ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၂၁ အောက်တိုဘာ စာ. ၁၄-၁၇
  • ယေဟောဝါနဲ့ ဆက်ဆံရေး ပြန်ကောင်းအောင် တည်ဆောက်ပါ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ယေဟောဝါနဲ့ ဆက်ဆံရေး ပြန်ကောင်းအောင် တည်ဆောက်ပါ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၁
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • အခက်အခဲတွေက ဘာတွေလဲ
  • လက်လှမ်းမီနိုင်တဲ့ ပန်းတိုင်တွေ ချပါ
  • လက်မလျှော့ပါနဲ့
  • “အကြီးအကဲတွေကို ခေါ်ပါ”
    ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၅
  • ဘုရားသခင့်ကရုဏာတော်ကို ယနေ့အတုယူ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
  • သင့်ကို ယေဟောဝါ တန်ဖိုးထား
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၁
  • အကြီးအကဲတို့၊ တမန်တော် ပေါလုကို ဆက်တုပနေပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၂
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၁
က၂၁ အောက်တိုဘာ စာ. ၁၄-၁၇
ပျက်စီးသွားတဲ့ အိမ်ကို ပြန်ပြင်ဖို့ အချိန်နဲ့ ခွန်အား ဘယ်လောက် ကုန်မယ်ဆိုတာ တွေးပြီး ညီအစ်ကိုတစ်ယောက် စိတ်ပျက်နေ။

ယေဟောဝါနဲ့ ဆက်ဆံရေး ပြန်ကောင်းအောင် တည်ဆောက်ပါ

နှစ်တိုင်း အဖိုးတန် သိုးများစွာ ခရစ်ယာန် အသင်းတော်ထဲ ပြန်ရောက်လာနေတယ်။ တစ်ယောက် ပြန်လာတိုင်း ‘ကောင်းကင်မှာ ဝမ်းမြောက်’ မယ်ဆိုတာ မြင်ယောင်ကြည့်ပါ။ (လု. ၁၅:၇၊ ၁၀) သင်ဟာ အသင်းတော်ထဲ ပြန်ရောက်လာသူ ဖြစ်မယ်ဆိုရင် အမှန်တရားဘက် ပြန်ရပ်တည်လို့ ယေရှု၊ ကောင်းကင်တမန်တွေနဲ့ ယေဟောဝါ သိပ်ဝမ်းသာမယ်ဆိုတာ စိတ်ချပါ။ ဒါပေမဲ့ ယေဟောဝါနဲ့ ဆက်ဆံရေး ပြန်ကောင်းအောင် တည်ဆောက်ချိန်မှာ အခက်အခဲတွေ ကြုံရနိုင်တယ်။ အခက်အခဲတချို့က ဘာတွေလဲ။ ဘာက ကူညီပေးနိုင်သလဲ။

အခက်အခဲတွေက ဘာတွေလဲ

အသင်းတော်ထဲ ပြန်ရောက်လာပြီးနောက် အပျက်သဘောထားတွေကို လူများစွာ တိုက်လှန်ကြရတယ်။ ဘုရင် ဒါဝိဒ်ရဲ့ ခံစားချက်ကို သင် နားလည်နိုင်ပါလိမ့်မယ်။ အပြစ်တွေ ခွင့်လွှတ်ခံရပြီးနောက်မှာတောင် ‘အမှားတွေ လွှမ်းမိုးနေတယ်’ လို့ ဒါဝိဒ် ပြောတယ်။ (ဆာ. ၄၀:၁၂။ ၆၅:၃) လူတစ်ယောက်ဟာ ယေဟောဝါဆီ ပြန်လာပြီးနောက် အပြစ်ရှိတယ်၊ ရှက်တယ်ဆိုတဲ့ ခံစားချက် နှစ်ပေါင်းများစွာ ဆက်ရှိနိုင်တယ်။ “ယေဟောဝါ ခွင့်လွှတ်တယ်ဆိုတာကို လက်ခံဖို့ သိပ်ခက်တယ်” လို့ နှစ် ၂၀ ကျော် နှင်ထုတ်ခံခဲ့ရတဲ့ အစ္စဘဲ ပြောတယ်။a သင် စိတ်ဓာတ်ကျနေမယ်ဆိုရင် ဘုရားရေးရာဘက် ပြန်အားနည်းသွားနိုင်တယ်။ (ပညာ. ၂၄:၁၀) အဲဒီလို မဖြစ်ပါစေနဲ့။

