မဿဲ
၈ ယေရှု တောင်ပေါ်ကနေ ဆင်းလာတဲ့အခါ နောက်ကနေ လူတွေ အုပ်လိုက်ကြီး ပါလာတယ်။ ၂ အဲဒီအခါ အနာကြီးရောဂါသည်တစ်ယောက် လာဦးညွှတ်ပြီး “သခင်၊ ဆန္ဒရှိရင် ကျွန်တော့်ကို သန့်ရှင်းသွားအောင် လုပ်ပေးပါလား”+ လို့အသနားခံတယ်။ ၃ ယေရှုက သူ့ကို လှမ်းကိုင်ပြီး “ဆန္ဒရှိတာပေါ့။ သန့်ရှင်းစေ”+ လို့ ပြောလိုက်တဲ့အခါ ချက်ချင်းပဲ အနာကြီးရောဂါ ပျောက်ပြီး သန့်ရှင်းသွားတယ်။+ ၄ အဲဒီနောက် “ဒီအကြောင်း ဘယ်သူ့ကိုမှ မပြောပါနဲ့။+ ရောဂါပျောက်ပြီဆိုတဲ့ အထောက်အထားအဖြစ် ပုရောဟိတ်ဆီသွားပြီး ကိုယ်ကိုပြပါ။+ မောရှေ ညွှန်ကြားထားတဲ့အတိုင်း အလှူကို ဆက်သပါ”+ လို့မှာတယ်။
၅ ကပေရနောင်မြို့ထဲ ယေရှုဝင်သွားတဲ့အခါ တပ်မှူးတစ်ယောက် ရောက်လာပြီး၊+ ၆ “ဆရာ၊ ကျွန်တော့်အစေခံတစ်ယောက် လေဖြတ်ပြီး အိမ်မှာ လဲနေပါတယ်။ သူအကြီးအကျယ် ဝေဒနာခံစားနေရပါတယ်” လို့အသနားခံတယ်။ ၇ ယေရှုက “ကောင်းပြီ၊ ကျွန်တော် သွားပြီး ကုပေးမယ်” လို့ပြောတဲ့အခါ၊ ၈ တပ်မှူးက “ဆရာ့ကို အိမ်ထဲဖိတ်ဖို့ ကျွန်တော် မထိုက်တန်ပါဘူး။ ပျောက်စေလို့ ဆရာပြောလိုက်ရုံနဲ့ သူ့ရောဂါ ပျောက်သွားမှာပါ။ ၉ ကျွန်တော့်မှာလည်း အထက်လူကြီးရှိသလို လက်အောက်တပ်သားတွေ ရှိတယ်။ တပ်သားတစ်ယောက်ကို ‘သွား’ လို့အမိန့်ပေးရင် သွားတယ်။ နောက်တစ်ယောက်ကို ‘လာ’ ဆိုရင် လာတယ်။ ကျွန်ကိုလည်း ‘ဒါလုပ်’ လို့ခိုင်းရင် ခိုင်းတဲ့အတိုင်း လုပ်ပါတယ်” လို့ ပြန်ပြောတယ်။ ၁၀ ယေရှုက သူ့စကားကို ကြားတဲ့အခါ အံ့သြပြီး “ကျွန်တော် မှန်တာကို ပြောမယ်။ ဒီလောက်ထိ ယုံကြည်ခြင်းခိုင်ခံ့တဲ့သူကို အစ္စရေးတွေထဲမှာ မတွေ့ဖူးဘူး။+ ၁၁ ကျွန်တော် ပြောမယ်။ အရှေ့နဲ့ အနောက်အရပ်ကနေ လူအများကြီး ရောက်လာပြီး ကောင်းကင်နိုင်ငံမှာ အာဗြဟံ၊ အိဇက်၊ ယာကုပ်တို့နဲ့အတူ ထိုင်ပြီး စားသောက်ကြလိမ့်မယ်။+ ၁၂ နိုင်ငံတော်သားတွေကတော့ အပြင်ဘက် မှောင်မိုက်အရပ်ဆီ နှင်ထုတ်ခံရလိမ့်မယ်။ အဲဒီမှာ ငိုကြွေးပြီး အံကြိတ်ခံပြင်းနေကြလိမ့်မယ်”+ ဆိုပြီး နောက်ကပါလာတဲ့ လူတွေကို ပြောတယ်။ ၁၃ အဲဒီနောက် တပ်မှူးကို “အိမ်ပြန်ပါ။ ခင်ဗျားယုံကြည်တဲ့အတိုင်း ဖြစ်ပါစေ” လို့ပြောတယ်။+ အဲဒီအချိန်မှာပဲ တပ်မှူးရဲ့ အစေခံလည်း ရောဂါပျောက်ကင်းသွားတယ်။+
၁၄ ယေရှုက ပေတရုအိမ်ကို ရောက်လာတဲ့အခါ ပေတရုရဲ့ ယောက္ခမ+ ဖျားပြီး အိပ်ရာထဲ လဲနေတာကို မြင်တယ်။+ ၁၅ ဒါနဲ့ သူ့လက်ကို ထိလိုက်တော့+ အဖျားပျောက်သွားတဲ့အတွက် ထပြီး ယေရှုကို ဧည့်ဝတ်ပြုတယ်။ ၁၆ ညနေပိုင်းမှာ၊ နတ်ဆိုးစွဲသူတွေကို ခေါ်လာကြတဲ့အခါ ယေရှုက နတ်ဆိုးတွေကို အမိန့်တစ်ခွန်းတည်းနဲ့ နှင်ထုတ်တယ်။ ဝေဒနာခံစားနေရသူ အားလုံးကို ကုသပေးတယ်။ ၁၇ ဒါကြောင့် “သူက ငါတို့ရဲ့ဖျားနာမှုကို ယူတယ်။ ငါတို့ရဲ့ရောဂါတွေကို သယ်ဆောင်တယ်”+ ဆိုပြီး ပရောဖက်ဟေရှာယကတစ်ဆင့် ပြောခဲ့တဲ့စကား ပြည့်စုံလာတယ်။
