-
မဿဲ ၂၂:၁၅-၂၂သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၁၅ အဲဒီနောက် ဖာရိရှဲတွေက ထွက်သွားပြီး ယေရှုကို သူ့စကားနဲ့သူ ချောင်ပိတ်မိအောင် အကွက်ဆင်ကြတယ်။+ ၁၆ သူတို့ရဲ့ တပည့်တွေနဲ့ ဟေရုဒ်ရဲ့ နောက်လိုက်တွေကို+ လွှတ်ပြီး “ဆရာ၊ ဆရာဟာ ရိုးဖြောင့်တဲ့သူ၊ ဘုရားသခင်ရဲ့ လမ်းစဉ်အကြောင်း အမှန်အတိုင်း သွန်သင်တဲ့သူပါ။ အပြင်ပန်းကို မကြည့်တဲ့သူ၊ မျက်နှာမလိုက်တဲ့သူဆိုတာ ကျွန်တော်တို့ သိပါတယ်။ ၁၇ ဆရာ ဘယ်လို ထင်ပါသလဲ။ ဆီဇာကို* အခွန်ဆောင်သင့်သလား၊ မဆောင်သင့်ဘူးလား။ အမိန့်ရှိပါ” လို့ မေးခိုင်းတယ်။ ၁၈ ယေရှုက ဒီလူတွေ မကောင်းကြံနေတာကို သိတဲ့အတွက် “သူတော်ကောင်း ယောင်ဆောင်သူတို့၊ ကျွန်တော့်ကို ဘာလို့ အကဲစမ်းနေတာလဲ။ ၁၉ အခွန်ငွေတစ်ပြား ပြပါဦး” လို့ ပြောတော့ သူတို့က ဒေနာရိ* တစ်ပြား ယူလာပေးတယ်။ ၂၀ ယေရှုက “ဒီမှာ ဘယ်သူ့ပုံလဲ။ ဘယ်သူ့နာမည်လဲ” ဆိုပြီး မေးတဲ့အခါ၊ ၂၁ “ဆီဇာရဲ့ ပုံ၊ ဆီဇာရဲ့ နာမည်ပါ” ဆိုတော့ ယေရှုက “ဆီဇာနဲ့ဆိုင်တာ ဆီဇာကို ပေးပါ။ ဘုရားသခင်နဲ့ဆိုင်တာ ဘုရားသခင်ကို ပေးပါ”+ လို့ ပြန်ပြောတယ်။ ၂၂ ယေရှုရဲ့ အဖြေကိုလည်း ကြားရော သူတို့ အံ့သြပြီး ထွက်သွားကြတယ်။
-
-
မာကု ၁၂:၁၃-၁၇သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၁၃ နောက်တော့ သူတို့က ဖာရိရှဲတချို့နဲ့ ဟေရုဒ်ရဲ့ နောက်လိုက်တွေကို ယေရှုဆီ လွှတ်လိုက်တယ်။ ယေရှု စကားပြောမှားတာနဲ့ ဖမ်းဆီးဖို့ပဲ။+ ၁၄ အဲဒီလူတွေ ရောက်လာပြီး “ဆရာ၊ ဆရာဟာ ရိုးဖြောင့်သူ၊ မျက်နှာမလိုက်သူ၊ အပြင်ပန်းကို မကြည့်သူ၊ ဘုရားသခင်ရဲ့ လမ်းစဉ်အကြောင်း အမှန်အတိုင်း သွန်သင်သူဆိုတာ ကျွန်တော်တို့ သိပါတယ်။ တစ်ခုလောက် မေးပါရစေ။ ဆီဇာကို* အခွန်ဆောင်သင့်သလား၊ မဆောင်သင့်ဘူးလား။ ၁၅ ကျွန်တော်တို့ အခွန်ဆောင်ရမလား၊ မဆောင်ရဘူးလား” လို့မေးတယ်။ ယေရှုက သူတို့ရဲ့ပရိယာယ်ကို သိတဲ့အတွက် “ကျွန်တော့်ကို ဘာလို့ အကဲစမ်းနေတာလဲ။ ဒေနာရိ* တစ်ပြား ယူလာခဲ့” လို့ပြောတော့၊ ၁၆ ဒေနာရိတစ်ပြား ယူလာပေးကြတယ်။ ယေရှုက “ဒီမှာ ဘယ်သူ့ပုံလဲ။ ဘယ်သူ့နာမည်လဲ” လို့မေးတဲ့အခါ “ဆီဇာပါ” ဆိုတော့၊ ၁၇ ယေရှုက “ဆီဇာနဲ့ဆိုင်တာ ဆီဇာကို ပေးပါ။+ ဘုရားသခင်နဲ့ဆိုင်တာ ဘုရားသခင်ကို ပေးပါ”+ လို့ဖြေတယ်။ အဲဒီအခါ သူတို့ အံ့သြသွားကြတယ်။
-