အသက်တာနဲ့ အမှုဆောင်လုပ်ငန်း လေ့ကျင့်ခန်းစာစောင်မှာပါတဲ့ အညွှန်းများ
© 2025 Watch Tower Bible and Tract Society of Pennsylvania
စက်တင်ဘာ ၁-၇
ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | ပညာအလိမ္မာ ၂၉
ဘုရားရေးရာ ရတနာ
it “မြှောက်ပင့်” ပိုဒ်. ၁
မြှောက်ပင့်
ပရိယာယ်ပါတဲ့ ချီးမွမ်းစကား၊ မတန်တဆ ချီးမွမ်းခြင်း၊ မမှန်မကန် မရိုးမသား တရားလွန် ချီးမွမ်းခြင်းကို ဆိုလိုတယ်။ မြှောက်ပင့်ခံရသူဟာ စိတ်ကြီးဝင်လာနိုင်တယ်၊ ဂုဏ်မောက်လာနိုင်တဲ့အတွက် သူ့အတွက် နစ်နာစေတယ်။ ဒီလို မြှောက်ပင့်ရတဲ့ ရည်ရွယ်ချက်က မျက်နှာသာ လိုချင်လို့၊ အကျိုးလိုချင်လို့၊ ကိုယ့်အတွက် တစ်ခုခု ပြန်လုပ်ပေးစေချင်လို့၊ ပြန်ချီးမွမ်းခံချင်လို့ ဖြစ်တယ်။ အများအားဖြင့် သူ့ခြေကို ပိုက်ထဲ ကျော့မိသွားအောင် လုပ်ရာရောက်တယ်။ (ပ ၂၉:၅) မြှောက်ပင့်ပြောဆိုတာဟာ အထက်ကလာတဲ့ ဉာဏ်ပညာထဲမှာ မပါဘူး။ ကိုယ်ကျိုးရှာတဲ့၊ မျက်နှာလိုက်ခွဲခြားတဲ့၊ ဟန်ဆောင်တတ်တဲ့ လောကရဲ့ စိတ်ဓာတ်ပါ။ (ယာ ၃:၁၇) စိတ်ရင်းမမှန်တာ၊ လိမ်ညာတာ၊ လူသားချင်း ဂုဏ်မောက်အောင် မြှောက်ပင့်ပြောဆိုတာ၊ စိတ်ကြီးဝင်အောင် ဆွတာတွေကို ဘုရား မနှစ်သက်ဘူး။—၂က ၁:၁၂။ ဂ ၁:၁၀။ ဧ ၄:၂၅။ ကော ၃:၉။ ဗ ၂၁:၈။
စက်တင်ဘာ ၈-၁၄
ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | ပညာအလိမ္မာ ၃၀
က၁၁ ၆/၁ ၁၀ ပိုဒ်. ၄
ကိုယ့်ဝင်ငွေအလိုက် နေထိုင်ပါ—နေထိုင်နိုင်တဲ့ နည်းလမ်းများ
ဈေးမဝယ်ခင် ငွေအရင်စုပါ။ ဈေးမဝယ်ခင် ငွေကို အရင်စုထားတာက ခေတ်နောက်ကျတယ်လို့ ထင်စရာရှိပေမဲ့ တကယ်တော့ အဲဒါက ပညာအရှိဆုံး လမ်းစဉ်တစ်ခုဖြစ်ပါတယ်။ အဲဒီလိုလုပ်မယ်ဆိုရင် ငွေကြေးပြဿနာ မရှိတော့ဘူး။ အကြွေးမတင်တော့ဘူး။ အတိုးကြီးကြီးနဲ့ ငွေပြန်ဆပ်လိုက်ရလို့ ကိုယ်ဝယ်တဲ့ပစ္စည်းတန်ဖိုးထက် များသွားတာမျိုးစတဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေလည်း မခံစားရတော့ဘူး။ ကျမ်းစာမှာ ပုရွက်ဆိတ်ကို “ပညာရှိ” အဖြစ် ပုံဖော်ထားတယ်။ ဘာကြောင့်လဲဆိုရင် ပုရွက်ဆိတ်ဟာ နောင်စားဖို့အတွက် “စပါးရိတ်ရာကာလ၌ မိမိစားစရာအစာကို ရှာဖွေသိုထားတတ်” လို့ဖြစ်တယ်။—သု. ၆:၆-၈; ၃၀:၂၄၊ ၂၅။
စက်တင်ဘာ ၁၅-၂၁
ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | ပညာအလိမ္မာ ၃၁
ijwhf ဆောင်းပါး ၄ ပိုဒ်. ၁၁-၁၃
ကလေးတွေကို အရက်အကြောင်း ပြောပြထားပါ
အရက်အကြောင်း ကိုယ်တိုင် အစပြုဆွေးနွေးပါ။ ဗြိတိန်နိုင်ငံက မာ့ခ်ဆိုတဲ့ ဖခင်တစ်ဦး ဒီလိုပြောပြတယ်– “အရက်သောက်တဲ့ကိစ္စဟာ လူငယ်တွေအတွက် ဇဝေဇဝါဖြစ်စရာပဲ။ အရက်သောက်တာ မှားသလား၊ မှန်သလား ဘယ်လိုထင်သလဲလို့ ရှစ်နှစ်အရွယ် သားလေးကို မေးကြည့်တယ်။ သက်သောင့်သက်သာ အခြေအနေမျိုးမှာ မေးတော့ သားက သူ့အမြင်ကို လွတ်လွတ်လပ်လပ် ပြောလာတယ်။”
