိယာဖြစ်တယ်။

စိတ်ဝင်စားမှု နှိုးဆွတဲ့ ကိရိယာများ

ညီအစ်ကိုတစ်ယောက်ဟာ လူတစ်ယောက်ကို နိုးလော့! စာစောင် ဝေငှနေ

၁၁။ မဂ္ဂဇင်းတွေဟာ ဘယ်သူတွေနဲ့ သက်ဆိုင်သလဲ။ ကျွန်တော်တို့ ဘာသိထားဖို့ လိုသလဲ။

၁၁ မဂ္ဂဇင်းများ။ ကင်းမျှော်စင် နဲ့ နိုးလော့! ဟာ ကမ္ဘာမှာ  အဖြန့်ဝေရဆုံး၊  ဘာသာအပြန်ရဆုံး စာစောင်တွေ ဖြစ်တယ်။ မျက်နှာဖုံးအကြောင်းအရာဟာ နေရာတိုင်းကလူတွေနဲ့ သက်ဆိုင်တယ်။ ဘဝမှာ အရေးကြီးဆုံးအရာကို စိတ်ဝင်စားလာစေတဲ့ ကိရိယာတွေပါပဲ။ ဦးဆုံး၊ ဘယ်စာစောင်ကို ဘယ်သူတွေအတွက် ရည်ရွယ်တယ်ဆိုတာ သိဖို့ လိုတယ်။

၁၂။ (က) နိုးလော့! က ဘယ်သူတွေအတွက်လဲ။ အဓိကရည်ရွယ်ချက်ဟာ ဘာလဲ။ (ခ) ဒီကိရိယာကြောင့် ဘာအောင်မြင်မှုတွေ ရဖူးသလဲ။

၁၂ နိုးလော့! ဟာ ကျမ်းစာအကြောင်း သိပ်မသိသူ၊ ခရစ်ယာန်သွန်သင်ချက်တွေအကြောင်း လုံးဝ မသိသူ၊ ဘာသာရေးကို မယုံကြည်သူတွေအတွက် ဖြစ်တယ်။ နိုးလော့! ရဲ့ အဓိကရည်ရွယ်ချက်ဟာ ဘုရားသခင်ရှိကြောင်း ယုံကြည်လာစေဖို့ပါ။ (ရော. ၁:၂၀။ ဟီ. ၁၁:၆) ကျမ်းစာဟာ ‘တကယ် ဘုရားသခင်ရဲ့ တရားစကား’ ဖြစ်ကြောင်းလည်း စိတ်ချစေတယ်။ (၁ သက်. ၂:၁၃) ၂၀၁၈ အတွက် မျက်နှာဖုံးအကြောင်းအရာ သုံးခုက “ပျော်ရွှင်မှု ရစေတဲ့လမ်း၊” “မိသားစုအောင်မြင်ရေး လျှို့ဝှက်ချက် ၁၂ ချက်၊” “ဝမ်းနည်းပူဆွေးသူများအတွက် အကူအညီ” တို့ဖြစ်တယ်။

၁၃။ (က) ကင်းမျှော်စင် လူထုစာစောင်က ဘယ်သူတွေအတွက်လဲ။ (ခ) ဒီကိရိယာကြောင့် ဘာအောင်မြင်မှုတွေ ရဖူးသလဲ။

၁၃ ကင်းမျှော်စင် လူထုစာစောင်ဟာ ဘုရားနဲ့ ကျမ်းစာကို အတော်အတန် လေးစားသူတွေ၊ ကျမ်းစာအကြောင်း အနည်းအကျဉ်း သိထားပေမဲ့ သိပ်နားမလည်သူတွေအတွက် ဖြစ်တယ်။ (ရော. ၁၀:၂။ ၁ တိ. ၂:၃၊ ၄) ၂၀၁၈ အတွက် မျက်နှာဖုံးအကြောင်းအရာ သုံးခုက “ကျမ်းစာဟာ အခုချိန်မှာ လက်တွေ့ကျသေးရဲ့လား၊” “အနာဂတ်မှာ ဘာဖြစ်လာမလဲ၊” “ဘုရား သင့်ကို ဂရုစိုက်သလား” တို့ဖြစ်တယ်။

လှုံ့ဆော်မှုဖြစ်စေတဲ့ ကိရိယာများ

ညီအစ်မတစ်ယောက်ဟာ အမျိုးသမီးတစ်ယောက်ကို ကျမ်းစာကို ဘာကြောင့် လေ့လာသင့်သလဲ ဗီဒီယို ပြနေ

၁၄။ (က) သွန်သင်ခြင်းကိရိယာများကဏ္ဍထဲက ဗီဒီယိုလေးခုဟာ ဘာရည်ရွယ်ချက်အတွက်လဲ။ (ခ) ဒီကိရိယာကြောင့် ဘာအောင်မြင်မှုတွေ ရဖူးသလဲ။