တချို့က ယေဟောဝါနဲ့ ဆက်ဆံရေး ပြန်ကောင်းအောင် လိုအပ်တဲ့အရာ မှန်သမျှ မလုပ်နိုင်ဘူးလို့ ခံစားကြရတယ်။ အသင်းတော်ထဲ ပြန်ရောက်လာပြီးနောက် “အရင် သက်သေခံ ဖြစ်တုန်းက လုပ်ခဲ့တာ အားလုံး မေ့သွားပြီလို့ ခံစားရတယ်” ဆိုပြီး အန်တွိုင်း ပြောတယ်။ အဲဒီခံစားချက်တွေကြောင့် ဘုရားရေးရာ လုပ်ဆောင်မှုတွေမှာ အပြည့်အဝ ပါဝင်ဖို့ တချို့ တွန့်ဆုတ်နေတာ ဖြစ်နိုင်တယ်။

ဟာရီကိန်း မုန်တိုင်းကြောင့် ကိုယ်သိပ်ကြိုက်တဲ့ အိမ်လေး အကြီးအကျယ် ပျက်စီးသွားတယ် ဆိုပါစို့။ ပြန်ပြင်ဖို့ အချိန်နဲ့ ခွန်အား ဘယ်လောက် ကုန်မယ်ဆိုတာ တွေးမိတဲ့အခါ စိုးရိမ်မိနိုင်တယ်။ အဲဒီလိုပဲ၊ ကြီးလေးတဲ့ အပြစ် လုပ်မိလို့ ယေဟောဝါနဲ့ ဆက်ဆံရေး အကြီးအကျယ် ထိခိုက်ပျက်စီးသွားတယ်ဆိုရင် ဆက်ဆံရေးကောင်း ပြန်တည်ဆောက်ဖို့ တော်တော် ကြိုးစားရမှာပဲလို့ ခံစားရနိုင်တယ်။ ဒါပေမဲ့ အကူအညီ ရနိုင်ပါတယ်။

“လာကြ။ ငါတို့ရဲ့ အမှုကို ဖြေရှင်းကြစို့” လို့ ယေဟောဝါ ဖိတ်ခေါ်ထားတယ်။ (ဟေရှာ. ၁:၁၈) “အမှုကို ဖြေရှင်း” ဖို့ သင် ကြိုးစားခဲ့ပြီ။ အဲဒီလို ကြိုးစားခဲ့လို့ သင့်ကို ယေဟောဝါ ချစ်တယ်။ စာတန် မုသာကောင် ဖြစ်ကြောင်း ချေပနိုင်တယ်။—ပညာ. ၂၇:၁၁။

ယေဟောဝါဆီ ပြန်လာခြင်းအားဖြင့် ဘုရားနဲ့ ရင်းနှီးအောင် သင် ကြိုးစားခဲ့ပြီ။ ဘုရားလည်း သင်နဲ့ ရင်းနှီးမယ်လို့ ကတိပေးထားတယ်။ (ယာ. ၄:၈) အသင်းတော်ဝင် ပြန်ဖြစ်ပြီလို့ ယူမှတ်ခံရတာ ကောင်းပါတယ်။ ဒါပေမဲ့ ဒီ့ထက်မက လုပ်ရမှာတွေ ရှိသေးတယ်။ ဖခင်နဲ့ မိတ်ဆွေ ယေဟောဝါကို ချစ်တဲ့ မေတ္တာ တိုးများလာအောင် လုပ်ရမယ်။ ဘယ်လို လုပ်မလဲ။

