ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၁၉ မတ် စာ. ၂၀-၂၅
  • အမှုဆောင်လုပ်ငန်းမှာ ကိုယ်ချင်းစာစိတ် တင်ပြပါ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အမှုဆောင်လုပ်ငန်းမှာ ကိုယ်ချင်းစာစိတ် တင်ပြပါ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၉
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • အမှုဆောင်လုပ်ငန်းမှာ ကိုယ်ချင်းစာစိတ် ရှိကြောင်း ယေရှု တင်ပြ
  • ကိုယ်ချင်းစာကြောင်း ပြနိုင်ပုံ
  • ကိုယ့်အပိုင်းကို မျှမျှတတ ရှုမြင်ပါ
  • တခြားသူတွေရဲ့ ခံစားချက်ကို နားလည်ပေးပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၉
  • “သနားစိတ် ယိုဖိတ်လာတဲ့အတွက်”
    “ကျွန်တော့်နောက်လိုက် လုပ်ပါ”
  • “လာ၍ ငါ့နောက်သို့လိုက်လော့”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၉
  • ညီအစ်ကိုချင်း ချစ်ခြင်းမေတ္တာ၌တည်ကြလော့!
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၉
က၁၉ မတ် စာ. ၂၀-၂၅

လေ့လာရန် ဆောင်းပါး ၁၃

အမှုဆောင်လုပ်ငန်းမှာ ကိုယ်ချင်းစာစိတ် တင်ပြပါ

“သနားစိတ် ယိုဖိတ်လာပြီး သူတို့ကို အများကြီး သွန်သင်ပေးတယ်။” —မာ. ၆:၃၄။

သီချင်း ၇၀ ထိုက်တန်သူတို့ကို ရှာဖွေပါ

အကြိုသုံးသပ်ချက်a

၁။ ယေရှုရဲ့ နှစ်သက်ဖွယ် အကောင်းဆုံး အရည်အသွေးက ဘာလဲ။ ရှင်းပြပါ။

ယေရှုရဲ့ နှစ်သက်ဖွယ် အကောင်းဆုံး အရည်အသွေးတစ်ခုကတော့ မစုံလင်သူ လူသားတွေရဲ့ အခက်အခဲတွေကို နားလည်နိုင်စွမ်း ရှိခြင်းပါပဲ။ မြေကြီးပေါ် ရှိစဉ် ‘ဝမ်းမြောက်သူတွေနဲ့အတူ ဝမ်းမြောက်ပြီး ငိုကြွေးသူတွေနဲ့အတူ ငိုကြွေး’ ခဲ့တယ်။ (ရော. ၁၂:၁၅) ဥပမာ၊ ဟောပြောခြင်းမှာ အောင်မြင်မှု ရလို့ တပည့် ၇၀ ဝမ်းသာအားရ ပြန်လာတဲ့အခါ ယေရှုလည်း “သန့်ရှင်းသော စွမ်းအားတော် ပြည့်ပြီး ဝမ်းသာအားရ” ဖြစ်ခဲ့တယ်။ (လု. ၁၀:၁၇-၂၁) ဒါပေမဲ့ လာဇရု သေဆုံးလို့ ချစ်ရသူတွေ ဝမ်းနည်းနေတာ မြင်တဲ့အခါ ယေရှုလည်း “ဝမ်းနည်းပြီး စိတ်ထိခိုက်သွားတယ်။”—ယော. ၁၁:၃၃။

၂။ လူတွေကို ယေရှု ဘာကြောင့် ကိုယ်ချင်းစာသလဲ။

၂ ပြည့်ဝစုံလင်တဲ့ ယေရှုဟာ အပြစ်ရှိတဲ့ လူသားတွေနဲ့ ဆက်ဆံရာမှာ ဘာကြောင့် ဒီလောက် ကရုဏာရှိပြီး သနားကြင်နာရတာလဲ။ အဓိကကတော့ လူတွေကို ချစ်လို့ပါပဲ။ ရှေ့ဆောင်းပါးမှာ ပါတဲ့အတိုင်း ယေရှုဟာ ‘လူသားတွေကို သိပ်ချစ်မြတ်နိုးတယ်။’ (ပညာ. ၈:၃၁) လူတွေကို ချစ်လို့ လူတွေရဲ့ စဉ်းစားပုံကို နားလည်အောင် လုပ်ခဲ့တယ်။ ယေရှုက “လူ့စိတ်ကို သိ” တယ်လို့ တမန်တော် ယောဟန် ရေးတယ်။ (ယော. ၂:၂၅) ယေရှုရဲ့ မေတ္တာ၊ သနားကြင်နာမှုကို ခံစားရတဲ့အတွက် နိုင်ငံတော်သတင်းကို လူတွေ ကောင်းကောင်း နားထောင်ကြတယ်။ ကျွန်တော်တို့လည်း လူတွေကို သနားကြင်နာလေ အမှုဆောင်လုပ်ငန်းမှာ ပိုထိရောက်လေ ဖြစ်ပါလိမ့်မယ်။—၂ တိ. ၄:၅။