၁၄ ဗီဒီယိုများ။ ယေရှုခေတ်မှာ လက်သမားတစ်ယောက်ဟာ လက်သုံးကိရိယာတွေကိုပဲ သုံးရတယ်။ ဒီနေ့ခေတ်မှာတော့ လွှ၊ လွန်၊ ကော်ဖတ်စားစက်၊ သံရိုက်စက်စတဲ့ စက်ကိရိယာတွေ ရှိနေပြီ။ ကျွန်တော်တို့မှာ ပုံနှိပ်စာပေတွေအပြင် ဗီဒီယိုတွေလည်း ရှိတယ်။ သွန်သင်ခြင်းကိရိယာများကဏ္ဍမှာ ရှိတဲ့ ဗီဒီယိုလေးခုကတော့ ကျမ်းစာကို ဘာကြောင့် လေ့လာသင့်သလဲ၊ ကျမ်းစာလေ့လာမှုကို ဘယ်လို လုပ်ကြသလဲ၊ နိုင်ငံတော်ခန်းမမှာ ဘာတွေ လုပ်ဆောင်ကြသလဲ၊ ယေဟောဝါသက်သေတွေက ဘယ်သူတွေလဲ တို့ဖြစ်တယ်။ နှစ်မိနစ်ထက်နည်းတဲ့ ဒီဗီဒီယိုတွေကို ဦးဆုံးတွေ့ဆုံချိန်မှာ သုံးနိုင်တယ်။ ပိုရှည်တဲ့ ဗီဒီယိုတွေကိုတော့ ပြန်လည်ပတ်မှုတွေ၊ အချိန် ပိုပေးနိုင်သူတွေအတွက် သုံးနိုင်တယ်။ ဒီကိရိယာတွေဟာ ကျမ်းစာလေ့လာဖို့၊ အစည်းအဝေးတွေ တက်ဖို့ လှုံ့ဆော်ပေးနိုင်တယ်။

၁၅။ ကိုယ့်ဘာသာစကားနဲ့ ဗီဒီယိုကြည့်ရတဲ့အတွက် ဘာအကျိုး ရနိုင်သလဲ။ ဥပမာပေးပါ။

၁၅ ညီအစ်မတစ်ယောက်ဟာ မိုက်ခရိုနီရှားကနေ ပြောင်းလာတဲ့ ယာ့ပီစကားပြော အမျိုးသမီးတစ်ယောက်နဲ့ တွေ့တဲ့အခါ ကျမ်းစာကို ဘာကြောင့် လေ့လာသင့်သလဲ ဗီဒီယိုကို ပြလိုက်တယ်။ “ကျွန်မတို့ စကားနဲ့ပါလား။ အံ့ဩလိုက်တာ။ ဒီလူရဲ့ လေယူလေသိမ်းက ကျွန်မတို့ကျွန်းသားမှန်း သိသာတယ်” လို့ပြောတယ်။ jw.org မှာ ယာ့ပီစကားနဲ့ တင်ထားတာ မှန်သမျှကို ကြည့်မယ်၊ ဖတ်မယ်လို့ ပြောတယ်။ (တမန်တော် ၂:၈၊ ၁၁ နဲ့ နှိုင်းယှဉ်ပါ။) အဲဒီဗီဒီယိုကိုပဲ အမေရိကန်နိုင်ငံက ညီအစ်မတစ်ယောက်ဟာ နိုင်ငံခြားမှာရှိတဲ့ တူလေးဆီ သူ့ဘာသာစကားနဲ့ လင့်ခ် (အင်တာနက်လိပ်စာ) ပို့ပေးလိုက်တယ်။ ဗီဒီယိုကြည့်ပြီးနောက် “လောကကြီးကို မာရ်နတ် ထိန်းချုပ်ထားတယ်ဆိုတဲ့ အပိုင်းကို သဘောကျလို့ ကျမ်းစာသင်အံမှု တောင်းခံလိုက်တယ်” လို့ ညီအစ်မဆီ စာပြန်ပို့တယ်။ ကျွန်တော်တို့ရဲ့ လုပ်ငန်းကို ပိတ်ပင်ထားတဲ့နိုင်ငံမှာ သူနေတယ်။

အမှန်တရား သွန်သင်ပေးတဲ့ ကိရိယာများ

ညီအစ်မတစ်ယောက်ဟာ အမျိုးသမီးတစ်ယောက်ကို လူမျိုးအားလုံးအတွက် သတင်းကောင်း ဘရိုရှာ ဝေငှနေ