အရက်အကြောင်း အခွင့်ကြုံတိုင်း ပြောပြပေးရင် ကလေး မှတ်မိနေပါလိမ့်မယ်။ ကလေးရဲ့ အသက်အရွယ်ပေါ် မူတည်ပြီး အရက်ယမကာအကြောင်းသာမက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းတွေ သိအောင် ပြောပြပါ။ လိင်ပိုင်းဆိုင်ရာ ဗဟုသုတကို ပညာပေးပြောပြပါ။
စံနမူနာကောင်း ပြပါ။ ကလေးတွေက ရေမြှုပ်လိုပဲ ပတ်ဝန်းကျင်မှာ ရှိတာတွေကို စုပ်ယူမှတ်သားတတ်ကြောင်း၊ မိဘတွေဟာ ကလေးတွေကို ဩဇာအလွှမ်းနိုင်ဆုံးဖြစ်ကြောင်း သုတေသီတွေ တွေ့ရှိကြတယ်။ စိတ်ဖိစီးမှု သက်သာပြေပျောက်အောင် သင် အရက်သောက်မယ်ဆိုရင် အရက်ဆိုတာ ဘဝအမောတွေ ပြေစေတဲ့အရာလို့ ကလေး ယူမှတ်သွားလိမ့်မယ်။ ဒါကြောင့် စံပြပုဂ္ဂိုလ် ဖြစ်ပါ။ အရက်ကို တော်သင့်ရုံပဲ သောက်ပါ။
န၁၇.၆ ၉ ပိုဒ်. ၅
သားသမီးတွေ စိတ်နှိမ့်ချတတ်အောင် သင်ပေးပါ
ပေးကမ်းတတ်အောင် အားပေးပါ။ “ရယူခြင်းထက် ပေးကမ်းခြင်းက ပိုပျော်ရွှင်စေတယ်” ဆိုတာ မှန်ကန်ကြောင်း ကလေးကို လက်တွေ့ပြပေးပါ။ (တမန်တော် ၂၀:၃၅) ဘယ်လိုနည်းနဲ့လဲ။ စျေးဝယ်ပေးဖို့၊ ကြိုပို့ပေးဖို့၊ တစ်ခုခုပြုပြင်ပေးဖို့ အကူအညီ လိုနေသူတွေရဲ့ နာမည်ကို ချရေးပါ။ အဲဒီနောက် ကလေးနဲ့အတူ သွားပြီး ကူညီပေးပါ။ အဲဒီလို ကူညီပေးလိုက်လို့ သင် ပျော်ရွှင်ကျေနပ်သွားတာကို သင့်ကလေး မြင်ပါလိမ့်မယ်။ ဒီနည်းနဲ့ သင့်ကလေးကို စိတ်နှိမ့်ချတတ်အောင် သင်ပေးနိုင်တယ်။ ဒီလိုပုံသက်သေနဲ့ သင်ပေးတာဟာ အထိရောက်ဆုံးပဲ။—ကျမ်းစာအကြံပြုချက်– လုကာ ၆:၃၈။
စက်တင်ဘာ ၂၂-၂၈
ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | ဒေသနာ ၁-၂
နောက်လူမျိုးဆက်ကို ဆက်လေ့ကျင့်ပေးပါ
က၁၇.၀၁ ၂၇-၂၈ ပိုဒ်. ၃-၄
‘ထိုအရာများကို သစ္စာရှိအမျိုးသားများအား လွှဲအပ်လော့’
၃ ကျွန်တော်တို့ဟာ ကိုယ့်အလုပ်ကို နှစ်သက်မြတ်နိုးကြပြီး အမြဲတမ်း လုပ်သွားချင်ကြတယ်။ ဝမ်းနည်းစရာကတော့ အာဒံခေတ်ကတည်းက လူမျိုးတစ်ဆက် လွန်သွားပြီး နောက်တစ်ဆက် ပေါ်လာတယ်။ (ဒေ. ၁:၄) ဒီအကူးအပြောင်းကြောင့် ခရစ်ယာန်စစ်တွေလည်း အခက်အခဲတချို့ ကြုံကြရတယ်။ ယေဟောဝါလူမျိုးရဲ့ လုပ်ငန်းဟာ တိုးတက်ကျယ်ပြန့်လာနေပြီး ခက်ခဲနက်နဲလာတယ်။ စီမံကိန်းသစ်တွေ တိုးချဲ့လုပ်ဆောင်လာတာနဲ့အမျှ နည်းလမ်းသစ်တွေ၊ နည်းပညာသစ်တွေကို လက်ခံသုံးစွဲလာရတယ်။ အဲဒီတိုးတက်မှုတွေကို အမီလိုက်ဖို့ လူကြီးတချို့အတွက် ခက်ခဲလာတယ်။ (လု. ၅:၃၉) အမီလိုက်နိုင်ရင်တောင် လူငယ်တွေက လူကြီးတွေထက် အစွမ်းခွန်အား ပိုရှိကြတယ်။ (သု. ၂၀:၂၉) ဒါကြောင့် တာဝန်တွေ ပိုယူနိုင်အောင် လူငယ်တွေကို လူကြီးတွေ အသင့်ပြင်ပေးထားတာက လက်တွေ့ကျတယ်၊ မေတ္တာရှိရာကျတယ်။—ဆာလံ ၇၁:၁၈ ကိုဖတ်ပါ။
၄ အခွင့်အာဏာရှိသူတွေဟာ လူငယ်တွေကို တာဝန်လွှဲပြောင်းပေးဖို့ အမြဲ မလွယ်ကူဘူး။ တချို့က မိမိတို့တန်ဖိုးထားတဲ့နေရာ ပျောက်သွားမှာကို စိုးရိမ်ကြတယ်။ တချို့ကျတော့ ဩဇာမရှိတော့မှာ၊ လူငယ်တွေ သူတို့လောက် မလုပ်ဆောင်နိုင်မှာကို စိုးရိမ်ကြတယ်။ တချို့ကျပြန်တော့ တခြားသူတွေကို လေ့ကျင့်ပေးဖို့ အချိန်မရှိဘူးလို့ အကြောင်းပြကြတယ်။ လူငယ်တွေအနေနဲ့လည်း တာဝန်တွေ ပိုမရတဲ့အခါ စိတ်ရှည်ရှည်ထားရမယ်။
