ကမ္ဘာဦး
၂၇ အိဇက်လည်း အိုမင်းလာပြီး မျက်စိတော်တော်မှုန်လာတဲ့အခါ သားကြီးဧသောကို+ “သားရေ” လို့ခေါ်တော့ “ခင်ဗျာ” လို့ ပြန်ထူးတယ်။ ၂ အိဇက်က “အဖေ အသက်ကြီးပြီ။ ဘယ်နေ့သေမယ်မှန်း မသိနိုင်ဘူး။ ၃ ဒါကြောင့် အခု လေးနဲ့မြားကိုယူ၊ တောထဲသွားပြီး အဖေ့အတွက် သားကောင်ရှာလာခဲ့။+ ၄ အဖေကြိုက်တဲ့ ဟင်းကို ကောင်းကောင်းချက်ပြီး ယူလာခဲ့။ အဖေ မသေခင် အဲဒီဟင်းကိုစားပြီး သားကို ကောင်းချီးပေးမယ်” လို့ပြောတယ်။
၅ အိဇက်က သားဧသောကို အဲဒီလိုပြောနေချိန်မှာ ရေဗက္ကာ နားထောင်နေတယ်။ ဧသောက တောထဲမှာ သားကောင် သွားရှာတယ်။+ ၆ ရေဗက္ကာက သားယာကုပ်ကို ခေါ်ပြီး+ “မင်းအဖေက အစ်ကိုဧသောကို ပြောနေတာ အခုပဲ အမေကြားလိုက်တယ်။ ၇ ‘သားကောင်ရှာပြီး အရသာရှိတဲ့ ဟင်းတစ်ခွက် ချက်ခဲ့ပါ။ အဲဒီဟင်းကို စားပြီးရင် အဖေမသေခင် ယေဟောဝါဘုရားရှေ့ မင်းကို ကောင်းချီးပေးမယ်’ တဲ့။+ ၈ ဒါကြောင့် အမေပြောတာ နားထောင်၊ ပြောတဲ့အတိုင်း လုပ်နော်။+ ၉ ဆိတ်အုပ်ဆီ သွားပြီး အကောင်းဆုံး ဆိတ်ကလေးနှစ်ကောင် ယူလာခဲ့။ မင်းအဖေအကြိုက် ဟင်းကောင်းတစ်ခွက် အမေချက်ပေးမယ်။ ၁၀ အဲဒီဟင်းကို မင်းအဖေစားဖို့ ယူသွားပေးလိုက်။ သူမသေခင် မင်းကို ကောင်းချီးပေးမှာပါ” လို့ပြောတယ်။
၁၁ ယာကုပ်က အမေရေဗက္ကာကို “အစ်ကိုဧသောက အမွေးထူတယ်။+ ကျွန်တော်က အမွေးမထူဘူး။ ၁၂ အဖေစမ်းကြည့်ရင်+ ဘယ်လိုလုပ်မလဲ။ အဖေ့ကို မထီလေးစားလုပ်ရာ ရောက်မှာပေါ့။ ကောင်းချီးမရဘဲ ကျိန်ဆဲခံနေရပါဦးမယ်” လို့ပြောတယ်။ ၁၃ အဲဒီအခါ အမေက “သားရယ်၊ မင်းအစား အမေပဲ ကျိန်ဆဲခံပါ့မယ်။ အမေပြောသလိုသာ လုပ်ပါ။ ဆိတ်ကလေးတွေ ယူလာခဲ့ချေ” လို့ ပြောတယ်။+ ၁၄ ယာကုပ်က ဆိတ်ကလေးတွေ သွားယူလာတဲ့အခါ ရေဗက္ကာက အိဇက်အကြိုက် ဟင်းကောင်းတစ်ခွက် ချက်တယ်။ ၁၅ အိမ်မှာသိမ်းထားတဲ့ သားကြီးဧသောရဲ့အကောင်းဆုံးအဝတ်တွေကိုထုတ်ပြီး သားငယ်ယာကုပ်ကို ဝတ်ပေးတယ်။+ ၁၆ ယာကုပ်ရဲ့လက်တွေမှာ၊ အမွေးမရှိတဲ့လည်ပင်းမှာ ဆိတ်သားရေကို ပတ်ပေးတယ်။+ ၁၇ ပြီးတော့ သူကောင်းကောင်းချက်ထားတဲ့ဟင်းနဲ့ မုန့်ကို ယာကုပ်လက်ထဲ ထည့်ပေးလိုက်တယ်။+