၁၆။ (က) ဘုရားသခင့်စကား နားထောင်ကာ ထာဝစဉ်အသက်ရှင်ပါ ဘရိုရှာရဲ့ ရည်ရွယ်ချက်ဟာ ဘာလဲ။ (ခ) သတင်းကောင်း ဘရိုရှာရဲ့ ရည်ရွယ်ချက်ဟာ ဘာလဲ။ (ဂ) ယနေ့ခေတ်မှာ ယေဟောဝါဘုရားသခင့် အလိုတော်ကို ဘယ်သူတွေ ဆောင်ရွက်နေကြသလဲ ဘရိုရှာရဲ့ ရည်ရွယ်ချက်ဟာ ဘာလဲ။

၁၆ ဘရိုရှာများ။ စာကောင်းကောင်း မဖတ်တတ်သူတွေ၊ ကိုယ့်ဘာသာစကားနဲ့ စာပေ မရနိုင်သူတွေကို အမှန်တရား ဘယ်လို သင်ပေးနိုင်မလဲ။ ဘုရားသခင့်စကား နားထောင်ကာ ထာဝစဉ်အသက်ရှင်ပါ ဘရိုရှာ ရှိတယ်။b ကျမ်းစာသင်အံမှု စဖို့ လူမျိုးအားလုံးအတွက် သတင်းကောင်း ဘရိုရှာ ရှိတယ်။ စာစောင် နောက်ကျောက အကြောင်းအရာ ၁၄ ခုကို ပြပြီး စိတ်ဝင်စားတဲ့တစ်ခုကို ရွေးခိုင်းနိုင်တယ်။ အဲဒီအခန်းနဲ့ သင်အံမှု စနိုင်တယ်။ ပြန်လည်ပတ်မှုတွေမှာ ဒီနည်းကို စမ်းကြည့်ပါ။ တတိယဘရိုရှာကတော့ ယနေ့ခေတ်မှာ ယေဟောဝါဘုရားသခင့် အလိုတော်ကို ဘယ်သူတွေ ဆောင်ရွက်နေကြသလဲ ဖြစ်တယ်။ အဖွဲ့အစည်းအကြောင်း ပိုသိလာစေဖို့ ရည်ရွယ်ထားတယ်။ သင်အံမှုမှာ ဒီစာစောင် သုံးနိုင်ပုံကို ၂၀၁၇၊ မတ်လ ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း လေ့ကျင့်ခန်းစာစောင် မှာ ကြည့်ပါ။

ညီအစ်ကိုတစ်ယောက်ဟာ သမ္မာကျမ်းစာ သွန်သင်ရာများ စာအုပ်သုံးပြီး လူတစ်ယောက်နဲ့ ကျမ်းစာသင်နေ

၁၇။ (က) သင်အံမှုမှာ သုံးတဲ့ စာအုပ်တွေရဲ့ ရည်ရွယ်ချက်ဟာ ဘာလဲ။ (ခ) နှစ်ခြင်းခံတဲ့သူတွေ ဘာဆက်လုပ်ရမလဲ။ ဘာကြောင့်လဲ။

၁၇ စာအုပ်များ။ ဘရိုရှာတွေနဲ့ သင်အံမှု စပြီးနောက် သမ္မာကျမ်းစာ သွန်သင်ရာများ စာအုပ်ကို အချိန်မရွေး ပြောင်းသုံးနိုင်တယ်။ ဒီစာအုပ်ဟာ အခြေခံ ကျမ်းစာသွန်သင်ချက်တွေကို သိလာစေတယ်။ စာအုပ်ပြီးနောက် သင်သား တိုးတက်လာတယ်ဆိုရင် ဘုရားမေတ္တာတော် ခံစားနေနိင်ပုံ စာအုပ်နဲ့ ဆက်သင်ပါ။ ဒီစာအုပ်က နေ့စဉ်အသက်တာမှာ ကျမ်းစာမူတွေ ကျင့်သုံးနိုင်ပုံကို သင်ပေးတယ်။ နှစ်ခြင်းခံပြီးနောက်မှာတောင် စာအုပ်နှစ်အုပ်စလုံး ပြီးတဲ့အထိ ဆက်သင်ပေးပါ။ ဒါမှ အမှန်တရားမှာ အခိုင်အမာ အမြစ်စွဲနိုင်ပါလိမ့်မယ်။—ကောလောသဲ ၂:၆၊ ၇ ကိုဖတ်ပါ။

၁၈။ (က) အမှန်တရား သွန်သင်သူတွေ ဘာလုပ်ဖို့ ၁ တိမောသေ ၄:၁၆ မှာ အားပေးထားသလဲ။ (ခ) သွန်သင်ခြင်းကိရိယာတွေ သုံးတဲ့ ရည်ရွယ်ချက်က ဘာလဲ။

