ယေရမိ
၁၃ ယေဟောဝါက “ချည်ခါးစည်းကြိုးကို သွားဝယ်ပြီး ခါးမှာ ချည်ထားပါ။ ရေမစိုစေနဲ့” လို့ ကျွန်တော့်ကို ပြောတယ်။ ၂ ကျွန်တော်လည်း ယေဟောဝါ ပြောတဲ့အတိုင်း ခါးစည်းကြိုးကိုဝယ်ပြီး ခါးမှာ ချည်ထားလိုက်တယ်။ ၃ ယေဟောဝါက ကျွန်တော့်ကို၊ ၄ “ယူဖရေးတီးမြစ်ကို သွားပါ။ မင်း ဝယ်ပြီးချည်ထားတဲ့ ခါးစည်းကြိုးကို ယူသွားပြီး ကျောက်ကြိုကျောက်ကြားမှာ ဝှက်ထားလိုက်ပါ” လို့ ထပ်ပြောတယ်။ ၅ ဒါနဲ့ ကျွန်တော်လည်း ယေဟောဝါ မိန့်မှာတဲ့အတိုင်း ခါးစည်းကြိုးကို ယူဖရေးတီးမြစ်နားမှာ ဝှက်ထားလိုက်တယ်။
၆ ရက်အတော်ကြာပြီးတဲ့နောက် ယေဟောဝါက “အခု ယူဖရေးတီးမြစ်ကို သွားပြီး ငါဝှက်ခိုင်းထားတဲ့ ခါးစည်းကြိုးကို ယူလာပါ” လို့ပြောတယ်။ ၇ ကျွန်တော်လည်း ယူဖရေးတီးမြစ်ကို သွားတယ်။ ခါးစည်းကြိုး ဝှက်ထားတဲ့နေရာကို တူးတဲ့အခါ ခါးစည်းကြိုးဟာ ဆွေးမြည့်ပြီး အသုံးမဝင်တော့တာကို တွေ့လိုက်ရတယ်။
၈ ယေဟောဝါက ကျွန်တော့်ကို ပြောတယ်– ၉ “ငါယေဟောဝါ ပြောတာက ‘ယုဒရဲ့မာနနဲ့ ဂျေရုဆလင်ရဲ့ မာန်မာနဟာ အဲဒီခါးစည်းကြိုးလိုပဲ ဖြစ်သွားလိမ့်မယ်။+ ၁၀ ငါ့စကားကိုမနာခံဘဲ+ စိတ်အလိုနောက်ကို ခေါင်းမာမာနဲ့ လိုက်သွားတဲ့သူတွေ၊+ တခြားဘုရားတွေနောက် လိုက်ပြီး ဦးချဝတ်ပြုတဲ့ ဒီလူယုတ်မာတွေလည်း လုံးဝ အသုံးမဝင်တော့တဲ့ အဲဒီခါးစည်းကြိုးလို ဖြစ်သွားလိမ့်မယ်။’ ၁၁ ‘ခါးစည်းကြိုးက ခါးမှာ စွဲမြဲနေသလို အစ္စရေးတစ်မျိုးလုံးနဲ့ ယုဒတစ်မျိုးလုံးကိုလည်း ငါ့ဆီမှာ စွဲမြဲစေခဲ့တယ်။ သူတို့ကို ငါ့လူမျိုး၊+ ငါ့ရဲ့ဘွဲ့နာမည်၊+ ငါ့ကိုချီးမွမ်းစရာ၊ လှပတဲ့အရာ ဖြစ်စေခဲ့တယ်။ ဒါပေမဲ့ သူတို့ မနာခံခဲ့ကြဘူး’+ လို့ယေဟောဝါ ပြောတယ်။
၁၂ “‘“အိုးကြီးရှိသမျှ စပျစ်ဝိုင်နဲ့ပြည့်နေရမယ်” လို့ အစ္စရေးတို့ရဲ့ဘုရား ယေဟောဝါ ပြောတယ်’ ဆိုတဲ့ သတင်းကိုလည်း သူတို့ကို မင်းပြောရမယ်။ သူတို့က ‘အိုးကြီးရှိသမျှ စပျစ်ဝိုင်နဲ့ ပြည့်နေရမယ်ဆိုတာ ငါတို့ သိပြီးသားပါ’ လို့ဖြေလိမ့်မယ်။ ၁၃ အဲဒီအခါ မင်းပြောလိုက်ပါ– ‘ယေဟောဝါ မိန့်မှာတာက “ဒီပြည်သူပြည်သားတွေ၊ ဒါဝိဒ်ရဲ့ရာဇပလ္လင်ပေါ် နန်းထိုင်တဲ့ ဘုရင်တွေ၊ ပုရောဟိတ်တွေ၊ ပရောဖက်တွေနဲ့ ဂျေရုဆလင်မြို့သူမြို့သားတွေ မူးယစ်သွားတဲ့အထိ သူတို့ထဲ စပျည်ဝိုင်ကို ငါဖြည့်မယ်။+ ၁၄ အချင်းချင်းကို၊ သားအဖချင်းကို ငါကိုင်ဆောင့်မယ်။+ သနားစာနာမှာ မဟုတ်ဘူး။ ကရုဏာပြမှာ မဟုတ်ဘူး။ သူတို့အတွက် ဝမ်းနည်းမှာ မဟုတ်ဘူး။ သူတို့ကို မဖျက်ဆီးဖို့ ငါ့ကို ဘယ်အရာကမှ တားဆီးနိုင်မှာ မဟုတ်ဘူး။” ဒါဟာ ငါယေဟောဝါ ပြောတဲ့စကားပဲ။’+