၁၈ ယာကုပ်က အိဇက်ဆီ သွားပြီး “အဖေ” လို့ခေါ်တော့ “ဟေ၊ သားကြီးလား၊ သားငယ်လား” လို့မေးတယ်။ ၁၉ ယာကုပ်က “သားကြီး ဧသောပါ။+ ထပါဦး။ အဖေပြောတဲ့အတိုင်း လုပ်ခဲ့ပြီ။ ကျွန်တော်ယူလာတဲ့ အသားဟင်းကိုစားပြီး အဖေ ကောင်းချီးပေးပါ”+ လို့ပြောတယ်။ ၂၀ အိဇက်က “သားကောင်ရတာ မြန်လှချေလား” လို့ပြောတော့ “ယေဟောဝါဘုရားက သားကောင်ကို ကျွန်တော့်ဆီ ခေါ်လာပေးလို့ပါ” ဆိုပြီး ဖြေတယ်။ ၂၁ ဒါနဲ့ အိဇက်က “အဖေ့နား လာပါဦး။ သားကြီးဧသော ဟုတ်မဟုတ် စမ်းကြည့်ရအောင်” လို့ပြောတယ်။+ ၂၂ ယာကုပ်လည်း အနားကို တိုးသွားလိုက်တော့ အိဇက်က စမ်းကြည့်ပြီး “အသံကတော့ ယာကုပ်ရဲ့အသံ။ လက်တွေက ဧသောရဲ့လက်တွေပါလား”+ လို့ပြောတယ်။ ၂၃ ယာကုပ်ရဲ့လက်တွေက ဧသောရဲ့လက်တွေလို အမွေးထူနေတော့ အိဇက် မရိပ်မိလိုက်ဘူး။ ဒါကြောင့် သူ့ကို ကောင်းချီးပေးတယ်။+
၂၄ အိဇက်က “မင်း ဧသောဟုတ်ရဲ့လား” လို့ထပ်မေးတယ်။ “ဟုတ်ပါတယ်” လို့ပြန်ဖြေတော့၊ ၂၅ “ဒါဆို အသားဟင်း ယူလာခဲ့။ အဖေ စားပြီးရင် ကောင်းချီးပေးမယ်” လို့ပြောတယ်။ ပြီးတော့ ယာကုပ်ယူလာပေးတဲ့ အသားဟင်းကို စားတယ်။ ဝိုင်ယူလာပေးတော့ သောက်တယ်။ ၂၆ အဲဒီနောက် အိဇက်က “အနားလာပြီး အဖေ့ကို နမ်းပါဦး၊ သားရယ်”+ ဆိုတော့၊ ၂၇ ယာကုပ်လည်း အနားတိုးသွားပြီး နမ်းတဲ့အခါ သူ့အဝတ်နံ့ကို အိဇက်ရတယ်။+ ဒါနဲ့ ယာကုပ်ကို ကောင်းချီးပေးတယ်–
“ကြည့်စမ်း။ ငါ့သားရဲ့ကိုယ်နံ့ဟာ ယေဟောဝါကောင်းချီးပေးတဲ့ လယ်ပြင်ရဲ့ ရနံ့လိုပါပဲလား။ ၂၈ စစ်မှန်တဲ့ဘုရားသခင်က မင်းကို ကောင်းကင်ဆီးနှင်း၊+ မြေသြဇာကောင်းတဲ့မြေကြီး၊+ များပြားလှတဲ့ ကောက်နှံနဲ့ ဝိုင်အသစ်တွေ+ ပေးပါစေ။ ၂၉ မင်းဆီမှာ လူတွေ ကျွန်ခံပြီး မင်းကို လူမျိုးနွယ်တွေ ဦးညွှတ်ကြပါစေ။ မင်းဟာ ညီအစ်ကိုတွေကို အုပ်စိုးသူဖြစ်ပါစေ။ မင်းကို သူတို့ဦးညွှတ်ကြပါစေ။+ မင်းကို ကျိန်ဆဲသူတိုင်း ကျိန်စာသင့်ပြီး ကောင်းချီးပေးသူတိုင်း ကောင်းချီးခံစားရပါစေ။”+
၃၀ အိဇက်ကောင်းချီးပေးပြီးနောက် ယာကုပ် ထွက်သွားရုံပဲ ရှိသေးတယ်။ ဧသောက အမဲလိုက်ရာကနေ ပြန်ရောက်လာတယ်။+ ၃၁ သူလည်း ဟင်းကောင်းတစ်ခွက် ချက်ပြီး ယူလာတယ်။ ပြီးတော့ “အဖေ၊ ထပါဦး။ ကျွန်တော်ယူလာတဲ့ အသားဟင်းကို စားပြီး အဖေ ကောင်းချီးပေးပါ” လို့ပြောတယ်။ ၃၂ အဲဒီအခါ အိဇက်က “မင်း ဘယ်သူလဲ” လို့မေးတော့ “သားကြီး ဧသောပါ”+ လို့ဖြေတယ်။ ၃၃ အိဇက် အကြီးအကျယ် တုန်လှုပ်သွားတယ်။ “ဒါဆိုရင် သားကောင်ရှာပြီး အဖေ့ဆီ ယူလာခဲ့တာ ဘယ်သူတုံး။ မင်းမရောက်လာခင် အဖေစားပြီးသွားလို့ ကောင်းချီးတောင် ပေးလိုက်ပြီ။ သူ တကယ်ပဲ ကောင်းချီးခံစားရလိမ့်မယ်” လို့ပြောတယ်။
