လေ့လာရန် ဆောင်းပါး ၃၉
သီချင်း ၅၄ ‘ဒီလမ်းပါပဲ’
‘စိတ်ရင်းမှန်သူတွေ’ ကို တုံ့ဆိုင်းမနေဘဲ ကူညီပေးပါ
“ထာဝရအသက် ရဖို့ စိတ်ရင်းမှန်နဲ့ ကြိုးစားတဲ့သူတွေဟာ ယုံကြည်သူတွေ ဖြစ်လာကြတယ်။”—တ. ၁၃:၄၈။
အာရုံစိုက်ရာ
စိတ်ဝင်စားသူ တွေ့တဲ့အခါ တုံ့ဆိုင်းမနေဘဲ ကျမ်းစာလေ့လာမှု ကမ်းလှမ်းဖို့၊ အစည်းအဝေး ဖိတ်ဖို့ အရေးကြီးတယ်။
၁။ သတင်းကောင်း ကြားတဲ့အခါ လူတွေ ဘယ်လို တုံ့ပြန်ကြသလဲ။ (တမန်တော် ၁၃:၄၇၊ ၄၈။ ၁၆:၁၄၊ ၁၅)
ပထမရာစုမှာ လူများစွာက ကျမ်းစာသတင်းတရား ကြားကြားချင်းပဲ ဝမ်းသာအားရ လက်ခံကြတယ်။ (တမန်တော် ၁၃:၄၇၊ ၄၈။ ၁၆:၁၄၊ ၁၅ ကို ဖတ်ပါ။) ဒီနေ့ခေတ်မှာလည်း တချို့က ဦးဆုံးအကြိမ် သတင်းကောင်း ကြားတာနဲ့ ဝမ်းသာအားရ လက်ခံကြတယ်။ တချို့ကျတော့ စစချင်း စိတ်မဝင်စားပေမဲ့ တဖြည်းဖြည်း လက်ခံလာကြတယ်။ အမှုဆောင်မှာ ‘စိတ်ရင်းမှန်သူတွေ’ တွေ့တဲ့အခါ ကျွန်တော်တို့ ဘာလုပ်သင့်သလဲ။
၂။ တပည့်ဖြစ်စေခြင်းလုပ်ငန်းကို စိုက်ပျိုးရေးလုပ်ငန်းနဲ့ ဘယ်လို နှိုင်းယှဉ်နိုင်သလဲ။
၂ တပည့်ဖြစ်စေခြင်းလုပ်ငန်းကို စိုက်ပျိုးရေးလုပ်ငန်းနဲ့ နှိုင်းယှဉ်နိုင်တယ်။ လယ်သမားက အပင်တစ်ပင်မှာ သီးနှံမှည့်ဝင်းပြီဆိုတာနဲ့ ဆွတ်ခူးနှင့်တယ်။ ဆွတ်ခူးလို့မရသေးတဲ့ အပင်တွေကို ဆက်ပြီး ရေလောင်းပေါင်းသင်တယ်။ အဲဒီလိုပဲ သတင်းတရား လက်ခံဖို့ အဆင်သင့်ဖြစ်သူတွေကို တွေ့တဲ့အခါ မြန်နိုင်သမျှမြန်မြန် ခရစ်တော်ရဲ့ တပည့် ဖြစ်လာဖို့ ကျွန်တော်တို့ ကူညီပေးကြတယ်။ တစ်ဖက်မှာ အဆင်သင့်မဖြစ်သေးသူတွေကို သတင်းတရားရဲ့ တန်ဖိုး သိလာဖို့ ဆက်ကူညီပေးကြတယ်။ (ယော. ၄:၃၅၊ ၃၆) လူတစ်ယောက် သတင်းတရား လက်ခံဖို့ အဆင်သင့်ဖြစ်မဖြစ် ပိုင်းခြားတတ်မှ ဘယ်လို ကူညီရင် အကောင်းဆုံး ဖြစ်မယ်ဆိုတာ သိမယ်။ သတင်းတရား လက်ခံချင်သူတွေကို တွေ့တွေ့ချင်းမှာ ဘယ်လို ကူညီပေးနိုင်သလဲ၊ ဆက်တိုးတက်လာဖို့ ဘယ်လို ကူညီပေးနိုင်သလဲဆိုတာ ဆွေးနွေးကြရအောင်။
သတင်းတရား လက်ခံချင်သူ တွေ့တဲ့အခါ
