လေ့လာရန် ဆောင်းပါး ၁၉
ဆိုးညစ်မှုတွေ ရင်ဆိုင်ရချိန်မှာ မေတ္တာနဲ့ တရားမျှတမှု
“ကိုယ်တော်ဟာ ဆိုးညစ်မှုကို နှစ်သက်တဲ့ ဘုရားသခင် မဟုတ်တဲ့အတွက် ဘယ်လူဆိုးမှ ကိုယ်တော့်အနားမှာ နေနိုင်မှာ မဟုတ်ဘူး။”—ဆာ. ၅:၄။
သီချင်း ၁၄၂ မျှော်လင့်ချက်ကို ကိုင်စွဲထားခြင်း
အကြိုသုံးသပ်ချက်a
၁-၃။ (က) ဆာလံ ၅:၄-၆ အရ ဆိုးညစ်မှုကို ယေဟောဝါ ဘယ်လို သဘောထားသလဲ။ (ခ) ကလေးတွေကို မတော်မတရားပြုခြင်းဟာ “ခရစ်တော်ရဲ့ တရား” နဲ့ ဆန့်ကျင်တယ်လို့ ဘာကြောင့် ပြောနိုင်သလဲ။
ဆိုးညစ်မှု အားလုံးကို ယေဟောဝါဘုရား မုန်းတယ်။ (ဆာလံ ၅:၄-၆ ကိုဖတ်ပါ။) အထူးသဖြင့် ကလေးတွေအပေါ် လိင်ဆိုင်ရာ မတော်မတရားပြုတဲ့ စက်ဆုပ်ဖွယ် ပြစ်မှုကို မုန်းတယ်။ ယေဟောဝါကို တုပတဲ့ သက်သေခံတွေအနေနဲ့ ကျွန်တော်တို့လည်း ကလေးတွေအပေါ် မတော်မတရားပြုတာကို ရွံမုန်းပြီး ခရစ်ယာန် အသင်းတော်မှာ လုံးဝ လက်မခံဘူး။—ရော. ၁၂:၉။ ဟီ. ၁၂:၁၅၊ ၁၆။
၂ ကလေးတွေကို မတော်မတရားပြုတဲ့ လုပ်ရပ်မှန်သမျှဟာ “ခရစ်တော်ရဲ့ တရား” နဲ့ ဆန့်ကျင်တယ်။ (ဂလ. ၆:၂) ဘာကြောင့် အဲဒီလို ပြောနိုင်တာလဲ။ ရှေ့ဆောင်းပါးမှာ ဆွေးနွေးခဲ့တဲ့အတိုင်း ခရစ်တော်ရဲ့ တရား၊ တစ်နည်းအားဖြင့် အပြောနဲ့ ပုံသက်သေအားဖြင့် ယေရှု သွန်သင်ပေးခဲ့ရာ မှန်သမျှဟာ မေတ္တာကို အခြေခံပြီး တရားမျှတမှုရှိဖို့ တွန်းအားပေးတယ်။ အဲဒီပညတ်ကို လိုက်နာတဲ့ ခရစ်ယာန်စစ်တွေဟာ သားသမီးတွေ မေတ္တာနဲ့ ဘေးကင်းလုံခြုံမှု ခံစားရအောင် လုပ်ဆောင်ကြတယ်။ ကလေးအပေါ် မတော်မတရားပြုတာဟာ တစ်ကိုယ်ကောင်းဆန်ပြီး မှားယွင်းတဲ့ လုပ်ရပ်ဖြစ်တယ်။ မလုံခြုံဘူး၊ အချစ်မခံရဘူးလို့ ကလေးတွေကို ခံစားရစေတယ်။
၃ ကလေးတွေကို လိင်ဆိုင်ရာ မတော်မတရားပြုခြင်းဟာ ကမ္ဘာတစ်ဝန်း ပျံ့နှံ့နေတဲ့အတွက် ခရစ်ယာန်စစ်တွေကိုလည်း သက်ရောက်မှု ရှိနေတယ်။ ဘာကြောင့်လဲ။ “ဆိုးညစ်သူတွေ၊ အယောင်ဆောင်သူတွေ” များပြားနေပြီး အသင်းတော်ထဲကိုတောင် ဝင်လာနိုင်လို့ပဲ။ (၂ တိ. ၃:၁၃) အဲဒီအပြင် အသင်းတော်ထဲကလို့ ပြောတဲ့သူတချို့ဟာ သွေးသားဆန္ဒကို အလျှော့ပေးပြီး ကလေးတွေကို လိင်ဆိုင်ရာ မတော်မတရား ပြုခဲ့ကြလို့ပဲ။ ကလေးတွေကို မတော်မတရားပြုခြင်းဟာ ဘာကြောင့် အလွန် ကြီးလေးတဲ့အပြစ် ဖြစ်ကြောင်း ဆွေးနွေးကြစို့။ ကလေးတွေကို လိင်ဆိုင်ရာ မတော်မတရားပြုခြင်းb အပါအဝင် ကြီးလေးတဲ့အပြစ်တွေကို အကြီးအကဲတွေ ဘယ်လို ကိုင်တွယ်ကြောင်း၊ သားသမီးတွေကို မိဘတွေ ဘယ်လို ကာကွယ်ပေးနိုင်ကြောင်းလည်း ဆွေးနွေးကြပါမယ်။