လက်လှမ်းမီနိုင်တဲ့ ပန်းတိုင်တွေ ချပါ

လက်လှမ်းမီနိုင်တဲ့ ပန်းတိုင်တွေ ချပါ။ ယေဟောဝါအကြောင်း၊ အနာဂတ် ကတိတော်တွေအကြောင်း အခြေခံ အသိပညာတွေကို သင် မှတ်မိနေဆဲ ဖြစ်မယ်။ ဒါပေမဲ့ ပုံမှန် သတင်းကောင်း ဟောပြောတာ၊ အစည်းအဝေး တက်တာ၊ ညီအစ်ကို/မတွေနဲ့ ပေါင်းသင်းတာလိုမျိုး လုပ်ရိုးလုပ်စဉ်ကောင်းတွေ ပြန်ရှိအောင် လုပ်ရမယ်။ အောက်ပါပန်းတိုင်တွေကို စဉ်းစားကြည့်ပါ။

ယေဟောဝါနဲ့ မကြာမကြာ စကားပြောပါ။ အပြစ်ရှိတယ်လို့ ခံစားနေရတဲ့အတွက် ဆုတောင်းဖို့ ခက်နိုင်တယ်ဆိုတာ ဖခင် ယေဟောဝါ နားလည်တယ်။ (ရော. ၈:၂၆) ဒါပေမဲ့ ယေဟောဝါနဲ့ ဘယ်လောက်တောင် မိတ်ဆွေ ဖြစ်ချင်ကြောင်း ပြောပြပြီး “ဇွဲမလျှော့တမ်း ဆုတောင်းပါ။” (ရော. ၁၂:၁၂) “အပြစ် ကြီးလိုက်တာလို့ ခံစားရတယ်။ ရှက်လည်း ရှက်တယ်။ ဒါပေမဲ့ ဆုတောင်းပြီးတဲ့ အကြိမ်တိုင်း အဲဒီခံစားချက်တွေ လျော့သွားတယ်။ ပိုပြီး စိတ်ငြိမ်သက်လာတယ်” လို့ အန်ဒြေ ပြောတယ်။ ဘာဆုတောင်းရမယ်ဆိုတာ မသိရင် ဆာလံ ၅၁ နဲ့ ၆၅ မှာ ပါတဲ့ ဘုရင် ဒါဝိဒ်ရဲ့ နောင်တနဲ့ပတ်သက်တဲ့ ဆုတောင်းချက်တွေကို ပြန်သုံးသပ်ပါ။

ကျမ်းစာ ပုံမှန် လေ့လာပါ။ ဒါက ယုံကြည်ခြင်း ခိုင်ခံ့ဖို့၊ ယေဟောဝါကို ချစ်တဲ့ မေတ္တာ တိုးများလာဖို့ ကူညီပေးပါလိမ့်မယ်။ (ဆာ. ၁၉:၇-၁၁) “ဘုရားရေးရာ လုပ်ရိုးလုပ်စဉ်တွေကို ဦးစားမထားလို့ ယုံကြည်ခြင်း အားနည်းလာပြီး ယေဟောဝါ စိတ်ထိခိုက်အောင် လုပ်မိတာ။ အဲဒီလို အမှားမျိုး ထပ်မမှားချင်တော့ဘူး။ ဒါကြောင့် ပုံမှန် လေ့လာဖို့ ကျွန်တော် ဆုံးဖြတ်ထားတယ်” လို့ ဖိလစ်ပီ ပြောတယ်။ သင်လည်း အဲဒီလို လုပ်နိုင်ပါတယ်။ ဘာအကြောင်း လေ့လာရမယ်မှန်း ဝေခွဲမရ ဖြစ်နေရင် ရင့်ကျက်တဲ့ မိတ်ဆွေတစ်ယောက်ဆီ အကူအညီ တောင်းပါ။