စက်တင်ဘာ ၂၉–အောက်တိုဘာ ၅
ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | ဒေသနာ ၃-၄
သုံးလွန်းတင်ကြိုးကို ခိုင်မြဲစေပါ
ijwhf ဆောင်းပါး ၁၀ ပိုဒ်. ၂-၈
နည်းပညာတွေကို သူ့နေရာနဲ့သူ ထားနိုင်ပုံ
● နည်းပညာကို ပညာရှိရှိ အသုံးပြုတာက အိမ်ထောင်ကို အကျိုးပြုနိုင်ပါတယ်။ ဥပမာ၊ ဇနီးမောင်နှံတချို့ဟာ တစ်နေ့တာအတွင်း ဝေးနေချိန်မှာ နည်းပညာသုံးပြီး ဆက်သွယ်ကြတယ်။
“‘ချစ်တယ်၊’ ‘မင်းအကြောင်း တွေးနေတယ်’ စတဲ့ စာတိုလေးတွေက အဓိပ္ပာယ်အများကြီး ရှိတယ်။”—ဂျိုနသန်။
● နည်းပညာကို မဆင်မခြင် သုံးရင်တော့ အိမ်ထောင်ကို ထိခိုက်နိုင်တယ်။ ဥပမာ၊ လူတချို့ဟာ ဖုန်း၊ တက်ဘလက်တွေကို တစ်ချိန်လုံးသုံးနေလို့ အိမ်ထောင်ဖက်ကို အချိန်မပေးနိုင်၊ အာရုံမစိုက်နိုင်တော့ဘူး။
“ကျွန်မက ဖုန်းသုံးနေတဲ့အတွက် ခင်ပွန်းက စကားပြောချင်ပေမဲ့ မပြောနိုင်ဘူး။ ကျွန်မသာ ဖုန်းမသုံးနေခဲ့ဘူးဆိုရင် ကျွန်မခင်ပွန်းနဲ့ စကားပြောဖြစ်ခဲ့မှာ သေချာတယ်။”—ဂျူလီဆာ။
● အိမ်ထောင်ဖက်နဲ့ အဓိပ္ပာယ်ရှိရှိ စကားပြောနေရင်း တစ်ချိန်တည်းမှာ ဖုန်း၊ တက်ဘလက် သုံးနိုင်တယ်လို့ တချို့က ပြောကြတယ်။ အဲဒါ မဖြစ်နိုင်ဘူးလို့ လူမှုရေးပညာရှင် ရှယ်ရီ တာကယ်လ်က ပြောတယ်။ တစ်ပြိုင်တည်း အလုပ်အများကြီး လုပ်နိုင်တာ ကောင်းတယ်လို့ လူတွေထင်ပေမဲ့ တကယ်တမ်း မကောင်းပါဘူး။ အမှန်ကတော့ “အလုပ်တွေကို တစ်ပြိုင်တည်းလုပ်ဖို့ ကြိုးစားလေ အရည်အသွေးကျလေပဲ” လို့ သူပြောတယ်။
“ကျွန်မခင်ပွန်းနဲ့ စကားပြောရတာ ပျော်စရာကောင်းပါတယ်။ ဒါပေမဲ့ တခြားအလုပ်တွေ မလုပ်တဲ့အခါမျိုးမှပါ။ ဖုန်း၊ တက်ဘလက်သုံးနေရင်တော့ အဲဒါနဲ့ပဲ သူ ပျော်မွေ့တယ်ဆိုတဲ့ သဘောပဲ။”—စာရာ။
အဓိကအချက်– နည်းပညာကို သင် အသုံးပြုပုံက သင့်အိမ်ထောင်ကို အကျိုးပြုနိုင်တယ်၊ ဒါမှမဟုတ် ထိခိုက်နိုင်တယ်။
က၂၃.၀၅ ၂၃ ပိုဒ်. ၁၂-၁၄
“ယေဟောဝါရဲ့ မီးလျှံ” ဆက်တောက်လောင်နေစေပါ
၁၂ အာကုလနဲ့ ပြစ်ကိလကို မောင်နှံစုံတွေ ဘယ်လို အတုယူနိုင်သလဲ။ နှစ်ယောက်သား လုပ်စရာ ရှိတာတွေ စဉ်းစားကြည့်လိုက်ပါ။ တစ်ယောက်စီ ခွဲမလုပ်ဘဲ မောင်နှံစုံလိုက် လုပ်နိုင်တာတွေ ပါသလား။ ဥပမာ၊ အာကုလနဲ့ ပြစ်ကိလ အတူတူ ဟောပြောတယ်။ သင်တို့ကော မောင်နှံစုံလိုက် အတူတူ ဟောပြောနိုင်ဖို့ စီစဉ်ထားသလား။ အာကုလနဲ့ ပြစ်ကိလ အတူတူ အလုပ်လုပ်တယ်။ သင်တို့ကတော့ အလုပ် မတူတာ ဖြစ်နိုင်တယ်။ ဒါပေမဲ့ အိမ်အလုပ် အတူတူ လုပ်နိုင်တယ် မဟုတ်လား။ (ဒေ. ၄:၉) တစ်ယောက်ကို တစ်ယောက် အလုပ်ဝိုင်းကူတဲ့အခါ အတွဲညီတယ်လို့ ပိုခံစားလာရမယ်။ စကားပြောဖို့ အခွင့်အရေး ပိုရလာမယ်။ ရောဘတ်နဲ့ လင်းဒါဟာ အိမ်ထောင်သက် အနှစ် ၅၀ ကျော်ပြီ။ “ပွင့်ပွင့်လင်းလင်း ပြောရရင် ကျွန်တော်တို့ အတူတူ အပန်းဖြေဖို့ အချိန် သိပ်မရဘူး။ ဒါပေမဲ့ ကျွန်တော် ပန်းကန် ဆေးရင် ကျွန်တော့်မိန်းမက ပန်းကန် သုတ်တယ်။ ကျွန်တော် ခြံထဲမှာ မြက်ရှင်းရင် သူ ဘေးကနေ လာဝိုင်းလုပ်တယ်။ ဘာလေးပဲ ဖြစ်ဖြစ် အတူတူ ဝိုင်းလုပ်တော့ သိပ်ပျော်တယ်။ ပိုရင်းနှီးလာတယ်။ အချစ်တွေ တိုးလာတယ်” လို့ ရောဘတ် ပြောတယ်။