ကြီးလေးတဲ့အပြစ်
၄-၅။ ကလေးကို မတော်မတရားပြုခြင်းဟာ ပြုခံရသူကို ပြစ်မှားတဲ့ အပြစ်လို့ ဘာကြောင့် ပြောနိုင်သလဲ။
၄ ကလေးကို မတော်မတရားပြုခြင်းဟာ ရေရှည် ဆိုးကျိုးသက်ရောက်စေနိုင်တယ်။ မတော်မတရားပြုခံရသူ အပါအဝင် သူ့ကိုချစ်တဲ့ မိသားစုဝင်တွေနဲ့ ခရစ်ယာန် ညီအစ်ကို/မတွေကို ထိခိုက်စေတယ်။ ဒါဟာ ကြီးလေးတဲ့အပြစ် ဖြစ်တယ်။
၅ မတော်မတရား ပြုခံရသူကိုc ပြစ်မှားတဲ့ အပြစ်။ ဒါဟာ တခြားသူတွေကို ထိခိုက်နာကျင်စေတဲ့အပြစ် ဖြစ်တယ်။ နောက်ဆောင်းပါးမှာ သိရမှာ ဖြစ်တဲ့အတိုင်း မတော်မတရားပြုသူဟာ ကလေးကို နည်းလမ်းများစွာနဲ့ ထိခိုက်စေတယ်။ ကလေးရဲ့ ယုံကြည်စိတ်ချမှုကို ရိုက်ချိုးပြီး လုံခြုံမှု မရှိဘူးလို့ ခံစားရစေတယ်။ အဲဒီလို အဖြစ်ဆိုးမျိုး မကြုံရအောင် ကလေးတွေကို ကာကွယ်ပေးရမယ်။ မတော်မတရားပြုခံရတဲ့ ကလေးတွေဟာ နှစ်သိမ့်မှုနဲ့ အကူအညီ လိုအပ်တယ်။—၁ သက်. ၅:၁၄။
၆-၇။ ကလေး မတော်မတရားပြုခြင်းဟာ အသင်းတော်နဲ့ လောက အာဏာပိုင်တွေကို ပြစ်မှားတဲ့ အပြစ်လို့ ဘာကြောင့် ပြောနိုင်သလဲ။
၆ အသင်းတော်ကို ပြစ်မှားတဲ့ အပြစ်။ အသင်းတော်ထဲက တစ်ယောက်ယောက်ဟာ ကလေးကို လိင်ဆိုင်ရာ မတော်မတရားပြုတဲ့အခါ အသင်းတော်ရဲ့ နာမည်ကောင်းကို ပျက်စီးစေတယ်။ (မ. ၅:၁၆။ ၁ ပေ. ၂:၁၂) ကလေး မတော်မတရားပြုတာကို အသင်းတော်မှာ ခွင့်ပြုထားတယ်လို့ ပြောကြတာ မတရားပါဘူး။ ဘာကြောင့်လဲဆိုတော့ သစ္စာရှိ ခရစ်ယာန် သန်းပေါင်းများစွာဟာ “ယုံကြည်ခြင်းအတွက် ကြိုးစားတိုက်လှန်” နေကြလို့ပဲ။ (ယု. ၃) နောင်တမယူဘဲ ဆိုးညစ်တာတွေ လုပ်ပြီး အသင်းတော်ရဲ့ နာမည်ကောင်း ပျက်စီးစေသူကို အသင်းတော်မှာ ဆက်ရှိခွင့် မပြုပါဘူး။
၇ လောကအာဏာပိုင်တွေကို ပြစ်မှားတဲ့ အပြစ်။ ခရစ်ယာန်တွေဟာ ‘အထက်အာဏာပိုင်တွေကို လက်အောက်ခံရမယ်။’ (ရော. ၁၃:၁) တိုင်းပြည်ဥပဒေကို တော်သင့်စွာ လေးစားခြင်းအားဖြင့် လက်အောက်ခံကြတယ်။ အသင်းတော်ထဲက တစ်ယောက်ယောက်ဟာ ကလေးကို မတော်မတရားပြုခြင်း စတဲ့ ပြစ်မှုဆိုင်ရာ ဥပဒေကို ချိုးဖောက်တယ်ဆိုရင် အာဏာပိုင်တွေကို ပြစ်မှားတာပဲ။ (တမန်တော် ၂၅:၈ နဲ့ နှိုင်းယှဉ်ပါ။) အကြီးအကဲတွေဟာ ဥပဒေ ချိုးဖောက်သူတွေကို ပြစ်ဒဏ်ပေးပိုင်ခွင့် မရှိဘူး။ ဒါပေမဲ့ ကလေး မတော်မတရားပြုသူကို ပြစ်ဒဏ်မခံရအောင် ကာကွယ်ပေးမှာ မဟုတ်ဘူး။ (ရော. ၁၃:၄) အပြစ်ကျူးလွန်သူဟာ ကြဲတဲ့အတိုင်း ရိတ်ရမှာ ဖြစ်တယ်။—ဂလ. ၆:၇။