ညီအစ်ကို/မတွေနဲ့ ပြန်ခင်မင်ရင်းနှီးအောင် ကြိုးစားပါ။ အသင်းတော်ထဲ ပြန်ရောက်လာသူတချို့ဟာ ကိုယ့်ကို တခြားသူတွေ မကောင်းမြင်မှာ စိုးရိမ်ကြတယ်။ “ကျွန်မ သိပ်ရှက်တယ်။ အသင်းတော်ကို သစ္စာဖောက်သွားသူလို့ ခံစားရတယ်။ အချိန် အတော်ကြာအောင် အဲဒီလို ခံစားခဲ့ရတယ်” လို့ လာရီဆာ ပြောတယ်။ ယေဟောဝါနဲ့ သင် ဆက်ဆံရေး ပြန်ကောင်းလာအောင် အကြီးအကဲတွေနဲ့ တခြား ရင့်ကျက်သူတွေ ကူညီပေးချင်ကြောင်း စိတ်ချပါ။ (“အကြီးအကဲတွေ လုပ်ဆောင်နိုင်ရာ” လေးထောင့်ကွက်ကို ကြည့်ပါ။) သင် ပြန်လာလို့ သူတို့ ဝမ်းသာနေကြတယ်။ သင့်ကို ပျော်ရွှင်စေချင်ကြတယ်။—ပညာ. ၁၇:၁၇။

ညီအစ်ကို/မတွေနဲ့ ခင်မင်ရင်းနှီးအောင် ဘာလုပ်နိုင်သလဲ။ အစည်းအဝေး၊ အမှုဆောင် စတဲ့ အသင်းတော် လုပ်ဆောင်မှုတွေမှာ အပြည့်အဝ ပါဝင်ပါ။ ဒါတွေက ဘယ်လို ကူညီပေးနိုင်သလဲ။ “ကျွန်တော် ပြန်လာဖို့ အသင်းတော်က မျှော်နေတယ်။ တန်ဖိုးထားခံရတယ်လို့ ခံစားရတယ်။ မိသားစုဝင် ဖြစ်အောင်၊ ခွင့်လွှတ်တယ်လို့ ခံစားရအောင်၊ ရှေ့ဆက်နိုင်အောင် အားလုံး ဝိုင်းကူညီပေးကြတယ်” လို့ ဖီလစ် ပြောတယ်။—“သင် လုပ်ဆောင်နိုင်ရာ” လေးထောင့်ကွက်ကို ကြည့်ပါ။

သင် လုပ်ဆောင်နိုင်ရာ

ဘုရားရေးရာ လုပ်ရိုးလုပ်စဉ်ကောင်းတွေ ပြန်ရှိလာအောင် ကြိုးစားပါ

ယေဟောဝါဆီ ပြန်လှည့်လာတဲ့ ညီအစ်ကိုနဲ့အတူ အကြီးအကဲ ဆုတောင်းနေ။

ယေဟောဝါနဲ့ မကြာမကြာ စကားပြောပါ

ယေဟောဝါနဲ့ ဘယ်လောက်တောင် မိတ်ဆွေ ဖြစ်ချင်ကြောင်း ပြောပြပါ။ အကြီးအကဲတွေက သင့်အတွက်၊ သင်နဲ့အတူ ဆုတောင်းပေးပါလိမ့်မယ်

“ချဉ်းကပ်လော့” စာအုပ် သုံးပြီး ညီအစ်ကိုနဲ့ အကြီးအကဲ ကျမ်းစာ သင်အံမှု လုပ်နေ။

ကျမ်းစာ ပုံမှန် လေ့လာပါ

ဘုရား ပြင်ဆင်ပေးတဲ့ ကျမ်းစာအကြောင်းအရာတွေကို ပုံမှန်လေ့လာပါ။ ဒါက ယေဟောဝါကို ချစ်တဲ့ မေတ္တာ တိုးများအောင် ကူညီပေးပါလိမ့်မယ်

ပေါင်းသင်းစုဆုံမှုမှာ အသင်းတော်က တခြားသူတွေနဲ့ ညီအစ်ကို စကားပြောနေ။

ပြန်ခင်မင်ရင်းနှီးအောင် ကြိုးစားပါ

အစည်းအဝေး၊ အမှုဆောင် စတဲ့ အသင်းတော် လုပ်ဆောင်မှုတွေမှာ အပြည့်အဝ ပါဝင်ပါ

လက်မလျှော့ပါနဲ့

ယေဟောဝါနဲ့ ဆက်ဆံရေး ပြန်ကောင်းအောင် ကြိုးစားနေချိန်မှာ သင် အားနည်းသွားအောင် “မုန်တိုင်းတွေ” တစ်ခုပြီး တစ်ခု စာတန် ဖြစ်ပေါ်စေလိမ့်မယ်။ (လု. ၄:၁၃) ကိုယ့်ရဲ့ ယုံကြည်ခြင်းအိမ် ခိုင်ခံ့အောင် ဆောက်ထားခြင်းအားဖြင့် အသင့်ပြင်ထားပါ။