၁၃ အတူတူ နေရုံနဲ့ နှစ်ကိုယ့်တစ်စိတ် မဖြစ်ဘူးဆိုတာ သတိရပါ။ “ဒီနေ့ခေတ်မှာ လူတွေ သိပ်အာရုံများကြတယ်။ တစ်မိုးအောက် နေရုံနဲ့ အချင်းချင်း အချိန်ပေးနေတယ်လို့ ထင်ဖို့ သိပ်လွယ်တယ်။ ဒါပေမဲ့ အိမ်ထောင်ဖက်ဘေးမှာ လူရောက်နေရုံနဲ့ မပြီးဘူး။ အာရုံပါ ရောက်နေဖို့ လိုမှန်း ကျွန်မ သိလာတယ်” လို့ ဘရာဇီးနိုင်ငံက ဇနီးသည်တစ်ယောက် ပြောတယ်။ ဘရူနိုနဲ့ ဇနီး တေးစ် အချင်းချင်းကို အာရုံစိုက်ဖို့ ဘာလုပ်သလဲ သတိပြုပါ။ “ကျွန်တော်တို့ အတူတူ ရှိနေချိန်တွေဆိုရင် ဖုန်းတွေကို ခပ်လှမ်းလှမ်းမှာ ထားလိုက်တယ်။ အဲဒီအချိန်ကတော့ တကယ့် နှစ်ယောက်တည်း ကမ္ဘာပဲ” လို့ ဘရူနို ပြောတယ်။
၁၄ သင်နဲ့ သင့်အိမ်ထောင်ဖက်ဟာ တစ်ခုခုဆိုရင် တွဲမလုပ်ချင်တာမျိုး ဖြစ်နေရင်ကော။ ဝါသနာ၊ အကြိုက် မတူလို့၊ အစေးမကပ်လို့ ဖြစ်နိုင်တယ်။ အစောပိုင်းမှာ ဖော်ပြတဲ့ မီးဖို ဥပမာကို ပြန်စဉ်းစားကြည့်ပါ။ မီးမွှေးမွှေးချင်းတော့ တဟုန်းဟုန်း ဘယ်တောက်ပါ့မလဲ။ အစပိုင်းမှာ ထင်းချောင်း အသေးတွေ၊ နောက်ပိုင်းမှာ အကြီးတွေ တဖြည်းဖြည်း ထည့်ပေးရတယ်။ သင်တို့လည်း တစ်နေ့ အချိန် နည်းနည်းလောက်ကနေ စပြီး တစ်ခုခု တွဲလုပ်ကြည့်ပါ။ နှစ်ယောက်စလုံး နှစ်သက်မယ့်၊ စကားများစရာ မလိုမယ့်အရာတော့ ဖြစ်ပါစေ။ (ယာ. ၃:၁၈) လုပ်ရပ် အသေးအမွှားလေးကတောင် အချစ်တွေ ပြန်တောက်လောင်လာစေနိုင်တယ်။
က၂၃.၀၅ ၂၁ ပိုဒ်. ၃
“ယေဟောဝါရဲ့ မီးလျှံ” ဆက်တောက်လောင်နေစေပါ
၃ “ယေဟောဝါရဲ့ မီးလျှံ” ဆက်တောက်လောင်နေဖို့ဆိုရင် ခင်ပွန်းကော ဇနီးပါ ယေဟောဝါနဲ့ ဆက်ဆံရေး ခိုင်မြဲဖို့ ကြိုးစားရမယ်။ ဘာကြောင့်လဲ။ ယေဟောဝါနဲ့ ဆက်ဆံရေးကို တန်ဖိုးထားတဲ့ မောင်နှံစုံတွေဟာ ဘုရား အကြံပေးတဲ့အတိုင်း လက်တွေ့ကျင့်တယ်။ အိမ်ထောင်ဖက်အပေါ် အချစ် လျော့သွားစေနိုင်တဲ့ ပြဿနာတွေ ရှောင်တယ်၊ ဖြေရှင်းတယ်။ (ဒေသနာ ၄:၁၂ ကို ဖတ်ပါ။) ယေဟောဝါကို အတုယူပြီး ကြင်နာခြင်း၊ စိတ်ရှည်ခြင်း၊ ခွင့်လွှတ်ခြင်း စတဲ့ အရည်အသွေးတွေ ပြဖို့ ကြိုးစားတယ်။ (ဧ. ၄:၃၂–၅:၁) ဒီအရည်အသွေးတွေသာ ရှိရင် အချစ်တွေ အမြဲ ရှင်သန်နေမှာ။ “ဘုရားနဲ့ ဆက်ဆံရေးကောင်း ရှိသူကို ချစ်ဖို့၊ လေးစားဖို့ ဘယ်ခက်ပါ့မလဲ” လို့ အိမ်ထောင်သက် ၂၅ နှစ် ကျော်ပြီ ဖြစ်တဲ့ ညီအစ်မ လီနာ ပြောတယ်။
အောက်တိုဘာ ၆-၁၂
ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | ဒေသနာ ၅-၆
ကြီးမြတ်တဲ့ဘုရားကို ကြည်ညိုလေးစားမှု တင်ပြကြပုံ
က၀၉ ၁၁/၁၅ ၁၁ ပိုဒ်. ၂၁
ကျမ်းစာလေ့လာခြင်းဖြင့် သင့်ဆုတောင်းချက်များ၏ အရည်အသွေးကို တိုးတက်စေပါ
