တမန်တော်
၅ သို့ရာတွင် အာနနိအမည်ရှိသောသူသည် ဇနီးရှဖိရေနှင့်အတူ ဥစ္စာကိုရောင်းပြီးလျှင်၊ ၂ အာနနိသည် ရောင်းရငွေအချို့ကို ချန်ထား၏။ ထိုအကြောင်းကို သူ၏ဇနီးလည်း သိ၏။ ကျန်ငွေကိုသာ ယူလာ၍ တမန်တော်တို့၏ခြေရင်း၌ ချထားလေ၏။ ၃ ထိုအခါ ပေတရုက “အာနနိ၊ သင်သည် သန့်ရှင်းသော စွမ်းအားတော်ကို လှည့်စား၍ မြေရောင်းရသောအဖိုးအချို့ကို ချန်ထားရန် စာတန်ကို အဘယ်ကြောင့် ခွင့်ပြုရသနည်း။ ၄ သင့်လက်ဝယ် ထိုမြေရှိနေသရွေ့ သင်ပိုင်သည် မဟုတ်လော။ ရောင်း၍ရသောငွေသည်လည်း သင့်ဥစ္စာမဟုတ်လော။ သင့်စိတ်နှလုံးတွင် အဘယ်ကြောင့် ဤသို့ကြံစည်သနည်း။ လူကိုလိမ်သည်မဟုတ်၊ ဘုရားသခင်ကို လိမ်လေပြီ” ဟုဆို၏။ ၅ ထိုစကားကိုကြားလျှင် အာနနိသည် လဲ၍သေလေ၏။ ထိုသတင်းကို ကြားသူအားလုံးသည် အလွန်ကြောက်လန့်ကြ၏။ ၆ လုလင်တို့သည်ထ၍ အလောင်းကို အဝတ်နှင့်ပတ်ပြီးလျှင် ဆောင်သွား၍ သင်္ဂြိုဟ်ကြ၏။
၇ သုံးနာရီခန့်ကြာသော် သူ၏ ဇနီးသည်ဖြစ်ပျက်ခဲ့ရာကို မသိဘဲ ဝင်လာ၏။ ၈ ပေတရုကလည်း “ဤမျှလောက်နှင့်ပင် မြေကိုရောင်းသလော။ ငါ့အားပြောလော့” ဟုမေးလျှင်၊ ထိုအမျိုးသမီးက “ဟုတ်ပါ၏။ ဤမျှလောက်နှင့်ပင် ရောင်းပါသည်” ဟုဆို၏။ ၉ ပေတရုကလည်း “ယေဟောဝါဘုရား၏ စွမ်းအားတော်ကို စမ်းသပ်ရန် သင်တို့နှစ်ဦး အဘယ်ကြောင့် ကြံစည်ထားကြသနည်း။ ကြည့်လော့။ သင်၏ခင်ပွန်းကို သင်္ဂြိုဟ်သောသူတို့၏ခြေများသည် တံခါးနားမှာရှိ၍ သင့်ကိုလည်း ဆောင်သွားကြမည်” ဟုဆိုလေ၏။ ၁၀ ထိုခဏချင်းတွင် သူသည်လည်း ပေတရု၏ခြေရင်း၌ လဲ၍သေလေ၏။ လုလင်တို့သည်ဝင်လာ၍ ထိုအမျိုးသမီးသေသည်ကိုတွေ့လျှင် ဆောင်သွား၍ ခင်ပွန်းဖြစ်သူ၏အနားတွင် သင်္ဂြိုဟ်ကြ၏။ ၁၁ အသင်းတော်တစ်ခုလုံးနှင့် ထိုအကြောင်းကို ကြားသိသူအပေါင်းတို့သည်လည်း အလွန်ကြောက်လန့်ကြ၏။
၁၂ တမန်တော်တို့သည်လည်း လူတို့ရှေ့မှာ အတိတ်နိမိတ်နှင့် လက္ခဏာများကို ပြုကြ၏။ ထိုသူအပေါင်းတို့သည် ရှောလမုန်မုခ်ဆောင်၌ တညီတညွတ်တည်းနေကြ၏။ ၁၃ အခြားသောသူ မည်သူမျှ သူတို့နှင့် မပေါင်းသင်းဝံ့သော်လည်း လူတို့သည် သူတို့ကို ချီးမွမ်းကြ၏။ ၁၄ သခင်အား ယုံကြည်လာသူ အမျိုးသား၊ အမျိုးသမီးအရေအတွက်သည် တိုးများသည်ထက်တိုးများလာ၏။ ၁၅ ပေတရု ဖြတ်လျှောက်လာလျှင် လူနာတစ်ဦးဦးအပေါ်သို့ သူ၏အရိပ်မျှသာ ကျရောက်စေရန် လူနာတို့ကို လမ်းမပေါ်သို့ထုတ်၍ အိပ်ရာများ၊ ထမ်းစင်များနှင့်ချထားကြ၏။ ၁၆ ဂျေရုဆလင်မြို့ ဝန်းကျင်ရှိ မြို့များမှ လူများစွာတို့သည်လည်း ဖျားနာသောသူ၊ နတ်ဆိုးညှဉ်းဆဲသောသူတို့ကို ဆောင်ခဲ့လျက် စုရုံးလာကြ၏။ ထိုလူနာရှိသမျှသည် ကျန်းမာလာကြ၏။