၃-၄။ (က) ကိုယ်ချင်းစာစိတ် ရှိမယ်ဆိုရင် အမှုဆောင်လုပ်ငန်းကို ဘယ်လို ရှုမြင်မလဲ။ (ခ) ဒီဆောင်းပါးမှာ ဘာအကြောင်း သုံးသပ်ကြမလဲ။

၃ တမန်တော် ပေါလုလိုပဲ ကျွန်တော်တို့လည်း ဟောရမယ့် တာဝန်ရှိမှန်း သိထားတယ်။ (၁ ကော. ၉:၁၆) ဒါပေမဲ့ ကိုယ်ချင်းစာစိတ်ရှိရင် အမှုဆောင်လုပ်ငန်းကို တာဝန်အရလောက်ပဲ လုပ်မှာ မဟုတ်ဘူး။ လူတွေကို ဂရုစိုက်ပြီး ကူညီပေးချင်ပါလိမ့်မယ်။ “ရယူခြင်းထက် ပေးကမ်းခြင်းက ပိုပျော်ရွှင်စေ” မှန်း ကျွန်တော်တို့ သိတယ်။ (တ. ၂၀:၃၅) အမှုဆောင်လုပ်ငန်းကို အဲဒီလို ရှုမြင်ရင် ပိုပျော်ရွှင်ပါလိမ့်မယ်။

၄ အမှုဆောင်လုပ်ငန်းမှာ ကိုယ်ချင်းစာစိတ် ပြနိုင်ပုံကို ဒီဆောင်းပါးမှာ ဆွေးနွေးပါမယ်။ ဦးဆုံး၊ လူတွေနဲ့ပတ်သက်တဲ့ ယေရှုရဲ့ ခံစားချက်ကနေ ဘာသင်ယူနိုင်ကြောင်း၊ ပြီးနောက် ယေရှုကို တုပနိုင်တဲ့ နည်းလေးနည်းအကြောင်း သုံးသပ်ကြပါမယ်။—၁ ပေ. ၂:၂၁။

အမှုဆောင်လုပ်ငန်းမှာ ကိုယ်ချင်းစာစိတ် ရှိကြောင်း ယေရှု တင်ပြ

ယေရှု လှေနဲ့ ရောက်လာပြီး လူအုပ်ကို သွန်သင်ပေး

ကိုယ်ချင်းစာစိတ်က နှစ်သိမ့်မှုသတင်း ဟောဖို့ ယေရှုကို လှုံ့ဆော်ပေး (အပိုဒ် ၅-၆ ကိုကြည့်ပါ)

၅-၆။ (က) ဘယ်သူတွေကို ယေရှု ကိုယ်ချင်းစာခဲ့သလဲ။ (ခ) ဟေရှာယ ၆၁:၁၊ ၂ မှာ ကြိုပြောတဲ့အတိုင်း မိမိဟောပြောတဲ့သူတွေကို ယေရှု ဘာကြောင့် သနားတာလဲ။