၂၁ ယေရှုသည် ယုံကြည်မှုအပြည့်ဖြင့် ကြောက်ရွံ့ရိုသေစွာ ဆုတောင်းခဲ့သည်။ ဥပမာ၊ လာဇရုကို ရှင်ပြန်ထမြောက်အောင် မလုပ်ပေးမီ ကိုယ်တော်သည် “အထက်သို့ မျှော်ကြည့်လျက် ‘အဖ၊ ကျွန်ုပ်၏စကားကို နားညောင်းတော်မူသောကြောင့် ကျေးဇူးကြီးလှပါ၏။’ ကိုယ်တော်သည် ကျွန်ုပ်၏စကားကို အမြဲနားညောင်းတော်မူကြောင်း ကျွန်ုပ်သိပါ၏” ဟုဆုတောင်းခဲ့သည်။ (ယော. ၁၁:၄၁၊ ၄၂) သင်လည်း ယုံကြည်မှုအပြည့်ဖြင့် ကြောက်ရွံ့ရိုသေစွာ ဆုတောင်းပါသလော။ ယေရှု၏ စံပြဆုတောင်းချက်ကို လေ့လာပါ၊ ယင်း၏ အဓိကအချက်မှာ ယေဟောဝါ၏ နာမတော် သန့်ရှင်းမြင့်မြတ်ရန်၊ ကိုယ်တော့်နိုင်ငံတော်လာရန်၊ ကိုယ်တော့်အလိုတော် ပြည့်စုံရန်ဖြစ်ကြောင်း သင်တွေ့ရပါလိမ့်မည်။ (မ. ၆:၉၊ ၁၀) သင်၏ သီးသန့်ဆုတောင်းချက်များကို သုံးသပ်ပါ။ ယင်းတို့သည် ယေဟောဝါ၏ နိုင်ငံတော်၊ ကိုယ်တော့်အလိုတော် ဆောင်ခြင်းနှင့် နာမတော် သန့်ရှင်းမြင့်မြတ်စေခြင်းတို့ကို သင်အလွန်စိတ်ဝင်စားကြောင်း ဖော်ပြသလော။ ဖော်ပြသင့်ပါသည်။
အောက်တိုဘာ ၁၃-၁၉
ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | ဒေသနာ ၇-၈
‘အသုဘအိမ်ကို သွားပါ’
it ‘ဝမ်းနည်းပူဆွေး’ ပိုဒ်. ၉
ဝမ်းနည်းပူဆွေး
ငိုရတဲ့အချိန်။ ဒေသနာ ၃:၁၊ ၄ မှာ “ငိုရတဲ့အချိန်နဲ့ ရယ်ရတဲ့အချိန်ရှိတယ်။ မြည်တမ်းတဲ့အချိန်နဲ့ ကခုန်တဲ့အချိန် ရှိတယ်” လို့ဆိုထားတယ်။ လူသားအားလုံး သေဆုံးရတဲ့အတွက် ပွဲခံတဲ့အိမ်ကို သွားတာထက် “အသုဘအိမ်” သွားတဲ့သူဟာ ဉာဏ်ပညာရှိတယ်။ (ဒေ ၇:၂၊ ၄။ ပ ၁၄:၁၃ နဲ့နှိုင်းယှဉ်ပါ။) ဉာဏ်ပညာရှိသူဟာ အသုဘအိမ်ကို လျစ်လျူရှုပြီး အပျော်အပါးနောက် လိုက်မှာမဟုတ်ဘဲ အခွင့်အရေးယူပြီး ကျန်ရစ်သူတွေကို စာနာမှုပြ၊ နှစ်သိမ့်ပေးမှာ ဖြစ်တယ်။ ဒီလိုလုပ်တဲ့အတွက် ကိုယ်တိုင် သေဆုံးရမှာကို အမှတ်ရပြီး ဖန်ဆင်းရှင်အပေါ် မှန်ကန်တဲ့ စိတ်သဘောထား မွေးမြူနိုင်မယ်။
က၁၉.၀၆ ၂၃-၂၄ ပိုဒ်. ၁၅
စိတ်ဖိစီးမှုကို ရင်ဆိုင်ဖြေရှင်းနိုင်ဖို့ တခြားသူတွေကို ကူညီပါ
၁၅ လွန်ခဲ့တဲ့နှစ် အနည်းငယ်မှာ ဝီလျံရဲ့ ဇနီး သေဆုံးသွားတယ်။ သူ ဒီလိုပြောတယ်– “ကျွန်တော့်ဇနီးရဲ့ ကောင်းကြောင်းကို တခြားသူတွေ ပြောတဲ့အခါ သူ့ကို ချစ်ခင်လေးစားကြမှန်း သိရလို့ ကျေနပ်လိုက်တာ။ အဲဒါက အတော့်ကို အကူအညီ ဖြစ်စေတယ်။ သူဟာ ကျွန်တော့်အတွက် တန်ဖိုးရှိသူ၊ အရေးပါသူဆိုတော့ အဲဒီလို စကားတွေက နှစ်သိမ့်မှု ဖြစ်စေတယ်။” ခင်ပွန်းဆုံးသွားတဲ့ ဘီယန်ကာ ဒီလိုပြောတယ်– “တခြားသူတွေ ကျွန်မနဲ့အတူ ဆုတောင်းပြီး ကျမ်းချက် တစ်ချက် နှစ်ချက် ဖတ်ပြတဲ့အခါ နှစ်သိမ့်မှု ရတယ်။ ကျွန်မယောက်ျားအကြောင်း သူတို့ပြောတဲ့အခါ၊ သူ့အကြောင်း ကျွန်မပြောတာကို နားထောင်ပေးကြတဲ့အခါ နှစ်သိမ့်မှု ရတယ်။”
က၁၇.၀၇ ၁၆ ပိုဒ်. ၁၆
“ငိုကြွေးသူတွေနဲ့အတူ ငိုကြွေးပါ”
