ယေရမိ
၁၉ ယေဟောဝါ ပြောတာက “အိုးထိန်းသမားဆီ သွားပြီး မြေရေတကောင်းကို ဝယ်ပါ။+ အကြီးအကဲတချို့နဲ့ ပုရောဟိတ် အကြီးအကဲတချို့ကိုလည်း ခေါ်ပြီး၊ ၂ အိုးခြမ်းပဲ့တံခါးနားမှာရှိတဲ့ ဟိန်နုံသားရဲ့ ချိုင့်ဝှမ်းကို သွားပါ။+ အဲဒီကိုရောက်ရင် ငါမှာထားတဲ့စကားကို ပြောပြလိုက်ပါ။ ၃ မင်းပြောရမှာက ‘ယုဒဘုရင်တို့၊ ဂျေရုဆလင်မြို့သူမြို့သားတို့၊ ယေဟောဝါပြောတာ နားထောင်ကြပါ။ အစ္စရေးတို့ရဲ့ဘုရား၊ ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါ ပြောတာက–
“‘“ဒီနေရာမှာ ငါ ဘေးဆိုးကျရောက်စေမယ်။ ဒီသတင်းကြားသူတိုင်း တုန်လှုပ်ချောက်ချားသွားလိမ့်မယ်။ ၄ သူတို့က ငါ့ကိုစွန့်ပစ်တယ်။+ ဒီနေရာကို ငါ မမှတ်မိနိုင်လောက်အောင် လုပ်ကြတယ်။+ ကိုယ်တိုင်နဲ့ ဘိုးဘေးတွေရော ယုဒဘုရင်တွေပါ မသိတဲ့ဘုရားတွေဆီ ယဇ်ပူဇော်ပြီး ဒီနေရာကို အပြစ်မဲ့သူတွေရဲ့သွေးနဲ့ ပြည့်စေတယ်။+ ၅ ဗာလအတွက် အထွတ်အမြတ်နေရာတွေ တည်ဆောက်ပြီး ကိုယ့်သားတွေကို အကုန်အစင် မီးရှို့ရာအလှူအဖြစ် ပူဇော်ကြတယ်။+ အဲဒီလိုလုပ်ဖို့ ငါမမိန့်မှာခဲ့ဘူး။ မပြောခဲ့ဘူး။ စဉ်းတောင် မစဉ်းစားဖူးဘူး။’”+
၆ “‘ငါယေဟောဝါ ပြောမယ်– “ဒီနေရာကို တောဖက်အရပ် ဒါမှမဟုတ် ဟိန်နုံသားရဲ့ချိုင့်ဝှမ်းလို့ မခေါ်တော့ဘဲ ကွပ်မျက်ရာချိုင့်ဝှမ်းလို့ ခေါ်ရမယ့်နေ့ ရောက်တော့မယ်။+ ၇ ဒီနေရာမှာ ယုဒနဲ့ဂျေရုဆလင်ရဲ့ အစီအစဉ်တွေကို ငါပျက်ပြားစေမယ်။ သူတို့ကို ရန်သူတွေရှေ့မှာ ဓားဘေးနဲ့ ကျဆုံးစေမယ်။ သတ်ချင်သူတွေရဲ့လက်ချက်နဲ့ ကျဆုံးစေမယ်။ အလောင်းတွေကို မိုးကောင်းကင်ငှက်နဲ့ မြေသားရဲတွေ စားဖို့ ငါပေးမယ်။+ ၈ ငါက ဒီမြို့ကို ကြောက်စရာကောင်းတဲ့မြို့ ဖြစ်စေမယ်။ လှောင်ပြောင်စရာ* ဖြစ်စေမယ်။ ဖြတ်သန်းသွားလာသူတွေက သူခံရတဲ့ ကပ်ဘေးတွေကြောင့် ကြောက်အားလန့်အားနဲ့ ကြည့်ပြီး လှောင်ပြောင်ကြလိမ့်မယ်။+ ၉ ငါက ကိုယ့်သားသမီးတွေရဲ့ အသားကို ပြန်စားစေမယ်။ ရန်သူတွေ၊ သတ်ချင်နေသူတွေ ဝိုင်းထားလို့ သူတို့ဟာ ကြံရာမရဖြစ်ပြီး အချင်းချင်းရဲ့အသားကို စားကြလိမ့်မယ်။”’+
၁၀ “အဲဒီနောက် မင်းနဲ့ပါလာသူတွေရှေ့မှာ ရေတကောင်းကို ခွဲလိုက်ပါ။ ၁၁ ပြီးတော့ သူတို့ကို ပြောလိုက်– ‘“အိုးကို ရစရာမရှိအောင် ခွဲပစ်လိုက်သလို ငါက ဒီလူတွေနဲ့ ဒီမြို့ကို ခွဲပစ်မယ်။ သူတို့က တောဖက်အရပ်မှာ နေရာလပ် မကျန်တော့တဲ့အထိ လူသေတွေကို မြှုပ်နှံကြလိမ့်မယ်”+ လို့ ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါ ပြောတယ်။’
၁၂ “ငါယေဟောဝါ ပြောမယ်– ‘ဒီနေရာနဲ့ ဒီမှာနေထိုင်သူတွေကို ငါ အဲဒီလိုလုပ်ပစ်မယ်။ ဒီမြို့ကို တောဖက်အရပ်လို ဖြစ်စေမယ်။ ၁၃ သူတို့က ကောင်းကင်ပေါ်က ကြယ်တွေအတွက် အိမ်မိုးပေါ်မှာ ယဇ်ပူဇော်ပြီး+ တခြားဘုရားတွေဆီ သွန်းလောင်းရာအလှူတွေ ဆက်သကြတယ်။+ ဒါကြောင့် ဂျေရုဆလင်မှာရှိတဲ့ အိမ်တွေ၊ ယုဒဘုရင်ရဲ့ နန်းတော်တွေဟာ ဒီတောဖက်အရပ်လို မသန့်ရှင်းတဲ့နေရာ ဖြစ်သွားမယ်။’”+
၁၄ ယေရမိက ယေဟောဝါစေလွှတ်တဲ့အတိုင်း တောဖက်အရပ်မှာ ပရောဖက်ပြုပြီးနောက် ပြန်ရောက်လာတဲ့အခါ ယေဟောဝါရဲ့ အိမ်တော်ရင်ပြင်မှာ ရပ်ပြီး၊ ၁၅ “အစ္စရေးတို့ရဲ့ဘုရား၊ ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါပြောတာက ‘ငါပြောခဲ့တဲ့ဘေးဆိုးကို ဒီမြို့နဲ့ ပတ်ဝန်းကျင်မြို့တွေအပေါ်ကျရောက်စေမယ်။ သူတို့ဟာ ငါ့စကားတွေကို မနာခံဘဲ ခေါင်းမာကြတယ်’”*+ ဆိုပြီး လူတွေကိုပြောတယ်။