၅ ယေရှု ကိုယ်ချင်းစာစိတ် ပြခဲ့တဲ့ နမူနာတစ်ခုကို သုံးသပ်ကြည့်ပါ။ တစ်ကြိမ်မှာ ယေရှုနဲ့ တပည့်တွေ သတင်းကောင်းကို မနားတမ်းဟောပြီး မောပန်းနေကြတယ်။ “အစာစားဖို့တောင် အချိန်မရှိဘူး။” ဒါနဲ့ ယေရှုက “လူသူမရှိတဲ့နေရာ” မှာ “ခဏတစ်ဖြုတ် နား” ဖို့ တပည့်တွေကို ခေါ်သွားတယ်။ ဒါပေမဲ့ လူအုပ်က ယေရှုနဲ့ တပည့်တွေထက် အရင်ကြိုရောက်နေတယ်။ လူအုပ်ကို မြင်တော့ ယေရှု ဘာလုပ်သလဲ။ “ထိန်းသူမရှိတဲ့ သိုးတွေလို ဖြစ်နေတဲ့ လူအုပ်ကြီးကို မြင်တော့ သနားစိတ်b ယိုဖိတ်လာပြီး သူတို့ကို အများကြီး သွန်သင်ပေးတယ်။”—မာ. ၆:၃၀-၃၄။

၆ လူတွေကို ယေရှု ဘာကြောင့် သနားတာလဲ။ “ထိန်းသူမရှိတဲ့ သိုးတွေလို ဖြစ်နေ” တာကို တွေ့လို့ပဲ။ သူတို့ထဲက တချို့ဟာ ဆင်းရဲသားတွေ၊ မိသားစုကို ပင်ပင်ပန်းပန်း ရှာကျွေးနေရသူတွေ၊ ချစ်ရသူ သေဆုံးလို့ ဝမ်းနည်းနေသူတွေ ဖြစ်နိုင်တယ်။ သူတို့အခြေအနေကို ယေရှု နားလည်တယ်။ ရှေ့ဆောင်းပါးမှာ ဆွေးနွေးခဲ့တဲ့အတိုင်း အဲဒီအခက်အခဲတချို့ကို ယေရှု ကိုယ်တိုင် ကြုံခဲ့ရတာ ဖြစ်နိုင်တယ်။ တခြားသူတွေကို နားလည်စာနာတဲ့အတွက် နှစ်သိမ့်ပေးတဲ့သတင်း ဝေမျှခဲ့တယ်။—ဟေရှာယ ၆၁:၁၊ ၂ ကိုဖတ်ပါ။

၇။ ယေရှုရဲ့ ပုံသက်သေကို ဘယ်လို တုပနိုင်သလဲ။

၇ ယေရှုရဲ့ ပုံသက်သေကနေ ဘာသင်ယူနိုင်သလဲ။ ကျွန်တော်တို့ပတ်လည်မှာလည်း လူတွေဟာ “ထိန်းသူမရှိတဲ့ သိုးတွေလို ဖြစ်နေ” တယ်။ ပြဿနာတွေနဲ့ လုံးပန်းနေရတယ်။ သူတို့ လိုနေတဲ့ နိုင်ငံတော်သတင်း ကျွန်တော်တို့ဆီမှာ ရှိတယ်။ (ဗျာ. ၁၄:၆) ဒါကြောင့် ယေရှုကို တုပတဲ့အနေနဲ့ “နိမ့်ကျသူတွေ၊ နွမ်းပါးသူတွေကို သနား” ပြီး သတင်းကောင်း ဟောပြောကြတယ်။ (ဆာ. ၇၂:၁၃) သူတို့ကို ကူညီပေးချင်ကြတယ်။

ကိုယ်ချင်းစာကြောင်း ပြနိုင်ပုံ

အမှုဆောင်မှာ ညီအစ်ကိုတစ်ယောက်က တက်တူးထိုးထားတဲ့၊ ဆွဲကြိုးတွေ ဆွဲထားတဲ့ လူတစ်ယောက်ကို ကျမ်းစာ ဘာကြောင့် လေ့လာသင့်သလဲ ဗီဒီယိုကို ပြနေ

တစ်ဦးစီရဲ့ လိုအပ်ရာတွေကို ထည့်စဉ်းစားပါ (အပိုဒ် ၈-၉ ကိုကြည့်ပါ)