၁၆ ဝမ်းနည်းကြေကွဲနေသူနဲ့အတူ ဆုတောင်းတာ၊ သူ့အတွက် ဆုတောင်းပေးတာကလည်း အထောက်အကူ ဖြစ်တယ်။ ဒီလိုဝမ်းနည်းတဲ့အချိန်မှာ ဆုတောင်းပေးဖို့ ခက်နိုင်ပေမဲ့ မျက်ရည်တွေကြား တုန်ယင်နေတဲ့အသံနဲ့ လှိုက်လှိုက်လှဲလှဲ ဆုတောင်းပေးတာကလည်း ဝမ်းနည်းမှုကို ဖြေသိမ့်ပေးနိုင်ပါတယ်။ ဒါလင်း ပြောတယ်– “ညီအစ်မတွေ ကျွန်မကို လာနှစ်သိမ့်ပေးတဲ့အခါ ဆုတောင်းပေးပါလို့ တောင်းဆိုတယ်။ သူတို့ ဆုတောင်းတဲ့အခါ အစပိုင်းမှာတော့ ခက်ပေမဲ့ တစ်ခွန်းနှစ်ခွန်း ပြောပြီးတဲ့အခါ သူတို့ရဲ့အသံက ပိုအားရှိလာပြီး ခံစားချက် ပိုပါလာတယ်။ သူတို့ရဲ့ ခိုင်ခံ့တဲ့ ယုံကြည်ခြင်း၊ မေတ္တာ၊ ဂရုစိုက်မှုက တကယ်ပဲ ယုံကြည်ခြင်း ခိုင်ခံ့စေတယ်။”
က၁၇.၀၇ ၁၆ ပိုဒ်. ၁၇-၁၉
“ငိုကြွေးသူတွေနဲ့အတူ ငိုကြွေးပါ”
၁၇ ဝမ်းနည်းပူဆွေးမှု ကြာရှည်ချိန်က တစ်ယောက်နဲ့ တစ်ယောက် မတူဘူး။ ဒါကြောင့် မိတ်ဆွေ၊ ဆွေမျိုးတွေရှိနေတဲ့ အစပိုင်း ရက်တွေမှာသာ မဟုတ်ဘဲ နောက်ပိုင်းလတွေမှာလည်း သူတို့ဆီ သွားပေးပါ။ “မိတ်ဆွေစစ်ဆိုတာ အချိန်အခါမရွေး မေတ္တာပြတတ်တယ်။ သူဟာ ဒုက္ခရောက်ချိန်မှာ အားကိုးရတဲ့ ညီအစ်ကိုပဲ။” (ပညာ. ၁၇:၁၇) ဝမ်းနည်းကြေကွဲနေချိန်တစ်လျှောက် ခရစ်ယာန်ချင်းတွေက တကယ်နှစ်သိမ့်မှု ပေးပါတယ်။—၁ သက်သာလောနိတ် ၃:၇ ကိုဖတ်ပါ။
၁၈ ဝမ်းနည်းပူဆွေးသူတွေဟာ နှစ်ပတ်လည်နေ့တွေ၊ တေးသံ၊ ဓာတ်ပုံ၊ လုပ်ဆောင်မှု၊ အနံ့၊ အသံ၊ ရာသီဥတု တစ်မျိုးမျိုးကြောင့် ပြန်သတိရပြီး ဝမ်းနည်းပူဆွေးနိုင်တယ်။ ကျန်ရစ်သူ အိမ်ထောင်ဖက်ဟာ ပထမဆုံးအနေနဲ့ တစ်ယောက်တည်း အစည်းအဝေးပွဲ၊ အောက်မေ့ရာပွဲ တက်တဲ့အခါ အထူးသဖြင့် ဝမ်းနည်းနာကျင်နိုင်တယ်။ “ကျွန်တော့်ရဲ့ ပထမဆုံး မင်္ဂလာနှစ်ပတ်လည်နေ့မှာ အတော်ဝမ်းနည်းမယ်၊ လွယ်မှာ မဟုတ်ဘူးလို့ ထင်ခဲ့တယ်။ ဒါပေမဲ့ ညီအစ်ကို/မတချို့က ရင်းနှီးတဲ့ မိတ်ဆွေတွေနဲ့ စုဆုံမှုလေးတစ်ခု စီစဉ်ခဲ့လို့ တစ်ယောက်တည်း မဖြစ်ခဲ့ဘူး” လို့ ညီအစ်ကိုတစ်ယောက် ပြောတယ်။
၁၉ ဝမ်းနည်းပူဆွေးသူတွေဟာ အထူးအခါသမယတွေမှာပဲ အားပေးမှု လိုအပ်တာ မဟုတ်ကြောင်း သတိရပါ။ ယူနီယာ ဒီလိုပြောတယ်– “အထူးနှစ်ပတ်လည်နေ့တွေမှာ မဟုတ်ဘဲ အခါအားလျော်စွာ ကူညီ၊ ပေါင်းသင်းပေးတာကလည်း အလွန်အကျိုးရှိနိုင်တယ်။ အဲဒီလိုအချိန်အခါတွေက အလွန်တန်ဖိုးရှိပြီး နှစ်သိမ့်မှု ခံစားရစေတယ်။” ချစ်ရသူ ဆုံးပါးသွားသူတွေရဲ့ ဝမ်းနည်းပူဆွေးမှုကို အပြည့်အဝ မဖယ်ရှားပေးနိုင်ဘူး။ ဒါပေမဲ့ လက်တွေ့ကျကျ ကူညီပေးမယ်ဆိုရင် အတိုင်းအတာတစ်ခုအထိတော့ နှစ်သိမ့်မှု ပေးနိုင်ပါတယ်။ (၁ ယော. ၃:၁၈) ဂါဘီ ပြောတယ်– “ခက်ခဲချိန်တစ်လျှောက်မှာ ကူညီပေးခဲ့တဲ့ မေတ္တာရှိ အကြီးအကဲတွေအတွက် ယေဟောဝါကို သိပ်ကျေးဇူးတင်တယ်။ ယေဟောဝါရဲ့ မေတ္တာလက်တော်က ကျွန်မကို ပွေ့ပိုက်ထားတယ်လို့ ခံစားရစေတယ်။”
အောက်တိုဘာ ၂၀-၂၆
ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | ဒေသနာ ၉-၁၀
ကြုံနေရတဲ့ အခက်အခဲတွေကို တော်မှန်စွာ ရှုမြင်ပါ
က၁၃ ၈/၁၅ ၁၄ ပိုဒ်. ၂၀-၂၁
ယေဟောဝါကို ဘယ်တော့မှ ဒေါသမထွက်ပါနဲ့
