သင်ခန်းစာ ၂၄
ကောင်းကင်တမန်တွေနဲ့ပတ်သက်တဲ့ အမှန်တရား
ယေဟောဝါက ကောင်းကင်မိသားစုအကြောင်း ကျွန်တော်တို့ကို သိစေချင်တယ်။ ကောင်းကင်မိသားစုမှာ ကောင်းကင်တမန်တွေ ပါဝင်ပြီး သူတို့ကို “ဘုရားသခင်ရဲ့သားတွေ” လို့ ခေါ်တယ်။ (ယောဘ ၃၈:၇) ကောင်းကင်တမန်တွေအကြောင်း ကျမ်းစာ ဘာပြောသလဲ။ သူတို့ရဲ့ တာဝန်က ဘာလဲ။ ကောင်းကင်တမန်အားလုံး ဘုရားရဲ့ မိသားစုဝင်တွေလား။
၁။ ကောင်းကင်တမန်တွေဟာ ဘယ်သူတွေလဲ။
ကမ္ဘာကို မဖန်ဆင်းခင် ကောင်းကင်တမန်တွေကို ယေဟောဝါ ဖန်ဆင်းတယ်။ ဘုရားသခင်လိုပဲ မမြင်နိုင်တဲ့ ဝိညာဉ်ပုဂ္ဂိုလ်တွေ ဖြစ်ပြီး ကောင်းကင်မှာ နေကြတယ်။ (ဟီဘရူး ၁:၁၄) အရေအတွက် သန်းနဲ့ချီ ရှိပြီး အရည်အသွေးကိုယ်စီ ရှိတယ်။ (ဗျာဒိတ် ၅:၁၁) “[ယေဟောဝါရဲ့] နှုတ်တော်ထွက်စကားကို လိုက်နာပြီး အမိန့်တော် နာခံ” ကြတယ်။ (ဆာလံ ၁၀၃:၂၀) ရှေးခေတ်မှာ ယေဟောဝါဟာ မိမိရဲ့သတင်းစကားကို ပြောဖို့၊ မိမိလူတွေကို ကူညီကယ်တင်ဖို့ ကောင်းကင်တမန်တွေကို စေလွှတ်လေ့ရှိတယ်။ အခုခေတ်မှာလည်း ကောင်းကင်တမန်တွေက ကျွန်တော်တို့ကို ဘုရားအကြောင်း သိချင်သူတွေဆီ လမ်းညွှန်ပေးတယ်။
၂။ စာတန်နဲ့ နတ်ဆိုးတွေဟာ ဘယ်သူတွေလဲ။
ကောင်းကင်တမန်တချို့ ယေဟောဝါကို သစ္စာမဲ့ခဲ့ကြတယ်။ ဦးဆုံး ပုန်ကန်တဲ့ ကောင်းကင်တမန်ဟာ “လူနေထိုင်ရာ မြေတစ်ပြင်လုံးကို လှည့်စားသူ၊ မာရ်နတ် စာတန်” ဖြစ်တယ်။ (ဗျာဒိတ် ၁၂:၉) တခြားသူတွေကို အုပ်စိုးချင်တဲ့ စာတန်ဟာ ပထမလူသားမောင်နှံကို သိမ်းသွင်းတယ်။ တခြားကောင်းကင်တမန်တွေကိုလည်း ပုန်ကန်မှုမှာ ပါဝင်လာစေတယ်။ ပုန်ကန်တဲ့ အဲဒီကောင်းကင်တမန်တွေကို နတ်ဆိုးတွေလို့ ခေါ်တယ်။ ယေဟောဝါက သူတို့ကို မြေကြီးပေါ် နှင်ချလိုက်တယ်၊ မကြာခင် ဖျက်ဆီးတော့မယ်။—ဗျာဒိတ် ၁၂:၉၊ ၁၂ ကို ဖတ်ပါ။
၃။ စာတန်နဲ့ နတ်ဆိုးတွေက လူတွေကို ဘယ်လို လှည့်စားသလဲ။