၈။ အမှုဆောင်မှာ ကိုယ်ချင်းစာစိတ် တင်ပြနိုင်တဲ့ နည်းတစ်နည်းက ဘာလဲ။ ဥပမာပေးပါ။

၈ ကျွန်တော်တို့ ဟောတဲ့သူတွေကို ကိုယ်ချင်းစာကြောင်း ပြဖို့ ဘာက ကူညီပေးနိုင်သလဲ။ သူတို့နေရာမှာ ဝင်ခံစားပေးပြီး ကိုယ့်ကို ဆက်ဆံစေချင်တဲ့အတိုင်း ဆက်ဆံပေးပါ။c (မ. ၇:၁၂) အဲဒီလိုလုပ်နိုင်တဲ့ လက်တွေ့ကျ နည်းလေးနည်းကို သုံးသပ်ကြည့်ကြစို့။ ပထမ၊ တစ်ဦးစီရဲ့ လိုအပ်ရာကို ထည့်စဉ်းစားပါ။ သတင်းကောင်း ဟောတဲ့အခါ ဆရာဝန်လို ဖြစ်ရမယ်။ ဆရာဝန်ကောင်းတစ်ယောက်ဟာ လူနာတစ်ဦးစီရဲ့ လိုအပ်ရာကို ထည့်စဉ်းစားတယ်။ မေးခွန်းတွေ မေးပြီး လူနာပြောတဲ့ ရောဂါလက္ခဏာတွေကို အသေအချာ နားထောင်တယ်။ ချက်ချင်း ဆေးညွှန်းပေးမယ့်အစား ရောဂါလက္ခဏာကို စောင့်ကြည့်ပြီးမှ သင့်တော်သလို ကုပေးတယ်။ ကျွန်တော်တို့လည်း လူတိုင်းကို တစ်ပုံစံတည်း ဟောမယ့်အစား တစ်ဦးစီရဲ့ အခြေအနေနဲ့ ရှုမြင်ပုံကို ထည့်စဉ်းစားသင့်တယ်။

၉။ အမှုဆောင်မှာ ဘယ်လို ယူဆတာမျိုးကို ရှောင်ရမလဲ။ ရှင်းပြပါ။

၉ အမှုဆောင်မှာ တစ်ယောက်ယောက်ကို တွေ့တာနဲ့ သူ့အခြေအနေ၊ သူ့ယုံကြည်ချက်နဲ့ ဘာကြောင့် ယုံကြည်ရတယ်ဆိုတာကို သိတယ်လို့ မယူဆလိုက်ပါနဲ့။ (ပညာ. ၁၈:၁၃) သူ့အကြောင်းကို သိဖို့ လိမ္မာပါးနပ်စွာ မေးခွန်းတွေ မေးပါ။ (ပညာ. ၂၀:၅) သင့်တော်မယ်ဆိုရင် သူ့ရဲ့ အလုပ်၊ မိသားစု၊ နောက်ခံ၊ သဘောထားတွေကို မေးပါ။ မေးခွန်း မေးတာက သတင်းကောင်း လိုအပ်ရတဲ့ အကြောင်းရင်းကို သိလာဖို့ပဲ။ သိလာပြီဆိုရင် ယေရှုလိုပဲ ကိုယ်ချင်းစာကြောင်း ပြပြီး လိုအပ်သလို ကူညီပေးပါ။—၁ ကောရိန္သု ၉:၁၉-၂၃ နဲ့ နှိုင်းယှဉ်ပါ။

ကားပေါ်မှာ အမျိုးသမီးတစ်ယောက်ကို ဝေစာမပေးခင် သူ့ဘဝအခြေအနေအကြောင်း စဉ်းစားနေ

ကိုယ်ဟောပြောမယ့်သူတွေရဲ့ ဘဝကို ဝင်ခံစားကြည့်ပါ (အပိုဒ် ၁၀-၁၁ ကိုကြည့်ပါ)

၁၀-၁၁။ ၂ ကောရိန္သု ၄:၇၊ ၈ အရ ကိုယ်ချင်းစာစိတ် တင်ပြနိုင်တဲ့ ဒုတိယနည်းက ဘာလဲ။ ဥပမာပေးပါ။

၁၀ ဒုတိယ၊ သူတို့ရဲ့ ဘဝကို ဝင်ခံစားကြည့်ပါ။ သူတို့ရဲ့ အခြေအနေကို ကျွန်တော်တို့ နားလည်နိုင်တယ်။ ကျွန်တော်တို့လည်း မစုံလင်သူတွေဖြစ်လို့ ပြဿနာတွေ မကင်းပါဘူး။ (၁ ကော. ၁၀:၁၃) ဒီစနစ်မှာ ဘဝဟာ ပင်ပန်းခက်ခဲပြီး ယေဟောဝါရဲ့ အကူအညီနဲ့သာ ခံရပ်နိုင်မယ်ဆိုတာ ကျွန်တော်တို့ သိကြတယ်။ (၂ ကောရိန္သု ၄:၇၊ ၈ ကိုဖတ်ပါ။) ဒါပေမဲ့ ယေဟောဝါနဲ့ ဆက်ဆံရေးကောင်း မရှိဘဲ ဘဝကို ရုန်းကန်နေသူတွေအကြောင်း စဉ်းစားကြည့်ပါ။ ယေရှုလိုပဲ ကျွန်တော်တို့လည်း သူတို့ကို သနားပြီး “ကောင်းကျိုးချမ်းသာနဲ့ဆိုင်တဲ့ သတင်းကောင်း” ဟောပြောဖို့ လှုံ့ဆော်ခံရတယ်။—ဟေရှာ. ၅၂:၇။