၈။ လူလူချင်း ပြစ်မှားတဲ့ အပြစ်တွေကို ယေဟောဝါ ဘယ်လို ရှုမြင်သလဲ။
၈ ဘုရားသခင်ကို ပြစ်မှားတဲ့ အပြစ်။ (ဆာ. ၅၁:၄) လူလူချင်း ပြစ်မှားတာဟာ ယေဟောဝါကိုလည်း ပြစ်မှားရာရောက်တယ်။ ဥပမာအနေနဲ့ အစ္စရေးတွေကို ဘုရားသခင် ပေးတဲ့ ပညတ်တရားအကြောင်း သုံးသပ်ကြည့်ပါ။ လူတစ်ယောက်က ခိုးတယ်၊ ကလိမ်ကျတယ်ဆိုရင် “ယေဟောဝါအပေါ် သစ္စာမဲ့တာ” ဖြစ်တယ်လို့ ပညတ်တရားမှာ ပြောထားတယ်။ (ဝတ်. ၆:၂-၄) အသင်းတော်ထဲက တစ်ယောက်ယောက်ဟာ ကလေးကို မတော်မတရားပြုတဲ့အခါ ကလေးရဲ့ ဘေးကင်းလုံခြုံတယ်ဆိုတဲ့ ခံစားချက်ကို လုယူလိုက်တာဖြစ်လို့ ဘုရားအပေါ် သစ္စာမဲ့ရာ ရောက်တယ်။ ယေဟောဝါရဲ့ နာမည်ကို အကြီးအကျယ် ရှုတ်ချစရာဖြစ်စေတဲ့အတွက် ဘုရားသခင်ကို ပြစ်မှားတဲ့ အပြစ်ဖြစ်တယ်။
၉။ နှစ်တွေတစ်လျှောက် ယေဟောဝါရဲ့ အဖွဲ့အစည်းက ဘယ်ကျမ်းစာအကြောင်းအရာတွေ ပြင်ဆင်ပေးသလဲ။ ဘာကြောင့်လဲ။
၉ နှစ်တွေတစ်လျှောက် ယေဟောဝါရဲ့ အဖွဲ့အစည်းဟာ ကလေး မတော်မတရားပြုခြင်းနဲ့ပတ်သက်တဲ့ ကျမ်းစာ အကြောင်းအရာများစွာကို ပြင်ဆင်ပေးထားတယ်။ ဥပမာ၊ လိင်ဆိုင်ရာ မတော်မတရားပြုခံရသူတွေ စိတ်ဒဏ်ရာ သက်သာဖို့ ဘာလုပ်နိုင်ကြောင်း၊ တခြားသူတွေ ဘယ်လိုကူညီ အားပေးနိုင်ကြောင်း၊ သားသမီးတွေကို မိဘတွေ ဘယ်လို ကာကွယ်ပေးနိုင်ကြောင်း ဆွေးနွေးထားတဲ့ ကင်းမျှော်စင်၊ နိုးလော့! ဆောင်းပါးတွေ ရှိတယ်။ အကြီးအကဲတွေလည်း ကလေး မတော်မတရားပြုတဲ့ အပြစ်ကို ဘယ်လို ကိုင်တွယ်ရမယ်ဆိုတဲ့အကြောင်း အသေးစိတ် လေ့ကျင့်မှုတွေ ရထားတယ်။ ကလေး မတော်မတရားပြုတဲ့ အပြစ်ကို အသင်းတော်တွေ ဘယ်လို ကိုင်တွယ်နေတယ်ဆိုတာ အဖွဲ့အစည်းက အမြဲ ဆန်းစစ်နေတယ်။ ဘာကြောင့်လဲ။ ခရစ်တော်ရဲ့ တရားနဲ့အညီ ကိုင်တွယ်နေကြောင်း သေချာစေဖို့ပဲ။
ကြီးလေးတဲ့အပြစ်ကို ကိုင်တွယ်ခြင်း
၁၀-၁၂။ (က) ကြီးလေးတဲ့ အပြစ်တွေကို ကိုင်တွယ်တဲ့အခါ အကြီးအကဲတွေ ဘာကို အမှတ်ရကြသလဲ။ ဘာတွေကို ထည့်သုံးသပ်ကြသလဲ။ (ခ) ယာကုပ် ၅:၁၄၊ ၁၅ အရ အကြီးအကဲတွေ ဘာလုပ်ဖို့ ကြိုးစားကြသလဲ။