၂၀ ပြဿနာတွေရဲ့ တကယ့်အကြောင်းရင်းကို သတိရပါ။ ကျွန်ုပ်တို့ရဲ့ပြဿနာတချို့က ကျွန်ုပ်တို့ကိုယ်တိုင်ကြောင့် ဖြစ်တယ်ဆိုတာကို သိဖို့လိုတယ်။ (ဂလ. ၆:၇) အဲဒီပြဿနာတွေအတွက် ယေဟောဝါကို အပြစ်မတင်သင့်ဘူး။ ဘာကြောင့်လဲ။ ဒီဥပမာကို စဉ်းစားကြည့်ပါ– ကားတစ်စီးကို အရှိန်မြင့်မြင့်နဲ့ မောင်းလို့ရတယ်ဆိုပါစို့။ လမ်းကွေ့တစ်နေရာမှာ ကားသမားက အရှိန်ပြင်းပြင်းနဲ့ မောင်းလိုက်လို့ ကားမှောက်သွားတယ်။ ဒီမတော်တဆမှုအတွက် ကားထုတ်တဲ့စက်ရုံကို အပြစ်တင်လို့ရမလား။ မရပါဘူး။ အဲဒီလိုပဲ ယေဟောဝါက ကျွန်ုပ်တို့ကို ကိုယ်ပိုင်ဆုံးဖြတ်ချက်ချဖို့ လွတ်လပ်ခွင့် ပေးထားတယ်။ ဒါပေမဲ့ မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေချနိုင်ဖို့ လမ်းညွှန်ချက်တွေလည်း ပေးထားတယ်။ ဒါကြောင့် ကျွန်ုပ်တို့ အမှားတွေလုပ်မိတဲ့အခါ ယေဟောဝါကို အပြစ်မတင်သင့်ဘူး။
၂၁ ဒါပေမဲ့ ကျွန်ုပ်တို့ရဲ့ ပြဿနာတွေ အားလုံးက ကျွန်ုပ်တို့ရဲ့ အပြစ်တွေ၊ အမှားတွေကြောင့်ပဲတော့ မဟုတ်ပါဘူး။ တချို့အဖြစ်အပျက်တွေက “မမျှော်လင့်ထားတဲ့အချိန်မှာ မမျှော်လင့်ထားတဲ့ဖြစ်ရပ်တွေကြောင့်” ဖြစ်တာပါ။ (ဒေ. ၉:၁၁၊ ကဘ) ဒါပေမဲ့ ကမ္ဘာပေါ်မှာ ဖြစ်ပေါ်နေတဲ့ ဆိုးသွမ်းမှုတွေရဲ့ အဓိကတရားခံက စာတန်မာရ်နတ်ဆိုတာ ဘယ်တော့မှ မမေ့ပါနဲ့။ (၁ ယော. ၅:၁၉; ဗျာ. ၁၂:၉) ရန်သူက စာတန်ပဲ၊ ယေဟောဝါ မဟုတ်ဘူး။—၁ ပေ. ၅:၈။
က၁၉.၀၉ ၅ ပိုဒ်. ၁၀
နှိမ့်ချသူတွေကို ယေဟောဝါ တန်ဖိုးထား
၁၀ နှိမ့်ချမှုက ဘဝကိုလည်း ပိုလွယ်ကူစေတယ်။ ဘဝမှာ မမျှတတာတွေ ကြုံရလေ့ရှိတယ်။ “ကျွန်တွေက မြင်းစီးပြီး မင်းညီမင်းသားတွေကတော့ ကျွန်လို ခြေကျင်လျှောက်နေတာ ငါတွေ့ဖူးတယ်” လို့ ပညာရှိဘုရင် ရှောလမုန် ပြောဖူးတယ်။ (ဒေ. ၁၀:၇) လူတော်လူတတ်ဖြစ်တိုင်း အမြဲ အသိအမှတ်ပြုခံရတာ မဟုတ်ဘူး။ သိပ်မတော်မတတ်သူတွေ ပိုအသိအမှတ်ပြုခံရတာလည်း ရှိနိုင်တယ်။ ဒါပေမဲ့ ညည်းညူနေမယ့်အစား အဖြစ်မှန်ကို လက်ခံလိုက်တာ ပိုပညာရှိကြောင်း ရှောလမုန် အသိအမှတ်ပြုခဲ့တယ်။ (ဒေ. ၆:၉) နှိမ့်ချမှု ရှိမယ်ဆိုရင် ဖြစ်ချင်တာတွေ မဖြစ်တဲ့အခါ အရှိအတိုင်း လက်ခံဖို့ ပိုလွယ်ကူပါလိမ့်မယ်။
က၁၁ ၁၀/၁၅ ၈ ပိုဒ်. ၁-၂
သင့်အပန်းဖြေမှုက အကျိုးပြုသလား
ယေဟောဝါက ကျွန်ုပ်တို့ကို အသက်ရှင်စေရုံသာမက အသက်တာကို ပျော်မွေ့စေလိုကြောင်း သမ္မာကျမ်းစာထဲမှာ ဖော်ပြထားတာကို တွေ့ရတယ်။ ဥပမာ၊ ဆာလံ ၁၀၄:၁၄၊ ၁၅ မှာ ယေဟောဝါက ‘လူသုံးဖို့ စပါးပင်ကို ပေါက်စေတော်မူသဖြင့် မြေကြီးထဲက မုန့်ကို ထုတ်ဖော်တော်မူ၏။ စပျစ်ရည်သည်လည်း လူတို့ကို ရွှင်လန်းစေ၏။ ဆီအားဖြင့်လည်း သူတို့မျက်နှာကို ပြောင်စေတော်မူ၏။ မုန့်သည်လည်း သူတို့နှလုံးကို ထောက်မ၏’ လို့ ဖော်ပြထားတယ်။ ယေဟောဝါက ကျွန်ုပ်တို့ အသက်ဆက်ရှင်သန်ဖို့အတွက် မြေကြီးထဲကနေ အသီးအနှံပင်တွေ ပေါက်စေခြင်းအားဖြင့် စပါး၊ ဆီနဲ့ စပျစ်ရည် ဒါမှမဟုတ် ဝိုင်တို့ကို ရရှိစေတယ်။ ဝိုင်က မရှိမဖြစ်လိုအပ်တဲ့အရာ မဟုတ်ပေမဲ့ လူကို “ရွှင်လန်း” စေတယ်။ ဒါက အသက်ဆက်ရှင်စေရုံလောက်သာမကဘဲ အသက်တာကို ပျော်မွေ့စေတယ်။ (ဒေ. ၉:၇; ၁၀:၁၉) အမှန်ပါပဲ၊ ယေဟောဝါက ကျွန်ုပ်တို့ကို ရွှင်လန်းစေလိုပြီး “စိတ်နှလုံးကို ဝမ်းမြောက်ခြင်းနှင့် ပြည့်စုံစေ” လိုတယ်။—တ. ၁၄:၁၆၊ ၁၇။
