ဇာခရိ
၁၀ “နွေဦးမိုး ရွာရမယ့်အချိန်မှာ မိုးရွာစေဖို့ ယေဟောဝါဆီ ဆုတောင်းကြ။
ယေဟောဝါက မိုးတိမ်တွေကို ဖြစ်ပေါ်စေတယ်။
လူတွေအတွက် မိုးရွာစေတယ်။+
လူတိုင်းအတွက် အပင်တွေ ပေါက်စေတယ်။
၂ တေရပ်ရုပ်တုတွေ* ပြောသမျှဟာ လှည့်စားမှုတွေပဲ။
နတ်ဆိုးအတတ်လိုက်စားသူတွေ မြင်တဲ့ စိတ်အာရုံကလည်း မဟုတ်မမှန်တာတွေချည်းပဲ။
အဓိပ္ပာယ်မရှိတဲ့ အိပ်မက်တွေအကြောင်း ပြောပြီး နှစ်သိမ့်ဖို့ ကြိုးစားပေမဲ့ အချည်းနှီးပါပဲ။
ဒါကြောင့် လူတွေဟာ သိုးတွေလို ခြေဦးတည့်ရာ သွားနေရလိမ့်မယ်။
သိုးထိန်းမရှိတော့ ဒုက္ခရောက်ရလိမ့်မယ်။
၃ သိုးထိန်းတွေကို ငါအကြီးအကျယ် အမျက်ထွက်တယ်။
ဖိနှိပ်တဲ့ခေါင်းဆောင်တွေကို ဖြေရှင်းချက်တောင်းမယ်။
ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါက ငါ့သိုးအုပ်ဖြစ်တဲ့ ယုဒအမျိုးကို အာရုံစိုက်ပြီ။+
သူတို့ကို ခံ့ညားထည်ဝါတဲ့ ငါ့ရဲ့စစ်မြင်းလို ဖြစ်စေပြီ။
၄ ယုဒအမျိုးကနေ အရေးပါအရာရောက်သူ၊
လက်ထောက်အုပ်စိုးရှင်၊
စစ်ပွဲမှာသုံးတဲ့လေးနဲ့ ကြီးကြပ်မှူးတွေ ပေါ်ထွက်လာတယ်။
သူတို့အားလုံး ယုဒအမျိုးကနေ ပေါ်ထွက်လာတယ်။
၅ သူတို့က စစ်ပွဲမှာ လမ်းပေါ်ကရွှံ့တွေကို နင်းခြေတဲ့ စစ်သူရဲတွေလို ဖြစ်လိမ့်မယ်။
ယေဟောဝါ အတူရှိနေတဲ့အတွက် သူတို့ စစ်ဆင်နွှဲကြလိမ့်မယ်။+
ရန်သူ့ မြင်းစီးသူရဲတွေ အရှက်ကွဲသွားမယ်။+
၆ ငါက ယုဒအမျိုးကို သာလွန်မြင့်မြတ်စေမယ်။
ယောသပ်အမျိုးကို ကယ်တင်မယ်။+
သူတို့ကို ကရုဏာပြပြီး ပြန်ထူထောင်ပေးမယ်။+
ငါ တစ်ခါမှ မစွန့်ပစ်ဖူးတဲ့သူတွေလို ဖြစ်လိမ့်မယ်။+
ငါဟာ သူတို့ရဲ့ဘုရား ယေဟောဝါဖြစ်တဲ့အတွက် သူတို့ရဲ့ဆုတောင်းချက်ကို အဖြေပေးမယ်။
၇ ဧဖရိမ်လူတွေဟာ ခွန်အားကြီးတဲ့ စစ်သူရဲလို ဖြစ်လိမ့်မယ်။
ဝိုင်သောက်ထားသူတွေလို ဝမ်းမြောက်နေလိမ့်မယ်။+
သူတို့ရဲ့သားတွေကလည်း ဒါကိုမြင်ပြီး ဝမ်းမြောက်ကြလိမ့်မယ်။
ယေဟောဝါကြောင့် စိတ်ရွှင်လန်းလိမ့်မယ်။+
၈ ‘ငါက သူတို့ကို လေချွန်ခေါ်ပြီး စုဝေးမယ်။
သူတို့ကို ရွေးယူမယ်။+
သူတို့ တိုးများလာမယ်။ ဆက်ပြီး တိုးများနေလိမ့်မယ်။
၉ ငါက သူတို့ကို လူတွေအလယ်မှာ မျိုးစေ့လိုကြဲပေမဲ့ ဝေးလံတဲ့ဒေသတွေမှာ ငါ့ကို သူတို့ သတိရကြလိမ့်မယ်။
သူတို့က သားတွေနဲ့အတူ အားပြည့်ပြီး ပြန်လာကြလိမ့်မယ်။
၁၀ သူတို့ကို အီဂျစ်ပြည်ကနေ ငါပြန်ခေါ်လာမယ်။
အဆီးရီးယားပြည်ကနေ+ ပြန်စုသိမ်းမယ်။
ဂိလဒ်ပြည်နဲ့+ လက်ဘနွန်ပြည်ဆီ ခေါ်လာမယ်။
သူတို့နေစရာမြေဟာ မလောက်နိုင်အောင် ဖြစ်လိမ့်မယ်။+
၁၁ ငါက ပင်လယ်ကို ဖြတ်သွားတဲ့အခါ မွှေနှောက်မယ်။
ပင်လယ်လှိုင်းတွေကို ဒဏ်ခတ်မယ်။+
နိုင်းမြစ်ရေ ခန်းခြောက်သွားမယ်။
အဆီးရီးယားရဲ့ မာနကို ချိုးမယ်။
အီဂျစ်ရဲ့ ရာဇလှံတံလည်း ကွယ်ပျောက်လိမ့်မယ်။+
၁၂ ငါယေဟောဝါက သူတို့ကို သာလွန်မြင့်မြတ်စေမယ်။+
ငါ့နာမည်ကိုခံယူပြီး သူတို့ အသက်ရှင်ကြလိမ့်မယ်။’+ ဒါဟာ ယေဟောဝါပြောတဲ့ စကားပဲ။”