၁၁ ညီအစ်ကို ဆာဂေးအကြောင်း စဉ်းစားကြည့်ပါ။ အမှန်တရား မသိခင်တုန်းက အရှက်အကြောက်ကြီးသူ၊ စကားနည်းသူ ဖြစ်တယ်။ နောက်ပိုင်း ကျမ်းစာလေ့လာဖို့ လက်ခံလိုက်တယ်။ “ကျမ်းစာလေ့လာတဲ့အခါ ခရစ်ယာန်တွေဟာ ကိုယ့်ယုံကြည်ချက်အကြောင်း တခြားသူတွေကို ဝေမျှဖို့ တာဝန်ရှိမှန်း သိလာတယ်။ ကျွန်တော်တော့ ဘယ်တော့မှ လုပ်နိုင်မှာ မဟုတ်ဘူးလို့ ထင်ခဲ့တယ်” ဆိုပြီး ပြောတယ်။ ဒါပေမဲ့ အမှန်တရား မသိသေးသူတွေအကြောင်း စဉ်းစားလိုက်တဲ့အခါ ဘဝမှာ ယေဟောဝါ မရှိရင် ဘယ်လောက် ခက်မလဲဆိုတာ တွေးမိတယ်။ “သိလာတာတွေကြောင့် သိပ်ပျော်ပြီး စိတ်ငြိမ်သက်လာတယ်။ တခြားသူတွေလည်း ဒီလို အမှန်တရားကို လိုနေမှန်း သိလာတယ်” လို့ ဆာဂေး ပြောတယ်။ ကိုယ်ချင်းစာစိတ် တိုးများလာတဲ့အခါ ဟောဖို့ သတ္တိရှိလာတယ်။ “တခြားသူတွေကို ကျမ်းစာအကြောင်း ပြောပြတဲ့အခါ ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ်ချမှု တိုးလာတယ်။ ကိုယ့်ယုံကြည်ချက်လည်း ပိုခိုင်မာလာတယ်” လို့ သူပြောတယ်။d

ညီအစ်ကိုတစ်ယောက် အသက်ရဲ့မူလအစ ဘရိုရှာကို သုံးပြီး သင်သားနဲ့ ဆွေးနွေးနေ

ဘုရားရေးရာဘက် တိုးတက်လာဖို့ အချိန်လို (အပိုဒ် ၁၂-၁၃ ကိုကြည့်ပါ)

၁၂-၁၃။ ကိုယ်သွန်သင်ပေးတဲ့သူတွေကို ဘာကြောင့် စိတ်ရှည်ဖို့ လိုသလဲ။ ဥပမာပေးပါ။

၁၂ တတိယ၊ ကိုယ်သွန်သင်ပေးတဲ့သူတွေကို စိတ်ရှည်ပါ။ ကိုယ်သိထားတဲ့ ကျမ်းစာ အမှန်တရားတချို့ကို သူတို့ တစ်ခါမှ မကြားဖူးကြောင်း သတိရပါ။ သူတို့က ကိုယ့်ယုံကြည်ချက်ကိုပဲ ဆုပ်ကိုင်ထားကြတယ်။ ဘာသာတရားကြောင့် မိသားစု၊ ယဉ်ကျေးမှု၊ အသိုင်းအဝိုင်းမှာ စည်းလုံးနေတာလို့ ခံယူကြတယ်။ သူတို့ကို ဘယ်လို ကူညီပေးနိုင်မလဲ။

