-
မဿဲ ၂၂:၁၅-၂၂သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၁၅ အဲဒီနောက် ဖာရိရှဲတွေက ထွက်သွားပြီး ယေရှုကို သူ့စကားနဲ့သူ ချောင်ပိတ်မိအောင် အကွက်ဆင်ကြတယ်။+ ၁၆ သူတို့ရဲ့ တပည့်တွေနဲ့ ဟေရုဒ်ရဲ့ နောက်လိုက်တွေကို+ လွှတ်ပြီး “ဆရာ၊ ဆရာဟာ ရိုးဖြောင့်တဲ့သူ၊ ဘုရားသခင်ရဲ့ လမ်းစဉ်အကြောင်း အမှန်အတိုင်း သွန်သင်တဲ့သူပါ။ အပြင်ပန်းကို မကြည့်တဲ့သူ၊ မျက်နှာမလိုက်တဲ့သူဆိုတာ ကျွန်တော်တို့ သိပါတယ်။ ၁၇ ဆရာ ဘယ်လို ထင်ပါသလဲ။ ဆီဇာကို* အခွန်ဆောင်သင့်သလား၊ မဆောင်သင့်ဘူးလား။ အမိန့်ရှိပါ” လို့ မေးခိုင်းတယ်။ ၁၈ ယေရှုက ဒီလူတွေ မကောင်းကြံနေတာကို သိတဲ့အတွက် “သူတော်ကောင်း ယောင်ဆောင်သူတို့၊ ကျွန်တော့်ကို ဘာလို့ အကဲစမ်းနေတာလဲ။ ၁၉ အခွန်ငွေတစ်ပြား ပြပါဦး” လို့ ပြောတော့ သူတို့က ဒေနာရိ* တစ်ပြား ယူလာပေးတယ်။ ၂၀ ယေရှုက “ဒီမှာ ဘယ်သူ့ပုံလဲ။ ဘယ်သူ့နာမည်လဲ” ဆိုပြီး မေးတဲ့အခါ၊ ၂၁ “ဆီဇာရဲ့ ပုံ၊ ဆီဇာရဲ့ နာမည်ပါ” ဆိုတော့ ယေရှုက “ဆီဇာနဲ့ဆိုင်တာ ဆီဇာကို ပေးပါ။ ဘုရားသခင်နဲ့ဆိုင်တာ ဘုရားသခင်ကို ပေးပါ”+ လို့ ပြန်ပြောတယ်။ ၂၂ ယေရှုရဲ့ အဖြေကိုလည်း ကြားရော သူတို့ အံ့သြပြီး ထွက်သွားကြတယ်။
-
-
လုကာ ၂၀:၂၀-၂၆သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၂၀ သူတို့က ယေရှုကို မျက်ခြည်မပြတ် စောင့်ကြည့်ပြီးတဲ့နောက် လူတချို့ကို ငှားပြီး သဘောရိုးနဲ့ လာသလိုမျိုး လွှတ်လိုက်တယ်။ ယေရှု စကားပြောမှားတာနဲ့ ဖမ်းဆီးပြီး+ ဘုရင်ခံနဲ့ အာဏာပိုင်တွေလက်ထဲ အပ်ဖို့ဆိုတဲ့ အကြံနဲ့ပေါ့။ ၂၁ အဲဒီလူတွေက “ဆရာက မှန်တာကိုပဲ ပြောတယ်၊ မှန်တာကိုပဲ သွန်သင်တယ်၊ မျက်နှာလည်း မလိုက်ဘူး၊ ဘုရားသခင်ရဲ့ လမ်းစဉ်အကြောင်း အမှန်အတိုင်း သွန်သင်တယ်ဆိုတာ ကျွန်တော်တို့ သိပါတယ်။ ၂၂ ဒါဆိုရင် ဆီဇာကို* ကျွန်တော်တို့ အခွန်ဆောင်သင့်သလား၊ မဆောင်သင့်ဘူးလား” လို့မေးတယ်။ ၂၃ ယေရှုက သူတို့ရဲ့ ဉာဏ်နီဉာဏ်နက်ကို သိတော့၊ ၂၄ “ဒေနာရိ* တစ်ပြား ပြပါဦး။ ဒီမှာ ဘယ်သူ့ပုံလဲ။ ဘယ်သူ့နာမည်လဲ” ဆိုပြီး မေးတဲ့အခါ သူတို့က “ဆီဇာ” လို့ဖြေတယ်။ ၂၅ အဲဒီအခါ ယေရှုက “ဆီဇာနဲ့ဆိုင်တာ ဆီဇာကို ပေးပါ။+ ဘုရားသခင်နဲ့ဆိုင်တာ ဘုရားသခင်ကို ပေးပါ”+ လို့ဖြေတယ်။ ၂၆ အဲဒီလူတွေက လူအများရှေ့မှာ ယေရှုရဲ့ စကားအမှားကို ရှာလို့မရနိုင်ဘဲ သူ့အဖြေကြောင့် အံ့သြပြီး နှုတ်ဆိတ်သွားကြတယ်။
-