၁၅ နားထောင်ကြ။ အာရုံစိုက်ကြ။
မမောက်မာကြနဲ့။ ယေဟောဝါ ပြောနေတယ်။
၁၆ မှောင်မိုက်သွားအောင် ဘုရား မလုပ်ခင်၊
နေဝင်ချိန်မှာ တောင်တန်းတွေပေါ် ခင်ဗျားတို့ တိုက်မိမလဲခင် ယေဟောဝါဘုရားကို ဂုဏ်တင်ကြပါ။
အလင်းကို ခင်ဗျားတို့မျှော်လင့်ပေမဲ့ ဘုရားက မှောင်မိုက်စေလိမ့်မယ်။
အမှောင်ထုကြီး ဖြစ်စေလိမ့်မယ်။+
၁၇ ခင်ဗျားတို့ နားမထောင်ဘူး ဆိုရင် ခင်ဗျားတို့ရဲ့ မာနကြောင့် ကျွန်တော် တိတ်တဆိတ် ငိုကြွေးရလိမ့်မယ်။
မျက်ရည်ဖြိုင်ဖြိုင် ကျလိမ့်မယ်။
ယေဟောဝါရဲ့သိုးအုပ်ဟာ+ သုံ့ပန်းအဖြစ် ခေါ်ဆောင်ခံရတဲ့အတွက် ကျွန်တော့်မျက်ရည်တွေ ချောင်းလို စီးဆင်းလိမ့်မယ်။+
၁၈ ‘နိမ့်တဲ့နေရာမှာ ထိုင်ပါ။ ခေါင်းပေါ်ကနေ အလှသရဖူ ပြုတ်ကျတော့မယ်’ ဆိုပြီး ဘုရင်နဲ့ မယ်တော်ကြီးကို ပြောပါ။+
၁၉ တောင်ဘက်မှာရှိတဲ့မြို့တွေ ပိတ်နေပြီ။ ဖွင့်မယ့်သူ တစ်ယောက်မှ မရှိဘူး။
ယုဒလူအားလုံး ပြည်နှင်ခံရပြီ။ တစ်ယောက်မကျန် ပြည်နှင်ခံရပြီ။+
၂၀ မြောက်အရပ်က လာနေသူတွေကို မျှော်ကြည့်လိုက်ပါ။+
မင်းကိုပေးထားတဲ့ သိုးအုပ်၊ မင်းရဲ့ လှပတဲ့သိုးတွေ ဘယ်မှာလဲ။+
၂၁ အစကတည်းက ရင်းနှီးကျွမ်းဝင်ခဲ့တဲ့ မိတ်ဆွေတွေက ပြစ်ဒဏ်ပေးတဲ့အခါ မင်း ဘာပြန်ပြောမလဲ။+
သားဖွားနေတဲ့ မိန်းမလို ဝေဒနာ မခံစားရဘဲ နေမလား။+
၂၂ ‘ငါ ဘာလို့ ဒါတွေကြုံရတာလဲ’+ လို့ မင်းတွေးမိတဲ့အခါ
မင်းရဲ့ ကြီးလေးတဲ့အမှားကြောင့် ဝတ်လုံအချွတ်ခံရတာ+
ခြေဖနောင့်တွေ တအားနာကျင်ခဲ့ရတာကို သိမှတ်ပါ။
၂၃ ကုရှလူဟာ* အသားအရေကို ပြောင်းလဲနိုင်သလား။
ကျားသစ်ဟာ အကွက်အပြောက်တွေကို ပြောင်းလဲနိုင်သလား။+
ပြောင်းလဲနိုင်ခဲ့ရင် မကောင်းမှုမှာ ကျင်လည်နေတဲ့ မင်းတို့လည်း ကောင်းမှုပြုနိုင်လိမ့်မယ်။
၂၄ ဒါကြောင့် ကန္တာရလေကြောင့် လွင့်သွားတဲ့ ကောက်ရိုးလို မင်းတို့ကို ငါကွဲလွင့်စေမယ်။+
၂၅ ငါ့ကိုမေ့လျော့ပြီး+ အလိမ်အညာတွေကို ယုံကြည်ကိုးစားခဲ့လို့+ အဲဒီလို ကြုံရတာ။ ဒါဟာ မင်းအတွက် ငါသတ်မှတ်ပေးတဲ့ ဝေစုပဲ” လို့ယေဟောဝါ ပြောတယ်။
၂၆ “ဒါကြောင့် မျက်နှာကို အုပ်တဲ့အထိ မင်းရဲ့ဝတ်လုံကို ငါလှန်ပစ်မယ်။
မင်းရဲ့အရှက်ကို လူတွေ မြင်ရလိမ့်မယ်။+
၂၇ မင်း အိမ်ထောင်ရေး ဖောက်ပြန်တာ၊+ ရမ္မက်စိတ်နဲ့ ဟီတာ၊
ညစ်ညမ်းစွာ ပြည့်တန်ဆာ လုပ်တာတွေကိုလည်း လူတွေ မြင်ရလိမ့်မယ်။
တောင်ကုန်းတွေပေါ်မှာ၊ လယ်ပြင်တွေမှာ
မင်းရဲ့ ရွံစရာအကျင့်တွေကို ငါမြင်ပြီ။+
အို ဂျေရုဆလင်၊ မင်းဟာ အဖြစ်ဆိုးကြုံရလိမ့်မယ်။
ဘယ်အချိန်အထိ အခုလို မသန့်မရှင်း ဖြစ်နေဦးမှာလဲ။”+