၂ ဒါကြောင့် “မိုးကောင်းကင်ငှက်များ” နဲ့ “တောနှင်းပင်တို့” ကိုလေ့လာကြည့်ရှုဖို့ အချိန်ယူတာ ဒါမှမဟုတ် ကျွန်ုပ်တို့ကို လန်းဆန်းစေ၊ ပျော်ရွှင်စေတဲ့ လုပ်ဆောင်မှုတွေမှာ ပါဝင်တာကို အပြစ်ရှိတယ်လို့ မခံစားသင့်ဘူး။ (မ. ၆:၂၆၊ ၂၈; ဆာ. ၈:၃၊ ၄) ကျန်းမာပျော်ရွှင်တဲ့ အသက်တာက “ဘုရားသခင် ပေးသနားတော်မူသော ဆုကျေးဇူး” ဖြစ်တယ်။ (ဒေ. ၃:၁၂၊ ၁၃၊ ခမ) အပန်းဖြေ အနားယူတဲ့အချိန်ကို ဘုရားသခင်ပေးတဲ့ ဆုလက်ဆောင်အဖြစ် ယူမှတ်ခြင်းက အဲဒီဆုကို ဘုရားသခင် နှစ်သက်တဲ့နည်းအတိုင်း အသုံးပြုစေပါလိမ့်မယ်။
အောက်တိုဘာ ၂၇–နိုဝင်ဘာ ၂
ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | ဒေသနာ ၁၁-၁၂
ပျော်ရွှင်၊ ကျန်းမာတဲ့ အသက်တာ ပိုင်ဆိုင်နိုင်ပုံ
န ၃/၁၅ ၁၃ ပိုဒ်. ၆-၇
လေကောင်းလေသန့်နဲ့ နေရောင်ခြည်—သဘာဝ “ပဋိဇီဝဆေး” တွေလား
နေရောင်ခြည်ထဲမှာလည်း အဲဒီလို အာနိသင်မျိုး ရှိတယ်။ “လေကတစ်ဆင့် ကူးစက်တဲ့ ရောဂါပိုးတွေဟာ နေရောင်ခြည်ဒဏ်ကို မခံနိုင်ကြဘူး” ဆိုပြီး စာအုပ် တစ်အုပ် (The Journal of Hospital Infection) မှာ ရှင်းပြထားတယ်။
နေရောင်ခြည်နဲ့ လေကောင်းလေသန့်ကနေ အကျိုးခံစားချင်တယ်ဆိုရင် ဘာလုပ်နိုင်သလဲ။ အိမ်အပြင် ခဏထွက်ပြီး နေပူဆာလှုံပါ။ လေကောင်းလေသန့်ရှူပါ။ အကျိုးရှိပါလိမ့်မယ်။
က၂၃.၀၂ ၂၁ ပိုဒ်. ၆-၇
ဘုရားပေး အသက်ဆုလက်ဆောင်ကို တန်ဖိုးထားလေးမြတ်ပါ
၆ ကျမ်းစာဟာ ဆေးကျမ်း၊ အစားအသောက် လမ်းညွှန်စာအုပ် မဟုတ်ပေမဲ့ ဒီကဏ္ဍတွေနဲ့ပတ်သက်တဲ့ ယေဟောဝါရဲ့ အမြင်ကို ဖော်ပြတယ်။ ဥပမာ၊ ခန္ဓာကိုယ်ကို ‘ထိခိုက်စေတဲ့ အရာတွေကနေ ကာကွယ်’ ဖို့ ဘုရား တိုက်တွန်းထားတယ်။ (ဒေ. ၁၁:၁၀) စားကြူးသောက်ကြူးတာ အသက်အန္တရာယ်ရှိလို့ ရှောင်ဖို့ ကျမ်းစာမှာ ပြောထားတယ်။ (ပညာ. ၂၃:၂၀) ဘာစားမယ်၊ ဘယ်လောက် စားမယ် ဆုံးဖြတ်ရာမှာ ချုပ်တည်းမှု ရှိဖို့ ယေဟောဝါ မျှော်လင့်တယ်။—၁ ကော. ၆:၁၂။ ၉:၂၅။
၇ စဉ်းစားဆင်ခြင်နိုင်စွမ်း သုံးပြီး ဆုံးဖြတ်ခြင်းအားဖြင့် ဘုရားပေး အသက် ဆုလက်ဆောင်ကို တန်ဖိုးထားလေးမြတ်ကြောင်း ပြနိုင်တယ်။ (ဆာ. ၁၁၉:၉၉၊ ၁၀၀။ ပညာအလိမ္မာ ၂:၁၁ ကို ဖတ်ပါ။) ဥပမာ၊ အစားအသောက် ရွေးချယ်တဲ့အခါ သေသေချာချာ စဉ်းစားကြတယ်။ ကိုယ်ကြိုက်တဲ့ အစားအစာ ဖြစ်နေရင်တောင် ကျန်းမာရေး ထိခိုက်စေတယ်ဆိုရင် ရှောင်ကြတယ်။ ဒါ့အပြင် လုံလုံလောက်လောက် အိပ်စက်တာ၊ လေ့ကျင့်ခန်း မှန်မှန် လုပ်တာ၊ တစ်ကိုယ်ရည် သန့်ရှင်းမှု၊ အိမ်သန့်ရှင်းမှု ရှိတာကလည်း ကျန်းမာရေးအတွက် အထောက်အကူပြုတယ်။