၃။ အမှုဆောင်မှာ စိတ်ဝင်စားသူ တွေ့တဲ့အခါ ဘာလုပ်သင့်သလဲ။ (၁ ကောရိန္သု ၉:၂၆)
၃ အမှုဆောင်မှာ စိတ်ဝင်စားသူ တွေ့တဲ့အခါ အသက်လမ်းပေါ် သူ အမြန်ဆုံး စလျှောက်လှမ်းလာဖို့ ကူညီပေးချင်တယ် မဟုတ်လား။ ဒါဆိုရင် ဦးဆုံးတွေ့ဆုံချိန်မှာတင် တုံ့ဆိုင်းမနေဘဲ ကျမ်းစာလေ့လာမှု ကမ်းလှမ်းသင့်တယ်။ အစည်းအဝေး ဖိတ်သင့်တယ်။—၁ ကောရိန္သု ၉:၂၆ ကို ဖတ်ပါ။
၄။ ကျမ်းစာလေ့လာဖို့ တချို့ အဆင်သင့်ဖြစ်နေကြောင်း တွေ့ကြုံမှု ပြောပြပါ။
၄ ကျမ်းစာလေ့လာမှု ကမ်းလှမ်းပါ။ တချို့က ကျမ်းစာလေ့လာဖို့ အဆင်သင့်ပဲ။ ဥပမာ၊ ကနေဒါနိုင်ငံက မိန်းကလေးတစ်ယောက် ကြာသပတေးနေ့တစ်နေ့မှာ အများရှေ့ သက်သေခံခြင်းစင်ကို ရောက်လာပြီး ပျော်စရာဘဝ ထာဝရ စံစားကြ စာစောင် ယူကြည့်တယ်။ အဲဒီစာစောင်နဲ့ အခမဲ့ ကျမ်းစာလေ့လာလို့ရတဲ့အကြောင်း စင်နားမှာ ရပ်နေတဲ့ ညီအစ်မ ရှင်းပြတယ်။ မိန်းကလေး စိတ်ဝင်စားသွားပြီး ဖုန်းနံပါတ် အပြန်အလှန် ပေးကြတယ်။ ဘယ်တော့ စလေ့လာလို့ရမလဲဆိုပြီး အဲဒီနေ့မှာပဲ မိန်းကလေး စာပို့ပြီး မေးတယ်။ စနေနေ့ အားသလားလို့ ညီအစ်မ မေးတော့ “မနက်ဖြန် လာခဲ့ပါလား။ ကျွန်မ အားတယ်” ဆိုပြီး ဖြေတယ်။ ဒါနဲ့ နောက်တစ်နေ့ သောကြာနေ့မှာ ကျမ်းစာစလေ့လာတယ်။ အဲဒီအပတ် တနင်္ဂနွေနေ့မှာပဲ အစည်းအဝေး စတက်ပြီး မြန်မြန်ဆန်ဆန် တိုးတက်လာတယ်။
၅။ လူတစ်ယောက် ကျမ်းစာလေ့လာဖို့ အဆင်သင့်မဖြစ်သေးရင် ကျွန်တော်တို့ ဘာလုပ်နိုင်သလဲ။ (ရုပ်ပုံကိုလည်း ကြည့်ပါ။)
၅ သတင်းကောင်း ကြားသူတိုင်း အဲဒီမိန်းကလေးလို အားတက်သရော ရှိနေမယ်လို့တော့ မပြောနိုင်ပါဘူး။ တချို့က လက်ခံဖို့ အချိန် ပိုလိုအပ်နိုင်တယ်။ အဲဒီလိုအခြေအနေမျိုးမှာ သူတို့ စိတ်ဝင်စားလောက်မယ့် အကြောင်းအရာနဲ့ စကားစကြည့်ပါ။ သူတို့အပေါ် မျှော်လင့်ချက်ထားမယ်၊ စိတ်ဝင်တစား ရှိမယ်ဆိုရင် အချိန်တိုအတွင်းမှာပဲ ကျမ်းစာလေ့လာမှု စကောင်း စနိုင်မယ်။ ဒါဆိုရင် ကျမ်းစာလေ့လာမှု ဘယ်လို ကမ်းလှမ်းနိုင်သလဲ။ ကျမ်းစာလေ့လာမှု ကမ်းလှမ်းရာမှာ သိပ်တော်တဲ့ ကြေညာသူ၊ ရှေ့ဆောင် တော်တော်များများ ဘယ်လို အကြံပေးထားကြသလဲ ကြည့်ရအောင်။