၁၈ ယေရှုက ဝိုင်းအုံလာတဲ့လူအုပ်ကို မြင်တဲ့အခါ “အိုင်တစ်ဖက်ကမ်းကို ကူးရအောင်” လို့တပည့်တွေကို ပြောတယ်။+ ၁၉ အဲဒီအခါ ကျမ်းတတ်တစ်ယောက် ရောက်လာပြီး “ဆရာ၊ ဆရာသွားလေရာ ကျွန်တော်လိုက်ပါ့မယ်” လို့ပြောတယ်။+ ၂၀ ယေရှုက “မြေခွေးမှာ မြေတွင်းရှိတယ်။ ငှက်တွေမှာ နားစရာနေရာ ရှိတယ်။ လူသားကတော့ ခေါင်းချစရာတောင် မရှိဘူး”+ ဆိုပြီး ပြန်ပြောတယ်။ ၂၁ တပည့်နောက်တစ်ယောက်ကလည်း “သခင်၊ အဖေ့ကို အရင် သင်္ဂြိုဟ်ပါရစေ” လို့ ခွင့်တောင်းတဲ့အခါ၊+ ၂၂ ယေရှုက “ကျွန်တော့်နောက်ကိုသာ ဆက်ပြီးလိုက်ပါ။ လူသေကို လူသေတွေပဲ သင်္ဂြိုဟ်ပါစေ”+ လို့ပြောတယ်။
၂၃ အဲဒီနောက် ယေရှု လှေပေါ်တက်တဲ့အခါ တပည့်တွေလည်း လိုက်သွားကြတယ်။+ ၂၄ ဒီလိုနဲ့ အိုင်ထဲမှာ လေမုန်တိုင်းကျလာတယ်။ လှိုင်းလုံးတွေကြီးလွန်းလို့ လှေနစ်လုမတတ် ဖြစ်နေပေမဲ့ ယေရှုကတော့ အိပ်ပျော်နေတယ်။+ ၂၅ တပည့်တွေက လာနှိုးပြီး “သခင်၊ ကယ်ပါဦး။ ကျွန်တော်တို့ သေတော့မယ်” လို့ပြောတယ်။ ၂၆ ယေရှုက “ယုံကြည်ခြင်းနည်းသူတို့၊ ဘာလို့ကြောက်နေတာလဲ”+ လို့ပြောပြီးနောက် ထပြီး လှိုင်းနဲ့လေကို အမိန့်ပေးလိုက်တဲ့အခါ လှိုင်းလေငြိမ်သွားတယ်။+ ၂၇ သူတို့လည်း တအံ့တသြဖြစ်ပြီး “ဘယ်လိုလူပါလိမ့်။ လှိုင်းနဲ့လေတောင် သူ့စကားကို နားထောင်ပါလား” လို့ပြောကြတယ်။
၂၈ အိုင်တစ်ဖက်ကမ်း ဂါဒရနယ်ကို ရောက်တဲ့အခါ နတ်ဆိုးစွဲသူနှစ်ယောက် သင်္ချိုင်းဂူတွေကြားထဲကနေ ထွက်လာတော့ ယေရှုနဲ့ဆုံတယ်။+ သူတို့ဟာ အလွန်ကြမ်းကြုတ်တဲ့အတွက် အဲဒီလမ်းကို ဘယ်သူမှ မဖြတ်ရဲဘူး။ ၂၉ သူတို့က “ဘုရားသခင်ရဲ့ သားတော်၊ ခင်ဗျားက ကျုပ်တို့နဲ့ ဘာဆိုင်လို့တုံး။+ ကျုပ်တို့ကို အချိန်မတိုင်ခင်+ ဒဏ်ခတ်ဖို့ ဒီကိုရောက်လာတာလား”+ ဆိုပြီး အော်ပြောတယ်။ ၃၀ သူတို့နဲ့မနီးမဝေးမှာ ဝက်အုပ်ကြီးတစ်အုပ် ကျက်စားနေတယ်။+ ၃၁ နတ်ဆိုးတွေက “ကျုပ်တို့ကို နှင်ထုတ်မယ်ဆိုရင် အဲဒီဝက်အုပ်ထဲသာ နှင်ထုတ်လိုက်ပါ” ဆိုပြီး တောင်းပန်တယ်။+ ၃၂ ဒါနဲ့ ယေရှုက “ထွက်သွားကြ” လို့အမိန့်ပေးတဲ့အခါ နတ်ဆိုးတွေ ထွက်သွားပြီး ဝက်အုပ်ထဲ ဝင်ပူးတဲ့အတွက် ဝက်တစ်အုပ်လုံး ကမ်းပါးပေါ်ကနေ တစ်ဟုန်ထိုးကျပြီး ရေနစ်သေကုန်တယ်။ ၃၃ ဝက်ကျောင်းသူတွေလည်း မြို့ထဲပြေးဝင်ပြီး နတ်ဆိုးစွဲသူတွေအကြောင်း ဖြစ်ကြောင်းကုန်စင် ပြောပြကြတယ်။ ၃၄ အဲဒီအခါ တစ်မြို့လုံး ယေရှုကိုတွေ့ဖို့ ထွက်လာပြီးနောက် သူတို့ဒေသကနေ ထွက်သွားပါလို့ တိုက်တွန်းကြတယ်။+