၁၇ သို့သော် ယဇ်ပုရောဟိတ်မင်းနှင့် ဇဒ္ဒုကဲဂိုဏ်းသားအပေါင်းတို့သည် ထ၍ မနာလိုစိတ်အပြည့်နှင့်၊ ၁၈ တမန်တော်တို့ကို ဖမ်းဆီး၍ ထောင်ထဲ၌ ထည့်ထားကြ၏။ ၁၉ ညအခါ ယေဟောဝါဘုရား၏ ကောင်းကင်တမန်သည် ထောင်တံခါးကို ဖွင့်ပြီးလျှင် သူတို့ကို ထုတ်ဆောင်၍၊ ၂၀ “ဗိမာန်တော်၌ရပ်လျက် အသက်နှင့်ဆိုင်သော ဤတရားစကားအလုံးစုံကို လူတို့အား ဟောပြောလျက်နေကြလော့” ဟု မှာကြား၏။ ၂၁ ထိုစကားကိုကြားလျှင် ဗိမာန်တော်ထဲသို့ နံနက်စောစောဝင်ပြီး ဟောပြောသွန်သင်ကြ၏။
ယဇ်ပုရောဟိတ်မင်းနှင့် သူ၏အပေါင်းပါတို့သည် ရောက်လာကြလျှင် ဂျူးတရားရုံးချုပ် အဖွဲ့ဝင်တို့မှစ၍ အစ္စရေးအမျိုးသားတို့တွင် လူကြီးအားလုံးကို စုဝေးစေပြီးမှ တမန်တော်တို့ကို ခေါ်လာရန် မင်းလုလင်တို့ကို ထောင်သို့စေလွှတ်ကြ၏။ ၂၂ သို့သော် မင်းလုလင်တို့သည် ထောင်သို့ရောက်သောအခါ တမန်တော်တို့ကို မတွေ့ကြ။ ထို့ကြောင့် ပြန်သွားပြီး အစီရင်ခံ၍၊ ၂၃ “ထောင်တံခါးသည် လုံခြုံစွာပိတ်လျက်၊ တံခါးစောင့်များ ရပ်လျက်ရှိသည်ကို ကျွန်ုပ်တို့ တွေ့ပါ၏။ သို့သော် တံခါးကို ဖွင့်သောအခါ အတွင်း၌ မည်သူ့ကိုမျှ မတွေ့ပါ” ဟုကြားလျှောက်ကြ၏။ ၂၄ ဗိမာန်တော်မှူးနှင့် ယဇ်ပုရောဟိတ်ကြီးတို့သည် ထိုစကားကိုကြားလျှင် ထိုအမှုသည် မည်သို့ ဖြစ်လိမ့်မည်နည်းဟူ၍ ကြံရာမရဖြစ်နေကြ၏။ ၂၅ ထိုအခါ လူတစ်ဦးရောက်လာ၍ “ထောင်ထဲတွင် သင်တို့ထည့်ထားသောသူတို့သည် ဗိမာန်တော်၌ ရပ်လျက် လူတို့ကို ဟောပြောသွန်သင်နေကြသည်” ဟုလျှောက်လေ၏။ ၂၆ ထိုအခါ ဗိမာန်တော်မှူးသည် မင်းလုလင်တို့နှင့်အတူ လိုက်သွားပြီးလျှင် လူတို့သည် မိမိတို့ကို ခဲနှင့်ပေါက်မည်စိုး၍ တမန်တော်တို့ကို အကြမ်းမဖက်ဘဲ ခေါ်ဆောင်လာကြ၏။
၂၇ ထိုသို့ ခေါ်ဆောင်လာပြီးလျှင် ဂျူးတရားရုံးချုပ်ခန်းမတွင် မတ်တတ်ရပ်စေကြ၏။ ထို့နောက် ယဇ်ပုရောဟိတ်မင်းသည် သူတို့အား မေးမြန်းပြီးလျှင်၊ ၂၈ “ထိုနာမကို အမှီပြု၍ မသွန်သင်ရန် သင်တို့အား ငါတို့ ကြပ်ကြပ်မှာထားလျက်ပင် ဂျေရုဆလင်မြို့ကို သင်တို့၏သွန်သင်ချက်နှင့် ပြည့်စေ၍ ငါတို့အပေါ်သို့ ထိုသူ၏အသွေးကို ရောက်စေရန် ကြံစည်ကြလေပြီ” ဟုဆိုလေ၏။ ၂၉ ပေတရုနှင့် အခြားသောတမန်တော်တို့ကလည်း “ငါတို့သည် လူ၏စကားထက် ဘုရားသခင်၏စကားကို နားထောင်ရမည်။ ၃၀ သစ်တိုင်တွင်ဆွဲ၍ သင်တို့ကွပ်မျက်ခဲ့သော ယေရှုကို ငါတို့ဘိုးဘေးများ၏ ဘုရားသခင်သည် ထမြောက်စေတော်မူပြီ။ ၃၁ အစ္စရေးလူမျိုးအား နောင်တရခွင့်နှင့် အပြစ်ဖြေလွှတ်ခွင့် ပေးသနားရန် ဘုရားသခင်သည် ထိုအရှင်ကို ကိုယ်စားလှယ်ချုပ်နှင့် ကယ်တင်ရှင်အဖြစ် လက်ယာဘက်၌ ချီးမြှောက်တော်မူ၏။ ၃၂ ထိုအမှုအရာများနှင့်ပတ်သက်၍ ငါတို့သည် သက်သေဖြစ်ကြ၏။ ဘုရားသခင်ကို အုပ်စိုးရှင်အဖြစ် နာခံသူတို့အား ပေးသနားတော်မူသော သန့်ရှင်းသော စွမ်းအားတော်သည်လည်း သက်သေဖြစ်၏” ဟုပြန်ဆိုကြ၏။
၃၃ ထိုစကားကို သူတို့ကြားလျှင် ပြင်းစွာအမျက်ထွက်၍ တမန်တော်တို့ကို ကွပ်မျက်လိုကြ၏။ ၃၄ ထိုအခါ လူအပေါင်းတို့ ရိုသေသော ပညတ်ကျမ်းဆရာ ဂါမလျေလ အမည်ရှိသည့် ဖာရိရှဲ*တစ်ဦးသည် ဂျူးတရားရုံးချုပ်တွင်ထ၍ တမန်တော်တို့ကို အပြင်သို့ ခေတ္တခေါ်ထုတ်သွားရန် မိန့်မှာလေ၏။ ၃၅ ထို့နောက် “အစ္စရေးအမျိုးသားတို့၊ ဤသူတို့နှင့်ပတ်သက်၍ သင်တို့၏အကြံအစည်ကို သတိပြုကြလော့။ ၃၆ လွန်ခဲ့သောအချိန်က သုဒဆိုသူသည် ကိုယ့်ကိုယ်ကိုယ် အရေးပါသူဖြစ်သည်ဟုဆိုလျက် ပေါ်လာရာ သူ့နောက်သို့ လူလေးရာခန့် လိုက်သွားကြ၏။ သို့သော် ထိုသူသည် ကွပ်မျက်ခံရ၍ သူ၏စကားကို လိုက်နာသူရှိသမျှသည် ကွဲပြားပျောက်လွင့်သွားကြ၏။ ၃၇ ထို့နောက် အမည်စာရင်းကောက်ချိန်တွင် ဂါလိလဲနယ်သား ယုဒသည်လည်း ထကြွ၍ လူတို့ကို ဆွဲဆောင်စည်းရုံးခဲ့၏။ ထိုသူသည် သေကျေပျက်စီး၍ သူ၏စကားကို လိုက်နာသူရှိသမျှသည်လည်း ကွဲလွင့်သွားကြ၏။ ၃၈ ထို့ကြောင့် ယခုအချိန်တွင် ဤသူတို့ကို အရေးမယူဘဲ သူတို့ဘာသာ ရှိကြပါစေဟု သင်တို့ကို ငါဆို၏။ အကြောင်းမူကား ဤအကြံ၊ ဤအမှုသည် လူ၏အကြံ၊ လူ၏အမှုဖြစ်လျှင် ပျက်စီးလိမ့်မည်။ ၃၉ ဘုရားသခင်ထံမှ ဖြစ်လျှင်မူကား ထိုသူတို့ကို သင်တို့ ဖျက်ဆီးနိုင်မည်မဟုတ်။ ဘုရားသခင်ကို ဆန့်ကျင် တိုက်ခိုက်ရာရောက်လိမ့်မည်” ဟု ပြောဆိုလေ၏။ ၄၀ သူ၏စကားကို နားထောင်ကြသဖြင့် တမန်တော်တို့ကိုခေါ်၍ ရိုက်နှက်ပြီးမှ ယေရှု၏နာမကိုအမှီပြုလျက် မဟောပြောရန် တားမြစ်၍ လွှတ်လိုက်ကြ၏။
၄၁ တမန်တော်တို့သည်လည်း ယေရှု၏နာမကြောင့် အရှက်ခွဲခြင်း ခံထိုက်သည်ဟု ယူမှတ်တော်မူခြင်းခံရသဖြင့် ဂျူးတရားရုံးချုပ်မှ ဝမ်းမြောက်စွာ ထွက်သွားကြ၏။ ၄၂ ထို့နောက် သူတို့သည် ဗိမာန်တော်၌လည်းကောင်း၊ တစ်အိမ်မှတစ်အိမ်သို့လည်းကောင်း ယေရှုသည် ခရစ်တော်ဖြစ်သည်ဟူသော သတင်းကောင်းကို နေ့စဉ်မပြတ် သွန်သင်ဟောပြောလျက် နေကြ၏။