ရုပ်ပုံမှာ ပါသူတွေ ကျမ်းစာလေ့လာချင်လာအောင် ဘယ်လို ပြောနိုင်သလဲ (စာပိုဒ် ၅-၆ ကို ကြည့်ပါ)a
၆။ ကျမ်းစာလေ့လာမှု ဘယ်လို ကမ်းလှမ်းနိုင်သလဲ။
၆ ဒေသတချို့မှာ ကျမ်းစာလေ့လာမှု ကမ်းလှမ်းတဲ့အခါ “သင်အံမှု၊” “သင်ပေး” စတဲ့ အသုံးအနှုန်းတွေ ထည့်မပြောဘဲ “လာလည်၊” “လာပြောပြ” ဆိုတဲ့ အသုံးအနှုန်းတွေ သုံးတာ ပိုကောင်းတယ်လို့ ညီအစ်ကို/မတွေ ပြောကြတယ်။ တစ်ကြိမ်တစ်ခါပဲ တွေ့ဆုံပြောပြချင်တာ မဟုတ်မှန်း သိအောင်ကော ဘယ်လို ပြောနိုင်သလဲ။ “ဘဝအတွက် သိပ်အရေးကြီးတဲ့ မေးခွန်းတွေကို ကျမ်းစာမှာ ဘယ်လို အဖြေပေးထားသလဲ ထပ်ပြောပြချင်သေးတယ်” ဒါမှမဟုတ် “ကျမ်းစာဆိုတာ ဘာသာရေးစာအုပ်သက်သက် မဟုတ်ဘူး။ လူတွေကို လက်တွေ့ကျကျ အကျိုးပြုတဲ့စာအုပ်။ ဘယ်လို အကျိုးပြုသလဲ သိချင်သလား” စသဖြင့် ပြောနိုင်တယ်။ ဒါ့အပြင် “အချိန်အများကြီး မပေးရဘူး။ ၁၀ မိနစ်၊ ၁၅ မိနစ်နဲ့ အကျိုးရှိတာ တစ်ခုခု သိသွားမှာ” လို့လည်း ထည့်ပြောပါ။ “အပတ်တိုင်း” ဆိုတဲ့ အသုံးအနှုန်းမျိုး မသုံးပါနဲ့။ တာဝန်ကြီးတစ်ခုလို ခံစားသွားနိုင်လို့ပါ။
၇။ အမှန်တရား တွေ့ပြီဆိုတာ လူတချို့ ဘယ်အချိန်မှာ သိသွားကြသလဲ။ (၁ ကောရိန္သု ၁၄:၂၃-၂၅)
၇ အစည်းအဝေး ဖိတ်ပါ။ တမန်တော် ပေါလုခေတ်တုန်းက လူတချို့ဟာ ခရစ်ယာန်အစည်းအဝေး ဦးဆုံး လာတက်ချိန်မှာပဲ အမှန်တရား တွေ့ပြီဆိုတာ သိသွားကြပုံရတယ်။ (၁ ကောရိန္သု ၁၄:၂၃-၂၅ ကို ဖတ်ပါ။) ဒီနေ့ခေတ်မှာလည်း စိတ်ဝင်စားသူများစွာဟာ အသင်းတော်အစည်းအဝေး တက်တဲ့အခါ မြန်မြန်ဆန်ဆန် တိုးတက်လာကြတယ်။ ဒါဆိုရင် ဘယ်တော့ အစည်းအဝေး စဖိတ်သင့်သလဲ။ ပျော်စရာဘဝ ထာဝရ စံစားကြ စာအုပ် သင်ခန်းစာ ၁၀ မှာ အစည်းအဝေး လာတက်ဖို့ ဖိတ်ခေါ်ထားတဲ့အပိုင်း ပါတယ်။ ဒါပေမဲ့ အဲဒီအပိုင်း ရောက်တဲ့အထိ စောင့်ဖို့ မလိုပါဘူး။ စတွေ့ကတည်းက အဲဒီအပတ် လူထုဟောပြောချက် ခေါင်းစဉ် ဒါမှမဟုတ် ကင်းမျှော်စင် ထဲက အချက်တစ်ချက် ပြောပြရင်း အစည်းအဝေး ဖိတ်နိုင်တယ်။
