-
မဿဲ ၂၁:၂၃-၂၇သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၂၃ ယေရှုက ဗိမာန်တော်ထဲဝင်ပြီး သွန်သင်တဲ့အခါ ပုရောဟိတ်ကြီးတွေနဲ့ အကြီးအကဲတွေက “ဘာအခွင့်အာဏာနဲ့ ဒါတွေကို လုပ်တာလဲ။ ခင်ဗျားကို ဘယ်သူ အခွင့်အာဏာပေးထားလို့လဲ”+ ဆိုပြီး လာမေးကြတယ်။ ၂၄ အဲဒီအခါ ယေရှုက “ကျွန်တော်လည်း တစ်ခုလောက် မေးချင်တယ်။ ခင်ဗျားတို့ဖြေနိုင်ရင် ဘာအခွင့်အာဏာနဲ့ ဒါတွေကို လုပ်တယ်ဆိုတာ ပြောပြမယ်။ ၂၅ ယောဟန်က ဘယ်သူ့အခွင့်အာဏာနဲ့ နှစ်ခြင်းပေးတာလဲ။ ဘုရားဆီကလား၊* လူတွေဆီကလား” ဆိုပြီးမေးတယ်။ သူတို့က “‘ဘုရားဆီက’ လို့ ငါတို့ဖြေရင် ‘ယောဟန်ကို ဘာလို့မယုံတာလဲ’+ ဆိုပြီး သူမေးဦးမယ်။ ၂၆ ‘လူတွေဆီက’ လို့ဖြေပြန်ရင်လည်း ယောဟန်ကို ပရောဖက်လို့ ယူမှတ်နေတဲ့ လူတွေကို ကြောက်ရတယ်” ဆိုပြီး အချင်းချင်း တိုင်ပင်တယ်။ ၂၇ ဒါနဲ့ “မသိဘူး” လို့ဖြေကြတော့ ယေရှုက “ကျွန်တော်လည်း ဘာအခွင့်အာဏာနဲ့ ဒါတွေကို လုပ်တယ်ဆိုတာ ခင်ဗျားတို့ကို မပြောပြဘူး” လို့ပြောလိုက်တယ်။
-
-
လုကာ ၂၀:၁-၈သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၂၀ တစ်နေ့၊ ယေရှုက ဗိမာန်တော်မှာ လူတွေကိုသွန်သင်ပြီး သတင်းကောင်း ဟောပြောနေတုန်း ပုရောဟိတ်ကြီးတွေ၊ ကျမ်းတတ်တွေ၊ အကြီးအကဲတွေ ရောက်လာတယ်။ ၂ “ခင်ဗျားက ဒါတွေကို ဘာအခွင့်အာဏာနဲ့ လုပ်တာလဲ။ ဘယ်သူက ဒီအခွင့်အာဏာ ပေးထားလို့လဲ။ ပြောစမ်းပါဦး”+ လို့ သူတို့မေးတော့၊ ၃ ယေရှုက “ကျွန်တော်လည်း တစ်ခုမေးချင်တယ်။ ဖြေကြပါ။ ၄ ယောဟန်က ဘယ်သူ့ဆီက အခွင့်အာဏာနဲ့ နှစ်ခြင်းပေးတာလဲ။ ဘုရားဆီကလား၊* လူတွေဆီကလား” လို့ ပြန်မေးတယ်။ ၅ အဲဒီအခါ သူတို့က “‘ဘုရားဆီက’ လို့ ဖြေလိုက်ရင် ‘ဘာလို့ ယောဟန်ကို မယုံတာလဲ’ ဆိုပြီး မေးနေဦးမယ်။ ၆ ‘လူတွေဆီက’ လို့ဖြေလိုက်ရင်လည်း ငါတို့ကို ခဲနဲ့ပေါက်ကြလိမ့်မယ်။ ယောဟန်ကို ပရောဖက်လို့ လူတွေ ယူမှတ်နေကြတာ”+ လို့ အချင်းချင်း တိုင်ပင်ပြီးနောက်၊ ၇ ဘယ်သူ့ဆီက အခွင့်အာဏာနဲ့လည်း မသိပါဘူးလို့ ဖြေကြတယ်။ ၈ ဒါနဲ့ ယေရှုက “ကျွန်တော်လည်း ဘယ်သူ့ဆီက အခွင့်အာဏာနဲ့ ဒါတွေကိုလုပ်တယ်ဆိုတာ ခင်ဗျားတို့ကို မပြောနိုင်ဘူး” ဆိုပြီး ပြောလိုက်တယ်။
-