၁၀ အကြီးအကဲတွေဟာ ကြီးလေးတဲ့အပြစ်ကို ကိုင်တွယ်တဲ့အခါ သိုးတော်စုကို မေတ္တာနဲ့ ဆက်ဆံဖို့၊ ဘုရားရှေ့မှာ ဖြောင့်မတ်မှန်ကန်ရာကို လုပ်ဆောင်ဖို့ ခရစ်တော်ရဲ့ တရားက တောင်းဆိုထားကြောင်း အမှတ်ရကြတယ်။ ဒါကြောင့် တစ်ယောက်ယောက်က ကြီးလေးတဲ့အပြစ် ကျူးလွန်ထားကြောင်း အကြီးအကဲတွေ သတင်းရတဲ့အခါ စဉ်းစားသုံးသပ်ရမယ့်အချက် အတော်များများ ရှိလာတယ်။ ဘုရားသခင့်နာမည် သန့်ရှင်းမြင့်မြတ်စေဖို့ အဓိကထားကြတယ်။ (ဝတ်. ၂၂:၃၁၊ ၃၂။ မ. ၆:၉) အသင်းတော်မှာ ရှိတဲ့ ညီအစ်ကို/မတွေရဲ့ ကောင်းကျိုးကိုလည်း ထည့်စဉ်းစားပေးကြတယ်။ မတော်မတရားပြုခံရသူကို ကူညီပေးချင်ကြတယ်။
၁၁ အပြစ်ကျူးလွန်သူဟာ အသင်းတော်ထဲက ဖြစ်မယ်ဆိုရင် သူ ဘုရားနဲ့ဆက်ဆံရေး ပြန်ကောင်းလာအောင် ဖြစ်နိုင်တဲ့အခါတိုင်း အကြီးအကဲတွေ ကူညီပေးကြတယ်။ (ယာကုပ် ၅:၁၄၊ ၁၅ ကိုဖတ်ပါ။) မှားယွင်းတဲ့ ဆန္ဒကို အလျှော့ပေးပြီး ကြီးလေးတဲ့အပြစ် ကျူးလွန်တဲ့ ခရစ်ယာန်ဟာ ဘုရားရေးရာမှာ ဖျားနာနေသူ ဖြစ်တယ်။ အဲဒါက ဘုရားနဲ့ ဆက်ဆံရေး မကောင်းတော့တာကို ဆိုလိုတယ်။d အကြီးအကဲတွေဟာ ဘုရားရေးရာဘက်မှာ ဆရာဝန်တွေပါပဲ။ “လူနာ [အပြစ်ပြုသူ] ကို ကျန်းမာစေ” ဖို့ ကြိုးစားကြတယ်။ ကျမ်းစာကို အခြေခံတဲ့ သူတို့ရဲ့ ဆုံးမမှုဟာ အပြစ်ပြုသူကို ဘုရားနဲ့ ဆက်ဆံရေး ပြန်ကောင်းလာစေဖို့ ကူညီပေးနိုင်ပေမဲ့ အပြစ်ပြုသူ စစ်မှန်တဲ့နောင်တ ရမှဖြစ်မယ်။—တ. ၃:၁၉။ ၂ ကော. ၂:၅-၁၀။
၁၂ အကြီးအကဲတွေရဲ့ တာဝန်ဟာ သိပ်ကြီးလေးပါတယ်။ ဘုရား အပ်ထားတဲ့ သိုးတော်စုကို ဂရုစိုက်စောင့်ရှောက်ကြရတယ်။ (၁ ပေ. ၅:၁-၃) အသင်းတော်အတွင်းမှာ ညီအစ်ကို/မတွေကို ဘေးကင်းလုံခြုံစေချင်တယ်။ ဒါကြောင့် ကလေး မတော်မတရားပြုခြင်း အပါအဝင် ကြီးလေးတဲ့ အပြစ်တွေကို ချက်ချင်း အရေးယူ ကိုင်တွယ်ကြတယ်။ အပိုဒ် ၁၃၊ ၁၅၊ ၁၇ အစမှာပါတဲ့ မေးခွန်းတွေကို သုံးသပ်ကြည့်ပါ။
၁၃-၁၄။ ကလေး မတော်မတရားပြုခြင်း ပြစ်မှုကို လောကအာဏာပိုင်တွေဆီ တိုင်ကြားခြင်းနဲ့ပတ်သက်တဲ့ ဥပဒေကို အကြီးအကဲတွေ လိုက်နာကြသလား။ ရှင်းပြပါ။