စာတန်နဲ့ နတ်ဆိုးတွေက နတ်ဆိုးပညာ၊ နတ်ဆိုးတွေနဲ့ ဆက်သွယ်တဲ့ မကောင်းတဲ့အတတ်ကို သုံးပြီး လူတွေကို လှည့်စားတယ်။ ဥပမာ၊ ဗေဒင်ဆရာ၊ စိတ်တန်ခိုးရှင်၊ ပယောဂဆရာတို့ကို မေးမြန်းတာတွေ ဖြစ်တယ်။ နတ်ဆိုးပညာပါတဲ့ ကုသမှု ခံယူသူတွေ၊ လူသေနဲ့ စကားပြောနိုင်တယ်လို့ အယုံသွင်းခံရသူတွေလည်း ရှိတယ်။ ဒါပေမဲ့ ယေဟောဝါက “နတ်ကတော်တွေဆီ မသွားနဲ့။ ဗေဒင်မမေးနဲ့” လို့ သတိပေးတယ်။ (ဝတ်ပြုရာ ၁၉:၃၁) ဒါဟာ စာတန်နဲ့ နတ်ဆိုးတွေရန်ကနေ ကာကွယ်ပေးချင်လို့ ဖြစ်တယ်။ သူတို့ဟာ ဘုရားရဲ့ရန်သူတွေ၊ ကျွန်တော်တို့ကို အန္တရာယ်ပေးချင်သူတွေ ဖြစ်တယ်။
ရှာဖွေလေ တွေ့ရှိလေ
ကောင်းကင်တမန်တွေ ကောင်းကျိုးဆောင်ပုံ၊ နတ်ဆိုးပညာရဲ့ အန္တရာယ်၊ စာတန်နဲ့ နတ်ဆိုးတွေ ရန်ကနေ ကာကွယ်နိုင်ပုံကို လေ့လာကြည့်ပါ။
၄။ ယေဟောဝါအကြောင်း လေ့လာဖို့ ကောင်းကင်တမန်တွေ ကူညီပေး
ကောင်းကင်တမန်တွေက လူတွေကို တိုက်ရိုက်တော့ မဟောဘူး။ ဒါပေမဲ့ ဘုရားအကြောင်း သိချင်သူတွေဆီ လမ်းညွှန်ပေးတယ်။ ဗျာဒိတ် ၁၄:၆၊ ၇ ကို ဖတ်ပါ။ ပြီးတဲ့နောက် ဒီမေးခွန်းတွေကို သုံးသပ်ပါ။
- ဟောပြောရာမှာ ကောင်းကင်တမန်တွေရဲ့ အကူအညီ ဘာကြောင့် လိုသလဲ။ 
- ကောင်းကင်တမန်တွေက ကျမ်းစာအကြောင်း သိချင်သူတွေဆီ သင့်ကို လမ်းညွှန်ပေးနိုင်ကြောင်း သိရလို့ အားရှိသလား။ ဘာကြောင့်လဲ။ 
၅။ နတ်ဆိုးပညာကို ငြင်းပယ်ပါ
စာတန်နဲ့ နတ်ဆိုးတွေဟာ ယေဟောဝါရဲ့ ရန်သူ ဖြစ်သလို ကျွန်တော်တို့ရဲ့ ရန်သူလည်း ဖြစ်တယ်။ လုကာ ၉:၃၈-၄၂ ကို ဖတ်ပါ။ ပြီးတဲ့နောက် ဒီမေးခွန်းကို သုံးသပ်ပါ။
- လူတွေကို နတ်ဆိုးတွေ ဘယ်လို အန္တရာယ်ပေးသလဲ။ 
နတ်ဆိုးတွေနဲ့ ကျွန်တော်တို့ လုံးဝ မပတ်သက်ချင်ဘူး။ တရားဟောရာ ၁၈:၁၀-၁၂ ကို ဖတ်ပါ။ ပြီးတဲ့နောက် ဒီမေးခွန်းတွေကို သုံးသပ်ပါ။
- နတ်ဆိုးတွေက ကျွန်တော်တို့ကို ဘယ်နည်းတွေနဲ့ ဩဇာလွှမ်းဖို့၊ ဆက်သွယ်ဖို့ ကြိုးစားသလဲ။ သင့်ဒေသမှာ ဘယ်နည်းတွေ ခေတ်စားသလဲ။ 
- နတ်ဆိုးပညာကို ယေဟောဝါ တားမြစ်တာ သင့်လျော်တယ်လို့ ထင်သလား။ ဘာကြောင့်လဲ။ 
ဗီဒီယို ဖွင့်ပါ။ ပြီးတဲ့နောက် အောက်ပါမေးခွန်းတွေကို သုံးသပ်ပါ။