၃၄ ဧသောက အဖေ့စကားကို ကြားတော့ ယူကျုံးမရဖြစ်ပြီး “အဖေ၊ ကျွန်တော့်ကိုလည်း ကောင်းချီးပေးပါဦး။ ပေးပါဦး” လို့ အော်ငိုရင်း ပြောတယ်။+ ၃၅ အဲဒီအခါ အိဇက်က “မင်းရဲ့ညီက မင်းရမယ့်ကောင်းချီးတွေကို မလိမ့်တပတ်လုပ်ပြီး ယူသွားပြီ” လို့ပြောတယ်။ ၃၆ ဒါနဲ့ ဧသောက “ယာကုပ်* ဆိုတဲ့ကောင်ဟာ နာမည်နဲ့လည်း လိုက်ပါတယ်။ သူ ဒီလိုလုပ်တာ နှစ်ခါရှိပြီ။+ ကျွန်တော့်ရဲ့ သားဦးအခွင့်အရေးကို ယူပြီးပြီ။+ အခုလည်း ကျွန်တော်ရမယ့် ကောင်းချီးကို ယူသွားပြန်ပြီ။+ ကျွန်တော့်အတွက် ကောင်းချီးတစ်ခုလေးတောင် မကျန်တော့ဘူးလား အဖေရယ်” လို့ပြောတယ်။ ၃၇ အိဇက်က “သူ့ကို မင်းရဲ့အရှင်သခင်အဖြစ် ငါခန့်လိုက်ပြီ။+ ညီအစ်ကိုအားလုံးကို သူ့ရဲ့ကျွန်အဖြစ် ပေးလိုက်ပြီ။ ကောက်နှံနဲ့ ဝိုင်အသစ်တွေကိုလည်းပေးလိုက်ပြီ။+ ဒီတော့ မင်းအတွက် ငါဘာများ လုပ်ပေးနိုင်တော့မှာလဲ သားရယ်” ဆိုပြီး ဧသောကို ပြောတယ်။
၃၈ ဧသောက “ကျွန်တော့်အတွက် ကောင်းချီးတစ်ခုတောင် မရှိတော့ဘူးလား။ ကျွန်တော့်ကိုလည်း ကောင်းချီးပေးပါဦး။ ပေးပါဦး၊ အဖေရယ်” လို့ပြောပြီး ရှိုက်ကြီးတငင် ငိုတယ်။+ ၃၉ ဒါနဲ့ အိဇက်က၊
“မင်းဟာ ကောင်းကင်ဆီးနှင်းနဲ့ဝေးရာ၊ မြေသြဇာကောင်းတဲ့ မြေကြီးနဲ့ဝေးရာမှာ နေထိုင်ရလိမ့်မယ်။+ ၄၀ ဓားနဲ့ အသက်မွေးရမယ်။+ ညီဆီမှာ ကျွန်ခံရမယ်။+ မခံနိုင်တော့တဲ့တစ်နေ့မှာ ကျွန်ထမ်းပိုးကို ချိုးပြီး အလွတ်ရုန်းလိမ့်မယ်”+ လို့ပြောတယ်။
၄၁ ဧသောဟာ ယာကုပ်ကို အဖေ ကောင်းချီးပေးလိုက်တဲ့အတွက် အခဲမကျေနိုင်ဘူး။+ ဒါကြောင့် “အဖေဆုံးလို့ ငိုရမယ့်အချိန် နီးနေပြီပဲ။+ ပြီးရင်တော့ ယာကုပ်ကို သတ်ပစ်မယ်” ဆိုပြီးကြံစည်တယ်။ ၄၂ သားကြီးဧသော ပြောတာတွေကို ရေဗက္ကာသိသွားတဲ့အခါ သားငယ်ယာကုပ်ကို ချက်ချင်းခေါ်ပြီး “မင်းအစ်ကို ဧသောက မင်းကို ကလဲ့စားချေဖို့ တေးထားတယ်။ သတ်ပစ်ဖို့လည်း ကြံစည်နေတယ်။ ၄၃ အခု အမေပြောတဲ့အတိုင်း လုပ်ပါ။ အမေ့အစ်ကို လာဗန်ရှိတဲ့ ခါရန်မြို့ကိုပြေးပါ။+ ၄၄ မင်းအစ်ကို ဒေါသပြေတဲ့အထိ အဲဒီမှာ ခဏသွားနေချေ။ ၄၅ သူစိတ်ဆိုးပြေလို့ မင်းရဲ့လုပ်ရပ်ကို မေ့ပျောက်သွားချိန်ကျမှ မင်းကို ပြန်ခေါ်မယ်။ သားနှစ်ယောက်စလုံးကို တစ်နေ့တည်းမှာ အမေ အဆုံးရှုံးမခံနိုင်ဘူး” လို့ပြောတယ်။
၄၆ အဲဒီနောက် ရေဗက္ကာက “ဟေသ အမျိုးသမီးတွေကြောင့် ကျွန်မ စိတ်ညစ်ရလွန်းလို့ သေတော့မယ်။+ ယာကုပ်လည်း ဒီပြည်သူ ဟေသအမျိုးသမီး တစ်ယောက်ယောက်ကို ယူရင်တော့ ကျွန်မအသက်ရှင်နေလို့ ဘာထူးမှာလဲ”+ ဆိုပြီး အိဇက်ကို တဖွဖွပြောတယ်။