၁၈ ကျွန်တော်တို့ဟာ လူတွေကို ထာဝရအသက် ရစေနိုင်တဲ့ “အမှန်တရားနဲ့ဆိုင်တဲ့ သတင်းကောင်း” အပ်နှင်းခံရတယ်။ (ကော. ၁:၅။ ၁ တိမောသေ ၄:၁၆ ကိုဖတ်ပါ။) ဒါကြောင့် သွန်သင်ခြင်းကိရိယာများကဏ္ဍမှာ လိုအပ်ရာမှန်သမျှ ပြင်ဆင်ပေးထားတယ်။ (“သွန်သင်ခြင်းကိရိယာများ” ကိုကြည့်ပါ။) အဲဒီကိရိယာတွေကို ကျွမ်းကျင်စွာ သုံးတတ်အောင် ကြိုးစားပါ။ ဘယ်ကိရိယာကို ဘယ်အချိန်မှာ သုံးရမယ်ဆိုတာ ကိုယ်ပိုင် ဆုံးဖြတ်နိုင်တယ်။ ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်က စာပေတွေ ဝေငှဖို့၊ စိတ်မဝင်စားသူတွေဆီ စာပေတွေ ထားခဲ့ဖို့လောက်သာ မဟုတ်ဘူး။ စိတ်ရိုးဖြောင့်၊ နှိမ့်ချပြီး အမှန်တရား ဆာငတ်သူတွေ၊ “ထာဝရအသက်ရဖို့ စိတ်ရင်းမှန်” သူတွေကို တပည့်ဖြစ်စေဖို့ပါပဲ။—တ. ၁၃:၄၈။ မ. ၂၈:၁၉၊ ၂၀။

a ၂၀၁၀၊ ဩဂုတ် ၁ ရက်ထုတ် ကင်းမျှော်စင် “လက်သမား” ဆောင်းပါးနဲ့ “လက်သမားသေတ္တာ” လေးထောင့်ကွက်ကို ကြည့်ပါ။

b စာမတတ်သူအတွက် ရုပ်ပုံတွေပဲ အဓိကပါတဲ့ ဘုရားသခင့်စကား နားထောင်ပါ ဘရိုရှာကို သုံးနိုင်တယ်။

သွန်သင်ခြင်းကိရိယာများ

လိပ်စာကတ်နဲ့ ဖိတ်စာများ

JW.ORG လိပ်စာကတ်
အစည်းအဝေး ဖိတ်စာ

ဝေစာများ

သမ္မာကျမ်းစာကို သင် ဘယ်လို ရှုမြင်ပါသလဲ
အနာဂတ်မှာ ဘာတွေ ဖြစ်လာမယ်လို့ သင် ထင်သလဲ
သာယာချမ်းမြေ့တဲ့ မိသားစုဘဝကို ဘယ်လို ရရှိနိုင်သလဲ
ဒီကမ္ဘာကို အမှန်တကယ် အုပ်ချုပ်နေသူက ဘယ်သူလဲ
ဆင်းရဲဒုက္ခတွေ အဆုံးတိုင်မှာလား
သေလွန်သူတွေ အသက်ပြန်ရှင်လာမလား
ဘုရားသခင့်နိုင်ငံတော်ဆိုတာ ဘာလဲ
ဘဝနဲ့ပတ်သက်တဲ့ မေးခွန်းတွေရဲ့အဖြေကို ဘယ်မှာ ရှာတွေ့နိုင်မလဲ

မဂ္ဂဇင်းများ

ကင်းမျှော်စင် လူထုစာစောင်
နိုးလော့!

ဗီဒီယိုများ

ကျမ်းစာကို ဘာကြောင့် လေ့လာသင့်သလဲ
ကျမ်းစာလေ့လာမှုကို ဘယ်လို လုပ်ကြသလဲ
နိုင်ငံတော်ခန်းမမှာ ဘာတွေ လုပ်ဆောင်ကြသလဲ
ယေဟောဝါသက်သေတွေက ဘယ်သူတွေလဲ

ဘရိုရှာနဲ့ စာအုပ်များ

လူမျိုးအားလုံးအတွက် သတင်းကောင်း
ယနေ့ခေတ်မှာ ယေဟောဝါဘုရားသခင့် အလိုတော်ကို ဘယ်သူတွေ ဆောင်ရွက်နေကြသလဲ
ဘုရားသခင့်စကား နားထောင်ကာ ထာဝစဉ်အသက်ရှင်ပါ
သမ္မာကျမ်းစာ သွန်သင်ရာများ
‘ဘုရားသခင့်မေတ္တာ ခံစားရစေမယ့်အရာတွေကို အမြဲ လုပ်ဆောင်ပါ’
    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