တရားဟောရာ
၂၂ “ကိုယ့်ညီအစ်ကိုရဲ့ သိုး၊ နွား လမ်းပျောက်နေတာကို မြင်ရင် မသိချင်ယောင် မဆောင်ရဘူး။+ ပိုင်ရှင်ဆီ ပြန်ပို့ပေးရမယ်။ ၂ ပိုင်ရှင်က အနီးအနားမှာ မနေဘူး၊ ပိုင်ရှင် ဘယ်သူဘယ်ဝါမှန်း မသိဘူးဆိုရင်တော့ အဲဒီတိရစ္ဆာန်ကို ကိုယ့်အိမ် ခေါ်သွားရမယ်။ ပိုင်ရှင်လာရှာတဲ့အထိ ကိုယ့်ဆီမှာပဲ ထားရမယ်။ သူရောက်လာရင် ပြန်အပ်ရမယ်။+ ၃ ကိုယ့်ညီအစ်ကိုရဲ့ မြည်း၊ အဝတ်အစား၊ ပစ္စည်းတွေ ပျောက်သွားလို့ ကိုယ်က တွေ့တယ်ဆိုရင်လည်း အဲဒီအတိုင်း လုပ်ရမယ်။ မသိချင်ယောင်မဆောင်ရဘူး။
၄ “ကိုယ့်ညီအစ်ကိုရဲ့ မြည်း၊ နွား လမ်းပေါ်လဲနေတာကို မြင်ရင် မသိချင်ယောင်မဆောင်ရဘူး။ ဝိုင်းကူပြီး တိရစ္ဆာန်ကို ထူပေးရမယ်။+
၅ “မိန်းမက ယောက်ျားအဝတ်ကို မဝတ်ရဘူး။ ယောက်ျားကလည်း မိန်းမအဝတ်ကို မဝတ်ရဘူး။ အဲဒီလိုဝတ်တဲ့သူကို ယေဟောဝါဘုရား ရွံမုန်းတယ်။
၆ “လမ်းသွားရင်း သစ်ပင်ပေါ်၊ မြေပေါ်မှာ ငှက်သိုက်ကို တွေ့တဲ့အခါ ငှက်မက သားပေါက်တွေ၊ ဥတွေကို ဝပ်နေတယ်ဆိုရင် သားပေါက်တွေနဲ့အတူ ငှက်မကို မယူရဘူး။+ ၇ သားပေါက်တွေကို ယူနိုင်ပေမဲ့ ငှက်မကိုတော့ လွှတ်ပေးရမယ်။ ဒါမှ ခင်ဗျားတို့ ကောင်းစားပြီး အသက်ရှည်ရှည် နေရမယ်။
၈ “အိမ်သစ်ဆောက်တဲ့အခါ အိမ်မိုးပတ်လည်မှာ အကာအရံ လုပ်ထားရမယ်။+ အိမ်မိုးပေါ်ကနေ တစ်ယောက်ယောက် ပြုတ်ကျလို့ အိမ်သားတွေအပေါ် အပြစ်သင့်တာမျိုး မဖြစ်စေဖို့ပဲ။
၉ “စပျစ်ခြံထဲမှာ မျိုးစေ့နှစ်မျိုးရောပြီး မကြဲရဘူး။+ ကြဲရင် ထွက်လာတဲ့သီးနှံရော စပျစ်သီးတွေပါ သန့်ရှင်းရာဌာနတော်အတွက် အသိမ်းခံရမယ်။
၁၀ “နွားနဲ့ မြည်းကို တွဲပြီး လယ်မထွန်ခိုင်းရဘူး။+
၁၁ “သိုးမွေးနဲ့ချည်မျှင် ရောပြီးရက်ထားတဲ့ အဝတ်ကို မဝတ်ရဘူး။+
၁၂ “အပေါ်ရုံခြုံထည်ရဲ့ ထောင့်လေးထောင့်မှာ ပန်းဖွားတပ်ရမယ်။+
၁၃ “ယောက်ျားတစ်ယောက်က မိန်းမနဲ့ ထိမ်းမြားပေါင်းသင်းပြီးမှ မုန်းလာတဲ့အတွက်၊ ၁၄ သူ့ကို အကျင့်ပျက်သူလို့ စွပ်စွဲတယ်၊ ‘ဒီမိန်းမကို ထိမ်းမြားပေါင်းသင်းတဲ့အခါ အပျိုစစ်တဲ့ အထောက်အထား မတွေ့ဘူး’ လို့ နာမည်ဖျက်တယ်ဆိုရင်၊ ၁၅ သမီးရှင် မိဘနှစ်ပါးက အပျိုစစ်ကြောင်း အထောက်အထားကိုယူပြီး မြို့တံခါးမှာရှိတဲ့ အကြီးအကဲတွေဆီ လာပြရမယ်။ ၁၆ ဖခင်က ‘ကျွန်တော့်သမီးကို ဒီလူနဲ့ ပေးစားလိုက်ပေမဲ့ ဒီလူက သမီးကိုမုန်းတဲ့အတွက်၊ ၁၇ အကျင့်ပျက်သူလို့ စွပ်စွဲပြီး ‘ခင်ဗျားသမီးမှာ အပျိုစစ်တဲ့အထောက်အထား မတွေ့ဘူး’ လို့ပြောနေပါတယ်။ ဒါဟာ ကျွန်တော့်သမီး အပျိုစစ်ကြောင်း အထောက်အထားပါ’ လို့ပြောပြီး အကြီးအကဲတွေရှေ့မှာ အဲဒီအဝတ်ကို ဖြန့်ပြရမယ်။ ၁၈ အဲဒီအခါ မြို့ရဲ့အကြီးအကဲတွေက+ အဲဒီလူကို ခေါ်ပြီး ဆုံးမရမယ်။+ ၁၉ ပြီးတော့ အစ္စရေးအပျိုစင်တစ်ယောက်ကို အသရေဖျက်တဲ့အတွက်+ သူ့ကို ရှယ်ကယ်* ၁၀၀ ဒဏ်ငွေတပ်ပြီး အဲဒီငွေကို သမီးရှင်ဖြစ်တဲ့ဖခင်ဆီ ပေးရမယ်။ အဲဒီမိန်းမကို ဆက်ပေါင်းသင်းရမယ်။ တစ်သက်လုံး ကွာရှင်းခွင့်မရှိဘူး။
၂၀ “ဒါပေမဲ့ စွပ်စွဲချက် မှန်နေပြီး အဲဒီမိန်းမမှာ အပျိုစစ်တဲ့အထောက်အထား မရှိရင်၊ ၂၁ သူ့ကို ဖခင်ရဲ့ အိမ်ပေါက်ဝဆီ ခေါ်ထုတ်လာရမယ်။ မြို့သားတွေက သူ့ကို ကျောက်ခဲနဲ့ ပေါက်သတ်ရမယ်။ အဲဒီမိန်းမဟာ ဖခင်အိမ်မှာနေကတည်းက+ လိင်အကျင့်ယိုယွင်းပြီး အစ္စရေးပြည်မှာ အရှက်မဲ့တဲ့လုပ်ရပ်ကို ကျူးလွန်ခဲ့လို့ပဲ။+ ဒီနည်းနဲ့ ခင်ဗျားတို့ဆီကနေ မကောင်းမှုကို ဖယ်ရှားရမယ်။+
၂၂ “ယောက်ျားတစ်ယောက်က တခြားသူရဲ့မယားနဲ့ ဖောက်ပြန်နေတုန်း မိသွားတယ်ဆိုရင် သူ့ကိုရော မိန်းမကိုပါ သေဒဏ်ပေးရမယ်။+ ဒီနည်းနဲ့ အစ္စရေးပြည်ကနေ မကောင်းမှုကို ဖယ်ရှားရမယ်။
၂၃ “ယောက်ျားတစ်ယောက်က တခြားသူနဲ့ စေ့စပ်ထားတဲ့ အပျိုစင်ကို မြို့ထဲမှာတွေ့ပြီး အတူအိပ်တယ်ဆိုရင်၊ ၂၄ မိန်းကလေးဟာ မြို့ထဲမှာ ရှိပေမဲ့ မအော်တဲ့အတွက်၊ ယောက်ျားကလည်း တခြားသူရဲ့မိန်းမကို အရှက်တကွဲ ဖြစ်အောင် လုပ်တဲ့အတွက် နှစ်ယောက်စလုံးကို မြို့တံခါးဆီ ခေါ်ထုတ်လာပြီး ကျောက်ခဲနဲ့ ပေါက်သတ်ရမယ်။+ ဒီနည်းနဲ့ ခင်ဗျားတို့ဆီကနေ ဆိုးယုတ်မှုကို ဖယ်ရှားရမယ်။
၂၅ “ဒါပေမဲ့ ယောက်ျားတစ်ယောက်က တခြားသူနဲ့ စေ့စပ်ထားတဲ့ မိန်းကလေးကို တောထဲမှာ တွေ့လို့ အနိုင်ကျင့်ပြီး စော်ကားလိုက်တယ်ဆိုရင် အဲဒီယောက်ျားကိုပဲ သေဒဏ်ပေးရမယ်။ ၂၆ ဒါဟာ လူတစ်ယောက်ကို ရန်လုပ်ပြီး သတ်တဲ့အမှုနဲ့ အတူတူပဲ။+ မိန်းကလေးကတော့ သေထိုက်တဲ့အပြစ် မကျူးလွန်တဲ့အတွက် သူ့ကို ဘာမှမလုပ်ရဘူး။ ၂၇ အဲဒီယောက်ျားက စေ့စပ်ထားတဲ့ မိန်းကလေးကို တောထဲမှာ တွေ့တာဆိုတော့ မိန်းကလေးက အော်ရင်တောင် ကယ်မယ့်သူ မရှိလို့ပဲ။
၂၈ “ယောက်ျားတစ်ယောက်က မစေ့စပ်ရသေးတဲ့ အပျိုစင်ကို တွေ့လို့ ဆွဲခေါ်ပြီး စော်ကားလိုက်တယ်၊ ဒါကို လူတွေ သိသွားတယ်ဆိုရင်၊+ ၂၉ စော်ကားတဲ့ယောက်ျားက မိန်းကလေးရဲ့ဖခင်ကို ငွေရှယ်ကယ် ၅၀ ပေးပြီး မိန်းကလေးကို လက်ထပ်ယူရမယ်။+ အဲဒီမိန်းကလေးကို အရှက်ခွဲလိုက်တဲ့အတွက် တစ်သက်လုံး ကွာရှင်းခွင့် မရှိဘူး။
၃၀ “ဘယ်သူမှ အဖေ့မိန်းမကို မယူရဘူး။ အဲဒီလိုလုပ်ရင် ကိုယ့်အဖေကို အရှက်ခွဲရာရောက်တယ်။+