၈။ စိတ်ဝင်စားသူကို အစည်းအဝေး ဖိတ်တဲ့အခါ ဘာတွေ ပြောပြနိုင်သလဲ။ (ဟေရှာယ ၅၄:၁၃)
၈ ကျွန်တော်တို့ရဲ့ အစည်းအဝေးတွေဟာ သူ တက်ဖူးလောက်တဲ့ ဘာသာရေး ဝတ်ပြုမှုအစီအစဉ်တွေနဲ့ ဘယ်လို ကွာခြားသလဲဆိုတာ စိတ်ဝင်စားသူကို ရှင်းပြပါ။ ကျမ်းစာသင်သားတစ်ယောက် ဦးဆုံးအကြိမ် အစည်းအဝေး လာတက်တော့ “ကင်းမျှော်စင် သင်တန်းကိုင်တဲ့သူက ယောက်တိုင်းကို နာမည်နဲ့ သိနေတာလား” လို့ ကျမ်းစာသင်ပေးတဲ့ ညီအစ်မကို မေးတယ်။ အသင်းတော်တစ်ခုလုံး မိသားစုလိုပဲ၊ အချင်းချင်း နာမည် သိကြတယ်ဆိုပြီး ညီအစ်မ ရှင်းပြလိုက်တယ်။ သူ့ဘုရားကျောင်းနဲ့ ကွာလိုက်တာလို့ သင်သား ပြောလာတယ်။ နောက်ထပ်ကော ဘယ်ကွာခြားချက်တွေအကြောင်း ပြောပြနိုင်သလဲ။ စည်းဝေးရတဲ့ ရည်ရွယ်ချက်ပါ။ (ဟေရှာယ ၅၄:၁၃ ကို ဖတ်ပါ။) ယေဟောဝါကို ဝတ်ပြုဖို့၊ ယေဟောဝါဆီက သင်ယူဖို့၊ အချင်းချင်း အားပေးဖို့ ကျွန်တော်တို့ စည်းဝေးကြတာ။ (ဟီ. ၂:၁၂။ ၁၀:၂၄၊ ၂၅) ဒါကြောင့် ကျွန်တော်တို့ရဲ့ အစည်းအဝေးဟာ စည်းစနစ်ကျတယ်။ ဘာသာရေး ထုံးတမ်းဓလေ့တွေ မပါဘူး။ (၁ ကော. ၁၄:၄၀) လေ့လာသင်ယူဖို့ လာတဲ့နေရာ ဖြစ်လို့ အစည်းအဝေးခန်းမဟာ ရိုးရှင်းပြီး လင်းလင်းထင်းထင်း ရှိတယ်။ နိုင်ငံရေးမှာ ကျွန်တော်တို့ ကြားနေလို့ နိုင်ငံရေးအကြောင်း မဆွေးနွေးကြဘူး။ အချေအတင် မပြောကြဘူး။ အစည်းအဝေးခန်းမမှာ ဘာတွေ လုပ်ဆောင်ကြသလဲ ဗီဒီယို ကြိုပြထားမယ်ဆိုရင် ကျွန်တော်တို့ရဲ့ အစည်းအဝေးဟာ ဘယ်လိုမျိုးလဲဆိုတာ စိတ်ဝင်စားသူ မြင်ယောင်ကြည့်လို့ရမယ်။
၉-၁၀။ အစည်းအဝေး လာတက်ဖို့ စိတ်ဝင်စားသူ တွန့်ဆုတ်မနေအောင် ဘာလုပ်နိုင်သလဲ။ (ရုပ်ပုံကိုလည်း ကြည့်ပါ။)