“ပျောက်တဲ့ သိုးကို လိုက်ရှာမယ်။ လမ်းလွဲတဲ့ သိုးကို ပြန်ခေါ်လာမယ်။ ဒဏ်ရာရတဲ့ သိုးကို ပတ်တီးစည်းပေးမယ်။ အားနည်းတဲ့ သိုးကို အားပြည့်အောင် လုပ်ပေးမယ်” လို့ ယေဟောဝါ ကတိပေးထားတယ်။ (ယေဇ. ၃၄:၁၆) မိမိနဲ့ ဆက်ဆံရေး ပြန်ကောင်းအောင် တည်ဆောက်သူ များစွာကို ယေဟောဝါ ကူညီပေးခဲ့တယ်။ သင့်ကိုလည်း ကူညီပေးချင်တယ်ဆိုတာ စိတ်ချပါ။

အကြီးအကဲတွေ လုပ်ဆောင်နိုင်ရာ

ညီအစ်ကိုရဲ့ ပျက်စီးသွားတဲ့ အိမ်ကို အကြီးအကဲ ဝိုင်းပြင်ပေးနေ။

အသင်းတော်ထဲ ပြန်ရောက်လာတဲ့ ကြေညာသူတွေ ယေဟောဝါနဲ့ ဆက်ဆံရေး ပြန်ကောင်းလာအောင် အကြီးအကဲတွေ များစွာ ကူညီပေးနိုင်တယ်။ ဘယ်လိုနည်းတွေနဲ့လဲ။

စိတ်ချလာအောင် အားပေးပါ။ နောင်တယူတဲ့ အပြစ်ကျူးလွန်သူဟာ “ဖြေမဆည်နိုင်အောင် ဝမ်းနည်း” နိုင်ကြောင်း တမန်တော် ပေါလု သိတယ်။ (၂ ကော. ၂:၇) စိတ်ပျက်အားငယ်ပြီး ရှက်စိတ် ဝင်နေနိုင်တယ်။ “သူ့ကို ကြည်ကြည်ဖြူဖြူ ခွင့်လွှတ်ပြီး နှစ်သိမ့်ပေးကြပါ” လို့ အသင်းတော်ကို ပေါလု ပြောတယ်။ ယေဟောဝါနဲ့ ညီအစ်ကို/မတွေ သူ့ကို သိပ်ချစ်ကြောင်း စိတ်ချလာအောင် အားပေးဖို့ လိုတယ်။ ချီးမွမ်းပေးတာ၊ လက်တွေ့ကျကျ ကူညီပေးတာက စိတ်ဓာတ်မကျအောင် ကူညီပေးနိုင်တယ်။

သူတို့နဲ့အတူ ဆုတောင်းပါ။ “ဖြောင့်မတ်သူရဲ့ တိုးလျှိုးအသနားခံချက်ဟာ အစွမ်းထက်ပြီး အကျိုးသက်ရောက်မှု ရှိတယ်။” (ယာ. ၅:၁၆) “ကျွန်မရဲ့ သံသယတွေ၊ စိုးရိမ်စိတ်တွေအကြောင်း အကြီးအကဲတွေကို ပြောပြတယ်။ ကျွန်မအတွက် သူတို့ ဆုတောင်းပေးကြတယ်။ ဒီတော့မှ သူတို့ ကျွန်မကို စိတ်မဆိုးပါလားဆိုတာ သိလာတယ်။ ယေဟောဝါနဲ့ ဆက်ဆံရေး ပြန်ကောင်းအောင် သူတို့ ကူညီပေးချင်ကြတာ” လို့ အစောပိုင်းမှာ ဖော်ပြခဲ့တဲ့ လာရီဆာ ပြောတယ်။ “အကြီးအကဲတွေရဲ့ ဆုတောင်းချက်က ကျွန်တော့်ကို ယေဟောဝါ တကယ် ချစ်တယ်၊ အဆိုးချည်းပဲ မဟုတ်ဘဲ ကောင်းကွက်တွေကိုလည်း မြင်တယ်ဆိုတာ ယုံကြည်စိတ်ချစေတယ်” လို့ သီအို ပြောတယ်။