၁၃ ကလေး မတော်မတရားပြုခြင်း ပြစ်မှုကို လောကအာဏာပိုင်တွေဆီ တိုင်ကြားခြင်းနဲ့ပတ်သက်တဲ့ ဥပဒေကို အကြီးအကဲတွေ လိုက်နာကြသလား။ လိုက်နာကြပါတယ်။ အဲဒီလို ဥပဒေထုတ်ထားတဲ့ နိုင်ငံတွေမှာ အကြီးအကဲတွေဟာ မတော်မတရားပြုခြင်း ပြစ်မှုကို လောကအာဏာပိုင်တွေဆီ တိုင်ကြားခြင်းအားဖြင့် ဥပဒေကို လိုက်နာကြတယ်။ (ရော. ၁၃:၁) အဲဒီဥပဒေဟာ ဘုရားပညတ်နဲ့ မဆန့်ကျင်ဘူး။ (တ. ၅:၂၈၊ ၂၉) ပြစ်မှုကျူးလွန်ထားကြောင်း အကြီးအကဲတွေ ကြားသိတဲ့အခါ တိုင်ကြားခြင်းနဲ့ပတ်သက်တဲ့ ဥပဒေကို ဘယ်လို လိုက်နာနိုင်ကြောင်း လမ်းညွှန်ချက်ရဖို့ ဌာနခွဲရုံးကို ချက်ချင်း ဆက်သွယ်ကြတယ်။
၁၄ အကြီးအကဲတွေဟာ မတော်မတရားပြုခံရတဲ့ ကလေး၊ ကလေးရဲ့ မိဘတွေ၊ အဲဒီအကြောင်း သိထားတဲ့ တခြားသူတွေနဲ့ စကားပြောတဲ့အခါ ဒီကိစ္စကို အာဏာပိုင်တွေဆီ တိုင်ကြားပိုင်ခွင့် ရှိကြောင်း အသိပေးကြတယ်။ ဒါပေမဲ့ ပြစ်မှုကျူးလွန်သူဟာ အသင်းတော်ထဲက တစ်ယောက်ဖြစ်ပြီး လူသိရှင်ကြား ဖြစ်သွားပြီ ဆိုရင်ကော။ တိုင်လိုက်လို့ ဘုရားနာမည် ရှုတ်ချရာရောက်သွားမှာကို စိုးရိမ်သင့်သလား။ မစိုးရိမ်သင့်ဘူး။ တကယ်တော့ ဘုရားနာမည် ထိခိုက်အောင်လုပ်သူက အပြစ်ကျူးလွန်သူသာဖြစ်တယ်။
၁၅-၁၆။ (က) ၁ တိမောသေ ၅:၁၉ အရ အကြီးအကဲတွေ တရားရေးကိစ္စ မကိုင်တွယ်ခင် အနည်းဆုံး သက်သေနှစ်ယောက် ရှိဖို့ ဘာကြောင့် လိုအပ်သလဲ။ (ခ) ကလေးကို မတော်မတရားပြုတယ်လို့ အသင်းတော်ထဲက တစ်ယောက်ယောက် စွပ်စွဲခံရတဲ့အခါ အကြီးအကဲတွေ ဘာလုပ်ကြသလဲ။
၁၅ အသင်းတော်မှာ အကြီးအကဲတွေ တရားရေးကိစ္စ မကိုင်တွယ်ခင် အနည်းဆုံး သက်သေနှစ်ယောက် ရှိဖို့ ဘာကြောင့် လိုအပ်သလဲ။ အဲဒါဟာ တရားမျှတမှုနဲ့ပတ်သက်တဲ့ ကျမ်းစာ တောင်းဆိုချက် ဖြစ်လို့ပဲ။ ကြီးလေးတဲ့အပြစ် ကျူးလွန်သူက အပြစ်ကို ဝန်မခံရင် အကြီးအကဲတွေ တရားရေး ကော်မတီ ဖွဲ့နိုင်ဖို့ သက်သေနှစ်ယောက် လိုအပ်တယ်။ (တရား. ၁၉:၁၅။ မ. ၁၈:၁၆။ ၁ တိမောသေ ၅:၁၉ ကိုဖတ်ပါ။) ဒါက ကလေး မတော်မတရားပြုတဲ့ ပြစ်မှုကို အာဏာပိုင်တွေဆီ တိုင်ကြားဖို့ သက်သေနှစ်ယောက် လိုတယ်လို့ ဆိုလိုသလား။ မဆိုလိုပါဘူး။ ဒီတောင်းဆိုချက်ဟာ ပြစ်မှုကို အာဏာပိုင်တွေဆီ တိုင်ကြားခြင်းနဲ့ မသက်ဆိုင်ဘူး။