၁၃ ဒီဥပမာကို စဉ်းစားကြည့်ပါ။ တံတားတစ်စင်း ဟောင်းပြီး အစားထိုးဖို့ လိုနေရင် ဘာလုပ်မလဲ။ အဟောင်းကို သုံးနေရင်း အသစ်ဆောက်မှာပဲ။ အသစ်ပြီးသွားတာနဲ့ အဟောင်းကို ဖြိုချလိုက်တယ်။ အဲဒီလိုပဲ လူတွေ မြတ်နိုးတဲ့ ယုံကြည်ချက် “အဟောင်း” ကို စွန့်ဖို့ မပြောခင် သူတို့ မသိသေးတဲ့ ကျမ်းစာ အမှန်တရား “အသစ်” တွေကို တန်ဖိုးထားလာအောင် ကူညီပေးရမယ်။ ဒါမှ ယုံကြည်ချက် အဟောင်းတွေကို စွန့်နိုင်မယ်။ အဲဒီလိုဖြစ်ဖို့ အချိန်လိုတယ်။—ရော. ၁၂:၂။

၁၄-၁၅။ မြေကြီး ပရဒိသုမှာ ထာဝစဉ် အသက်ရှင်မယ့် မျှော်လင့်ချက်အကြောင်း မသိသူတွေကို ဘယ်လို ကူညီနိုင်မလဲ။ ဥပမာပေးပါ။

၁၄ အမှုဆောင်မှာ လူတွေကို စိတ်ရှည်မယ်ဆိုရင် သတင်းကောင်း ကြားတာနဲ့ လက်ခံဖို့ မျှော်လင့်မှာ မဟုတ်ဘူး။ အချိန်အတော်ကြာ ကျမ်းစာနဲ့ ကျိုးကြောင်းဆင်ခြင်ဖို့ ကိုယ်ချင်းစာစိတ်က လှုံ့ဆော်ပေးပါလိမ့်မယ်။ ဥပမာ၊ မြေကြီး ပရဒိသုမှာ ရမယ့် ထာဝရအသက် မျှော်လင့်ချက်အကြောင်း နားလည်အောင် ဘယ်လို ကူညီနိုင်မလဲဆိုတာ စဉ်းစားကြည့်ပါ။ အဲဒီသွန်သင်ချက်ကို လူအတော်များများ မသိကြဘူး။ သေခြင်းဟာ လမ်းဆုံးပဲ၊ လူကောင်းမှန်သမျှ ကောင်းကင် တက်မယ်ဆိုတဲ့ ယုံကြည်ချက် ရှိနေနိုင်တယ်။ သူတို့ကို ဘယ်လို ကူညီနိုင်မလဲ။

၁၅ ညီအစ်ကိုတစ်ယောက်က သူသုံးခဲ့တဲ့ ထိရောက်တဲ့နည်းကို ပြောပြတယ်။ အရင်ဆုံး ကမ္ဘာဦး ၁:၂၈ ကို ဖတ်တယ်။ ပြီးတော့ ဘုရားက လူတွေကို ဘယ်နေရာမှာ ဘယ်လိုအခြေအနေနဲ့ နေစေချင်တာလဲလို့ အိမ်ရှင်ကို မေးတယ်။ “မြေကြီးပေါ်မှာ ငြိမ်သက်အေးချမ်းတဲ့ အခြေအနေနဲ့ပေါ့” လို့ ဖြေလေ့ရှိတယ်။ အဲဒီနောက် ဟေရှာယ ၅၅:၁၁ ကို ဖတ်ပြီး ဘုရားရဲ့ ရည်ရွယ်ချက် ပြောင်းသွားပြီလားလို့ မေးတယ်။ မပြောင်းဘူးလို့ အိမ်ရှင် ဖြေလေ့ရှိတယ်။ အဲဒီအခါ ဆာလံ ၃၇:၁၀၊ ၁၁ ကို ဖတ်ပြီး လူတွေရဲ့ အနာဂတ် ဘယ်လို ဖြစ်မလဲလို့ မေးတယ်။ ဒီလို ကျိုးကြောင်းဆင်ခြင်နည်းက မြေကြီး ပရဒိသုမှာ ထာဝစဉ် အသက်ရှင်ဖို့ ဘုရား အလိုရှိဆဲဖြစ်ကြောင်း လူတွေကို နားလည်စေတယ်။

ညီအစ်မတစ်ယောက် စာထည့်နေ

အားပေးစာ ရေးခြင်းစတဲ့ ကြင်နာတဲ့လုပ်ရပ်လေးက ရလဒ်ကောင်းများစွာ ရစေနိုင် (အပိုဒ် ၁၆-၁၇ ကိုကြည့်ပါ)

၁၆-၁၇။ ကိုယ်ချင်းစာစိတ် ပြနိုင်တဲ့ ဘယ်လက်တွေ့ကျ နည်းတချို့ကို ပညာအလိမ္မာ ၃:၂၇ မှာ ဖော်ပြထားသလဲ။ ဥပမာပေးပါ။

၁၆ စတုတ္ထ၊ ထောက်ထားစာနာမှုပြနိုင်တဲ့ လက်တွေ့ကျနည်းတွေကို စဉ်းစားပါ။ ဥပမာ၊ အိမ်ရှင် အဆင်မပြေတဲ့ အချိန်မှာ သွားမိသလား။ တောင်းပန်ပြီး အဆင်ပြေတဲ့ အချိန်မှ ပြန်လာမယ်လို့ ပြောပါ။ အိမ်ရှင်ကို တစ်ခုခု ကူညီပေးဖို့ လိုနေသလား။ အိမ်ပြင် မထွက်နိုင်လို့ အပြင်သွားပြီး တစ်ခုခုလုပ်ပေးမယ့်သူ လိုနေသလား။ အဲဒီလိုဆိုရင် ကူညီပေးလိုက်ပါ။—ပညာအလိမ္မာ ၃:၂၇ ကိုဖတ်ပါ။

၁၇ ကြင်နာမှုပါတဲ့ လုပ်ရပ်လေးကြောင့် ညီအစ်မတစ်ယောက် ရလဒ်ကောင်းတွေ ရခဲ့တယ်။ ကလေးဆုံးသွားတဲ့ မိသားစုကို ကိုယ်ချင်းစာလို့ အားပေးစာတစ်စောင် ရေးတယ်။ နှစ်သိမ့်မှု ဖြစ်စေတဲ့ ကျမ်းချက်တချို့ ထည့်ရေးတယ်။ မိသားစု ဘယ်လို တုံ့ပြန်သလဲ။ မိခင်ဖြစ်သူက “မနေ့က ကျွန်မ အတော်စိတ်ဆင်းရဲနေတာ။ ရှင့်ရဲ့စာကြောင့် အားရှိသွားတယ်။ ကျေးဇူးတင်လိုက်တာ။ အဲဒီစာကို မနေ့က အခေါက် ၂၀ လောက် ဖတ်ဖြစ်တယ်။ ကြင်နာပြီး နှစ်သိမ့်မှု ဖြစ်စေတဲ့ စကားတွေအတွက် လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါတယ်” လို့ ရေးတယ်။ ဒုက္ခရောက်နေသူတွေရဲ့ နေရာမှာ ဝင်ခံစားပေးပြီး ကူညီပေးခြင်းအားဖြင့် ရလဒ်ကောင်းတွေ ရနိုင်တယ်။

ကိုယ့်အပိုင်းကို မျှမျှတတ ရှုမြင်ပါ

၁၈။ ၁ ကောရိန္သု ၃:၆၊ ၇ အရ အမှုဆောင်လုပ်ငန်းမှာ ဘယ်မျှတတဲ့ ရှုမြင်ပုံ ရှိသင့်သလဲ။

၁၈ အမှုဆောင်လုပ်ငန်းမှာ ကိုယ့်အပိုင်းကို မျှမျှတတ ရှုမြင်ပါ။ ဘုရားအကြောင်း သိလာအောင် တခြားသူတွေကို ကူညီနေပေမဲ့ ကိုယ့်အပိုင်းက အရေးကြီးဆုံး မဟုတ်ဘူး။ (၁ ကောရိန္သု ၃:၆၊ ၇ ကိုဖတ်ပါ။) လူတွေကို ဆွဲဆောင်သူဟာ ယေဟောဝါပါ။ (ယော. ၆:၄၄) တစ်ဦးစီဟာ စိတ်ထဲရှိတဲ့အတိုင်း သတင်းကောင်းကို တုံ့ပြန်ကြပါလိမ့်မယ်။ (မ. ၁၃:၄-၈) အသက်ရှင်ခဲ့သမျှမှာ အကြီးမြတ်ဆုံးဆရာဖြစ်တဲ့ ယေရှု ဟောတာကိုတောင် လူအများစု လက်မခံခဲ့ကြောင်း သတိရပါ။ ဒါကြောင့် ကျွန်တော်တို့ဟောတဲ့သတင်းကို လူတွေ လက်မခံတဲ့အခါ စိတ်မပျက်သင့်ဘူး။