၉ တချို့က အသင်းဝင်ခိုင်းမှာ စိုးလို့ အစည်းအဝေး လာတက်ဖို့ တွန့်ဆုတ်ကြတယ်။ ဧည့်သည်တွေ လာရင် ကျွန်တော်တို့ သိပ်ဝမ်းသာကြောင်း၊ တစ်ခုခု ဝင်ပြောဖို့၊ ဝင်လုပ်ဖို့ မလိုဘဲ နားထောင်ရုံ နားထောင်နိုင်ကြောင်း ပြောပြပါ။ ကလေးငယ်တွေပါ ခေါ်ပြီး မိသားစုလိုက် လာနိုင်တယ်။ ကျွန်တော်တို့ရဲ့ အစည်းအဝေးမှာ ကလေးတွေအတွက် သီးသန့်အစီအစဉ် မရှိပါဘူး။ မိဘနဲ့ သားသမီး အတူတူ ထိုင်ပြီး လေ့လာသင်ယူကြတယ်။ ကိုယ့်မျက်စိအောက်မှာပဲဆိုတော့ မိဘတွေ စိတ်ပူဖို့ မလိုဘူး။ ကိုယ့်သားသမီး ဘာတွေ သင်ယူနေသလဲ သိရတယ်။ (တရား. ၃၁:၁၂) အစည်းအဝေးမှာ အလှူငွေ မကောက်ဘူး။ “အခမဲ့ ရထားတဲ့အတွက် အခမဲ့ ပေးကမ်းကြပါ” ဆိုတဲ့ ယေရှုရဲ့ မိန့်မှာချက်ကို လိုက်နာကြတယ်။ (မ. ၁၀:၈) တန်ဖိုးကြီး အဝတ်အစားတွေ ဝတ်လာဖို့ မလိုဘူး။ ဘုရားသခင်က အပြင်ပန်းကို မကြည့်ဘူး။ နှလုံးသားကိုပဲ ကြည့်တယ်။—၁ ရှ. ၁၆:၇။
၁၀ စိတ်ဝင်စားသူ အစည်းအဝေး လာတက်တဲ့အခါ လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါ။ အကြီးအကဲတွေ၊ ညီအစ်ကို/မတွေနဲ့ မိတ်ဆက်ပေးပါ။ ဖော်ဖော်ရွေရွေ ကြိုဆိုကြတယ်လို့ ခံစားရရင် နောက်ထပ်လာချင်မယ်။ သူ့မှာ ကျမ်းစာ မရှိဘူးဆိုရင် သင်နဲ့အတူတူ ကြည့်ခိုင်းပါ။ ကျမ်းပိုဒ်ထဲက ဘယ်စကားလုံးကို ဟောပြောသူ ရှင်းပြနေတယ်၊ အသင်းတော်လိုက် ဆွေးနွေးမှုမှာ ဘယ်စာပိုဒ်၊ ဘယ်အပိုင်းကို ဆွေးနွေးနေတယ်ဆိုတာ ပြပေးပါ။
အစည်းအဝေး မြန်မြန်လာတက်လေ ယေဟောဝါနဲ့ မြန်မြန်ရင်းနှီးလေပဲ (စာပိုဒ် ၉-၁၀ ကို ကြည့်ပါ)
ကျမ်းစာစလေ့လာတဲ့အခါ
၁၁။ တစ်ယောက်ယောက် ကျမ်းစာစလေ့လာတဲ့အခါ ဘာတွေ သတိရသင့်သလဲ။
၁၁ တစ်ယောက်ယောက် ကျမ်းစာစလေ့လာတဲ့အခါ ဘာတွေ သတိရသင့်သလဲ။ သူ့မှာ သူ့အချိန်နဲ့သူ လုပ်စရာတွေ ရှိနိုင်တယ်ဆိုတာ သတိရပါ။ သင့်ဒေသက လူတွေ အချိန်မလေးစားကြရင်တောင် ချိန်းထားတဲ့အချိန် သူ့ဆီ ရောက်အောင် သွားပါ။ ဦးဆုံးအကြိမ် လေ့လာတဲ့အခါ အချိန်အကြာကြီး မယူပါနဲ့။ နောက်အခေါက်တွေမှာလည်း သူ ထပ်သိချင်တယ်ဆိုရင်တောင် အချိန်ထပ်မယူတာ ကောင်းတယ်လို့ အတွေ့အကြုံရှိ ညီအစ်ကို/မတချို့ အကြံပေးကြတယ်။ ဒါ့အပြင် ကိုယ့်ဘက်က စကားများများ မပြောဘဲ သူ့ကို ပြောခွင့်ပေးပါ။—ပညာ. ၁၀:၁၉။