၁၆ အသင်းတော်ထဲက တစ်ယောက်ယောက်က ကလေး မတော်မတရားပြုကြောင်း အကြီးအကဲတွေ သိတဲ့အခါ လောကအာဏာပိုင်တွေဆီ တိုင်ကြားခြင်းနဲ့ပတ်သက်တဲ့ ဥပဒေကို လိုက်နာကြတယ်။ ပြီးနောက် ကျမ်းစာနဲ့အညီ စုံစမ်းစစ်ဆေးကြတယ်။ ကျူးလွန်သူက အပြစ်ကို ဝန်မခံရင် အသိသက်သေတွေကို မေးကြတယ်။ အနည်းဆုံး လူနှစ်ယောက်က စွပ်စွဲချက်ကို အတည်ပြုနိုင်တယ်ဆိုရင် တရားရေး ကော်မတီ ဖွဲ့မှာဖြစ်တယ်။e အဲဒီနှစ်ယောက်မှာ တစ်ယောက်က စွပ်စွဲသူ၊ နောက်တစ်ယောက်က ကလေး မတော်မတရားပြုတဲ့ ဒီအမှု ဒါမှမဟုတ် တခြားအမှုအကြောင်း သိထားသူ ဖြစ်တယ်။ ဒါပေမဲ့ ဒုတိယသက်သေ မရှိရင်တောင် စွပ်စွဲချက် မမှန်ဘူးလို့ မပြောနိုင်ဘူး။ သက်သေနှစ်ယောက် မရှိပေမဲ့ စွပ်စွဲခံရသူဟာ တခြားသူကို အကြီးအကျယ် ထိခိုက်စေတဲ့ အပြစ်ကျူးလွန်ခဲ့တာဖြစ်နိုင်ကြောင်း အကြီးအကဲတွေ သိထားကြတယ်။ ထိခိုက်နစ်နာသွားသူကို အကြီးအကဲတွေ ဆက်ပြီး နှစ်သိမ့်ကူညီပေးမှာဖြစ်တယ်။ ဖြစ်လာနိုင်တဲ့ အန္တရာယ်တွေကနေ အသင်းတော်ကို ကာကွယ်ဖို့ စွပ်စွဲခံထားရသူကို စောင့်ကြည့်နေမှာဖြစ်တယ်။—တ. ၂၀:၂၈။
၁၇-၁၈။ တရားရေး ကော်မတီရဲ့ ကဏ္ဍကို ရှင်းပြပါ။
၁၇ တရားရေး ကော်မတီရဲ့ ကဏ္ဍက ဘာလဲ။ “တရားရေး” ဆိုတဲ့ စကားလုံးက အကြီးအကဲတွေဟာ တရားသူကြီးတွေ၊ အုပ်ချုပ်သူတွေ ဖြစ်တယ်လို့ မဆိုလိုဘူး။ ဥပဒေ ချိုးဖောက်လို့ ပြစ်ဒဏ် ခံသင့်၊ မခံသင့်ကို သူတို့ မဆုံးဖြတ်ကြဘူး။ တရားဥပဒေအရ အရေးယူတာကို ဝင်မစွက်ကြဘူး။ အာဏာပိုင်တွေ လက်ထဲ အပ်ထားကြတယ်။ (ရော. ၁၃:၂-၄။ တိ. ၃:၁) ဒါပေမဲ့ အပြစ်ကျူးလွန်သူကို အသင်းတော်အတွင်း ဆက်ရှိခွင့် ပြုမပြုကိုတော့ အကြီးအကဲတွေ စီရင် ဆုံးဖြတ်ကြတယ်။
၁၈ တရားရေး ကော်မတီမှာပါတဲ့ အကြီးအကဲတွေဟာ ဘုရားရေးရာကိစ္စတွေကိုပဲ စီရင်ဆုံးဖြတ်ကြတယ်။ အပြစ်ကျူးလွန်သူ နောင်တရမရဆိုတာ ကျမ်းစာကို အခြေခံပြီး ဆုံးဖြတ်ကြတယ်။ နောင်တမရရင် သူ့ကို နှင်ထုတ်မယ်လို့ အသိပေးပြီး အသင်းတော်မှာ ကြေညာတယ်။ (၁ ကော. ၅:၁၁-၁၃) နောင်တ ရရင်တော့ အသင်းတော်မှာ ဆက်နေနိုင်တယ်။ ဒါပေမဲ့ အသင်းတော် အခွင့်ထူးတွေ၊ တာဝန်ရှိ အနေအထားတွေအတွက် ဘယ်တော့မှ အရည်အချင်း မပြည့်မီတော့ဘဲ ဖြစ်နိုင်ကြောင်း သူ့ကို အသိပေးပါလိမ့်မယ်။ ကလေးတွေရဲ့ အကျိုးအတွက် အကြီးအကဲတွေက ကလေးငယ်ရှိတဲ့ မိဘတွေကို သီးသန့်ခေါ်တွေ့ပြီး အဲဒီလူ အနီးအနားမှာရှိနေရင် ကလေးတွေကို သတိထားကြည့်နေဖို့ သတိပေးပါလိမ့်မယ်။ အဲဒီလို သတိပေးတဲ့အခါ မတော်မတရားပြုခံရသူဟာ ဘယ်သူဖြစ်ကြောင်းကိုတော့ လျှို့ဝှက်ထားရမယ်။
သားသမီးတွေကို ကာကွယ်နိုင်ပုံ
