တောလည်ရာ
၁၆ လေဝိရဲ့မြစ်၊+ ကောဟတ်ရဲ့မြေး၊+ အိဇဟာရဲ့သား+ ကောရဟာ+ ရုဗင်အနွယ်+ ဧလျာဘရဲ့သား+ ဒါသန်နဲ့ အဘိရံ၊ ပိလက်ရဲ့သား ဩနတို့နဲ့ ပူးပေါင်းပြီး၊ ၂ မောရှေကို ပုန်ကန်တယ်။ သူတို့နဲ့အတူ အစ္စရေးခေါင်းဆောင်တွေ၊ လူတွေထဲက ရွေးချယ်ခံရသူတွေ၊ အရေးပါသူတွေဖြစ်တဲ့ လူပေါင်း ၂၅၀ လည်းပါတယ်။ ၃ သူတို့က မောရှေနဲ့ အာရုန်ဆီလာပြီး “ခင်ဗျားတို့ သိပ်စိတ်ပျက်ဖို့ ကောင်းတာပဲ။ ဒီလူအားလုံး သန့်ရှင်းတယ်။+ ယေဟောဝါဘုရားလည်း သူတို့နဲ့အတူ ရှိတယ်။+ ခင်ဗျားတို့က ဘာဖြစ်လို့ ယေဟောဝါရဲ့လူတွေထက် ကိုယ့်ကိုယ်ကိုယ် ချီးမြှောက်နေတာလဲ” လို့ ပြောကြတယ်။+
၄ ဒါကို မောရှေကြားတဲ့အခါ ချက်ချင်းပဲ ပျပ်ဝပ်လိုက်တယ်။ ၅ ပြီးတော့ ကောရနဲ့ အပေါင်းပါတွေကို “ယေဟောဝါဘုရားက မိမိရဲ့လူဘယ်သူလဲ၊+ ဘယ်သူ သန့်ရှင်းသလဲ၊ မိမိအနား ဘယ်သူလာရမလဲဆိုတာ+ မနက်ကျရင် အသိပေးလိမ့်မယ်။ ဘုရားရွေးချယ်တဲ့သူဟာ+ အနားလာရလိမ့်မယ်။ ၆ ဒါကြောင့် ကောရနဲ့ အပေါင်းပါတို့၊+ မီးခဲခွက်ကိုယ်စီ ယူပါ။+ ၇ မနက်ဖြန်ကျရင် ယေဟောဝါဘုရားရှေ့မှာ မီးခဲခွက်ထဲ မီးခဲထည့်ပြီး အဲဒီပေါ်မှာ နံ့သာပေါင်းထည့်ပါ။ ယေဟောဝါဘုရား ရွေးချယ်မယ့်သူဟာ+ သန့်ရှင်းသူပဲ။ လေဝိအမျိုးသားတို့၊+ ခင်ဗျားတို့ တော်တော်လွန်နေပြီ” လို့ပြောတယ်။
၈ မောရှေက ကောရကို ဆက်ပြောတယ်– “လေဝိအမျိုးသားတို့၊ တစ်ဆိတ်လောက် နားထောင်ကြပါ။ ၉ အစ္စရေးတို့ရဲ့ဘုရား ယေဟောဝါက ခင်ဗျားတို့ကို တဲတော်လုပ်ငန်းတွေ လုပ်ဆောင်ဖို့၊ လူတွေရှေ့မှာရပ်ပြီး အမှုဆောင်ပေးဖို့ အစ္စရေးလူတွေထဲကနေ သီးသန့်ဖယ်ထားပြီး+ အနားလာခွင့်ပြုခဲ့တယ်။ ဒါကို အသေးအဖွဲလို့ ထင်နေတာလား။ ၁၀ ခင်ဗျားနဲ့ ခင်ဗျားရဲ့ညီအစ်ကိုတွေဖြစ်တဲ့ လေဝိအမျိုးသားအားလုံးကို ဘုရားသခင်က အနားခေါ်ထားတာပဲ မဟုတ်လား။ ဒါတောင် ပုရောဟိတ် အခွင့်အရာရဖို့ ကြိုးစားနေတာလား။+ ၁၁ ခင်ဗျားနဲ့ ခင်ဗျားရဲ့အပေါင်းပါတွေ ဒီလိုလုပ်တာဟာ ယေဟောဝါဘုရားကို ဆန့်ကျင်နေတာပဲ။ အာရုန်က ဘယ်သူမို့လို့ ခင်ဗျားတို့ ပြစ်တင်ညည်းညူနေရတာလဲ။”+