၁၉။ အမှုဆောင်လုပ်ငန်းမှာ ကိုယ်ချင်းစာကြောင်း ပြရင် ဘာအကျိုးတွေ ခံစားရမလဲ။

၁၉ အမှုဆောင်လုပ်ငန်းမှာ ကိုယ်ချင်းစာကြောင်း ပြတဲ့အခါ အကျိုးခံစားရပါလိမ့်မယ်။ ဟောပြောခြင်းလုပ်ငန်းမှာ ပိုပျော်လာမယ်။ ပေးကမ်းခြင်းကြောင့် ပျော်ရွှင်မှု ခံစားရမယ်။ “ထာဝရအသက်ရဖို့ စိတ်ရင်းမှန်နဲ့ ကြိုးစားတဲ့သူတွေ” သတင်းကောင်း လက်ခံရလွယ်အောင် ကျွန်တော်တို့ ကူညီပေးရာလည်း ရောက်တယ်။ (တ. ၁၃:၄၈) “ဒါကြောင့် အခွင့်အရေးရသရွေ့ လူတိုင်းကို ကောင်းမှုပြုကြစို့။” (ဂလ. ၆:၁၀) ဒါဆိုရင် ကောင်းကင်ဖခင် ယေဟောဝါကို ဘုန်းထင်ရှားစေနိုင်လို့ ကျွန်တော်တို့ ပျော်ရွှင်ကြပါလိမ့်မယ်။—မ. ၅:၁၆။

သင် ဘယ်လို ဖြေမလဲ

  • အမှုဆောင်မှာ ကိုယ်ချင်းစာစိတ် ရှိကြောင်း ပြဖို့ ဘာကြောင့် အရေးကြီးသလဲ။

  • အမှုဆောင်မှာ ကိုယ်ချင်းစာစိတ် ရှိကြောင်း ယေရှု ဘယ်လို ပုံသက်သေ ပြခဲ့သလဲ။

  • ဟောပြောခြင်းလုပ်ငန်းမှာ ကိုယ်ချင်းစာစိတ် ရှိကြောင်း ပြနိုင်တဲ့ လက်တွေ့ကျနည်းတချို့က ဘာတွေလဲ။

သီချင်း ၆၄ ရိတ်သိမ်းခြင်းမှာ ပျော်ရွှင်စွာ

a ကိုယ်ချင်းစာကြောင်း တင်ပြတဲ့အခါ ပိုပျော်လာပြီး အမှုဆောင်မှာ ရလဒ်ကောင်းတွေ ပိုရလာနိုင်တယ်။ ဘာကြောင့်လဲ။ ယေရှုရဲ့ ပုံသက်သေကနေ ဘာသင်ယူနိုင်ကြောင်း၊ အမှုဆောင်လုပ်ငန်းမှာ ကိုယ်ချင်းစာစိတ် ပြနိုင်တဲ့ နည်းလေးနည်းအကြောင်း ဒီဆောင်းပါးမှာ သုံးသပ်ကြပါမယ်။

b စကားလုံး ရှင်းလင်းချက်– သနားစိတ်ဆိုတာ ဒုက္ခရောက်နေသူ၊ ကြမ်းတမ်းစွာ ဆက်ဆံခံရသူတွေကို ကိုယ်ချင်းစာခြင်း ဖြစ်တယ်။ အဲဒီခံစားချက်က သူတို့ကို အတတ်နိုင်ဆုံး ကူညီဖို့ လှုံ့ဆော်ပေးတယ်။

c ၂၀၁၄၊ မေ ၁၅ ရက်ထုတ် ကင်းမျှော်စင် မှာပါတဲ့ “အမှုဆောင်လုပ်ငန်းမှာ ရွှေပညတ်ကို လိုက်နာပါ” ဆောင်းပါးကို ကြည့်ပါ။

d ၂၀၁၁၊ သြဂုတ် ၁ ရက်ထုတ် ကင်းမျှော်စင် စာ. ၂၁-၂၂ ကိုကြည့်ပါ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