သူတို့နဲ့ ရင်းနှီးအောင် ကြိုးစားပါ။ အသင်းတော်ထဲ ပြန်ရောက်လာသူတွေဟာ မိတ်ဆွေ လိုတယ်။ “အမှုဆောင်မှာ အတူတွဲဖို့၊ သူတို့အိမ် သွားလည်ဖို့ အခွင့်အရေး ရှာပါ။ မိတ်ဆွေ ဖြစ်ဖို့ သိပ်အရေးကြီးတယ်” လို့ အကြီးအကဲ ညီအစ်ကို ဂျက်စတင် ပြောတယ်။ “အသင်းတော်ထဲ ပြန်ရောက်လာသူတွေနဲ့ အကြီးအကဲတွေ ရင်းနှီးအောင် ကြိုးစားနေတာကို တခြားသူတွေ မြင်တဲ့အခါ သူတို့လည်း အဲဒီလို လုပ်လာလိမ့်မယ်” လို့ အကြီးအကဲ ဟင်နရီ ပြောတယ်။

လေ့လာမှု လုပ်ဖို့ ကူညီပေးပါ။ လေ့လာမှု အလေ့အထကောင်း ရှိလာအောင် ရင့်ကျက်တဲ့ မိတ်ဆွေတစ်ယောက် ကူညီပေးနိုင်တယ်။ “ကိုယ်ပိုင်လေ့လာမှုကနေ သိလာတဲ့ ရတနာတွေ ဝေမျှပေးတယ်။ ကျမ်းစာ လေ့လာရတာကို ဘယ်လောက် နှစ်သက်မှန်း ပြောပြတယ်။ အကြောင်းအရာတချို့ကို အတူလေ့လာဖို့ စီစဉ်တယ်” လို့ အကြီးအကဲ ညီအစ်ကို ဒါကို ပြောတယ်။ နောက်အကြီးအကဲ ညီအစ်ကို ကလေတန်ကလည်း “ကိုယ်နဲ့ အခြေအနေချင်း တော်တော်ဆင်တူတဲ့ ကျမ်းစာ မှတ်တမ်းတွေကို ရှာဖို့ သူတို့ကို အားပေးတယ်” လို့ ပြောတယ်။

သိုးထိန်းလည်ပတ်မှု လုပ်ပါ။ အသင်းတော်ထဲ ပြန်ရောက်လာသူတွေဟာ အကြီးအကဲတွေကို တရားသူကြီးတွေလို့ မြင်ကြတယ်။ အခုတော့ သိုးထိန်းအဖြစ် မြင်ဖို့ တကယ် လိုလာပြီ။ (ယေ. ၂၃:၄) သူတို့ ပြောတာ နားထောင်ပါ။ ချီးမွမ်းပေးပါ။ မကြာမကြာ ဆက်သွယ်ပါ။ သိုးထိန်းလည်ပတ်မှုမှာ လုပ်တဲ့အရာတွေကို အကြီးအကဲ ညီအစ်ကို မားကပ် ဒီလိုပြောတယ်– “ကျမ်းစာနဲ့ အားပေးတယ်။ ချီးမွမ်းပေးတယ်။ ပြန်လာဖို့ ကြိုးစားခဲ့တာကို သိပ်ဂုဏ်ယူကြောင်း၊ ယေဟောဝါလည်း ဂုဏ်ယူကြောင်း စိတ်ချလာအောင် အားပေးတယ်။ သိုးထိန်းလည်ပတ်မှု တစ်ကြိမ်ပြီးတိုင်း နောက်တစ်ကြိမ်အတွက် ရက်သတ်မှတ်တယ်။”

a အမည်လွှဲများ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