၁ ပေတရု
၃ အလားတူ ဇနီးတို့၊ ခင်ပွန်းကို လက်အောက်ခံကြပါ။+ ခင်ပွန်းက တရားစကားကို မနာခံသူ ဖြစ်နေရင်တောင် ဇနီးက တစ်ခွန်းမှ ဟောစရာမလိုဘဲ ကိုယ့်ရဲ့ အမူအကျင့်ကြောင့် သူ့ကို ယုံကြည်သူဖြစ်လာစေနိုင်တယ်။+ ၂ ဇနီးရဲ့ စင်ကြယ်တဲ့ အမူအကျင့်တွေ၊+ အလွန်ရိုသေတတ်တာတွေကို သူကိုယ်တိုင် မြင်ရလို့ပဲ။ ၃ ခင်ဗျားတို့ အလှဆင်တဲ့အခါ အပြင်ပန်းချည်းပဲ မဖြစ်ပါစေနဲ့။ ဆံပင်ကို အမျိုးမျိုး ထုံးဖွဲ့နေတာ၊ ရွှေတွေ၊+ တန်ဖိုးကြီးအဝတ်အစားတွေနဲ့ ဆင်ယင်တာတွေပေါ့။ ၄ အဲဒီအစား စိတ်ထားအလှကိုသာ ပေါ်လွင်စေပါ။ အေးချမ်းပြီး နူးညံ့တဲ့စိတ်နဲ့ ကိုယ်ကို အလှဆင်ပါ။+ အဲဒီလိုစိတ်မျိုးဟာ ဘုရားသခင့်ရှေ့မှာ အလွန်အဖိုးတန်တဲ့အပြင် မပျက်စီးတတ်တဲ့အလှလည်း ဖြစ်နေလို့ပဲ။ ၅ ဘုရားသခင်ကို မျှော်လင့်ခဲ့တဲ့ ရှေးခေတ်က သန့်ရှင်းတဲ့ အမျိုးသမီးတွေလည်း အဲဒီလိုပဲ အလှဆင်ခဲ့ကြတယ်၊ ခင်ပွန်းကို လက်အောက်ခံခဲ့ကြတယ်။ ၆ စာရာဆိုရင် အာဗြဟံကို သခင်လို့ခေါ်ပြီး+ နာခံခဲ့တယ်။ ခင်ဗျားတို့လည်း ကြောက်စိတ်ကို အလျှော့မပေးဘဲ မှန်ရာကို ဆက်လုပ်မယ်ဆိုရင် စာရာရဲ့သမီးတွေ ဖြစ်လိမ့်မယ်။+
၇ ခင်ပွန်းတို့၊ ခင်ဗျားတို့လည်း ဇနီးသည်ကို နားလည်ပေးပြီး* အတူနေထိုင်ကြပါ။ သူတို့ဟာ ကွဲလွယ်တဲ့အိုးလို အားနွဲ့တဲ့အပြင် မဟာကျေးဇူးတော်ကြောင့်ရရှိမယ့် အသက်တာကို ခင်ဗျားတို့နဲ့အတူ အမွေခံရမယ့်သူတွေလည်း+ ဖြစ်နေလို့ သူတို့ကို ဂုဏ်တင်ပါ။+ ဒီလိုမလုပ်ရင် ခင်ဗျားတို့ရဲ့ဆုတောင်းချက်တွေကို အတားအဆီး ဖြစ်စေလိမ့်မယ်။
၈ နောက်ဆုံးမှာကြားချင်တာကတော့ ခင်ဗျားတို့အားလုံး တစ်စိတ်တစ်သဘောတည်း ဖြစ်ပါ။+ ကိုယ်ချင်းစာပါ။ ညီရင်းအစ်ကိုမေတ္တာနဲ့ ချစ်ခင်ပါ။ ချစ်ခင်စာနာခြင်း၊+ စိတ်နှိမ့်ချခြင်း ရှိကြပါ။+ ၉ အဆိုးကို အဆိုးနဲ့ မတုံ့ပြန်ပါနဲ့။+ စော်ကားခံရတဲ့အခါ ပြန်ပြီး မစော်ကားပါနဲ့။+ အဲဒီအစား ဆုမွန်ကောင်း တောင်းပေးလိုက်ပါ။+ အဲဒီလိုလုပ်ပေးဖို့ ခင်ဗျားတို့ကို ဘုရားရွေးချယ်ထားတယ်။ ဒါမှ ဘုရားသခင်ပေးတဲ့ ကောင်းချီးကို ခင်ဗျားတို့ရလိမ့်မယ်။
၁၀ “ဘဝကို ပျော်မွေ့ချင်သူ၊ ကောင်းမွန်တဲ့နေ့ရက်တွေကို တွေ့မြင်ချင်သူဟာ မကောင်းတဲ့စကား မပြောမိအောင် လျှာကိုထိန်းချုပ်ရမယ်။+ လှည့်ဖြားတဲ့စကား မပြောမိအောင် နှုတ်ကို စောင့်စည်းရမယ်။ ၁၁ မကောင်းမှုကိုရှောင်ပြီး+ ကောင်းမှုကို လုပ်ဆောင်ပါ။+ ငြိမ်သက်ခြင်းရှိအောင် လုပ်ဆောင်ပြီး ငြိမ်သက်ခြင်း အမြဲရှိနိုင်အောင် အစွမ်းကုန်ကြိုးစားပါ။+ ၁၂ ယေဟောဝါက* ဖြောင့်မတ်သူတွေကို ကြည့်ရှုနေတယ်။ သူတို့ တိုးလျှိုးအသနားခံတာကို နားထောင်နေတယ်။+ မကောင်းမှုပြုသူတွေကိုတော့ ယေဟောဝါ* မျက်နှာလွှဲတယ်။”+