၁၂ နောက်တော့ မောရှေက ဧလျာဘရဲ့သား ဒါသန်နဲ့အဘိရံကို+ အခေါ်လွှတ်ပေမဲ့ သူတို့က “မလာနိုင်ဘူး။ ၁၃ ကျုပ်တို့ကို တောမှာ အသေသတ်ဖို့ နို့နဲ့ပျားရည်စီးတဲ့ ပြည်ကနေ ခေါ်ထုတ်လာတာဟာ အသေးအဖွဲကိစ္စမှ မဟုတ်တာ။+ အခုလည်း ကျုပ်တို့အပေါ် ခင်ဗျားက အာဏာရှင်လုပ်ချင်နေတာလား။ ၁၄ ကျုပ်တို့ကို နို့နဲ့ပျားရည်စီးတဲ့ပြည်ထဲ+ ခေါ်သွားမလို့ဆို။ လယ်မြေတွေ၊ စပျစ်ခြံတွေ အမွေပေးမလို့ဆို။ အခုတော့ ဘယ်မှာလဲ။ ခင်ဗျားက ဒီလူတွေကို မျက်စိဖောက်ပစ်မလို့ မဟုတ်လား။* ကျုပ်တို့ မလာနိုင်ဘူး” လို့ပြန်ပြောတယ်။
၁၅ မောရှေလည်း အရမ်းဒေါသထွက်ပြီး “သူတို့ရဲ့ကောက်နှံအလှူကို အရေးမစိုက်ပါနဲ့။ သူတို့ဆီက မြည်းတစ်ကောင်ကိုတောင် ကျွန်တော် မယူဖူးပါဘူး။ သူတို့ဒုက္ခရောက်အောင်လည်း မလုပ်ဖူးပါဘူး”+ ဆိုပြီး ယေဟောဝါကို ပြောတယ်။
၁၆ အဲဒီနောက် ကောရကို “မနက်ဖြန် အာရုန်ရော၊ ခင်ဗျားနဲ့အပေါင်းပါတွေရော ယေဟောဝါဘုရားရှေ့ကို လာကြ။ ၁၇ မီးခဲခွက် ကိုယ်စီယူပြီး အဲဒီပေါ်မှာ နံ့သာပေါင်းထည့်လာကြ။ ခင်ဗျားနဲ့ အာရုန်အပြင် လူ ၂၅၀ လည်း မီးခဲခွက် ကိုယ်စီကိုင်ပြီး ယေဟောဝါဘုရားရှေ့ကို လာကြပါ” လို့ ပြောလိုက်တယ်။ ၁၈ သူတို့လည်း မီးခဲခွက်ထဲမှာ မီးခဲထည့်၊ အဲဒီပေါ်မှာ နံ့သာပေါင်းထည့်ပြီး မောရှေ၊ အာရုန်နဲ့အတူ တွေ့ဆုံရာတဲတော် ဝင်ပေါက်မှာ ရပ်နေကြတယ်။ ၁၉ ကောရနဲ့ အပေါင်းပါတွေက+ တွေ့ဆုံရာတဲတော် ဝင်ပေါက်မှာ မောရှေနဲ့အာရုန်ကို ပုန်ကန်ဖို့ စုဝေးတဲ့အခါ ယေဟောဝါရဲ့ ဘုန်းအသရေ ထင်ရှားလာတာကို အစ္စရေးအားလုံး တွေ့ရတယ်။+
၂၀ ယေဟောဝါက မောရှေနဲ့အာရုန်ကို၊ ၂၁ “ဒီလူစုနဲ့ ဝေးဝေးမှာနေကြ။ သူတို့ကို ငါ ချက်ချင်း ဖျက်ဆီးပစ်တော့မယ်”+ လို့ပြောတယ်။ ၂၂ မောရှေနဲ့ အာရုန်လည်း မြေပေါ်ပျပ်ဝပ်ပြီး “လူအားလုံးကို အသက်စွမ်းအားပေးတဲ့ အရှင် ဘုရားသခင်၊+ လူတစ်ယောက်ရဲ့ အပြစ်ကြောင့် လူတစ်မျိုးလုံးကို အမျက်ထွက်တော့မှာလား”+ လို့ပြောတယ်။
၂၃ အဲဒီအခါ ယေဟောဝါက မောရှေကို၊ ၂၄ “‘ကောရ၊ ဒါသန်၊ အဘိရံတို့ရဲ့ တဲအနားမှာ မနေကြနဲ့’+ ဆိုပြီး လူတွေကို ပြောလိုက်” လို့အမိန့်ပေးတယ်။