၁၂။ တစ်ယောက်ယောက် ကျမ်းစာစလေ့လာတဲ့အခါ ကျွန်တော်တို့ရဲ့ ပန်းတိုင်ဟာ ဘာဖြစ်သင့်သလဲ။
၁၂ တစ်ယောက်ယောက် ကျမ်းစာစလေ့လာတဲ့အခါ ကျွန်တော်တို့ရဲ့ ပန်းတိုင်ဟာ ဘာဖြစ်သင့်သလဲ။ ယေဟောဝါနဲ့ ယေရှုကို သူ သိကျွမ်းပြီး ချစ်လာအောင် ကူညီပေးဖို့ ဖြစ်သင့်တယ်။ ဒါကြောင့် ကိုယ့်ကို၊ ကိုယ်သိထားတာတွေကို အာရုံမစိုက်စေဘဲ ကျမ်းစာအဆိုကို အာရုံစိုက်စေပါ။ (တ. ၁၀:၂၅၊ ၂၆) ယေဟောဝါကို လူတွေ သိကျွမ်းပြီး ချစ်လာအောင် ယေရှုခရစ် ကူညီပေးတယ်။ ဒါကြောင့် တခြားသူတွေကို တမန်တော် ပေါလု သွန်သင်တဲ့အခါ ယေရှုခရစ်အကြောင်း အဓိက အာရုံစိုက်စေတယ်။ (၁ ကော. ၂:၁၊ ၂) ရွှေ၊ ငွေ၊ ကျောက်မျက်ရတနာတွေနဲ့ ခိုင်းနှိုင်းနိုင်တဲ့ အရည်အသွေးကောင်းတွေ ရှိလာဖို့ ကူညီပေးတယ်။ (၁ ကော. ၃:၁၁-၁၅) အဲဒီထဲမှာ ယုံကြည်ခြင်း၊ ဉာဏ်ပညာ၊ ပိုင်းခြားသိမြင်နိုင်စွမ်း၊ ယေဟောဝါကို ကြောက်ရွံ့ခြင်း စတဲ့ အရည်အသွေးတွေ ပါတယ်။ (ဆာ. ၁၉:၉၊ ၁၀။ ပညာ. ၃:၁၃-၁၅။ ၁ ပေ. ၁:၇) သင်လည်း သင်သား ယုံကြည်ခြင်း ခိုင်ခံ့လာဖို့၊ ကောင်းကင်ဘုံစံအဖနဲ့ ရင်းနှီးလာဖို့ ကူညီပေးတဲ့အခါ ပေါလုရဲ့ သွန်သင်နည်းကို အတုယူပါ။—၂ ကော. ၁:၂၄။
၁၃။ သင်သားကို ကူညီပေးတဲ့အခါ စိတ်ရှည်ကြောင်း၊ အကျိုးသင့်အကြောင်းသင့်ရှိကြောင်း ဘယ်လို ပြနိုင်သလဲ။ (၂ ကောရိန္သု ၁၀:၄၊ ၅) (ရုပ်ပုံကိုလည်း ကြည့်ပါ။)
၁၃ ယေရှုရဲ့ သွန်သင်နည်းကိုကော ဘယ်လို အတုယူနိုင်သလဲ။ စိတ်ရှည်ခြင်း၊ အကျိုးသင့်အကြောင်းသင့်ရှိခြင်းအားဖြင့်ပါ။ သင်သားကို စိတ်ကသိကအောက်ဖြစ်စေမယ့် မေးခွန်းတွေ မမေးပါနဲ့။ သူ နားလည်ဖို့ခက်တဲ့ အချက်တွေ ရှိရင် ခဏထားခဲ့ပြီး နောက်မှ ပြန်ဆွေးနွေးပါ။ လက်ခံဖို့ အတင်း ဖိအားမပေးပါနဲ့။ သူ့စိတ်နှလုံးထဲ အမှန်တရား အမြစ်စွဲလာဖို့ အချိန်ပေးပါ။ (ယော. ၁၆:၁၂။ ကော. ၂:၆၊ ၇) သူ့ဆီကနေ ကျွန်တော်တို့ ဖြိုဖျက်ပေးရမယ့် သွန်သင်ချက်အမှားတွေဟာ “အခိုင်အမာ အမြစ်စွဲနေတာတွေ” နဲ့ တူတယ်လို့ ကျမ်းစာ ဆိုတယ်။ “အခိုင်အမာ အမြစ်စွဲနေတာတွေ” လို့ ပြန်ဆိုထားတဲ့ စကားလုံးဟာ မူရင်းလိုဆိုရင် “ရဲတိုက်” ဖြစ်တယ်။ (၂ ကောရိန္သု ၁၀:၄၊ ၅ ကို ဖတ်ပါ။) ရဲတိုက်ကို ကျွန်တော်တို့ မဖြိုပစ်ခင် သူ ပြေးဝင်ခိုလှုံစရာနေရာ ရှိလာဖို့ ကူညီပေးရမယ်။ တစ်နည်းအားဖြင့် ယေဟောဝါကို ခိုလှုံရာအဖြစ် ယုံကြည်ကိုးစားတတ်လာအောင် ကူညီပေးရမယ်။ ဒါမှ အခိုင်အမာ အမြစ်စွဲနေတဲ့ သွန်သင်ချက်အမှားတွေကို သူ စွန့်လွှတ်နိုင်မယ်။—ဆာ. ၉၁:၉။
သင်သားရဲ့ စိတ်နှလုံးထဲ အမှန်တရား အမြစ်စွဲလာဖို့ အချိန်ပေးပါ (စာပိုဒ် ၁၃ ကို ကြည့်ပါ)
ဧည့်သည်တွေ အစည်းအဝေး လာတက်တဲ့အခါ
၁၄။ အစည်းအဝေး လာတက်တဲ့ ဧည့်သည်တွေကို ဘယ်လို ဆက်ဆံသင့်သလဲ။
၁၄ လူမျိုး၊ အဆင့်အတန်း မခွဲခြားဘဲ လူတိုင်းကို ကျွန်တော်တို့ မျက်နှာမလိုက်တမ်း ဆက်ဆံဖို့ ယေဟောဝါ မျှော်လင့်တယ်။ (ယာ. ၂:၁-၄၊ ၉) ဒါဆိုရင် အစည်းအဝေး လာတက်တဲ့ ဧည့်သည်တွေကို ဘယ်လို မေတ္တာပြနိုင်သလဲ။
၁၅-၁၆။ အစည်းအဝေးမှာ လှိုက်လှိုက်လှဲလှဲ ကြိုဆိုကြတယ်လို့ ဧည့်သည်တွေ ခံစားရအောင် ဘယ်လို ကူညီပေးနိုင်သလဲ။
၁၅ တချို့က စူးစမ်းချင်လို့ ဒါမှမဟုတ် တခြားဒေသက တစ်ယောက်ယောက် ညွှန်လိုက်လို့ အစည်းအဝေး လာတက်တာ ဖြစ်နိုင်တယ်။ ဒါကြောင့် ခန်းမမှာ မျက်နှာစိမ်းတစ်ယောက်ယောက် တွေ့တဲ့အခါ စကားသွားပြောပါ။ အတွင်းရေးတွေကိုတော့ နှိုက်နှိုက်ချွတ်ချွတ် မမေးပါနဲ့။ (၁ ပေ. ၄:၁၅) လှိုက်လှဲဖော်ရွေပါ။ သူ အနေရခက်တဲ့အထိတော့ မဖြစ်ပါစေနဲ့။ အတူတူ ထိုင်ပေးပါ။ ကျမ်းစာ၊ အစည်းအဝေးမှာ ဆွေးနွေးနေတဲ့ စာပေတွေ သင်နဲ့အတူတူ ကြည့်ခိုင်းပါ။ ဒါမှမဟုတ် သူ့အတွက် အသင်းတော်ကနေ တောင်းပေးပါ။ ဒါ့အပြင် သူ့ခံစားချက်ကို ထည့်တွက်ပါ။ ထသွားထလာ အဝတ်အစားနဲ့ ခန်းမ ရောက်လာတဲ့ အမျိုးသားတစ်ယောက်က သပ်သပ်ရပ်ရပ် ဝတ်စားထားသူတွေကြားမှာ အနေခက်သလို ဖြစ်မိကြောင်း လာနှုတ်ဆက်တဲ့ ညီအစ်ကိုကို ပြောပြတယ်။ ယေဟောဝါသက်သေတွေဟာ အစည်းအဝေး တက်တဲ့အခါ သပ်သပ်ရပ်ရပ် ဝတ်စားကြပေမဲ့ သူလိုကိုယ်လို လူတွေပါပဲလို့ ညီအစ်ကို ရှင်းပြတယ်။ နောက်တော့ အဲဒီအမျိုးသား နှစ်ခြင်းခံတဲ့အထိ တိုးတက်လာတယ်။ အချိန်တွေ ကြာသွားပေမဲ့ ညီအစ်ကိုရဲ့ စကား၊ ကြိုဆိုပုံကို ဘယ်တော့မှ မမေ့ဘူး။
၁၆ စကားစမြည်ပြောရင်း၊ မှတ်ချက်ပေးရင်း၊ အစည်းအဝေးအပိုင်း ကိုင်တွယ်ရင်း သက်သေခံ မဟုတ်သူတွေအကြောင်း၊ သူတို့ရဲ့ ယုံကြည်ချက်တွေအကြောင်း ပါလာတဲ့အခါ လေးလေးစားစား ပြောဆိုပါ။ သူတို့ကို အောင့်သက်သက်ဖြစ်သွားစေမယ့်၊ နောက်ထပ်မလာချင်အောင် ဖြစ်သွားစေမယ့် အပြောအဆို ဆင်ခြင်ပါ။ (တိ. ၂:၈။ ၃:၂) သူတို့ရဲ့ ယုံကြည်ချက်ကို ဘယ်တော့မှ ချိုးချိုးဖဲ့ဖဲ့ မပြောပါနဲ့။ (၂ ကော. ၆:၃) အထူးသဖြင့် လူထုဟောပြောချက်ပေးတဲ့ ညီအစ်ကိုတွေ ဂရုစိုက်ဖို့ လိုအပ်တယ်။ ပရိသတ်ထဲမှာ သက်သေခံ မဟုတ်သူတွေ ပါတယ်ဆိုတာ ထည့်တွက်ပြီး သူတို့ နားမလည်လောက်မယ့် အသုံးအနှုန်းတွေ၊ အယူအဆတွေ ရှင်းပြနိုင်တယ်။
၁၇။ အမှုဆောင်မှာ ‘စိတ်ရင်းမှန်သူတွေ’ ရှာတွေ့တဲ့အခါ ကျွန်တော်တို့ရဲ့ ပန်းတိုင်ဟာ ဘာလဲ။
၁၇ တစ်ရက်ပြီးတစ်ရက် ကုန်သွားတိုင်း တပည့်ဖြစ်စေခြင်းလုပ်ငန်း ပိုအရေးကြီးလာတယ်။ ဒါကြောင့် “ထာဝရအသက် ရဖို့ စိတ်ရင်းမှန်နဲ့ ကြိုးစားတဲ့သူတွေ” ကို ကျွန်တော်တို့ ဆက်ရှာနေကြတယ်။ (တ. ၁၃:၄၈) ရှာတွေ့တဲ့အခါ ကျမ်းစာလေ့လာမှု ကမ်းလှမ်းဖို့၊ အစည်းအဝေး ဖိတ်ဖို့ တုံ့ဆိုင်းမနေသင့်ဘူး။ အသက်လမ်းပေါ် သူတို့ အမြန်ဆုံး စလျှောက်လှမ်းလာဖို့ဟာ ကျွန်တော်တို့ရဲ့ ပန်းတိုင်ပါပဲ။—မ. ၇:၁၄။
သီချင်း ၆၄ ရိတ်သိမ်းခြင်းမှာ ပျော်ရွှင်စွာ
a ပုံအညွှန်း– အိမ်ရှေ့မျက်နှာစာမှာ အနားယူနေတဲ့ စစ်မှုထမ်းဟောင်းတစ်ယောက်ကို ညီအစ်ကိုနှစ်ယောက် စကားသွားပြော။ အလုပ်များနေတဲ့ ကလေးအမေတစ်ယောက်ကို ညီအစ်မနှစ်ယောက် တိုတိုတုတ်တုတ် သက်သေခံနေ။