၁၃ ခင်ဗျားတို့ မှန်ရာလုပ်ဖို့ စိတ်အားထက်သန်နေရင် ဘယ်သူက အန္တရာယ်ပေးမှာလဲ။+ ၁၄ ဖြောင့်မတ်သူတွေဖြစ်လို့ ဆင်းရဲဒုက္ခခံရရင်တော့ ခင်ဗျားတို့ ပျော်ရွှင်ချမ်းမြေ့ရလိမ့်မယ်။+ ဒါပေမဲ့ သူတို့ကြောက်တာကို* မကြောက်ပါနဲ့၊ စိတ်အနှောင့်အယှက်လည်း မဖြစ်ပါနဲ့။+ ၁၅ ခရစ်တော်ကို သန့်ရှင်းမြင့်မြတ်တဲ့ သခင်အဖြစ် စိတ်နှလုံးထဲမှာ အသိအမှတ်ပြုပါ။ ခင်ဗျားတို့ရဲ့ မျှော်လင့်ခြင်းအကြောင်း မေးမြန်းသူတိုင်းကို ပြန်ပြောပြဖို့ အမြဲအသင့်ရှိကြပါ။ ဒါပေမဲ့ နူးညံ့တဲ့သဘော၊+ အလွန်လေးစားတဲ့သဘောနဲ့ ပြောပါ။+
၁၆ ကြည်လင်တဲ့ အမှားအမှန်သိစိတ်ကို ထိန်းသိမ်းထားပါ။+ ခင်ဗျားတို့ကို လူတွေ ဘယ်လိုပဲ မကောင်းပြောပါစေ ခရစ်တော်ရဲ့ နောက်လိုက်အဖြစ် အမူအကျင့်ကောင်း ပြတဲ့အခါ+ သူတို့ အရှက်ရသွားလိမ့်မယ်။+ ၁၇ မကောင်းတာလုပ်လို့ ဆင်းရဲဒုက္ခခံရတာထက်+ ဘုရားသခင် ခွင့်ပြုတဲ့အတိုင်း မှန်ရာလုပ်လို့ ဆင်းရဲဒုက္ခခံရတာက ပိုကောင်းတယ်။+ ၁၈ ခရစ်တော်က အပြစ်ကိုဖယ်ရှားပြီး ခင်ဗျားတို့ကို ဘုရားသခင်နဲ့ ပြန်လည်သင့်မြတ်စေဖို့+ တစ်ကြိမ်တည်းအပြီး အသေခံခဲ့တယ်။+ ဖြောင့်မတ်သူဟာ မဖြောင့်မတ်သူတွေအတွက် အသေခံခဲ့တယ်။+ လူသားတစ်ယောက်အဖြစ် သူကွပ်မျက်ခံရပေမဲ့+ ဘုရားသခင်က သူ့ကို ဝိညာဉ်ပုဂ္ဂိုလ်အဖြစ် ရှင်ပြန်ထမြောက်စေခဲ့တယ်။+ ၁၉ ထမြောက်လာပြီးနောက် သူက အကျဉ်းကျနေတဲ့ ကောင်းကင်တမန်တွေဆီ သွားပြီး တရားစီရင်ခြင်းသတင်းကို ကြေညာတယ်။+ ၂၀ အဲဒီကောင်းကင်တမန်တွေဟာ နောဧခေတ်မှာ ဘုရားသခင် စိတ်ရှည်ရှည်နဲ့ စောင့်ဆိုင်းချိန်တုန်းက နာခံမှုမရှိခဲ့သူတွေပဲ။+ အဲဒီအချိန်အတောအတွင်းမှာ သင်္ဘော ဆောက်လုပ်ခဲ့တယ်။+ သင်္ဘောမှာပါတဲ့ လူနည်းစုဖြစ်တဲ့ လူရှစ်ယောက်ဟာ* ရေဘေးကနေ ကယ်တင်ခံခဲ့ရတယ်။+
၂၁ အဲဒါနဲ့ဆင်တူတဲ့အရာ၊ အခုအချိန်မှာ ခင်ဗျားတို့ကို ကယ်တင်တဲ့အရာဟာ နှစ်ခြင်းပဲ။ ရှင်ပြန်ထမြောက်လာတဲ့ ယေရှုခရစ်ကို ယုံကြည်တဲ့အတွက် ခင်ဗျားတို့ နှစ်ခြင်းခံခဲ့ကြတယ်။ (နှစ်ခြင်းဆိုတာ ခန္ဓာကိုယ်ရဲ့ အညစ်အကြေးကို ဖယ်ရှားတာ မဟုတ်ဘူး၊ ကြည်လင်တဲ့ အမှားအမှန်သိစိတ်ကိုရဖို့ ဘုရားသခင်ဆီ တောင်းခံတာဖြစ်တယ်။)+ ၂၂ ခရစ်တော်က ကောင်းကင်ကိုတက်သွားပြီး ဘုရားသခင်ရဲ့ ညာဘက်မှာ ရှိနေတယ်။+ ဘုရားသခင်က ကောင်းကင်တမန်တွေ၊ အာဏာပိုင်တွေ၊ တန်ခိုးရှင်တွေကို ခရစ်တော်ရဲ့ လက်အောက် ကျရောက်စေခဲ့ပြီ။+