- ပါလစ်ဆာရဲ့သမီး ဝတ်ထားတဲ့ အဆောင်လက်ပတ်က အန္တရာယ်ရှိတယ်လို့ ထင်သလား။ ဘာကြောင့်လဲ။ 
- နတ်ဆိုးရန်ကနေ အကာအကွယ်ရဖို့ ပါလစ်ဆာ ဘာလုပ်ရမလဲ။ 
ခရစ်ယာန်စစ်တွေဟာ နတ်ဆိုးတွေကို အမြဲ ခုခံတွန်းလှန်ကြတယ်။ တမန်တော် ၁၉:၁၉ နဲ့ ၁ ကောရိန္သု ၁၀:၂၁ တို့ကို ဖတ်ပါ။ ပြီးတဲ့နောက် ဒီမေးခွန်းကို သုံးသပ်ပါ။
- ကိုယ့်ဆီမှာရှိတဲ့ နတ်ဆိုးပညာနဲ့ဆက်နွှယ်တာ မှန်သမျှကို ဖျက်ဆီးဖို့ ဘာကြောင့် အရေးကြီးသလဲ။ 
၆။ စာတန်နဲ့ နတ်ဆိုးတွေကို အောင်မြင်နိုင်
နတ်ဆိုးတွေကို စာတန် ထိန်းချုပ်ထားတယ်။ သစ္စာရှိ ကောင်းကင်တမန်တွေကိုတော့ ယေရှုလို့ ခေါ်တဲ့ ကောင်းကင်တမန်မင်း မိက္ခေလက လမ်းညွှန်နေတယ်။ မိက္ခေလ ဘယ်လောက် တန်ခိုးကြီးသလဲ။ ဗျာဒိတ် ၁၂:၇-၉ ကို ဖတ်ပါ။ ပြီးတဲ့နောက် ဒီမေးခွန်းတွေကို သုံးသပ်ပါ။
- ဘယ်သူ ပိုတန်ခိုးကြီးသလဲ။ မိက္ခေလနဲ့ ကောင်းကင်တမန်တွေလား၊ စာတန်နဲ့ နတ်ဆိုးတွေလား။ 
- စာတန်နဲ့ နတ်ဆိုးတွေကို ယေရှုရဲ့နောက်လိုက်တွေ ကြောက်ဖို့လိုမယ် ထင်သလား။ 
စာတန်နဲ့ နတ်ဆိုးတွေကို တိုက်ခိုက်ရာမှာ အောင်မြင်နိုင်ပါတယ်။ ယာကုပ် ၄:၇ ကို ဖတ်ပါ။ ပြီးတဲ့နောက် ဒီမေးခွန်းကို သုံးသပ်ပါ။
- စာတန်နဲ့ နတ်ဆိုးတွေရန်ကို ဘယ်လို ကာကွယ်နိုင်မလဲ။ 
လူတချို့ အဆို။ “နတ်ဆိုးနဲ့ဆိုင်တဲ့ ဂိမ်းတွေ၊ ရုပ်ရှင်တွေကို အပျော်သဘောနဲ့ ဆော့တာ၊ ကြည့်တာ မမှားပါဘူး။”
- ဒီလိုယူဆတာ ဘာကြောင့် အန္တရာယ်ရှိသလဲ။ 
အနှစ်ချုပ်
သစ္စာရှိ ကောင်းကင်တမန်တွေက ကျွန်တော်တို့ကို ကူညီတယ်။ ယေဟောဝါရဲ့ရန်သူ စာတန်နဲ့ နတ်ဆိုးတွေကတော့ နတ်ဆိုးပညာ သုံးပြီး လူတွေကို လှည့်စားတယ်။
ပြန်လည်သုံးသပ်ခြင်း
- လူတွေ ယေဟောဝါအကြောင်း သိလာအောင် ကောင်းကင်တမန်တွေ ဘယ်လို ကူညီပေးသလဲ။ 
- စာတန်နဲ့ နတ်ဆိုးတွေဟာ ဘယ်သူတွေလဲ။ 
- နတ်ဆိုးပညာကို ဘာကြောင့် ဝေးဝေးရှောင်ချင်သလဲ။ 
လေ့လာစရာ ထပ်ဖွေရှာ
နတ်ဆိုးဩဇာကနေ အမျိုးသမီးတစ်ဦး ရုန်းထွက်ခဲ့ပုံကို ဖတ်ကြည့်ပါ။