လိင်ဆိုင်ရာ မတော်မတရားပြုခြင်း မခံရအောင် သားသမီးတွေကို ကာကွယ်ပေးဖို့ အဖွဲ့အစည်း ပြင်ဆင်ပေးထားတဲ့ အချက်အလက်တွေကို သုံးပြီး လိင်နဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကို မိဘတွေက သင့်လျော်သလို ပြောပြနေ။ (အပိုဒ် ၁၉-၂၂ ကိုကြည့်ပါ)
၁၉-၂၂။ သားသမီးတွေကို ကာကွယ်ဖို့ မိဘတွေ ဘာလုပ်နိုင်သလဲ။ (မျက်နှာဖုံးပုံကို ကြည့်ပါ။)
၁၉ သားသမီးတွေကို ကာကွယ်ဖို့ ဘယ်သူ့မှာ တာဝန်ရှိသလဲ။ မိဘတွေ ဖြစ်တယ်။f သားသမီးတွေဟာ “ယေဟောဝါပေးတဲ့ အမွေ၊” လက်ဆောင်တွေပါ။ (ဆာ. ၁၂၇:၃) အဲဒီလက်ဆောင်ကို ကာကွယ်စောင့်ရှောက်ရမှာ မိဘတွေရဲ့ တာဝန်ဖြစ်တယ်။ သင့်ကလေးတွေကို ကာကွယ်ဖို့ ဘာလုပ်နိုင်သလဲ။
၂၀ ပထမ၊ မတော်မတရားပြုခြင်းအကြောင်း ကိုယ်တိုင်လေ့လာထားရမယ်။ ကလေး မတော်မတရားပြုသူတွေအကြောင်း၊ သူတို့သုံးတဲ့ နည်းတွေအကြောင်း သိအောင် လုပ်ပါ။ ဖြစ်လာနိုင်တဲ့ အန္တရာယ်တွေကို သတိထားပါ။ (ပညာ. ၂၂:၃။ ၂၄:၃) အများအားဖြင့် မတော်မတရားပြုသူဟာ ကလေး သိတဲ့သူ၊ ယုံကြည်စိတ်ချတဲ့သူဖြစ်ကြောင်း သိထားပါ။
၂၁ ဒုတိယ၊ သားသမီးတွေနဲ့ ဆက်သွယ်ရေးကောင်း ရှိနေပါ။ (တရား. ၆:၆၊ ၇) အဲဒီထဲမှာ ကောင်းကောင်း နားထောင်ပေးခြင်း ပါဝင်တယ်။ (ယာ. ၁:၁၉) ကလေးတွေဟာ မတော်မတရားပြုခံရတာကို ပြောဖို့ မဝံ့မရဲ ဖြစ်တတ်ကြောင်း သတိရပါ။ သူတို့ကို မယုံမှာ စိုးလို့ ဖြစ်နိုင်တယ်။ ဒါမှမဟုတ် မတော်မတရားပြုသူက ဘယ်သူ့ကိုမှ မပြောဖို့ ခြိမ်းခြောက်ထားလို့ ဖြစ်နိုင်တယ်။ တစ်ခုခု မှားနေကြောင်း ရိပ်မိရင် မေးခွန်းတွေ မေးပြီး သူ့ခံစားချက်ကို ကြင်နာစွာ နှိုက်ထုတ်ပါ။ စိတ်ရှည်စွာ နားထောင်ပေးပါ။
၂၂ တတိယ၊ သားသမီးတွေကို သင်ပေးပါ။ လိင်အကြောင်း သိသင့်တာတွေကို အသက်အရွယ်အလိုက် ပြောပြပေးပါ။ တစ်ယောက်ယောက်က မသင့်တော်တဲ့နည်းနဲ့ ထိတွေ့ကိုင်တွယ်ဖို့ ကြိုးစားလာရင် ဘာပြောရမယ်၊ ဘာလုပ်ရမယ်ဆိုတာ သင်ပေးပါ။ သားသမီးတွေကို ကာကွယ်ပုံနဲ့ပတ်သက်ပြီး ဘုရားအဖွဲ့အစည်း ပြင်ဆင်ပေးထားတဲ့ အချက်အလက်တွေကို သုံးပါ။—“ကိုယ်တိုင် သင်ယူပါ၊ သားသမီးတွေကိုလည်း သင်ပေးပါ” လေးထောင့်ကွက်ကို ကြည့်ပါ။
၂၃။ ကလေးတွေအပေါ် လိင်ဆိုင်ရာ မတော်မတရားပြုတာကို ကျွန်တော်တို့ ဘယ်လို ရှုမြင်သလဲ။ နောက်ဆောင်းပါးမှာ ဘယ်မေးခွန်းကို ဆွေးနွေးကြမလဲ။
