နောက်ဆက်တွဲ ဂ
ပျော်စရာဘဝ ထာဝရ စံစားကြ စာအုပ် သုံးပြီး ကျမ်းစာ သင်ပေးနိုင်ပုံ
ပျော်စရာဘဝ ထာဝရ စံစားကြ စာအုပ် ထုတ်နိုင်ဖို့ ညီအစ်ကိုတွေ အများကြီး ဆုတောင်းကြတယ်။ အများကြီး ရှာဖွေသုံးသပ်ကြတယ်။ ကျမ်းစာ သင်ပေးတဲ့အခါ ဒီစာအုပ်ကနေ အကျိုး အပြည့်အဝ ရဖို့ အောက်ပါ နည်းလမ်း သုံးပါ။
သင်အံမှု မတိုင်ခင်
၁။ သေသေချာချာ ပြင်ဆင်ပါ။ ပြင်ဆင်တဲ့အခါ သင်သားရဲ့ လိုအပ်ချက်၊ အခြေအနေ၊ ခံယူချက်ကို ထည့်စဉ်းစားပါ။ သင်သား နားလည်ဖို့၊ လက်ခံကျင့်သုံးဖို့ ခက်နိုင်တဲ့ အချက်တွေကို ကြိုစဉ်းစားပါ။ “လေ့လာစရာ ထပ်ဖွေရှာ” အပိုင်းမှာ ပါတဲ့ စာစောင်၊ ဗီဒီယိုတွေက သင်သားကို ဘယ်လို အထောက်အကူ ပြုနိုင်တယ်ဆိုတာ သုံးသပ်ပါ။ သင်အံမှု လုပ်နေချိန်အတွင်း သုံးဖို့ လိုလာရင် တန်းသုံးနိုင်ဖို့ အဆင်သင့် ပြင်ထားပါ။
သင်အံမှု လုပ်နေချိန်အတွင်း
၂။ သင်သား လက်ခံတယ်ဆိုရင် သင်အံမှု မတိုင်ခင်နဲ့ ပြီးနောက် ဆုတောင်းပါ။
၃။ စကား အများကြီး မပြောပါနဲ့။ စာအုပ်မှာ ပါတဲ့ အကြောင်းအရာကို အာရုံစိုက်ပါ။ သင်သား ခံစားရတာ၊ တွေးမိတာ လွတ်လွတ်လပ်လပ် ပြောလာပါစေ။
၄။ အပိုင်းသစ် စတဲ့အခါ အဲဒီအပိုင်းအတွက် အဓိကအကြောင်းကို ဖတ်ပါ။ သင်ခန်းစာ ခေါင်းစဉ်တချို့ ပြောပြပါ။
၅။ အပိုင်းတစ်ပိုင်း ပြီးသွားတဲ့အခါ သိလာတာတွေ သင်သား မှတ်မိဖို့ ပြန်လည်သုံးသပ်ခြင်း အပိုင်းကို သုံးပါ။
၆။ သင်သားနဲ့ သင်ခန်းစာ တစ်ခု လေ့လာတိုင်း
က။ စာပိုဒ် ဖတ်ပါ။
ခ။ “ဖတ်ပါ” ဆိုတဲ့ ကျမ်းပိုဒ်အားလုံး ဖတ်ပါ။
ဂ။ လိုရင် လိုသလို ကိုးကားထားတဲ့ တခြားကျမ်းပိုဒ်တွေ ဖတ်ပါ။
ဃ။ “ဖွင့်ပါ” ဆိုတဲ့ ဗီဒီယိုအားလုံး ဖွင့်ပါ။ (အဆင်ပြေတယ်ဆိုရင်)
င။ မေးခွန်းအားလုံး မေးပါ။
စ။ “ရှာဖွေလေ တွေ့ရှိလေ” အပိုင်းမှာ ပါတဲ့ ရုပ်ပုံ ကြည့်ခိုင်းပါ။ ရုပ်ပုံနဲ့ပတ်သက်ပြီး မှတ်ချက် ပေးခိုင်းပါ။
ဆ။ ကိုယ့်တိုးတက်မှုကိုယ် သင်သား သိအောင် “ပန်းတိုင်” ဆိုတဲ့ လေးထောင့်ကွက် သုံးပါ။ နမူနာ ပေးထားတဲ့ ပန်းတိုင် ဖြစ်ဖြစ်၊ တခြားပန်းတိုင် ဖြစ်ဖြစ်၊ ပန်းတိုင် နှစ်ခုစလုံး ဖြစ်ဖြစ် ထားဖို့ အားပေးပါ။
ဇ။ ကြိုတင် ပြင်ဆင်တုန်းက “လေ့လာစရာ ထပ်ဖွေရှာ” အပိုင်းမှာ အထူးတလည် နှစ်သက်မိတဲ့ ဆောင်းပါး၊ ဗီဒီယို ရှိသလားလို့ မေးပါ။
ဈ။ ဖြစ်နိုင်ရင် တစ်ခေါက်ကို သင်ခန်းစာတစ်ခု အပြီးသင်ပါ။
သင်အံမှု ပြီးနောက်
၇။ သင်သားအကြောင်း ဆက်စဉ်းစားပါ။ သင်သားရဲ့ တိုးတက်မှုကို ကောင်းချီးပေးဖို့၊ သူ့ကို ဘယ်လို ကူညီရမယ်ဆိုတာ သင် သိအောင် ဉာဏ်ပညာ ပေးဖို့ ယေဟောဝါဘုရားဆီ ဆုတောင်းပါ။