၂၅ မောရှေလည်း အစ္စရေးအကြီးအကဲတွေနဲ့အတူ+ ဒါသန်၊ အဘိရံဆီ သွားတယ်။ ၂၆ ပြီးတော့ လူတွေကို “ဒီလူဆိုးတွေရဲ့အပြစ်ကြောင့် ခင်ဗျားတို့ပါ ရောပြီး ဖျက်ဆီးမခံရအောင် သူတို့ရဲ့တဲအနားမှာ မနေကြနဲ့။ သူတို့ရဲ့ပစ္စည်းတစ်ခုကိုမှ မထိကြနဲ့” ဆိုပြီး ပြောတယ်။ ၂၇ လူတွေလည်း ချက်ချင်းပဲ ကောရ၊ ဒါသန်၊ အဘိရံတို့ရဲ့ တဲအနားကနေ ခွာသွားကြတယ်။ ဒါသန်နဲ့ အဘိရံက သားမယားတွေနဲ့အတူ တဲဝမှာ ရပ်နေတယ်။
၂၈ မောရှေက “ဒါကို ကျွန်တော့်သဘောနဲ့လုပ်တာ မဟုတ်ဘူး။ ယေဟောဝါဘုရားခိုင်းလို့ လုပ်တယ်ဆိုတာ ခင်ဗျားတို့သိရလိမ့်မယ်။ ၂၉ ဒီလူတွေသာ တခြားလူတွေလို ဖြစ်ရိုးဖြစ်စဉ်အတိုင်း သေဆုံးမယ်ဆိုရင်၊ လူတွေခံနေကျ ပြစ်ဒဏ်မျိုးကိုပဲ ခံရမယ်ဆိုရင် ကျွန်တော့်ကို ယေဟောဝါဘုရားစေလွှတ်တာမဟုတ်ဘူး။+ ၃၀ ယေဟောဝါက ထူးထူးခြားခြား ဒဏ်ခတ်တဲ့အတွက် မြေကြီးကွဲအက်လာပြီး သူတို့နဲ့ ပိုင်ဆိုင်ရာတွေကို မြေမျိုသွားမယ်၊ သူတို့ အရှင်လတ်လတ် သင်္ချိုင်းထဲ ဆင်းသွားမယ်ဆိုရင်တော့ ယေဟောဝါဘုရားကို သူတို့ မထီလေးစားလုပ်ခဲ့မှန်း ခင်ဗျားတို့ သိရလိမ့်မယ်” လို့ပြောတယ်။
၃၁ မောရှေရဲ့စကား ဆုံးတာနဲ့ သူတို့နင်းထားတဲ့ မြေကြီးဟာ ကွဲအက်ပြီး၊+ ၃၂ သူတို့နဲ့ သူတို့ရဲ့အိမ်သားတွေ၊ ကောရရဲ့လူတွေ၊+ ပစ္စည်းဥစ္စာတွေကို မျိုပစ်တယ်။ ၃၃ ပြီးတော့ မြေကြီးပြန်စေ့သွားတဲ့အတွက် သူတို့အားလုံး သင်္ချိုင်းထဲ အရှင်လတ်လတ် ဆင်းသွားရတယ်။ အစ္စရေးတွေထဲကနေ ဖျက်ဆီးခံလိုက်ရတယ်။+ ၃၄ သူတို့ရဲ့အော်သံကြောင့် အနီးဝန်းကျင်မှာရှိတဲ့ အစ္စရေးတွေကလည်း “ငါတို့ကိုပါ မြေမျိုနေဦးမယ်” ဆိုပြီး ထွက်ပြေးကြတယ်။ ၃၅ အဲဒီနောက် ယေဟောဝါဆီကနေ မီးကျလာပြီး+ နံ့သာပေါင်းပူဇော်သူ ၂၅၀ ကို လောင်သွားတယ်။+
၃၆ ယေဟောဝါက မောရှေကို ၃၇ “မီးခဲခွက်တွေဟာ+ သန့်ရှင်းတဲ့အတွက် မီးထဲကနေ ကောက်ယူဖို့ ပုရောဟိတ်အာရုန်ရဲ့သား ဧလာဇာကို ပြောလိုက်ပါ။ မီးခဲတွေကိုတော့ ခပ်ဝေးဝေးမှာ ပစ်ခိုင်းလိုက်။ ၃၈ အသက်အဆုံးခံပြီး အပြစ်လုပ်တဲ့လူတွေရဲ့ မီးခဲခွက်တွေကို ကြေးနီပြားတွေလုပ်ပြီး ပူဇော်ရာပလ္လင်ကို+ တစ်လွှာထပ်အုပ်ခိုင်းပါ။ မီးခဲခွက်တွေဟာ ယေဟောဝါရှေ့ကို သူတို့ယူလာတာဖြစ်လို့ သန့်ရှင်းတယ်။ ဒါဟာ အစ္စရေးလူမျိုးအတွက် သတိပေးတဲ့ အမှတ်အသား ဖြစ်ရမယ်”+ လို့ပြောတယ်။ ၃၉ ပုရောဟိတ်ဧလာဇာလည်း မီးလောင်ပြီးသေသွားသူတွေရဲ့ ကြေးနီမီးခဲခွက်တွေကို ယူပြီး ပူဇော်ရာပလ္လင်ကို တစ်လွှာထပ်အုပ်ဖို့ ကြေးနီပြားတွေ လုပ်လိုက်တယ်။ ၄၀ မောရှေကတစ်ဆင့် ယေဟောဝါပြောခဲ့တဲ့အတိုင်း လုပ်တယ်။ ဒါဟာ အာရုန်ရဲ့သားမြေးမဟုတ်တဲ့ အခွင့်မရှိသူ* တစ်ယောက်မှ ယေဟောဝါရှေ့လာပြီး နံ့သာပေါင်းကို မီးမရှို့စေဖို့၊+ ကောရနဲ့ အပေါင်းပါတွေလို မဖြစ်စေဖို့+ အစ္စရေးတွေအတွက် သတိပေးချက်ပဲ။
၄၁ နောက်တစ်နေ့မှာ အစ္စရေးတွေက မောရှေနဲ့ အာရုန်ကို ပြစ်တင်ညည်းညူပြီး+ “ယေဟောဝါဘုရားရဲ့ လူတွေကို ခင်ဗျားတို့နှစ်ယောက် သတ်ပစ်လိုက်ပြီ” လို့ စွပ်စွဲကြတယ်။ ၄၂ လူတွေက မောရှေနဲ့အာရုန်ကို ပုန်ကန်ဖို့ စုရုံးနေတဲ့အခါ တွေ့ဆုံရာတဲတော်ဘက်ကို လှမ်းကြည့်လိုက်တော့ တဲတော်ကို မိုးတိမ်ဖုံးလွှမ်းပြီး ယေဟောဝါရဲ့ဘုန်းအသရေ ထင်ရှားလာတာကို မြင်ရတယ်။+
၄၃ မောရှေနဲ့အာရုန်လည်း တွေ့ဆုံရာတဲတော်ရှေ့ကို လာတော့၊+ ၄၄ ယေဟောဝါက၊ ၄၅ “ဒီလူတွေနဲ့ဝေးဝေးမှာ နေကြ။ သူတို့ကို ငါချက်ချင်း ဖျက်ဆီးမယ်”+ လို့ပြောတယ်။ အဲဒီအခါ မောရှေနဲ့ အာရုန်က မြေပေါ် ပျပ်ဝပ်နေကြတယ်။+ ၄၆ မောရှေက အာရုန်ကို “ယေဟောဝါဘုရား အမျက်ထွက်နေပြီ။ ဒါကြောင့် မီးခဲခွက်ကိုယူ၊ ပူဇော်ရာပလ္လင်ပေါ်က မီးခဲတွေထည့်၊+ အဲဒီပေါ်မှာ နံ့သာပေါင်းထည့်၊ လူတွေဆီ မြန်မြန်သွားပြီး အပြစ် ဖြေပေးလိုက်ပါ။+ ဘေးဒဏ် ကျရောက်နေပြီ” လို့ပြောတယ်။ ၄၇ အာရုန်လည်း မောရှေ ပြောတဲ့အတိုင်း ချက်ချင်းယူပြီး လူတွေဆီ ပြေးသွားတယ်။ လူတွေမှာ ဘေးဒဏ်ကျရောက်နေတာကို တွေ့တော့ မီးခဲခွက်ထဲမှာ နံ့သာပေါင်းထည့်ပြီး သူတို့အတွက် အပြစ်ဖြေပေးတယ်။ ၄၈ အဲဒီနောက် သေသွားတဲ့လူတွေနဲ့ အသက်ရှင်နေသူတွေကြားမှာ ရပ်နေလိုက်တော့ ဘေးဒဏ်ရပ်သွားတယ်။ ၄၉ ကောရကြောင့် သေတဲ့သူတွေ မပါဘဲ ဒီဘေးဒဏ်ကြောင့် သေတဲ့သူချည်းပဲ ၁၄,၇၀၀ ရှိတယ်။ ၅၀ ဘေးဒဏ်ရပ်သွားပြီးနောက် အာရုန်က တွေ့ဆုံရာတဲတော် ဝင်ပေါက်မှာရှိတဲ့ မောရှေဆီ ပြန်လာတယ်။