၂၃ ယေဟောဝါသက်သေတွေအနေနဲ့ ကျွန်တော်တို့ဟာ ကလေးတွေအပေါ် လိင်ဆိုင်ရာ မတော်မတရားပြုတာကို ကြီးလေးတဲ့အပြစ်၊ ဆိုးညစ်တဲ့လုပ်ရပ်အဖြစ် ရှုမြင်ကြတယ်။ အသင်းတော်တွေဟာ ခရစ်တော်ရဲ့ တရားကို လိုက်နာတဲ့အတွက် အပြစ်ကျူးလွန်သူကို ပြစ်ဒဏ် မခံရအောင် မကာကွယ်ပေးကြဘူး။ ဒါပေမဲ့ မတော်မတရားပြုခံရသူကို ဘယ်လို ကူညီပေးနိုင်မလဲ။ နောက်ဆောင်းပါးမှာ ဆွေးနွေးပါမယ်။
သီချင်း ၁၀၃ လူ့အသွင်ဆု သိုးထိန်းများ
a လိင်ဆိုင်ရာ မတော်မတရားပြုခြင်းကနေ သားသမီးတွေကို ဘယ်လို ကာကွယ်နိုင်ကြောင်း ဒီဆောင်းပါးမှာ ဆွေးနွေးပါမယ်။ အကြီးအကဲတွေက အသင်းတော်ကို၊ မိဘတွေက သားသမီးတွေကို ဘယ်လို ကာကွယ်ပေးနိုင်ကြောင်းလည်း ဆွေးနွေးကြပါမယ်။
b စကားလုံး ရှင်းလင်းချက်– ကလေးတွေကို လိင်ဆိုင်ရာ မတော်မတရားပြုခြင်း ဆိုတာ လူကြီးတစ်ယောက်က ကလေးကို အသုံးချပြီး မိမိရဲ့လိင်ဆန္ဒကို အာသာဖြေခြင်း ဖြစ်တယ်။ အဲဒီထဲမှာ လိင်ဆက်ဆံခြင်း၊ ပါးစပ် ဒါမှမဟုတ် စအိုနဲ့ လိင်ဆက်ဆံခြင်း၊ လိင်အင်္ဂါ၊ ရင်သား ဒါမှမဟုတ် တင်ပါးကို လိင်စိတ်နဲ့ ကိုင်တွယ်ခြင်း၊ တခြား ညစ်ညမ်းတဲ့အကျင့်တွေ ပါဝင်တယ်။ မတော်မတရားပြုခံရသူ အများစုဟာ မိန်းကလေးတွေ ဖြစ်ပေမဲ့ ယောက်ျားလေးတွေလည်း ပါတယ်။ မတော်မတရားပြုသူ အများစုဟာ အမျိုးသားတွေ ဖြစ်ပေမဲ့ အမျိုးသမီးတချို့လည်း ပါတယ်။
c စကားလုံး ရှင်းလင်းချက်– ဒီဆောင်းပါးနဲ့ နောက်ဆောင်းပါးမှာ သုံးထားတဲ့ “မတော်မတရား ပြုခံရသူ” ဆိုတာ ကလေးဘဝမှာ လိင်ဆိုင်ရာ မတော်မတရားပြုခံရသူကို ဆိုလိုတယ်။ ဒီအသုံးအနှုန်းက ကလေးဖြစ်သူ ထိခိုက်နစ်နာပြီး အမြတ်ထုတ်ခံရကြောင်း၊ အပြစ်မဲ့သူဖြစ်ကြောင်း ပေါ်လွင်စေဖို့ သုံးထားတာဖြစ်တယ်။
d ဘုရားရေးရာဘက် ဖျားနာလို့ ကြီးလေးတဲ့အပြစ် ကျူးလွန်တာပါလို့ ဆင်ခြေပေးလို့ မရဘူး။ အပြစ်ကျူးလွန်သူဟာ ကိုယ့်လုပ်ရပ်အတွက် တာဝန်ယူရမယ်။ ယေဟောဝါနဲ့ စာရင်းရှင်းရမယ်။—ရော. ၁၄:၁၂။
e စွပ်စွဲခံရသူနဲ့ ထိပ်တိုက်တွေ့ဖို့ ကလေးကို အကြီးအကဲတွေ ဘယ်တော့မှ မတောင်းဆိုကြဘူး။ ကလေးရဲ့ စိတ်ဒဏ်ရာ ပိုမဆိုးအောင် မိဘ ဒါမှမဟုတ် အုပ်ထိန်းသူက ဖြစ်ကြောင်းကုန်စင်ကို ပြောပြနိုင်တယ်။
f မိဘတွေအတွက် ဒီဆောင်းပါးမှာ ပြောထားတဲ့အချက်တွေက ကလေးတွေကို တရားဝင် အုပ်ထိန်းသူခွင့်ရသူတွေနဲ့လည်း သက်ဆိုင်တယ်။